25 Feb 2013

မာရ်နတ်၏ ပထမစစ်တပ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

မာရ်နတ်ဟု ဆိုလိုက်သည်နှင့် အဖျက်သမား၊ အဖျက်တရားဟူ၍ ဗုဒ္ဗဘာသာဝင်တို့ ချက်ခြင်း သိကြ၏။ မာရ်ဆိုသည်မှာ “မာရ”ဟူသော ပဠိမှ ဆင်းသက်လာသည့် ပါဠိသက် မြန်မာဝေါဟာ ရဖြစ် ၏။ သေတတ် သည့်သဘော၊ သေအောင်သတ်တတ်သည့်သဘောကို မာရ(မာရ်)ဟု ခေါ်ပေသည်။ လူကိုသတ်သည့် မာရ်ကို လူသတ်သမား၊ စိတ်ကိုသတ်သည့်မာရ်ကို စိတ်သတ် သမား ဟု ခေါ်နိုင်ပေသည်။ လူကိုလည်း သတ်၊ စိတ်ကိုလည်းသတ်သည့်မာရ်က ငါးပါးရှိရာ ၎င်းတို့မှာ ဒေ၀ပုတ္တမာရ်၊ ကိလေသာမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်နှင့် မစ္စုမာရ်တို့ဖြစ်ကြ၏။ ဒေ၀ပုတ္တမာရ်ဆိုသည်မှာ အားလုံးသိကြသော နတ်ပြည်ခြောက်ထပ်၏ အထက်ဆုံးနတ်ပြည် ဖြစ်သည့် ပရနိမ္မိတ၀ဿဝတီနတ်ပြည်ရှိ မာရ်နတ်သား ပင်ဖြစ်သည်။ ၎င်းမာရ်နတ်သည် ရဟန်းပုဂ္ဂိုလ် လူထိုထိုကို သံသရာပြတ်ကြောင်း အလုပ်လုပ်ပြီဆိုသည်နှင့် ထိုပုဂ္ဂိုလ်ကို ယင်းအလုပ် မအောင်မြင်အောင် နှောင့်ယှက်ဖျက်ဆီးလေတော့၏။ သူ့နှောင့်ယှက် မှု အောင်မြင်သွားလျှင် ထိုသူ ဘ၀များစွာ သေရတော့မည်ဖြစ်သောကြောင့် မာရ်နတ်ကို “မာရ=မာရ်=သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ”ဟု ခေါ်ပေသည်။ 

မာရ်နတ်မင်းကြီး ဘယ်လောက်များဆိုးလိုက်ပုံကိုပြောရလျှင် ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား တရားအားထုတ်ရန် တောထွက်ချိန်တွင် “ခုနစ်ရက်ကြာလျှင် စကြာမင်းကြီး ဖြစ်ရ ပါတော့မယ်။ ယခုလို ငယ်ရည်ငယ်သွေးအချိန်ဟာ ကာမဂုဏ်ကောင်းများ မြိန့်မြိန့်ကြီး ခံစားရမယ့်အချိန်ပါ။ တရားရှာတယ်ဆိုတာ အိုမင်းရင့်ရော်မှသာ ရှာတာပါ မင်းသား၊ နောက်ကြောင်းပြန် လှည့်ပါ။ တော မထွက်ပါနဲ့“ဟူ၍ သွေးဆောင်ခဲ့လေသည်။ အလောင်းတော် ဘုရားဖြစ်ခါနီးအချိန်တွင်လည်း ဖန်ဆင်း ထားသော တပ်မတစ်ထောင်တို့ဖြင့် ဘုရားအလောင်းတော်အား ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက် ခဲ့လေသည်။ ဘုရားဖြစ်စ အချိန်တွင်လည်း “အရှင်ဘုရား နိဗ္ဗာန်လိုချင်တာ ရနေပြီပဲ။ တခြားသူတွေကို တရားတွေ လိုက်ဟောမနေပါနဲ့။ ပရိနိဗ္ဗာန်ပြုတော်မူပါ။”ဟူ၍ ဘုရားရှင်အား လျှောက်ကြားခဲ့ပြန်လေ သည်။ ကိလေသာမာရ်ဆိုသည်မှာ စိတ်ဆိုးစိတ်ညစ် ကိလေသာစိတ်များဖြစ်ပြီး ခန္ဓမာရ်က သေခြင်းဖြင့် အဆုံးသတ်သည့် ရုပ်ခန္ဓာကိုယ်၊ မစ္စုမာရ်က သတ္တ၀ါအားလုံး၏အဆုံးဖြစ်သော သေခြင်းတရား၊ အဘိသင်္ခါရမာရ်က ကုသိုလ်၊ အကုသိုလ်ကံရားများ ဖြစ်ကြလေသည်။ 

 ဒေ၀ပုတ္တမာရ်နတ်ကလည်း သတ္တ၀ါတို့ နိဗ္ဗာန်နှင့်ဝေးအောင် သွေးဆောင်ဖြားယောင်းနေသလို သတ္တ၀ါတို့၏ အတွင်းအဇ္ဈတ္တသဘော(မကောင်းမှု၌သာ မွေ့လျော်ပျော်ပိုက်လေ့ရှိသည့် မနောစိတ် ကိလေ သာမာရ်) ကလည်း နိဗ္ဗာန်ကို မမြင်ရအောင် အမြဲပင် ကားဆီးနေပေသည်။ ၀ဲသြဃ သံသရာမှာ ရည်မှန်းချက်မပါဘဲ ကျင်လည်နေကြရသည်သာ များလေသည်။ သတ္တ၀ါအများကို ထာဝရအေးချမ်းရာ နိဗ္ဗာန်သုခ မခံစားနိုင်အောင် ကားဆီးထားသည့် မာရ်နတ်၏စစ်တပ်ကြီးများမှာ အလွန်အင်အားတောင့် တင်းပေ၏။ တပ်မကြီးများသဖွယ် ခိုင်မာတောင့်တင်းပြီး တရားအားထုတ်သည့်ယောဂီ၌ “သဒ္ဓါ၊ သတိ။ သမာဓိ၊ ၀ီရိယ၊ ပညာ” ဟူသော နိဗ္ဗာန်ရရှိရေး တိုက်ခိုက်ကြသည့် ဗိုလ်ငါးပါး အင်အား မတောင့်တင်းပါက မာရ်နတ်၏ တပ်မကြီးများကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ မာရ်နတ်၏ ဤတပ်မကြီးများကို ဗိုလ်ငါးပါးဖြင့် အားထုတ်ကြိုးပမ်းနေသည့် ယောဂီပင်လျှင် ကျော်လွှားနိုင်ရန် အထူးသတိရှိရသည်ဖြစ်ရာ တရားကို မယုံကြည်၊ ခန္ဓာကို အတ္တဖြင့်မှီ၍ သတိ၊ သမာဓိ၊ ၀ီရိယတရားတို့ကင်းနေသော အန္ဓပုထုဇဉ်တို့ကား မာရ်နတ်၏တပ်မကြီးများကို ရန်သူဟုပင် မမြင်နိုင်တော့ဘဲ မိမိ၏မိတ်ဆွေ အပေါင်းအဖော်များအဖြစ် မှတ်ယူနေတတ်ကြလေသည်။ ရန်သူကို မိတ်ဆွေအမှတ်ဖြင့် ပေါင်းဖော်မိသူမှာ မိမိပေါင်းဖော်မိသော ရန်သူ၏သတ်ခြင်းကို ခံရသလို ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ခဲ့ကြရသည့် ပုထုဇဉ်၏အဖြစ်ကား စက်ဆုတ်ဖွယ်ရာဖြစ်ချေသည်။ 

“ငါးအာရုံအင်အစု၊ ခင်မှုနှင့်နေ့ကုန်၊ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း၊ ပါယ်လေးဝ သောက ဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း”ဆိုသည့် ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး အဆုံးအမအတိုင်း ငါးပါးအာရုံ ကာမဂုဏ်တို့ကို တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ မောဟအမှောင်ထုအောက်မှာ ပျော်တပြုံးပြုံး မော်မဆုံးနိုင် သည့် ပုထုဇဉ်၏အဖြစ်ကား မျက်ကန်းလမ်းလျှောက်နေသူပမာဖြစ်တော့၏။ ပုထုဇဉ်တို့မှာ အဆင်းလှတော့ ကြည့်လိုချင်၊ အသံသာတော့ နားဆင်ချင်၊ အနံ့မွှေးမူ နမ်းရှူချင်၊ အရသာကောင်းမှ စားလိုလှ၍ အတွေ့အထိ ကောင်းကောင်းတွင် လဲလျောင်းမွေ့လျော်ချင်သည့် လောဘ၏စေခိုင်းရာအတိုင်း အာရုံခေါ်ရာ နောက်သာ လိုက်နေကြပြီး သေနေ့ကိုမေ့ထားကာ သတိတရားတွေပါး ပါရမီကုသိုလ်တရားဆို နားဖြင့်ပင် မကြားလိုချင်အောင် ကားဆီး၍ထားနေသည့် မာရ်နတ်၏ပထမစစ်တပ်ကြီးမှာ ကာမဂုဏ်ငါးပါး ကာမဂုဏ်တရားတို့ ဖြစ်ကြလေသည်။ 

“လှတာမက်တော့ ညစာခက်”ဆိုသလို လှတာလေးတွေ ၀တ်ချင်ကြလို့၊ လှတာလေးတွေ ကြည့်ချင်ကြလို့၊ လှနေတာချင်း ပြိုင်ချင်နေကြလို့ အလှကုန်ပစ္စည်းတွေလည်း ဈေးတက်လို့ နေကြကုန်ပြီ။ မည်မျှပင် တက်နေပါစေ ညစာသာအခက်ခံကြမည်၊ အလှတွေကိုတော့ ဆန့်ကျင်ဘက် မလုပ်နိုင်ကြပေ။ မိန်းကလေးအချို့မှာလည်း အဆင်းကလေး လှနေပါကြောင်း အချင်းချင်း ပြလိုနေကြ ၍ ကျောက်ခေတ်က လူသားပမာ လုံလုံခြုံခြုံဝတ်နိုင်ပါသော်လည်း အသားကို လေတိုးခံနေကြတော့၏။ မပေါ်ရုံ တမယ် ဖော်နေကြ သည်မှာ ချော်လဲလို့ပင် မတော်ပြီ။ မုဒုလက္ခဏဇာတ်တော်မှာ မိဖုရားကြီး မတော် လို့ ပေါ်တာတောင် အဘိညာဉ် ဈာန်ရသည့် ရသေ့ကြီးမှာ ဈာန်လျှော၍ မြေကြခဲ့ရဖူး၏။ ယခုလို အပြိုင်ဖော်နေကြသည်တွင် ကိလေသာစရိုက် နွားနှယ်လိုက်သကဲ့သို့ဖြစ်ကာ မာရ်နတ်မင်း အကြိုက်ဖြစ်တော့၏။ သြော်…ကိလေသာမာရ်နတ်မင်း ရူပါရုံ(အဆင်း)ဖြင့် မသေသေအောင် ဖို့သတ်လို့ နေချေသည်။ 

အိုအိုအေးဟု ချော့သိပ်မှ အိပ်တတ်သည့် ကလေးအရွယ်မှစ၍ သာယာငြိမ့်ငြောင်းသံစဉ် တို့ကိုသာ နားသောတ ဆင်လိုခဲ့ကြ၏။ တဏှာဖြင့် တပ်မက်နှောင်ဖွဲ့၍ သောတဖြင့် ငြိမ့်ကာ ငြောင်းလိုသလို အခဲမကျေမှုကိုလည်း ဒေါသဖြင့် ဟစ်ကြပြန်လေသည်။ မောဟအမှောင် ဖုံးသဖြင့်လည်း ဘာရယ်ညာရယ် မသိ၊ ထကြွကာ ကခုန်ကြပြီး နားသောတ မငြီးနိုင်ကြပေ။ ဒုန်းဒုန်းဒိုင်းဒိုင်း အုန်းအုန်းဂျိုင်းဂျိုင်းသံ ကြားလိုက်ပါလျှင် သောတ နားအကူဖြင့် ခန္ဓာကိုယ် စွေ့စွေ့ခုန်အောင် မာန်နတ်မင်းက အရူးထ မြူးကြွစေလေသည်။ သာယာငြိမ့်ငြောင်း၊ မသာယာ မငြိမ့်ငြောင်းသော်လည်း သဒ္ဒါရုံ(အသံ) အပေါင်း အဖော်ပြုကာ သံသာရာ လမ်းအဟောင်းမှာ သာ နားသောတ ကိန်းအောင်းမွေ့လျော်နေအောင် မာရ်နတ်မင်း သွတ်သွင်းနေချေသည်။ 

ထုံမွှေးကာကြိုင်သည့်ရနံ့ကိုသာ ဃာန(နှာခေါင်း)က ယိမ်းကာယိုင်လေသည်။ မမွှေးမကြိုင် ပုပ်စော် နံပါက ဒေါသဖြင့် ရှူးရှဲထကာ တရွှင်းရွှင်း မှုတ်ထုတ်ပါတော့၏။ ဘယ်ပန်းရနံ့ ညာပန်းရနံ့ဟူ၍ ဃာနက နမ်းမ၀လှကာ ဆံကေသာကိုလည်း သင်းကြိုင်နေမှ၊ မျက်နှာပြင်တွင်လည်း သင်းပျံ့နေမှ၊ ခန္ဓာကိုယ်အကုန်လုံး မွှေးထုံနေမှ ဃာနက သဘောကျ သည်ဖြစ်ရာ ဆံကေသာ၌လည်း စွတ်လိုက်ရသည့် ခေါင်းမွှေးဆီ၊ မျက်နှာပြင်၌လည်း လိမ်းခြယ်လိုက်ရသည့် ရောင်စုံအမွှေးပန်းချီ၊ တစ်ကိုယ်လုံးတွင်လည်း လိမ်းကျံလိုက်ရသည့် အမွှေးအလှဆီတို့ဖြင့် လိမ်းခြယ်ကာ သ,နေကြရသည်မှာ မာရ်နတ်မင်း၏ ဂန္ဓာရုံ(အနံ့) သတ်ကွင်းအတွင်း လည်စင်းလို့ ခံနေရချေသည်။ 

ဇိဝှါဆိုသော လျှာကလည်း ရသတဏှာ အားကြီးလာပါလျှင် တော်ထဲက ကြက်၊ ငှက်၊ ၀ှက် မဆိုထားနှင့် အိမ်ထဲက ခွေး၊ ကြောင်တို့ကိုပင် သတ်စားဖို့ ၀န်မလေးတတ်ချေ။ ရှေးအခါက နွားသတ်သမားတစ်ဦးသည် အမဲသားမပါလျှင် ထမင်းမစားတတ်သူဖြစ်ရာ တစ်နေ့သ၌ အမဲသားဟင်းမပါ၍ နောက်နေ့သတ်မည့်နွားကို အရှင်လတ်လတ် လျှာကိုဖြတ်ပြီး ကြော်ချက် စားသောက်မိခြင်းကြောင့် ပထမဇောစေတနာ အကျိုးပေး သဖြင့် စားနေဆဲ ထမင်းပန်းကန် ထဲသို့ သူ၏လျှာ ပြတ်ကျသေဆုံးကာ အ၀ိစိသို့ ကျရောက်ခဲ့ရလေသည်။ လျှာဆိုသည့်အတိုင်း အရသာကောင်းများကိုသာ ထာဝစဉ်ရှာဖွေနေတော့၏။ စားဖို့လည်းရှာ ရ၊ သောက်ဖို့လည်း ရှာရ၊ မျီးဖို့လည်းရှာနေကြရသည်မှာ လက်နှစ်လုံးခန့်သာရှိသည့် ယင်းလျှာကြောင့်ပါ တကား။ ဝေဒနက္ခန္ဓာနာမ်က ထိုလျှာဖြင့် ကြားခံထားပြီး လာသမျှအရသာကို မြိန်သျှက်လို့ သွားရေကျကာ လည်မြိုမှ အူအတွင်းသို့ သတိဉာဏ်ကင်းစွာ သက်ဆင်းနိုင်ဖို့အရေး မာရ်နတ်မင်းက ရသာရုံ ကြော့ ကွင်းဖြင့် ရစ်ပတ်လို့ ချည်နှောင်နေတော့၏။ 

ပါးလွှာလှသည့် ကိုယ်ကာယကလည်း အပြင်ဆုံးအလွှာဆိုသည့်အတိုင်း အရင်ဦးဆုံး အထိအတွေ့ရသည့် အရာပီပီ အသိမ်မွေ့ဆုံး နူးညံ့သည့်အရာများကိုသာ ထိတွေ့ခံစားလိုလှ ၏။ ဖောင်းဖောင် အိအိ ပျော့ပျောင်းငြောင်းငြိနေမှ နှူးနှတ်ထိသိချင်လှသဖြင့် ယုန်မွေး၊ သိုးမွေး၊ ပိုးမွေးတို့ဖြင့် ပြုလုပ်ထား သည့် အ၀တ်အစား ပျောင်းပျောင်းအိအိများကိုသာ ၀တ်လိုလှပေ၏။ ဖြစ်နိုင်ပါက နွေးထွေးနူးညံ့သည့် ကတီပါပြင်သာ ကမ္ဘာတခွင် ခင်းထားလိုလှသည်။ သင်းပျံ့ သည့် ပန်းမွေ့ယာမှာ နှစ်ကိုယ်မခွါ ချစ်သက်လျာနှင့် တီတီတာတာ စကားတွေပြောရင်း ထွေးဖက်ကာ အိပ်စက်ပျော်နေအောင် မာရ်နတ်က ဖောဋ္ဌဗ္ဗာ(အထိအတွေ့)အာရုံ ညွတ်ကွင်း ဖြင့် ကိလေသာမှိုင်းကာချကာ ဉာဏ်အမြင် ကန်းစေပါတော့သည်။ 

မာရ်နတ်၏တပ်တော်မှာ အမျိုးအဖော် ဆယ်ပါးရှာရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဟူသော ကာမဂုဏ်ငါးပါးဖြင့် ဖြားယောင်းသွေးဆောင်သည့် ပထမတပ်မကြီးသည် ကြီးမားထည်ဝါလှပါ၏။ သတိ ဉာဏ်ခိုင်ခံ့၍ ၀ီရိယကို မဏ္ဍိုင်ပြုကာ သမာဓိနှင့်သဒ္ဓါ အမြဲမခွါဆောင်ထားမှ မာရ်နတ်မင်း ညွတ်ကွင်း က လွတ်ကင်းအောင် အားထုတ်နိုင်ပေမည်။ မြင်ကားမြင်၏, မကြည့်၊ ကြားပါလျှင်လည်း နားမဆင်၊ နံပါမူ လည်း နမ်းမရှူ၊ ကောင်းနေက လည်း မတောင်းတဘဲ ထိနေသော်လည်း တဏှာ ဒိဋ္ဌိတို့ဖြင့် မကပ်ငြိရအောင် ဗိုလ်ငါးပါး မဂ္ဂင်တရားတို့ဖြင့် သတိထား ရှုပွားကြပါကုန်။ ထူထည်းလှသည့် ကိလေသာကို ယခုမကြာ အသိတရားနှင့် ဉာဏ်ဓားဖြင့် အလွှာပါးအောင် အခါခါ ရှုပွားရပါမည်။ ကိလေသာတို့ကို ဒါနဖြင့် လည်း ခွါချ၊ သီလဖြင့်လည်း ကွာကျစေကာ ဘာဝနာဖြင့်လည်း မပြတ်မလပ် အထပ်ထပ် အခါခါ ရှုပွားကျင့်ကြံရာ၏။ မြင်နေက မြင်သိ၊ ကြားပါက ကြားသိ၊ နံပါက နံသိ၊ စားပါက စားသိ၊ ထိပါက ထိသိ ဟူ၍ ရုပ်နှင့်နာမ် ဖြစ်ပျက်ဟန်ကို သဘောအမှန်ဆိုက်အောင် ယထာဘူတဉာဏ်နှင့် ခဏိက သမာဓိတို့ဖြင့် ထင်ရှားရာတစ်ခုခုသာ ပိုင်နိုင်စွာ ကြည့်ရှုနိုင်ပါ လျှင် ကတဉာဏ် ပြီးစေနိုင်ပေသည်။ 

 စာရှုသူဓမ္မမိတ်ဆွေများ မာရ်နတ်၏ပထမစစ်တပ်ကို ဗိုလ်ငါးပါးမဂ္ဂင် တရားဖြင့် အောင်မြင် စွာ ဖြတ်ကျော်နိုင်ကြရန်အလို့ငှါ သတိတရားဖြစ်စေကြောင်း မိတ်ဆွေကောင်းစေတနာထားပြီး ဤဆောင်း ပါး ရေးသားလိုက်ရပေသည်။ 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

6 Feb 2013

နိုင်ငံ့အမတ်ကောင်း


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

နိုင်ငံ့အမတ်ကောင်း”ဆိုသည်မှာ မင်းနှင့်ပြည်သူတို့၏အကျိုးကို အမှန်တကယ်အလိုရှိသော စိတ်ကောင်းရှိသူဖြစ်ပြီး မည်သို့အကျိုးရှိအောင်ဆောင်ရွက်သင့်သည်ကိုလည်း မြော်မြင်သိရှိ ကာ ထိုအတိုင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူပင်ဖြစ်၏။


မင်း ဆိုသည်မှာ သမ္မတဦးဆောင်သော အစိုးရအဖွဲ့ပင်ဖြစ်ပါသည်။ သက်ဦးဆံပိုင်ဘုရင်စနစ် တွင် ပြည်သူ့အရေးဆုံးဖြတ်ရာ၌ ဘုရင်၏ဆုံးဖြတ်ချက်မှန်ကန်မှုက လွန်စွာအရေးပါ၏။ ဤသို့ ဆုံးဖြတ်ချက်မှန်ကန်ရေးအတွက်လည်း ဘုရင့်ပညာရှိအမတ်တို့က အကြံဉာဏ်များပေးကြရ ၏။ ပညာဉာဏ်အမြော်အမြင်ရှိသောဘုရင်ဖြစ်ပါက ပညာရှိအမတ်တို့၏အကြံဉာဏ်ကို ကိုယ်တိုင်ဆင်ခြင်ထောက်ရှု၍ဆုံးဖြတ်ကာ ပြည်သူများ ချမ်းသာပွားရပေသည်။ ဉာဏ်အမြော် အမြင်နည်းသော ဘုရင်ဖြစ်ပါက ပညာရှိမှူးမတ်တို့၏ အကြံဉာဏ်တစ်ခုသာလျှင် အားထားရာ ဖြစ်သလို ဘုရင်က စိတ်လိုက်မာန်ပါဖြင့် မိမိအလိုတစ်ခုကိုသာကြည့်ဆုံးဖြတ်၍ ဆုံးဖြတ်ချက် မှားသွားပါက ပြည်သူများ ဒုက္ခပွားကြရပေသည်။ ထိုစနစ်တွင် ပညာရှိအမတ်များသည် မင်းနှင့် ပြည်သူတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လွန်စွာအရေးပါသူများဖြစ်ကြလေသည်။ ပညာရှိမှူးမတ်တို့၏ ဘုရင်အား သံတော်ဦးတင်လျှောက်ထားသောစကားများသည် တိုင်းပြည် အရေး၊ လူမှုအရေး၊ စီးပွားအရေး၊ ဘာသာသာသနာအရေး၊ တစ်ဦးတစ်ယောက်၏အရေးများ ကို ကောင်းသွားအောင်၊ ဆိုးသွားအောင် ဖန်တီးနိုင်သော မီဒီယာတစ်ခုဖြစ်ပါသည်။

ဥပမာ သာဓကထုတ်ပြရပါလျှင် ရှေးမြန်မာဘုရင်လက်ထက်အခါက သူဆင်းရဲလင်မယား နှစ်ယောက်ရှိကြ၏။ တစ်နေ့စားရဖို့အရေး လင်မယားနှစ်ဦးစလုံး နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်ကြရသည့် သူဆင်းရဲများဖြစ်ကြ၏။ ၎င်းတို့နှစ်ဦးတွင် သံယောဇဉ်နှောင်ကြိုး ချည်နှောင်ကာထပ်တိုးလာသည်မှာ မယား၌လွယ်ထားရသော သန္ဓေဦးပင်ဖြစ်၏။ တစ်နေ့သ၌ မယား၏ချင်ခြင်းဖြစ်ပုံမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ၏ ပွဲတော်အုပ်ကိုမှ လွန်စွာစားချင်လှ ကာ မစားရပါက သေရတော့မည့်အရေး ပေါ်ပေါက်လာလေသည်။ သန္ဓေသား၏ ပူစာသည့် အရေး ဖခင်ကြီး တွေးပူရချေပြီ။ ဖခင်ခမျာ မိဘမေတ္တာစဦးဖြာသည့် ရှေးကုသလာအမှီပြု၍ အကုသလာ လုပ်ငန်းစဉ်ကို ကြံတွေးကာလုပ်မိလေတော့၏။ ဦးပြည်းကို ပြောင်အောင်ရိတ် ကာ သူတော်အယောင်ဆောင် သပိတ်သင်္ကန်းတို့ဖြင့် ဘုရင့်ပွဲတော်အမီ ကြွမြန်းလေသည်။ ပွဲတော်တည်တော့မည့် ဘုရင့်ရှေ့မှောက်တွင် မျက်လွှာချရပ်တော်မူရာ ဘုရင်ကြီးတွေးလိုက် သည်မှာ “ဤမျှ ရဲဝံ့လှသည့်အရှင်ဟာ သာမန်သူ မဖြစ်တန်ရာ။ တရားထူးရရှိပြီးသည့် အရှင် မြတ် ဧကန်ဖြစ်တန်ရာ၏။” ဟူ၍ စဉ်းစားပြီး ဆွမ်းဟင်းတို့ကို သပိတ်တွင် အပြည့်လောင်းလှူ လိုက်လေသည်။

ထို့နောက် မင်းကြီးသည် သပိတ်ဖြင့်ကြွမြန်းသွားသောအရှင်ကို သဒ္ဓါဖြင့် ကြည်ညိုမဆုံးဖြစ် သည့်အပြင် သူထင်ခဲ့သည့်အတိုင်း ထပ်မံကြည်ညိုနိုင်ရေးအတွက် နောက်ယောင်ခံကြည့်ရှုရန် ပညာရှိအမတ်တစ်ယောက်ကို စေလွှတ်တော်မူလေသည်။ ပညာရှိအမတ်လည်း မင်းကြီး၏ စေခိုင်းချက်အတိုင်း နောက်ယောင်ခံကြည့်ရှုရာ ရှေ့မှ တရွေ့ရွေ့ကြွကာသွားနေသည့်အရှင် သည် ဇရပ်တစ်ခုနားအရောက်တွင် သင်္ကန်းကို လျင်စွာချွတ်၍ လူဝတ်လဲကာ ဇရပ်၌ စောင့်နေ ရစ်ခဲ့သော မယားနှင့်အတူ ပွဲတော်အုပ် ထမင်းဟင်းတို့ကို အမြန်မနှေး နှစ်ဦးသား လွေးကြ လေတော့၏။ ပညာရှိအမတ်သည် ထိုအခြင်းအရာကိုမြင်သော် လွန်စွာမှစိတ်မကောင်းဖြစ်ရ သော်လည်း တွေးခေါ်၍စဉ်းစားလိုက်သည်မှာ “အမှန်အတိုင်း ဘုရင့်ထံ လျှောက်ကြားပါက ဘုရင်အမျက်တော်ရှ၍ ထိုလင်မယားနှင့်အတူ ၀မ်းဗိုက်ထဲက ကလေးပါ သေရလိမ့်မည်။ မင်းကြီးသည်လည်း ကြည်ညိုသဒ္ဓါတရားစိတ်များ ပျက်ယွင်းကာ ကုသိုလ်စိတ်ပျောက်၍ ဒေါသစိတ် ထောင်းထောင်းထရပေလိမ့်မည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းအောင် သာ ငါ လျှောက်တင်ရပေမည်”ဟူ၍ တွေးခေါ်မြော်မြင်ပြီး ဘုရင့်ထံရောက်ချိန်တွင် ဘုရင်ကြီး က သိလိုဇောဖြင့် အားပါးတရ အလျင်အမြန်မေးလေသော် ပညာရှိအမတ်၏ လျှောက်ထားပုံ မှာ “မှန်လှပါ အရှင်မင်းကြီး၊ အရှင်မင်းကြီး စေလွှတ်သည့်အတိုင်း ကျွန်တော်မျိုး နောက်ယောင်ခံလိုက်ပါသွားရာ ဇရပ်တစ်ခုနားအရောက်တွင် ရှေ့မှကြွမြန်းနေသောအရှင် သည် ရဟန်းအသွင်ပျောက်သွားပါ၍ ပြန်လာခဲ့ရပါသည်ဘုရား”ဟု လျှောက်တင်လေသော် မင်းကြီးက “ငါ မပြောပေဘူးလား၊ ဒီအရှင်ဟာ ဈာန်အဘိညာဉ်ရထားသည့်ပုဂ္ဂိုလ်ထူးဆိုတာ” ဟူ၍ ပိတိသောမနဿများ ထပ်ဖြစ်ကာ ကြည်ညိုသဒ္ဓါတရားစိတ်များ ပိုမို၍ ဖြစ်ပွားခဲ့ရပေ သည်။

ထိုပညာရှိအမတ်ကြီးကား နိုင်ငံ့အမတ်ကောင်းပင်တည်း။ မင်း၏အကျိုးကိုလည်း အမှန်စင်စစ် လိုလားသူဖြစ်သလို ပြည်သူအကျိုးကိုလည်း အမှန်တကယ်လိုလားသော စိတ်ကောင်းရှိသူ ဖြစ်၏။ မုသားစကားကိုမဖြစ်စေဘဲ ပညာဉာဏ်ဖြင့် ပရိယာယ်စဉ် လျှောက်ကြားခဲ့ပုံ၊ မှန်သော် လည်း အကျိုးမရှိသောစကားကိုရှောင်ရှား၍ အမြော်အမြင်ရှိရှိ လျှောက်ထားခဲ့ပုံ၊ အမတ်ကြီး၏ စိတ်ထားမွန်မြတ်ပုံတို့မှာ အတုယူဖွယ်ရာဖြစ်ပေသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်ဆောင်ရွက်ခြင်းသည် ပညာရှိတို့ဆောင်ရွက်သည်လုပ်ငန်းဖြစ် ၏။ ထိုလုပ်ငန်းမျိုးကို ပညာဉာဏ်အမြော်အမြင်ရှိမှသာလည်း ဆောင်ရွက်နိုင်ပေသည်။ သုစိန္တိတ စိန္တီ- ကောင်းသောကြံစည်ခြင်း၊ သုဘာသိတ ဘာသီ- ကောင်းသောပြောဆိုခြင်း၊ သုကရ ကမ္မကာရီ- ကောင်းသောအလုပ်တို့ကိုသာဆောင်ရွက်ခြင်းတို့သည် သူတော် ကောင်းတို့၏ ဂုဏ်အင်္ဂါအရည်အချင်းတို့ပင်ဖြစ်ပေသည်။

ယခုအခါ၌ ကျွန်ုပ်တို့၏ ပြည်ထောင်စုနိုင်ငံတော်ကြီးသည် စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုး တက်သောဒီမိုကရေစီနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်အောင် ကြိုးစားကာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသောနိုင်ငံဖြစ်၏။ ယခုစနစ်သည်ကား ရှေးအခါက သက်ဦးဆံ ပိုင်ဘုရင်စနစ်ကဲ့သို့ မဟုတ်တော့ချေ။ နိုင်ငံအမတ်ကောင်းစိတ်ဓာတ်ဖြင့် တာဝန်ယူဆောင် ရွက်ရန်အတွက် ဘုရင်စနစ်က ပညာရှိအမတ်များ(ယခု အကြံပေးပုဂ္ဂိုလ်များ)ကသာ နိုင်ငံ အရေး ကောင်းစားဖို့ အဓိကကျသည် မဟုတ်တော့ချေ။ လူတိုင်းလူတိုင်းက အသိရှိရှိ တာဝန်သိသိဖြင့် မိမိ၏ဆန္ဒကို ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်၊ ရေးသားခွင့်၊ အကြံပြုခွင့်၊ သိလိုက မေးမြန်းခွင့် အစရှိသည့် လူ့ဘောင်လောက လူသားဓမ္မတာအတိုင်း စိတ်ထဲတွင် ချုပ်တည်းမထားဘဲ ချမှတ်ထားသောစည်းကမ်းစနစ်တကျဖြင့် ဖော်ထုတ်ပိုင်ခွင့်ရှိလေသည်။

ထိုသို့ ထုတ်ဖော်မှုကို ဖော်ထုတ်ပေးကြသော သတင်း၊ မီဒီယာ၊ စာပေစာနယ်ဇင်းတို့သည် ဘုရင်စနစ်က နိုင်ငံအမတ်ကြီးများသဖွယ်ဖြစ်၏။ မင်းနှင့်ပြည်သူအကြား စေ့စပ်ညှိနှိုင်းပေးကြ သော၊ နှစ်ဖက်စလုံးအကျိုးရှိရေးကို ဆောင်ရွက်ပေးကြသူများအဖြစ် တာဝန်ယူဆောင်ရွက်ကြ ရပေမည်။ နိုင်ငံ့အမတ်ကောာင်းဖြစ်ဖို့ရန်ကား လွန်စွာကြိုးစားအားထုတ်ရပါမည်။ အစွန်း ရောက် တွေးခေါ်မှုမျိုး မဖြစ်စေရ။ အစွန်းရောက်ပြောကြားရေးသားမှုမျိုး မဖြစ်စေရ။ အစွန်း ရောက်လုပ်ကိုင်ဆောင်ရွက်မှုမျိုး မဖြစ်စေရပေ။ လွန်စွာ သတိကြီးကြီး ရှိရပေမည်။ မျှတသော တွေးခေါ်မှု၊ ဘက်မလိုက်သော ဆင်ခြင်စဉ်းစားမှုမျိုးရှိကာ သမာသမတ်ကျသော ပြောဆို ရေးသား လုပ်ကိုင်ဆောင်ရွက်မှုမျိုး အမြဲရှိကြရမည်ဖြစ်၏။ မင်းနှင့်ပြည်သူတို့၏အကျိုးကို အစဉ်လိုလားသောစိတ်ကောင်းရှိသူဖြစ်ပြီး အမှန်တကယ်အကျိုးဖြစ်နိုင်သော စာပေတို့ဖြင့် အကျိုးပြုဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။

ရဟန်းသံဃာတော်တို့သည်လည်း တိုင်းပြည်အရေး၊ လူမျိုးအရေး၊ ဘာသာသာသနာအရေး အပါအ၀င် ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် အဓိကပါဝင်ရမည်ဖြစ်၏။ ရဟန်းသံဃာတို့ကား ပြည်သူများကဲ့သို့ အခြေခံဥပဒေဘောင်တစ်ခုကိုသာ လိုက်နာဆောင် ရွက်ကြရမည့်ပုဂ္ဂိုလ်မျိုးများ မဟုတ်ကြပေ။ မြတ်စွာဘုရားပညတ်တော်မူသော ၀ိနည်းဒေသနာ ဥပဒေကိုပါ လိုက်နာပြီး ဥပဒေဘောင်နှစ်ခုအတွင်းမှ ဆောင်ရွက်ကြရမည့်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ မင်းနှင့်ပြည်သူတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ဘုရား အဆုံးအမတော်တို့ဖြင့် လမ်းကြောင်းမှန်ပြ ဆုံးမနိုင်သောပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

ဒီမိုကရေစီနိုင်ငံတော်ကြီးတွင် နိုင်ငံသားအားလုံး လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်း နည်းလမ်းအားလုံးသည် မြတ်စွာဘုရားဟောကြားခဲ့သော ပိဋကတ်သုံးပုံမှမလွတ်သည့် စည်းကမ်းနည်းလမ်းဥပဒေသတို့သာဖြစ်ပါသည်။ ယနေ့ခေတ်နိုင်ငံသားတို့အနေဖြင့် ပါဠိဖြင့် မရင်းနှီးကြသောကြောင့် ရဟန်းသံဃာတော်တို့က ဘုရားရှင်၏ ပါဠိတော်ကို ယနေ့ခေတ် လူများ နားလည်လွယ်သည့် အညတ်စကားတို့ဖြင့် သုံးနှုန်းကာ နှလုံးသားအတွင်း ဒီမိုကရေစီ စည်းကမ်းများ ရိုက်သွင်းပေးနိုင်ပေသည်။

မြတ်စွာဘုရားသည် သန့်ရှင်းမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ အခါတစ်ပါး၌ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးသည် သန့်ရှင်းရေးဆောင်ရွက်ပြီး အမှိုက်ပုံဘေးတွင် ဖလသမာပတ်ဝင်စားရာ ဘုရားရှင်ကြွလာပြီး ဤမျှ အထွတ်အထိပ်ထားအပ်သောတရားကို ဤကဲ့သို့ အမှိုက်ပုံ ဘေး၌ ၀င်စားရန်မသင့်တော်ကြောင်း ဆုံးမတော်မူခဲ့ဖူးလေသည်။ နိုင်ငံသားများအနေဖြင့် ကားပေါ်ကနေ ပလပ်စတစ်အမှိုက်များပစ်ချခြင်း၊ ကွမ်းတံတွေးများ ထွေးချင်သလိုထွေးခြင်း၊ အမှိုက်များကို စွန့်ပစ်ချင်သလို စွန့်ပစ်နေကြခြင်းသည် ဘုရားရှင်ဆုံးမစကားနှင့် ဆန့်ကျင်နေ သလို ဒီမိုကရေစီနိုင်ငံတော်က နိုင်ငံသားများ ရှောင်ကြဉ်ရမည့်လုပ်ရပ်များဖြစ်၏။ အမှိုက်များ ကို အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်၍ သတ်မှတ်ထားသောနေရာသို့ရောက်အောင် ပို့ဆောင်ရှင်းလင်းခြင်းသည် မြတ်စွာဘုရား နှစ်သက်တော်မူသော၊ ချီးကျူးတော်မူသော၊ တစ်နည်း တရားအားထုတ်ခြင်းဖြစ်ပေသည်။

ရဟန်းသံဃာတော်တို့သည် ဘုရားအဆုံးအမသြ၀ါဒတို့ဖြင့် နိုင်ငံသားများ၏နှလုံးသားထဲသို့ ဘာသာရေးအသိစိတ် တည်ဆောက်ပေးခြင်းဖြင့် ဒီမိုကရေစီစည်းကမ်းများ ပြည့်ဝလာကြ အောင် ဆုံးမပြီး “နိုင်ငံအမတ်ကောင်း”တာဝန်ကို ယူနိုင်ကြပေသည်။ ရဟန်းသံဃာတော်များ ၏ ဆောင်ရွက်နိုင်မှုကား မင်းနှင့်ပြည်သူအားလုံးအတွက် လောကီအရေး ကောင်းစားရေး သာမက လောကုတ္တရာအသိအမြင် ရရှိရေးကိုပါဖြစ်စေပြီး နိုင်ငံတော်၏ မျက်လုံးများသဖွယ် ဖြစ်၏။ အမှားကိုမြင်အောင်၊ အမှန်ကို လမ်းပြဆောင်ကြဉ်းပေးကြသော ပုဂ္ဂိုလ်များဖြစ်ကြ၏။ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နိုင်ရန်အတွက် မည်သူ့ဘက်ကိုမှမလိုက် သစ္စာဓမ္မသက်သက်ဖြင့် လမ်းပြနိုင်သူများဖြစ်ကြပေသည်။

ဗွီဒီယိုရုပ်ရှင်နှင့် အနုပညာသမားတို့သည်လည်း စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးအတွက် ကျယ်ပြန့်စွာစွမ်းဆောင်နိုင်လေသည်။ လူ့ သဘောသည် ခံစားမှု ရသ,ကိုသာ နှစ်သက်သူ များကြ၏။ အနုပညာသဘောအရ ခံစားမှု ရသ,များ ပါနေရမည်ဖြစ်သော်လည်း ထိုခံစားမှုဖြင့် ဖန်တီးထားသော အနုပညာများကြားထဲ တွင် သုတရသများ၊ ဒီမိုကရေစီနည်းလမ်း ပညာပေးဗဟုသုတများပါဝင်စေကာ အနုပညာ ဖန်တီးမှုဖြင့် ပညာပေးဖော်ထုတ်ပြနိုင်ပေသည်။ အနုပညာသမားတို့သည် မင်းနှင့်ပြည်သူတို့၏ အချစ်တော်များဖြစ်ကြ၏။ တဏှာဖြင့် နှောင်ဖွဲ့၍ အချစ်မခံလိုကြပါနှင့်။ မေတ္တာဖြင့် ချစ်ခြင်း ခံကြရအောင် နေထိုင်ကျင့်ကြံကြရန် တင်ပြလိုပါသည်။ တဏှာဖြင့်ကား လွန်စွာရှုပ်ထွေး ပွေလီလှသဖြင့် တဏှာဖြင့် ဆွဲဆောင်စည်းရုံးနေပါက မြန်မာ့ယဉ်ကျေးမှု ပျက်ယွင်းသွားလျှင် မြန်မာတို့ကျင့်သုံးရမည့် ဒီမိုကရေစီစနစ်မျိုး တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့သဘောအရ မိမိချစ်မြတ်နိုးသောသူတို့၏ အပြုအမူ၊ အနေအထိုင်၊ အကျင့်စာရိတ္တတို့ကို အတုလိုက်တတ်ကြသည်ဖြစ်ရာ အနုပညာသမားအားလုံးအနေဖြင့်  မိမိနိုင်ငံသားတို့ကို ကောင်းမွန်သောအမူအကျင့်များဖြစ်လာအောင်၊ ကောင်းမွန်သောနိုင်ငံသားများဖြစ်လာအောင် ဆောင်ရွက်ကြပြီး “နိုင်ငံအမတ်ကောင်း”တာဝန်ကို ယူနိုင်ကြပေသည်။

စီးပွားရေးအောင်မြင်ကြသော ကုန်သည်များ၊ ကုမ္ပဏီများ၊ နိုင်ငံ့သူဌေးသူကြွယ်များသည် လည်း တိုင်းပြည်နှင့်နိုင်ငံသားများအတွက် အရေးပါလှပေသည်။ စီးပွားရေးဆောင်ရွက်ရာတွင် အတ္တစီးပွားရေးသမားနှင့် ပရစီးပွားရေးသမားဟူ၍ နှစ်မျိုးရှိရာ ပရစီးပွားရေးသမားဖြစ်အောင် အားထုတ်ခြင်းဖြင့် “နိုင်ငံ့အမတ်ကောင်း”တာဝန်ကို ယူနိုင်ကြ၏။ မိမိချမ်းသားရေးကိုသာ ဦးတည်ပြီး မင်းကိုလာဘ်ပေးစည်းရုံးကာ ပြည်သူကို ဆင်းရဲသည်ထက်ဆင်းရဲအောင် လုပ်ဆောင်ကြသူများကား အတ္တစီးပွားရေးသမားတို့ဖြစ်၏။ မင်းနှင့်ပြည်သူတို့၏အကျိုးကို အလိုရှိပြီး စိတ်ကောင်းစေတနာကောင်းထားကာ မေတ္တာဖြင့်စီးပွားရှာခြင်းသည် ပရစီးပွားရေး သမားတို့ဖြစ်၏။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အခြားအခြားသောတိုးတက်ရေးတို့ကို စီးပွားရေးအောင်မြင်နေကြသော တိုင်းပြည်၏သူဌေးကြီးများက ၀ိုင်းဝန်းကူညီပံ့ပိုးပေးခြင်းဖြင့် မိမိနိုင်ငံတော်ကို အမြန်ဆုံးတိုးတက်အောင် ဆောင်ရွက်နိုင်ပေသည်။

မိမိတို့နိုင်ငံတော်တွင် စာသင်ကျောင်းကောင်းကောင်း မတည်ဆောက်နိုင်သော ကျေးရွာလေး များ၊ ဆေးရုံကောင်းကောင်း၊ ဆေးပစ္စည်းအထောက်အပံ့ကောင်းကောင်း မရှိကြသော နယ်မြေဒေသများ၊ စာပေပညာ သင်ကြားလိုသော်လည်း ပညာသင်စရိတ်အခက်အခဲဖြစ်နေ သော ကျောင်းသူကျောင်းသားလေးများ၊ သားသမီးတို့ပညာရေးကို မြှင့်တင်ပေးချင်သော် လည်း မထောက်ပံ့နိုင်ကြသော ဆင်းရဲသားမိဘပြည်သူများကို နိုင်ငံတော်ရှိ သူဌေးသူကြွယ် ကြီးများက နိုင်ငံတော်၏ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် မိမိတို့နိုင် သလောက် ၀ိုင်းဝန်းပြီး အထောက်အပံ့အကူအညီပေးခြင်းဖြင့် မင်းနှင့်ပြည်သူတို့၏အကျိုး အတွက် “နိုင်ငံအမတ်ကောင်း”အဖြစ် တာဝန်ယူဆောင်ရွက်နိုင်ပေသည်။

Technision (စက်မှုအတတ်ပညာရှင်)များသည်လည်း စက်မှုနိုင်ငံတော်တည်ဆောက်ရန် အတွက် အဓိကကျပေသည်။ မိမိ၏ ဆန်းသစ်တီထွင်မှုတို့ဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်ကြသူများအဖြစ် ကြိုးပမ်းအားထုတ်နိုင်ပေသည်။ ကိုယ်တိုင် ဆန်းသစ်တီထွင် နိုင်သူများဖြစ်အောင် အားထုတ်ကြိုးပမ်းနေကြသလို မိမိနိုင်ငံ၌ စက်မှုအတတ်ပညာရှင်များ ပေါများလာအောင် လူငယ်တို့ကို အားပေးအားမြှောက်ပြုကာ မွေးထုတ်ပေးရန် လိုအပ်ပါ သည်။ ထိုသို့အားထုတ်ခြင်းဖြင့် မင်းနှင့်ပြည်သူတို့၏အကျိုးကို ဆောင်ရွက်ပေးသလိုဖြစ်သော ကြောင့် “နိုင်ငံ့အမတ်ကောင်း”များအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ကြပေသည်။

အစိုးရအဖွဲ့သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတို့ကို ပီပြင်မှုရှိအောင်၊ မျှတမှုရှိအောင်၊ ပြည်သူတို့ကို အမှန်တကယ်အကျိုးရှိစေအောင်၊ တိုင်းပြည်၏ဂုဏ်သက္ခာကို မြင့်သည်ထက်မြင့်အောင်၊ မိမိအုပ်ချုပ်နေကြရသော နယ်မြေဒေသ၊ အခန်းကဏ္ဍတို့အလိုက် ကောင်းမွန်သည်ထက် ကောင်းမွန်အောင်၊ တစ်နေ့တခြား တရိပ်ရိပ်ဖြင့် တိုးတက်မှုရှိနေ အောင် အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိဖြင့် ရိုးသားကြိုးစားကြရမည့်သူများဖြစ်၏။

စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရန်အတွက် အရေး ကြီးဆုံးသူများကတော့ ပြည်သူလူထုပင်ဖြစ်၏။ ဒီမိုကရေစီနိုင်ငံသားစည်းကမ်းတို့ကို တစ်ဦး ချင်းလိုက်နာကာ အစိုးရအဖွဲ့ကို ပံ့ပိုးကူညီလုပ်ကိုင်ကြရမည်ဖြစ်၏။ ပြဋ္ဌာန်ထားသည့် အခြေခံ ဥပဒေနှင့်အညီနေထိုင်ကျင့်ကြံကာ နိုင်ငံကြီးသားစိတ် မွေးမြူကြရမည်ဖြစ်၏။ အလုပ်လုပ်သူ အတွက် အခွင့်အရေးဆိုတာရှိ၏။ အလုပ်လက်မဲ့အတွက် အခွင့်အရေးဆိုတာ မရှိနိုင်ပါ။ ထို့ကြောင့် ပြည်သူပြည်သားအားလုံးက လူတိုင်း အလုပ်လုပ်ဖို့လို၏။ တစ်ဦးချင်းဝင်ငွေ တိုးတက်ဖို့ကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ရွာရေး၊ ရပ်ရေး၊ မြို့နယ်ရေး၊ ပြည်နယ်ရေး၊ နိုင်ငံရေး ဟူ၍ အဆင့်ဆင့်ကောင်းလာအောင် အခြေခံကစပြီးကောင်းအောင် ၀ိုင်းဝန်းကူညီ လုပ်ကိုင် ဆောင်ရွက်ကြမှ၊ အားလုံးအလုပ်လုပ်မှ နိုင်ငံ အမြန်ဆုံးတိုးတက်မည်ဖြစ်၏။ နိဗ္ဗာန်ရရှိရေး အတွက် ပါရမီဆယ်ပါးဖြည့်ကျင့်မှုကို တောင်းယူ၍ မရ၊ ကိုယ်တိုင်ဖြည့်ကျင့်ဆည်းပူးမှ ရသကဲ့သို့ (ပါရမီဆိုသည်မှာ မိုးကျရွှေကိုယ်မဟုတ် သကဲ့သို့) မိမိနိုင်ငံတော်ကို စည်းကမ်း ပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာအောင် ဆောင်ရွက်ရ မည်မှာလည်း တောင်းယူရမည့်အရာ မဟုတ်၊ လူတိုင်း ကိုယ်စီလုပ်ယူမှ ရမည့်အရာ ဖြစ်ပေသည်။

ပုထုဇဉ်လူသားတို့တွင် အမှားနှင့် မကင်းနိုင်ကြပေ။ လူတိုင်းတွင် အမှားကိုယ်စီ ရှိကြ၏။ ဂေါတမမြတ်စွာဘုရားအလောင်းတော်ကြီးပင် နုစဉ်အခါ ပုထုဇဉ်တုန်းက အမှားတွေ ကျူးလွန် မိခဲ့သည်များကြောင့် ၀ိပက်တော် (၁၂) ပါးကို  ဘုရားဖြစ်ချိန်တွင် ကျေအောင် ပြန်ဆပ်ခဲ့ရပေ သည်။ သာမန်လူသားတို့အတွက် အမှားဆိုတာ အပြစ်ဟုမဆိုနိုင်ပါ။ ဖြစ်တတ်သော သဘောတရားသာဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်အုပ်စုနှင့်တစ်အုပ်စု အပြန်အလှန် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတွေကို ရှောင်ရှား၍ တူညီသော ဒီမိုကရေစီ စည်းကမ်းနည်းလမ်း (Common Way)အတိုင်း တစ်ဦးကတစ်ဦးကို ကူညီဖေးမ ပရဟိတစိတ်ဓာတ်ဖြင့် လျှောက် လှမ်းကာ “နိုင်ငံ့အမတ်ကောင်း”အဖြစ် လူတိုင်းက တာဝန်ယူ၍ စည်းကမ်းပြည့်ဝပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ကြရန် လိုအပ်ပါကြောင်းနှင့် ဘုရားရှင်ဟောကြားတော်မူသော မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ကို တင်ပြပြီး ဤဆောင်းပါးကို မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။

မဆုတ်ယုတ်ကြောင်းတရား(၇)ပါး
နိုင်ငံသားအားလုံးအနေဖြင့်-
(၁) ယုံကြည်ခြင်း(သဒ္ဓါတရား)နှင့် ပြည့်စုံနေကြသမျှ ကာလပတ်လုံး။
(၂) မကောင်းမှုပြုလုပ်ရန်ရှက်ခြင်း(ဟီရိတရား)ရှိနေကြသမျှ ကာလပတ်လုံး။
(၃) မကောင်းမှုပြုလုပ်ရန်ကြောက်ခြင်း(သြတ္တပ္ပတရား)ရှိနေကြသမျှ ကာလပတ်လုံး။
(၄) များသောအကြားအမြင်(ဗဟုသုတ) ရှိနေကြသမျှ ကာလပတ်လုံး။
(၅) မပြတ်အားထုတ်ခြင်း (လုံ့လ) ရှိနေကြသမျှ ကာလပတ်လုံး။
(၆) မမေ့မလျော့ခြင်း စွဲမြဲသော(သတိတရား) ရှိနေကြသမျှ ကာလပတ်လုံး။
(၇) ၀ိပဿနာပညာနှင့် ပြည့်စုံနေကြသမျှကာလပတ်လုံး။ ကြီးပွားရန်သာရှိပေသည်။ ဆုတ် ယုတ်ရန်ကား မရှိပေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

4 Jan 2013

ပုရိသ ကံဆိုးပေါက်ကြီးများ(တတိယ(နိဂုံး)ပိုင်း)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

ပုရိသတို့၏ ကြီးပွါးတိုးတက်အောင်မြင်ခြင်းမရှိဘဲ ဆုတ်ယုတ်စေကြောင်း၊ ဒုက္ခရောက်စေ ကြောင်း ကံဆိုးပေါက်ကြီးများမှာ (၁) သေရည်သေရက်များ သုံးဆောင်မှီဝဲခြင်း၊ (၂) မိန်းမမျိုးစုံ ခုံမင် လိုက် စားခြင်းဖြစ်ကြောင်း ဆောင်းပါး(ပထမပိုင်းနှင့်ဒုတိယပိုင်း)တို့တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ယခု ဆောင်း ပါး(တတိယ(နိဂုံး)ပိုင်း)ဖြင့် ပုရိသတို့အား ဆက်လက်၍ အကြံပြု ရေးသားဖော်ပြသွားပါမည်။ 

စာရေးသူဆိုလိုချင်သည့် “ပုရိသကံဆိုးပေါက်ကြီးများ”ဆိုသော ဆောင်းပါးခေါင်းစဉ်အဓိပ္ပာယ် ကို အကျယ်ချဲ့ဖော်ပြလိုပါသည်။ ဤဆောင်းပါးတွင် အဓိကတိုက်တွန်းနှိုးဆော်လိုခြင်းသည် အမျိုးသားများ၏ မှားယွင်းနေမှု အများဆုံး အကျင့်စရိုက်ဆိုးများကိုဖော်ပြကာ သတိတရား ဖြစ်၍ လမ်းမှန်လျှောက် လှမ်းနိုင်ရေး အတွက် အမျိုးသားများအား အဓိကထား သတိပေးအကြံ ပြုချင်သောကြောင့် “ပုရိသ”ဟုရှေ့ တွင် တပ်လိုက်ခြင်းဖြစ်၏။ “ကံဆိုးပေါက်ကြီးများ”ဆိုသော အဓိပ္ပာယ်မှာ ဥပမာအားဖြင့် ရေကန် တစ်ကန်ထဲသို့ အရပ်လေးမျက်နှာမှ ရေများစီးဝင်သော် လည်း ထိုရေကန် ၏ထောင့်လေးထောင့်တွင် အပေါက်ကြီးလေးပေါက်ရှိနေရာ ထိုအပေါက်ကြီး များကို မပိတ်ပါ လျှင် ထိုရေကန်၌ ရေများ ဘယ်သော အခါမှ မရှိခြင်းကို ပြလိုရင်း၊ တစ်နည်း အလွန်ကြီးမားသောအဆောင်အဦကြီးတွင် သွပ်များမိုး ထားပြီး အုတ်ကန်ကြီးတစ်ခုတည်းသို့ ရေများစီးဆင်းကျရောက်စေရန် ရေတလျှောက်များ တပ်ဆင်ထားရာ မိုးများ သဲကြီးမဲကြီး ရွာသွန်းသောအခါ အုတ်ကန်ကြီးထဲသို့ ရေများ ဒလဟော ကျရောက်ပါသော်လည်း ထိုအုတ်ကန်ကြီး၏ ထောင့်လေးထောင့်တွင် အပေါက်ကြီးလေးပေါက်ရှိနေသောကြောင့် မိုးတိတ်သည့် အခါ၌ ထိုအုတ်ကန်ကြီးထဲတွင် ရေများ မရှိခြင်းကို ပြလိုရင်းဖြစ်၏။ ထိုဥပမာ အတိုင်းသာလျှင် ယောက်ျား တစ်ယောက်သည် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာရေး စသည့် လေးမျိုး ကောင်းကျိုးတရားများ ရှိထားသူဖြစ်စေ၊ ရှိလာအောင် အားထုတ်နေသူဖြစ်စေ ဆောင်းပါးတွင်ဖော်ပြသည့် စရိုက်လက္ခဏာ အမူအကျင့်ဆိုးကြီးများ ရှိနေပါလျှင် ရေကန်နှင့် အုတ်ကန်တို့၌ အပေါက်ကြီးများရှိနေ၍ ဘယ်သော အခါမှ ရေမရှိနိုင်သလို ကြီးပွါးတိုးတက်မှု မရှိ၊ အမြဲဆုတ်ယုတ်နေကာ ယောက်ျားမြတ်တစ်ဦးမဖြစ်နိုင်ဘဲ သာမန်ယောက်ျားတစ်ယောက် သာလျှင် ဘ၀နိဂုံးချုပ်ရမည်ဖြစ်သောကြောင့် ထိုအမူအကျင့်များသည် ကံဆိုးစေသော အပေါက်ကြီးများသဖွယ်ဖြစ်ရာ “ကံဆိုးပေါက်ကြီးများ”ဟု ခေါ်ဝေါ်သမုတ်ခြင်းဖြစ်ပေသည်။ 

“ယောက်ျးသရမ်း၊ လူ့ပေါက်ပန်းသည်၊ စဉ်တန်းလမ်းဖြောင့်၊ ဉာဏ်ချင့်ထောက်၍၊ ရိုးဖြောင့် သမာ၊ စီးပွါး ရှာရေး၊ မတွေးဘယ်ခါ၊ ဖြတ်လမ်းသာလျှင်၊ သာယာပျော့ပျောင်း၊ ငွေဖြင့်လောင်း ၍၊ လဲလျောင်းဆက်ခေါ်၊ အကျိုးမျှော်သည်၊ ရှုံးပေါ်ရှုံးမြဲ၊ လောင်းပွဲအစဉ်။” ပေါ့ပေါ့တွေး၊ ပေါ့ပေါ့နေကာ ပညာဉာဏ်ဖြင့်ဆင်ခြင်၍ ရိုးရိုးသားသားကြိုးစားစီးပွါးမရှာဘဲ အပျင်းထူသော ကြောင့် လွယ်လွယ်ရ မြန်မြန်ရလိုပြီး အလောင်းကစား လုပ်၍ အကျိုးအမြတ်ရလိုမှုသည် နောက်ဆုံး၌ ဒုက္ခဖြင့် လမ်းဆုံးရကာ ငွေမျော ငွေနှင့်လိုက်ရင်း ကိုယ့်ကျင့်သီလပါ မျောပါသွား ရသည့်အဖြစ်မျိုးတို့နှင့် ပုရိသများ ရင်ဆိုင်နေကြရခြင်းသည် အလောင်းကစားကျူးခြင်း အမှတ်(၃)ပုရိသကံဆိုးပေါက်ကြီးကြောင့်ဖြစ်၏။ လွယ်လွယ်ရသည့်ငွေကို လွယ်လွယ်ကုန်အောင် သုံးဖြုန်းတတ်သည်မှာ လူ့သဘာဝဖြစ်၏။ အလောင်းကစားနိုင်လို့ ငွေရပါက ခဏသာလျှင်ဖြစ်ပြီး ထိုအလောင်းကစားဖြင့်ပင် ထိုငွေများ ပြန်လည်ကုန်ဆုံးသွားပေသည်။ တစ်ပွဲနိုင် (၁၀)ပွဲရှုံး၊ (၁၀)ပွဲနိုင် ပွဲ(၁၀၀)ရှုံးရကာ နောက်ဆုံး ရှိနှင့်ပြီးသား ငွေအရင်းအနှီးပါပြုန်း၍ ကုန်းကောက်စရာမရှိအောင် မွဲတေသွားသူများ လောကမှာ အများအပြား မြင်တွေ့ကြားသိရပေသည်။ တချို့ အလောင်းကစားသမားများဆိုလျှင် မွဲတေသွားရုံတင်မကဘဲ သားကွဲမယားကွဲဖြစ်ရ ကာ ထောင်တန်းကျရသည့် ဒုက္ခတို့နှင့် ရင်ဆိုင်ကြရပေသည်။ 

ပုရိသတို့၏ အလောင်းကစားနည်းများမှာ အမျိုးအစား စုံလင်လှပေသည်။ ကြက်တိုက်၊ ဖဲရိုက်၊ လေးကောင် ဂျင်၊ ခြောက်ကောင်၊ ကြွေအံ စသည်တို့နှင့် ပုရိသတို့စိတ်လှုပ်ရှားကာ ယခုခေတ် ရေပန်းစားနေသည့် တစ်လုံးလောင်းလို့ ခေါ်သော ဘောလုံး အလောင်းကစား၊ တချို့ပုရိသများ ဇနီးမယားကပါ အားပေးကာ လင်မယားစုံ ညီ နှစ်လုံး ထီ၊ တစ်လလျှင် နှစ်ကြိမ် ရှိသမျှကုန်စေ ကာ ခါတိုင်းလိုလို ပေါက်ဂဏန်းများ လုံးလုံးလွဲသည့် သုံးလုံးချဲ တို့ဖြစ်ကြသည်။ 

ဖဲသမားများ အာရုံတွေမများဘဲ ဖဲချပ်များတွင် ဈာန်ဝင်စားနေတတ်သည်မှာ ကောင်းသော အာရုံကိုသာ ဤကဲ့သို့ယူလိုက်ပါလျှင် ယခုခေတ် ဈာန်အဘိညာဉ်ရပုဂ္ဂိုလ်ကြီးများ အလွန်ပင် များပြားနိုင်ပေသည်။ တချို့များ မိုးလင်းမှ မိုးချုပ်၊ မိုးချုပ်မှ မိုးလင်းကာ မျက်တွင်းများဟောက်ပက် ဒူးနှစ်ဖက်ဂျောက် ဂျက်မြည်ကာ ဒူလာရောဂါ ကိုင်ချင်ကိုင်ပါစေ တစ်နေုကုန်အောင် ဖဲထိုင်ရိုက်နိုင်ကြ၏။ နိုင်သည် မနိုင်သည် အပထားလို့ ဖဲသမားတို့ ရင်းရသည့်ဒုက္ခကား မသေးလှပေ။ နိုင်လိုက်ရှုံးလိုက်၊ ရှုံးလိုက်နိုင်လိုက်ဖြင့် ရှည်ကြာစွာ စွဲကစားပါမူ ပါဝါထူမျက်မှန် တပ်ရကာ အဆုံးတွင် ဒူလာရောဂါ ရနိုင်လေသည်။ ဤကား ဖဲရိုက်ခြင်းကို ၀ါသနာပါသော အလောင်းကစားများ၏ ဖြစ်စဉ်တည်း။ တချို့သည်ကား စွဲမကစားသော် လည်း တစ်ပွဲတစ်လမ်း အကဲစမ်းတတ်သည့် ဖြတ်လမ်းသမားလုပ်တတ်ရာ လိမ်ညာလှည့်စားခံရပါလျှင် ဘ၀ပါ ပျက်သုဉ်းရ တတ်ပေသည်။ 

သုံးလုံးချဲသမားများသည်လည်း ဂဏန်း၌ အာရုံစိုက်ကြပေသည်။ ယခင်က ဘယ်ဂဏန်းထွက် ခဲ့ခြင်းကြောင့် ယခုတစ်ပတ် ဘယ်ဂဏန်း သေချာပါမည်၊ ချဲထီပြက္ခဒိန်ထောက်၍ ဤဂဏန်း သုံးလုံး သေချာပေါက်ထွက်နိုင်သည်၊ ဟိုအတိတ် သည်နိမိတ်အရ ဒီဂဏန်းပါရလိမ့်မည် အစရှိသည်ဖြင့် ချဲထီမထွက်ခင် (၁၅)ရက်အလိုတွင် အမျိုးမျိုးတွက်ချက်ကြပေသည်။ တဖန် အိမ်မက်ဂဏန်း၊ ကလေးပြောဂဏန်း၊ အရူးပေးဂဏန်း၊ ဘုန်းကြီးပေးဂဏန်း၊ ပုံမှန်စွဲထိုးသည့် မွေးဂဏန်း၊ ယတြာဂဏန်း အစရှိသည်ဖြင့်လည်း အမျိုးမျိုးအဖုံဖုံယူကာ ခေါင်းမွေးဖြူအောင် တွက်ချက်ကြလေသည်။ ဤချဲဂဏန်းများ တွက်ချက်ကြသလို လောကီအကျိုး တိုးတက်စေ မည့် သင်္ချာပညာကိုသာ ကြိုးကြိုးစားစား တွက်ချက်ကြပါမူ နောင်အခါ ပါရဂူဘွဲ့များရ၍ နိုဘယ်လ်ဆုရသူများ ထွန်းကားပေါ်ပေါက်နိုင်ပေသည်။ သုံးလုံးချဲကို သုံးနှစ်သုံးမိုး စွဲထိုးနိုင်ပါ လျှင် အိမ်ကိုပင် မီးကွင်းရပေသည်။ အဘယ့်ကြောင့်ဆိုသော် ချဲကို သုံးနှစ်သုံးမိုး အလောင်းကစားပါက လောင်စရာကိုယ်ပိုင်အိမ် မရှိတော့၍တည်း။ သုံးလုံးချဲထီတွင် အကွက် ပေါင်း(၁၀၀၀)ရှိရာ ပေါက်မည့်အကွက်က (၁)ကွက်၊ မပေါက်မည့်အကွက်က (၉၉၉)ကွက် ဤမျှ အချိုးချ ကွာနေပါလျက် ဘာတွေ ဘယ်လိုတွက်ချက်၍ မိုက်ချက်တော့ ကန်းကုန်နေကြ သည်ကို စဉ်းစားဖို့သင့်ပေသည်။ ချဲထီဂဏန်းများကို ဟောကိန်းထုတ်ထွက်ချက်ကြသည်တွင် “သုည”မှ “ကိုး”အထိ ဂဏန်း (၁၀)လုံးရှိရာ လူ(၁၀)ဦးတို့က တစ်ယောက် တစ်ဂဏန်းပါမည်ဖြစ်ကြောင်း သင်္ချာပါရဂူကြီးများ သဖွယ် ရဲရဲတောက် ဟောကိန်းထုတ်ကြလေသည်။ ချဲထီဖွင့်သည့်နေ့တွင် ထွက်သည့်ပေါက် ဂဏန်းတွင် ဂဏန်းများ မပူးပါလျှင် လူသုံးဦး တွက်ကိန်းမှန်လေသည်။ ဂဏန်းနှစ်လုံး ပူးပါက နှစ်ဦးသာ အမှန်ရ၍ ဂဏန်းထွိုင် ထွက်ပါလျှင် ကျန်(၉)ဦး ငုတ်တုတ်မှိုင်လေသည်။ ချဲဂဏန်း များမှ ထွက်လာသည့် စာချိုးလေးများကို ဖော်ပြရပါလျှင် “၀၅၄- ကုန်မှနားအေး၅၀၅- နွားကုန်မှနားဆုန်ဆန်ဆီ- ကုန်ပြန်ပြီ”ဟူ၍ဖြစ်လေသည်။ ဆုန်ဆန်ဆီဆိုသည်မှာ ထိုင်းအသံ ထွက် (ဆုန်- ၂၊ ဆန်- ၃၊ ဆီ- ၄)ကို ဆိုလိုခြင်းဖြစ်သည်။ 

 အို…ပုရိသ ချဲသမားအပေါင်းတို့ ကိုယ့်အလုပ် ကိုယ်ကြိုးကုတ်၍ အလုပ်လုပ်၍ရသည့်ငွေကို မျှတစွာ သုံးစွဲကာ ငွေကို စုကြကုန်လော့။ သည်းခံပြီး ငွေစုခြင်းဖြင့် အချိန်တွေကြာလာပါက ထိုငွေကို အရင်းအနှီးပြု ၍ ဆက်လက်ကြိုးစားပါလျှင် နောင်၌ သူဌေးကြီးများ ဖြစ်နိုင်ပေသည်။ ထိုသို့မဟုတ်ဘဲ ဆင်းရဲမွဲတေနေ ကြရသည်မှာ ချဲထီကြောင့်လည်း ပါနေပေသည်။ နှစ်လုံးထီ သည်လည်း ဤအတိုင်းသာ လျှင် ဖြစ်လေ သည်။ နှစ်လုံးသုံးလုံးကို လောင်းကစားကြပါက တစ်သက်လုံး မွဲရမည်ဖြစ်ပြီး တစ်ခါတစ်ရံ လောင်း ကစားကြပါက တစ်ခါတစ်ခါ ပြာကျရပေ မည်။ ရံဖန်ရံဖန် ပေါက်တတ်ကြပါသော် လည်း အလောင်းကစား သမားများ ကောင်းစားသည် ဆိုရာမှာ “ခွေးရူးကောင်းစား တစ်မနက်”ဆိုသော စကားကဲ့သို့ တစ်ခဏသာ လျှင်ဖြစ်ချေသည်။ 

တစ်လုံးလောင်းဆိုသည့် ဘောလုံးအလောင်းကစားသမား ပုရိသများသည်လည်း မျက်စိနား မအားကြရပေ။ ဖတ်လိုက်ရသည့် ဘောလုံးဂျာနယ်၊ ကြည့်လိုက်ရသည့် ဘောလုံးပွဲ၊ အဖန်ဖန် အထပ်ထပ် ဆွေးနွေးကြရ သည့် ဘောလုံးပွဲသုံးသပ်ချက် အစရှိသည့်ကိစ္စအ၀၀တို့ဖြင့် အချိန်ကုန်ခံ အလုပ်ရှုပ်နေတတ်ကြသည်မှာ ကမ္ဘာ့ကုလသမဂ္ဂလူကြီးများကပင် အရှုံးပေးရပေ လိမ့်မည်။ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်း”ရအောင် ကြိုးစားနေသူများထက် ဘောလုံး အလောင်းကစားသမားများက သာလွန်များပြားလျက်ရှိရာ ကြာလာလျှင် လူငယ်တို့ ဒုက္ခများ ရမည့်အရေး မျှော်တွေးမိလေသည်။ တချို့ကျောင်းသားများ စာကို ကြိုးစားရမည့် အစား ဘောလုံးအလောင်းကစားဖြင့် လမ်းမှားကာ စလောင်းမှလာသည့် ဘောလုံးပွဲများကို နေ့မနား ညမအား ကြည့်နေကြရသည့်အတွက် ကျောင်းစားများကိုလည်းမကြည့်နိုင်၊ ဗဟုသုတ ပွါးစေသော စာပေ များကိုလည်း မလေ့လာ မဆည်းပူးနိုင်ကြဘဲ ဘောလုံးအားကစား သမား ယောင်ယောင်၊ ငွေေ ရးကြေးရေး အလုပ်လုပ်နေသည့် စီးပွါးရေးသမားယောင်ယောင် ဖြစ်နေကြ ကာ အနာဂတ်တွင် မလှမပသူများ မြန်မာ တွင် ပေါများလာပါက အနာဂတ်နိုင်ငံအရေးမှာ ရင်လေးစရာပင်ဖြစ်၏။ 

 “ချမ်းသာချင်လျှင် တရုတ်လိုရှာ၊ ကုလားလိုစု၊ မြန်မာလို မဖြုန်းနဲ့”ဆိုသော စကားပေါ်ပေါက် လာခြင်း သည် မြန်မာအမျိုးသား တို့၏ လိုအပ်ချက်ကို မီးမှောင်းထိုးပြနေသလိုပင်။ မြန်မာ အမျိုးသားတို့က လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်၊ KTV ၊ မာဆက်၊ စင်တီတေးဂီတရှိသည့် အရက်ဆိုင် အစရှိသည့် ငွေကို အကျိုးမရှိ ဖြုန်းတီးနေချိန်တွင် တရုတ်တို့က ကြိုးကြိုးကုတ် ကုတ် စီးပွါးရှာနေကြသည်၊ ကုလား တို့က ငွေ ကို ချွေတာစုပြီး ရသည့်ငွေအရင်းအနှီးဖြင့် စီးပွါးရေးကြိုးစားကာ ချမ်းသာနေကြပြီ။ တရုတ်ကုလားတို့က ဆိုင်ကြီးကနားကြီး၊ တိုက်ကြီး တာကြီး ကားကြီးများဖြင့် ချမ်းသာနေကြချိန်တွင် မြန်မာအမျိုးသားတို့က လ္ဘက်ရည်ဆိုင်ထိုင်၍ ချဲတွက်၊ ဘောလုံးပွဲလောင်းကာ အကျိုးမရှိအချိန်ဖြုန်းငွေဖြုန်းနေကြဖို့ မတော်တော့ပေ။

အလောင်းကစားမှန်သမျှ ဘယ်အလောင်းကစားမှ မနှစ်သက်ကြပါလေနှင့်။ အလောင်း အစားသည် ကျင့်ကြံကြိုးစားထိုက်သည့် စီးပွါးရေးနည်းမဟုတ်ပေ။ ဘ၀ကို မွဲပြာကျအောင် လောင်ကျွမ်းစေမည့် မီးနှင့်ကစားသကဲ့သို့ဖြစ်၏။ ဘ၀၌ ကြုံတွေ့ရသည့် စီးပွါးရေးအဆင် မပြေမှု ပြဿနာတွေကို ရရစားစား ၀ါးဝါးမျိုမျို ဆိုသလို လတ်တလော ပြေလည်ရုံဆိုပြီး အလောင်းကစားဖြင့် ဖြတ်လမ်းကို လိုက်ကြပါလျှင် ဒုက္ခနှင့်သာ ခရီးနှင်ကြရပေမည်။ သတိတရားဖြင့် ရိုးဖြောင့်စွာ အလုပ်လုပ်ကာ ကြိုးစားစီးပွါးရှာကြ ကုန်လော့။ အလောင်းကစားသမားများ ကြုံတွေ့ခံစားရမည့် ဆိုးကျိုးတရားတို့ကို ဖော်ပြပြီး အမှတ်(၃) ပုရိသကံဆိုးပေါက်ကြီးအကြောင်းကို နိဂုံးချုပ်အပ်ပါသည်။ 

 အလောင်းကစားပြုလုပ်သူရရှိမည့်အပြစ် (၆)ပါး- 
“အောင်သူရန်ပွါး၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိန်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအံ အပြစ်တည်း။”  

ဆက်လက်ပြီး နောက်ဆုံးအမှတ်စဉ်ဖြစ်သည့် အမှတ်(၄)ပုရိသကံဆိုးပေါက်ကြီးအကြောင်းကို ဆက် လက်ရေးသားအကြံပြုပါဦးမည်။ “မူးယစ်ထုံထိုင်း၊ အဆိပ်ရိုင်းဟု၊ လူတိုင်းနာမ၊ သမုတ်ကြသည့်၊ တိုစဆေးဝါး၊ ဘိန်းဖြူများနှင့်၊ ဆေးဝါးဆေးခြောက်၊ မှီဝဲသောက်က၊ စိတ်ဖောက်စိတ်ကြွ၊ မောဟထွေထွေ၊ စိတ်တွေလေကာ၊ ဆိုးပေလုံးလုံး၊ ဘ၀တုံး၏။” ဆေးလိပ်သောက်ခြင်းမှ အစပြုပြီး ဆေးခြောက်၊ ဘိန်းဖြူ၊ စိတ်ကြွ ဆေးပြား အစရှိသည့် မူးယစ်ဆေးဝါးများကို မှီဝဲသုံးဆောင်ြ့ခင်းသည် လူကိုထုံထိုင်းစေကာ ဘ၀ပါပျက်သုဉ်းစေသည့် အဆိပ်ရိုင်းသဖွယ်ဖြစ်သောကြောင့် ၎င်းအမူအကျင့်သည်လည်း ပုရိသကံဆိုးပေါက်ကြီးတစ်ခုဖြစ်ပေသည်။ 

 ကျောင်းသားလူငယ်လေးများ လူပျိုပေါက်အရွယ်ရောက်လာချိန်တွင် အစဆုံးအတုယူတတ် သည့်မကောင်းမှုမှာ ဆေးလိပ်သောက်ခြင်းဖြစ်သည်။ ပရိသအများစုအနေဖြင့် ဆေး လိပ် သောက်ခြင်းနှင့် ပတ်သက်ပြီး ခံစားချက်အမျိုးမျိုး၊ အယူအမျိုးမျိုး ရှိကြလေသည်။ ဆေးလိပ် မသောက်ပါက ခေတ်မမှီဘူး ထင်နေခြင်းနှင့် မိတ်ဖွဲ့ဖို့ ကြားခံမရှိဟု ယူဆခြင်း၊ ဆေးလိပ် သောက်ပြီး စတိုင်ထုတ်လိုခြင်း၊ အရွယ်ရောက်ပြီဖြစ်ကြောင်း ပြလိုခြင်းနှင့် စဉ်းစား တွေးခေါ်မှု ယူရန်အတွက် ကြားခံကိရိယာ အဖြစ် ဆေးလိပ်သောက်ခြင်းကို အသုံးပြုခြင်း စသည်တို့နှင့် အခြားသောအကြောင်းများကြောင့်လည်း ရှိနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာရှိသော် လည်း ဆေးခြောက် များ၊ ဘိန်းပင်မှရသည့် အရွက်၊ အမှုန့် စသည်များကို သုံးဆောင်ခြင်းအဆင့်သို့ ကူးပြောင်းသွားပါလျှင် နည်းနည်းမှီဝဲရာက စွဲသွားကာ ဘ၀ပါပျက်သုဉ်း၍ လူညွန့်တုံးရပေမည်။ မူးယစ်ဆေးဝါး မှီဝဲသုံးဆောင်သူတို့သည် ထိုမူးယစ်ဆေးဝါးများ မမှီဝဲရပါက ဘာအလုပ်ကိုမျှ မယ်မယ်ရရ မလုပ်နိုင်ကြပေ။ ထို ပုရိသတို့သည် မူးယစ်ဆေးဝါးရရှိဖို့အတွက်ဆိုလျှင် မည်သည့်သော မကောင်းမှုကိုမဆို ပြုလုပ် ရဲကြပေသည်။ မကောင်းမှုကြီးများ ဆက်လက်တိုးပွါးစေသော မူးယစ်ဆေးဝါးမှီဝဲသုံးဆောင် ခြင်းသည် အချိန်ကုန်၊ ငွေကုန်၊ လူညွန့်တုံးကာ နိုင်ငံတော်ဥပဒေကို ပါ ဖောက်ဖျက်ရာ ကျသော ကြောင့် ထောင်တန်း ကျရောက်ခြင်းဖြင့် ဘ၀နိဂုံးချုပ်ရပေ လိမ့်မည်။ မူးယစ်ဆေးဝါးများ သုံးစွဲနေပါက မောဟများ ပိုမိုထူပြောလှ၍ ယခုဘ၀ တရားရရှိရေးကား လွန်စွာမှ ဝေးလှပေ သည်။ စိတ်ကြွရူးသွပ်ဆေးပြား ရှူကြ သည့် ကလေးများ၊ လူငယ်များ၊ လူလတ်ပိုင်းများအနေဖြင့် စရှူစတွင် မြူးမြူးကြွကြွဖြစ် ကာ ပျော်ကြရ သည်ဆို၏။ အလုပ်လုပ်လို့ကောင်း၊ စာကျက်လို့ ကောင်း စသည်ဖြင့် ရှူရင်းရှူရင်း စိတ်ဖောက်သွားကြလေ၏။ ထို့ကြောင့် ၎င်းဆေးကို စိတ်ကို လည်း ကြွစေတတ်ပြီး နောက်ဆုံး ရူးသွပ်သည့်ဘ၀သို့ ရောက်တတ်သောကြောင့် စိတ်ကြွရူး သွပ်ဆေးဟု ခေါ်ခြင်းဖြစ်လေသည်။ ထိုသို့သော စိတ်ကြွဆေးများသုံးကြသည့် လူငယ်လူရွယ် ပုရိသများ ကမ္ဘာမှာ ပေါများလျက်ရှိရာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအတွက် ကမ္ဘာ့လူသား အကျိုးဆောင်ရွက်နေသည့်သူများ၏ လုပ်ဆောင်မှုကား ဂုဏ်ယူဖွယ် ရာဖြစ်ပေသည်။ တချို့အလုပ်ကိစ္စများသော ပရိသများသည်လည်း စိတ်ကို တက်ကြွစေရန်၊ အိပ်ရေး ပျက်ခံ နိုင်စေရန် စသည်ဖြင့်လည်း ထိုကဲ့သို့ ဆေးဝါးများကို သုံးဆောင်ကြ၏။ ဇိမ်ခံယစ်မူး စိတ်ကြည် နူးမှုကို ခံချင်ကြ၍လည်း သုံးကြ၏။ မောဟဖြင့် မူးယစ်နေခြင်းကို စိတ်ကြည်နူးနေသည်ဟူ၍ မှတ်ကာ သုံးစွဲနေခြင်းဖြစ်၏။ မူလတန်းကတည်းက ပုထုဇဉ်တို့စိတ်သည် မျောက်စိတ် ကဲ့သို့ ရောက် တတ်ရာရာ မကောင်းမှုအာရုံ၌ သာ မွေ့လျော်နေကြသည်ဖြစ်ရာ မူးယစ်ဆေးဝါးဖြင့် ထပ်မံ ဓာတ်ပြုလိုက်သဖြင့် မကောင်းမှုအာရုံ အတွေးနယ်တစ်ခုလုံး လွှမ်းခြုံသွားကာ ဘယ်မှာလျှင် စိတ်အစဉ် ကောင်းနိုင်တော့အံ့နည်း။ 

 အို…ပုရိသ လူငယ်လူရွယ် အမျိုးသားအပေါင်းတို့ ဆေးဝါးဆေးခြောက်သုံးစွဲခြင်းသည် အသင်တို့ကို ဘ၀အမှောင် ချောက်ကျဖို့အတွက် နည်းမှားလမ်းမှားတို့ ဖြစ်ကြကုန်၏။ ငယ်ငယ် ရွယ်ရွယ်အချိန်၌ ရူးရူးမိုက်မိုက် စိတ်ရိုင်းလေးများ ၀င်လာတတ်သည်ဖြစ်ရာ အပေါင်းအသင်း မှား၍လည်း ထိုဆေးဝါးများကို အသုံးပြုတတ်ကြ သည်ဖြစ်ခြင်းကြောင့် အပေါင်းအသင်း ရောင်းရင်းတို့ဖြင့် မကောင်းအသင်း မဖွဲ့ကြလေနှင့်။ ကောင်းမှုဖြင့် အချင်းချင်းတိုက်တွန်း တတ်သည့် မိတ်ကောင်းဆွေတစ်သင်း ဖွဲ့ကြကုန်လော့။ တချို့သော ပုရိသကြီးများက “ယောက်ျားဆိုတာ အကုန်လုပ်ဖူးရတယ်ကွ”ဟူ၍ အမြင်မှား အယူမှား ဒိဋ္ဌိတရားကို လူငယ်တို့ထံ ထိုအတွေးမျိုးရောက်အောင် ပို့ဆောင်တတ်ကြပေသည်။ အတွေးအခေါ်နည်းကြသော လူငယ်များအနေဖြင့် “အင်း ဒါမှ ငါက ပြန်ပြီး ဆရာကြီးလုပ်တတ် မှာ”ဟူ၍မှတ်ကာ “အရက်၊ မိန်းမ၊ အလောင်းကစား၊ မူးယစ်ဆေးဝါး”စသော မကောင်းသည့် အတတ်ပညာမျိုးစုံတို့ကို ကျွမ်းကျင်ပိုင်နိုင်သော ပါရဂူကြီး လုပ်ချင်လာကြကာ ဆန်းရင်းဆန်း ရင်း လိုင်းပေါင်းစုံတာဝန်ယူရသည့် ဂိတ်မှူးကြီးကဲ့သို့ ခန္ဓာကိုယ် အနားမရနိုင်တော့ဘဲ ရှာသမျှ စီးပွါးမှာလည်း ထိုလေးမျိုးအတွက်သာလျှင် အသုံးချနေကြတော့၏။ ထိုသူတို့၏ အများအကျိုး ပရဟိတအမြင်အနေဖြင့် “ယိုပေါက်လေးမျိုးထဲက တစ်မျိုးမျိုးဖြင့် သင်းပင်းဖွဲ့ရပါက သိန်းသောင်းမက အကုန်ခံနိုင်ကြသော်လည်း အရက်မသောက်တတ်သူအား အအေးတစ်ခွက် တိုက်ရမှာကို လွန်စွာ နှမျှောတွန့်တိုတတ်ကြလေသည်။” ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မအလိုအရ ပြုကောင်းသည့်ဒါန၊ မပြုကောင်းသည့်ဒါနဟူ၍ နှစ်ပါးရှိလေ ရာ သေရည်သေရက်အလှူ၊ မေထုန်အလှူ၊ မူးယစ်ဆေးဝါးအလှူ၊ အလောင်းကစားလုပ်ရန် ကူညီသည်တို့မှာ မကောင်းသောဒါန၊ တစ်နည်းအားဖြင့် ငွေကုန်သော်လည်း ကုသိုလ်မရဘဲ အကုသိုလ်သာရရှိသော မိစ္ဆာဒါနတို့ဖြစ်၏။ “အပါယ်လေးပါး၊ လားမည့်အကြောင်း၊ မကောင်းမှုမှ၊ စပ်သမျှကို၊ ရှောင်ကြပါလေ၊ သေကာထုတ်ချောက်၊ ငရဲရောက်မည်၊ ကြောက်ရွံ့ စေ။”ဟူသော ရှင်မဟာရဋ္ဌသာရဆုံးမစာလေးကို နှလုံးသွင်း၍ ထိုမကောင်းမှုများကို ရှောင်ကြဉ်ကြပါလေ။ ပုရိသတို့၏ လမ်းမှားကာ အကုသိုလ်ဖြင့် ငွေကုန်၊ အချိန်ဖြုန်းနေကြ သည်မှာ ထိုလေးမျိုးသော “ပုရိသ ကံဆိုးပေါက်ကြီးများ”ဖြစ်ကြောင်း တင်ပြပြီး သတိတရား တိုးပွါးကာ ရှောင်ရှားနိုင်ကြစေရန် ရည်ရွယ် အကြံပြု၍ ဤဆောင်းပါးကို မေတ္တာဖြင့် ရေးသား တင်ပြအပ်ပေသည်။ 

ပုရိသကံဆိုးပေါက်ကြီးများ”
 မြတ်သောယောက်ျား၊ သတို့သားသည်
 မွေးဖွားလူလား၊ မြောက်ခဲ့ပြီ။ 
ရခဲဖို့စွာ၊ ကြိုးစားပါလျှင် 
လွန်သာမြတ်လို့၊ အောင်ပွဲဆင်။ 
ထိုသို့မသွား၊ လမ်းချော်မှားလျှင် 
တိုးပွါးဖို့တွင်၊ လမ်းမမြင်။
 ယောက်ျားဖောက်ပြား၊ အမှားများတွင်
 လေးပါးပြား၍၊ ယိုပေါက်ဆင်။ 
ပ-ဆုံးအပေါက်၊ သေရည်သောက်ကြ 
ဒု-ပေါက်ဣတ္ထိယ၊ မှားကာမ။ 
တ-ပေါက်အမှား၊ လောင်းကစားနှင့်
 ဆေးဝါးမူးယစ်၊ စတုဖြစ်။ 
ပုရိသများ၊ သတိထားပါ
 ရှောင်ရှားနိုင်စေ၊ ထိုလေးထွေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု

အပြည့်အစုံသို့