“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ခန္ဓာ= အစု
“ခန္ဓာ”သည် “အစုအပုံ”ဟူသော အနက်ကိုရ၏။ တစ်ခုတည်း သီးသန့်ရှိနေသောတရားကို ခန္ဓာဟု မဆိုပါ။ အမည်နာမဖြင့် ပညတ်ထားသော သတ္တ၀ါများ၊ အရာဝတ္ထုများ အစိုင်အခဲများ စုနေခြင်းကိုလည်း ခန္ဓာဟု မခေါ်ပေ။ သဘောသဘာဝအားဖြင့် အမှန်ရှိနေသော၊ အနုစိတ် သဘာဝလေးများ၏ အစု၊ ပရမတ္ထသဘောတရားများ၏ အစုကိုသာလျှင် ခန္ဓာဟုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရူပက္ခန္ဓာ= ရုပ်အစု၊ ဝေဒနာက္ခန္ဓာ= ဝေဒနာအစု စသည်ဖြင့် သိမှတ်ရာ၏။ သို့ရာတွင် “အစုအပုံ” ဟုဆိုသည့်အတွက် စပါးကို စုပုံထားသကဲ့သို့ ခန္ဓာကိုယ်၌ ရုပ်၊ ဝေဒနာများ စုပုံနေသည်ဟု မမှတ်ယူသင့်ပါ။ ရူပက္ခန္ဓာသည် အတိတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ အနာဂတ်ရုပ်ဟူသည့် ရုပ်သုံးမျိုးကို ဉာဏ်ဖြင့် ပေါင်းစုထားသော ရုပ်အစုဖြစ်သည်ဟု သိမြင်ရမည်။
“ခန္ဓာ”သည် “အစုအပုံ”ဟူသော အနက်ကိုရ၏။ တစ်ခုတည်း သီးသန့်ရှိနေသောတရားကို ခန္ဓာဟု မဆိုပါ။ အမည်နာမဖြင့် ပညတ်ထားသော သတ္တ၀ါများ၊ အရာဝတ္ထုများ အစိုင်အခဲများ စုနေခြင်းကိုလည်း ခန္ဓာဟု မခေါ်ပေ။ သဘောသဘာဝအားဖြင့် အမှန်ရှိနေသော၊ အနုစိတ် သဘာဝလေးများ၏ အစု၊ ပရမတ္ထသဘောတရားများ၏ အစုကိုသာလျှင် ခန္ဓာဟုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရူပက္ခန္ဓာ= ရုပ်အစု၊ ဝေဒနာက္ခန္ဓာ= ဝေဒနာအစု စသည်ဖြင့် သိမှတ်ရာ၏။ သို့ရာတွင် “အစုအပုံ” ဟုဆိုသည့်အတွက် စပါးကို စုပုံထားသကဲ့သို့ ခန္ဓာကိုယ်၌ ရုပ်၊ ဝေဒနာများ စုပုံနေသည်ဟု မမှတ်ယူသင့်ပါ။ ရူပက္ခန္ဓာသည် အတိတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ အနာဂတ်ရုပ်ဟူသည့် ရုပ်သုံးမျိုးကို ဉာဏ်ဖြင့် ပေါင်းစုထားသော ရုပ်အစုဖြစ်သည်ဟု သိမြင်ရမည်။
တဖန် သန္တာန်ကိုလိုက်၍ အဇ္ဈတ္တ - ဗဟိဒ္ဓ(အတွင်း - အပြင်)၊ ပုဂ္ဂိုလ်အမျိုးအစားကိုလိုက်၍ ဟီန - ပဏီတ(အယုတ် - အမြတ်)၊ ဌာနအားဖြင့် ဒူရ - သန္တိက(အဝေး - အနီး)တို့နှင့် သြဠာရိက - သုခုမ(အကြမ်း - အနု) စသည့်နည်းတို့ဖြင့် ရုပ်၊ ဝေဒနာစသည်ကို ခွဲခြား၍ ဉာဏ်ဖြင့် ပေါင်းစုရ၏။
သို့ဖြစ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက၊ သြဠာရိက၊ သုခုမ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ကို ငါးပုံငါးစု ပေါင်းစုထားခြင်းကို ခန္ဓာငါးပါးဟုခေါ်ပါသည်။
၁။ ရူပက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ် (၂၈) ပါးတို့၏ အပေါင်းအစု။
၂။ ဝေဒနာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏက္ခန္ဓာ= စိတ်အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါးတို့၏ အပေါင်းအစု။
သို့ဖြစ်၍ ခန္ဓာငါးပါးကိုဖွဲ့ရာ၌ နိဗ္ဗာန်မှတစ်ပါး လောကီ၊ လောကုတ္တရာ စိတ်၊ စေတသိက်၊ ရုပ် အားလုံးကို ဖွဲ့ခြင်းဖြစ်ပေသည်။
ရူပက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ရူပ + ခန္ဓာ
ရူပ = ဖောက်ပြန်တတ်သော သဘောတရား
ခန္ဓာ = အစု
ရူပက္ခခန္ဓာ = ဖောက်ပြန်တတ်သော သဘောတရားအစု။
ရူပက္ခန္ဓာဆိုသည်မှာ ရုပ်တို့၏ အစုအပေါင်းကို ဆိုလိုသည်။ “ရုပ်”ဆိုသည်မှာ ပါဠိစကား “ရူပ” မှ ဆင်းသက်လာသော ပါဠိပျက် အသုံးအနှုန်းပင်ဖြစ်သည်။ အဓိပ္ပါယ်မှာ ဖောက်ပြန်တတ် သော၊ ပြောင်းလဲလှုပ်ရှားတတ်သော၊ မငြိမ်သက်သော သဘောတရားဖြစ်သည်။
ရုပ်များကို ၀ိပဿနာနည်းအရသော်လည်းကောင်း၊ ယခုလို တိုးတက်လာသော သိပ္ပံနည်း ပညာနည်းအရ (ဒေါက်တာမူလာ၏ အဆနှစ်သန်းချဲ့သော မှန်ဘီလူးကဲ့သို့) လည်းကောင်း စစ်ဆေးကြည့်ရှုသော် သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးသည် တဖြတ်ဖြတ်လှုပ်ရှားပြောင်းလဲ ဖောက်ပြန်နေကြောင်း သိရှိနိုင်ပါသည်။ သာမန်မျက်စိဖြင့်ကား မမြင်နိုင်၊ မတွေ့ရှိနိုင်ပေ။ ထိုသို့ လှုပ်ရှားပြောင်းလဲနေသော သဘောတရားများသည် တစ်ခုတည်းမနေဘဲ စုပေါင်း၍နေ၏။ ထို့သို့ လှုပ်ရှားပြောင်းလဲဖောက်ပြန်နေသော ရုပ်သဘောတရားအစုကို ရူပက္ခန္ဓာဟုခေါ်သည်။
မည်သည့် ရုပ်ဓာတ်မဆို တစ်ခုတည်းမနေဘဲ စုပေါင်း၍သာနေသည်။ ရုပ် (၂၈)ပါးရှိရာတွင် နိပ္ဖန္နရုပ်(၁၈)ပါး ပါဝင်၍ အနိပ္ဖန္နရုပ်(၁၀)ပါးပါဝင်သည်။ ထို(၂၈)ပါးထဲက ရုပ်များသည် တစ်မျိုးတည်းက တစ်ခုတည်း သီးသန့်မနေဘဲ အနည်းဆုံး(၈)ခု စုနေသည်။ ထိုရုပ်(၈)ခု စုနေသည်ကို ခွဲခွါ၍မရသော အ၀ိနဗ္ဘောဂရုပ်ဟုလည်းကောင်း၊ အဋ္ဌကလာပ်ရုပ်ဟူ၍ လည်းကောင်း၊ ရူပက္ခန္ဓာဟူ၍လည်းကောင်း ခေါ်ပါသည်။
ဥပမာအားဖြင့် တစ်စုံတစ်ရာအနံ့ကို နှာခေါင်းက နံသည်၊ သိသည်ဟု ဆိုကြသည်။ ဂန္ဓာရုံ ဟူသောအနံ့သည် နှာခေါင်းအတွင်းသို့ တစ်ခုတည်းသာ ၀င်လာသည်မဟုတ်ပေ။ ကျန်သော ရုပ် (၇)ခုသည်လည်း ဂန္ဓာရုံနှင့်ရော၍ ပါဝင်နေခြင်းဖြစ်သည်။ အ၀ိနဗ္ဘောဂရုပ်(၈)ခုတွင် ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာရုပ်တို့ ပါဝင်ရကား ထိုရုပ်(၈)ခုသည် တစ်စုတည်း နှာခေါင်းအတွင်းသို့ ၀င်လာခြင်းဖြစ်သည်။
ဂန္ဓ၏အစွမ်းသည် နှာခေါင်းကို အနံ့ဖြင့် ထိရုံသာထိနိုင်သည်။ နှာခေါင်းအတွင်းသို့ ပူပြင်းစူးရှ သွားစေရန် မတတ်နိုင်ပေ။ ဥပမာ- ဇ၀က်သာကိုရှူသော် နှာခေါင်းအတွင်း၌ ပူးပြင်းစူးရှသွား သည်။ ဇ၀က်သာ အနံ့သက်သက်က နှာခေါင်းကို ပူပြင်းသွားစေသည် မဟုတ်ပေ။ ဇ၀က်သာ အနံ့၌ တေဇောဓာတ်ပါလာသည်။ တေဇောဓာတ်သည် အနံ့နှင့်ရော၍ ပါလာသောကြောင့် နှာခေါင်းကို ပူပြင်းစူရှသွားစေခြင်းဖြစ်သည်။ ထို့အတူ ဂန္ဓရုပ်၌ တေဇောပင်မက ကျန်သောရုပ် (၆)ခုလည်းပါဝင်နေသည်။ တေဇောတစ်ခုတည်းဖြင့် နှာခေါင်းကို မိမိဘာသာ မလောင်နိုင်ပေ။ နောက်က တွန်းပို့သော ၀ါယောဓာတ်ကြောင့်ဖြစ်သည်။ ဂန္ဓဓာတ် ထောက်တည်ရာ၊ တေဇော ဓာတ် ထောက်တည်ရာ၊ ၀ါယောဓာတ် ထောက်တည်ရာ ပထ၀ီဓာတ်လည်း ပါဝင်နေပေသည်။ ဂန္ဓ၊ တေဇော၊ ၀ါယော၊ ပထ၀ီဓာတ်တို့ကို အာပေါဓာတ်က စုစည်းဖွဲ့ထားပေးပါသည်။ ထို့ကြောင့် ဇ၀က်သာရှူဗူးကို နှာခေါင်းဖြင့်ရှူရာတွင် ဂန္ဓနှင့်အတူ တေဇော၊ ၀ါယော၊ ပထ၀ီ၊ အာဘောနှင့် အခြားရုပ်သုံး (၃) ခုလည်း ပါဝင်နေကြပေ၏။
ရူပါရုံနှင့် စက္ခုပသာဒတို့ တွေ့ထိသော် စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်၏။ အဆင်းကို မျက်စိနှင့် မြင်သည်ဟု ဆိုကြသည်။ အရောင်အဆင်းကိုမြင်ရာတွင် တောက်ပြောင်သောအရောင်များကို မြင်ရသော် မျက်စိကျိန်းလာသည်။ ဥပမာ- နေရောင်ခြည် ပြင်းပြင်းကိုလည်းကောင်း၊ အနီရင့်ရောင်၊ အ၀ါရောင် စသည်များကိုလည်းကောင်းကြည့်သော် ကြာရှည်မကြည့်နိုင်ပေ။ မျက်စိကျိန်းစပ်လာသည်။ အကြောင်းမှာကား အရောင်အဆင်းနှင့် ယှဉ်တွဲပါလာသော တေဇောဓာတ်ကြောင့်ဖြစ်သည်။ တေဇောဓာတ်သည် ထက်မြက်၏၊ စူးရှ၏။
တေဇောဓာတ်သည် အရောင်အဆင်းတိုင်းတွင်ပါဝင်သည်။ သို့သော် အခြေအနေခြင်း၊ အားအနည်းအများချင်း မတူညီပေ။ အနီရောင်တွင်ပါသော တေဇောဓာတ်အားသည် အစိမ်းရောင်တွင်ပါသော တေဇောဓာတ်အားထက် ပိုများသည်။ တဖန် နေရောင်ခြည်တွင် ပါသော တေဇောဓာတ်အားသည် အနီရောင်တွင်ပါသော တေဇောဓာတ်အားထက် ပိုများခြင်း ကြောင့် နေရောင်ခြည်ကို ကြာရှည်မကြည့်နိုင်ခြင်းဖြစ်သည်။
သဒ္ဒါရုံနှင့် သောတပသာဒ တွေ့ထိ၍ သောတ၀ိညာဏ်စိတ်ဖြစ်ပေါ်၏။ အသံကို နားဖြင့်ကြား သည်ဟု ဆိုကြပါသည်။ အသံတွင်လည်း တေဇောဓာတ် ပါဝင်ပါသည်။ အသံတိုင်းတွင် တေဇောဓာတ်ရှိရာ အားအနည်းအများသာ ကွာခြားပါသည်။ ကျယ်လောင်စွာ အော်ဟစ်သော အသံ၊ မြေကြီး တုန်ဟီးသောအသံ၊ ဗုန်းပေါက်ကွဲသောအသံ စသည်များတွင် တေဇောဓာတ် ပြင်းစွာပါသောကြောင့် ထိုအသံများကို ကြားရသော် နားထဲသို့ စူးဝင်သွားပြီး နာအူသွားသည် အထိ ခံစားရပေသည်။
ရသာရုံနှင့် ဇိဝှာပသာဒတွေ့ထိရာ ဇိဝှာဝိညာဏ်စိတ်ဖြစ်ပေါ်သည်။ အစားအစာကို လျှာပေါ်တွင် တင်၍စားသည်၊ စားလို့ကောင်းသည်၊ ချဉ်သည်၊ ခါးသည်၊ စပ်သည် စသည်ဖြင့် ပြောဆိုကြသည်။ အရသာများတွင် အချို့သောအရသာများသည် သင့်တော်ရုံဖြစ်၏။ အချို့သည် စူးရှပြင်းထန်နေသည်မှာ တေဇောဓာတ် လွန်ကဲနေသောကြောင့်ဖြစ်ပါသည်။
ဖောဋ္ဌဗ္ဗာရုံနှင့် ကာယပသာဒတို့ တွေ့ထိသော် ကာယ၀ိညာဏ်စိတ်ဖြစ်ပေါ်သည်။ အတွေ့အထိ ခံစားမှုတွင်လည်း တေဇောဓာတ်ပါဝင်ကြောင်း သိရှိနိုင်သည်။ ဥပမာ- မီးခဲတစ်ခဲနှင့် စာအုပ်တစ်အုပ်ကို ကိုင်ကြည့်ရာတွင် မီးခဲသည် အလွန်ပူကြောင်း သိရှိရသည်။ မီးခဲနှင့်စာအုပ် တွင်ပါသော တေဇောဓာတ်ကို နှိုင်းယှဉ်ကြည့်သော် မီးခဲတွင်ပါသော တေဇောဓာတ်သည် ပိုမို၍ ပြင်းထန်လွန်ကဲပြီး စာအုပ်တွင်ကား တေဇောဓာတ် အားနည်းလေသည်။ မီးခဲနှင့် စာအုပ်တွင် တေဇောဓာတ်ပါဝင်သကဲ့သို့ တေဇောဓာတ်ကို တွန်းကန်လှုပ်ရှားပေးသော ၀ါယောဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်၊ ၀ါယောဓာတ်တို့၏ ထောက်တည်ရာ ပထ၀ီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်၊ ၀ါယောဓာတ်၊ ပထ၀ီဓာတ်တို့ကို ဖွဲ့စည်းသော အာဘောဓာတ်သည်လည်းကောင်း ပါဝင်နေကြပေသည်။
အဋ္ဌကလာပ်တွင်ပါဝင်သော တေဇောသည် အားအနည်းအများ၊ အထက်အနုံ့ ကွာခြားသည်။ ဥပမာ- သံသံချင်းတွင် သဘာဝချင်းတူသော်လည်း ထက်သောသံနှင့် မထက်သောသံဟူ၍ ကွဲပြားပါသည်။ ထိုသို့ပင် တေဇောဓာတ်တွင်လည်း အားနည်းသော၊ နုံ့သောတေဇောနှင့် အားများသော၊ ထက်သောတေဇောဓာတ်ဟူ၍ ကွဲပြားသည်။
မည်သည့်နေရာတွင်မဆို တေဇောဓာတ်ပါလျှင်လည်းကောင်း၊ အခြားရုပ်ဓာတ်တစ်ခုခု ပါလာ လျှင်လည်းကောင်း၊ အနည်းဆုံး ရုပ်ကလာပ်(၈)မျိုး၊ အ၀ိနိဗ္ဘောဂရုပ်သည် စုပေါင်းပါဝင် နေသည်။
ရူပက္ခန္ဓာရုပ်အစုသည် အနည်ဆုံး အ၀ိနိဗ္ဘောဂရုပ်(၈)မျိုး စုနေခြင်းဖြစ်သည်။ ထိုရှစ်မျိုးစုများကို များစွာထပ်မံ၍ ပေါင်းစုလိုက်သောအခါ သဘာဝရုပ်အစုမှ အစိုင်အခဲရုပ်အစုအဖြစ် မြင်ရသည်။ တဖန် ထိုအစိုင်အခဲ ရုပ်စုများကို ထပ်ခါထပ်ခါ ပေါင်းစုလိုက်ပြန်သောအခါ အရာဝတ္ထု၊ အထည်ဒြပ်စုကြီးများအဖြစ် မြင်တွေ့ရသည်။ ၎င်းရုပ်စုကြီးများကို သက်ရှိသတ္တ၀ါ၏ ကိုယ်ခန္ဓာရုပ်စုဟူ၍လည်းကောင်း၊ သက်မဲ့အရာဝတ္ထု စားပွဲ၊ ကုလားထိုင်၊ သစ်ပင်၊ တောတောင်အစရှိသော အထည်ဒြပ်ရုပ်စုဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြပါသည်။
ထို့ကြောင့် မည်မျှပင်ကြီးများသော သက်ရှိသတ္တ၀ါ၊ သက်မဲ့အရာဝတ္ထု ဖြစ်စေကာမူ အနည်းဆုံးအားဖြင့် သဘာဝရုပ်(၈)ခုအစုမှ တစ်စတစ်စ စုပေါင်း၍ ကြီးထွားကာ အထည် ဒြပ်ကြီးများအဖြစ် ရောက်ရှိလာခြင်းဖြစ်ပေသည်။
ဝေဒနာက္ခ္ဓန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ဝေဒနာ + ခန္ဓာ
ဝေဒနာ = ခံစားခြင်း
ခန္ဓာ = အစု၊
ဝေဒနာက္ခန္ဓာ = ခံစားမှုအစု၊ (ခံစားတတ်သော သဘောတရားအစု)။
သတ္တ၀ါ တစ်ဦးတစ်ယောက်၏ခန္ဓာကိုယ်တွင် ခံစားရခြင်းသည် အစုကြီး၊ အပုံကြီးဖြစ်သည်ဟု ထင်မှတ်ရသည်။ စင်စစ်ကား ဝေဒနာသည် ဝေဒနာစေတသိက် တစ်ခုတည်းသာဖြစ်၏။ သို့သော် ဝေဒနာ၏ ဖြစ်စဉ်ဖြစ်ရပ်သည် စိတ်ကဲ့သို့ပင် အလွန် လျှင်မြန်၏၊ သွက်လက်၏။ ဥပမာ- ယားယံသည်ဟုဆိုရာ၌ ဤမှာ၊ ထိုမှာ တစ်ကိုယ်လုံးမှာ ယားသကဲ့သို့ ထင်ရ၏။ ပူအိုက်သည့်နေရာကိုရှာသော် နေရာအနှံ့အပြားကို တွေ့ရ၏။ တပြင်ကြီးဖြစ်နေသည်ဟု ထင်ရသည်။ သို့ရာတွင် တစ်နေရာပြီးမှ တစ်နေရာ ယားခြင်း၊ အိုက်ခြင်းဖြစ်သည်။
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသည်ဟုဆိုရာ၌လည်း တစ်နေရာပြီးမှ တစ်နေရာတွင်သာ နာကျင်ခြင်းဖြစ်သည်။ မျက်စိနေရာက၊ နားနေရာက၊ နှာခေါင်းနေရာက စသည်ဖြင့် တစ်ပြိုင်နက် ခံစားရသည်ဟု ထင်ရသည်။ ကုလားထိုင်ပေါ်တွင်ထိုင်၍ ရုပ်ရှင်ကြည့်ရာတွင် မျက်စိက ရုပ်ရှင်ကားအဆင်းကို မြင်နေခိုက် နားက သီချင်ဆိုသံ၊ စကားပြောသံကို မကြားရပေ။ ကုလားထိုင်နှင့် ကိုယ်ကာယတို့ ထိတွေ့နေသည်ကို မသိပေ။ ထိုသို့ပင် နားက သီချင်းဆိုသံ၊ စကားပြောသံ ကြားနေခိုက် မျက်စိက အဆင်းကို မမြင်ပေ။ နှာခေါင်းက အနံ့ကို မရ၊ ကိုယ်ကာယက အထိအတွေ့ကို မသိပေ။ တစ်ခုပြီးတစ်ခု၊ တစ်နေရာပြီးတစ်နေရာက သိသည်။ သို့ရာတွင် ဖြစ်ပျက်ခံစားရသည်မှာ အလွန်လျင်မြန်သောကြောင့် တစ်ချိန်တည်းတွင် အစုလိုက်၊ အပြုံလိုက်ထင်ရသည်။
ဝေဒနာသည် ဝေဒနာတစ်ခုတည်းပင်ဖြစ်သော်လည်း ဝေဒနာက္ခန္ဓာ- ဝေဒနာအစုဟူ၍ ခေါ်ခြင်းမှာ ဝေဒနာ၌ အဇ္ဈတ္တဝေဒနာ၊ ဗဟိဒ္ဓဝေဒနာဟူ၍ရှိသည်။ ဥပမာ- မောင်ဘ၊ မောင်လှ၊ မောင်စ တို့ရှိရာတွင် မောင်ဘ ဘက်မှကြည့်လျှင် မောင်ဘ ခံစားမှုတို့သည် အဇ္ဈတ္တ ဝေဒနာဖြစ်၍ မောင်လှ၊ မောင်စတို့၏ ခံစားမှုများသည် ဗဟိဒ္ဓဝေဒနာဖြစ်သည်။ မောင်လှ ဘက်မှကြည့်လျှင် မောင်လှ ခံစားမှုတို့သည် အဇ္ဈတ္တ ဝေဒနာဖြစ်၍ မောင်ဘ၊ မောင်စတို့၏ ခံစားမှုများသည် ဗဟိဒ္ဓဝေဒနာဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း၌ အတွင်းခံစားမှု(မိမိနှင့် သက်ဆိုင်သောခံစားမှု) နှင့် အပြင်ခံစားမှု(သူတစ်ပါးနှင့် သက်ဆိုင်သောခံစားမှု)ဟူ၍ နှစ်မျိုးရှိ သည်။
ထို့ကြောင့် ဝေဒနာကို အတွင်းအပြင်အားဖြင့်ကြည့်သော် အမျိုးအစားအားဖြင့် (၁)မျိုးသာ ဖြစ်သော်လည်း လူတို့၏ခံစားခြင်း၊ တိရစ္ဆာန်တို့၏ခံစားခြင်း စသည်ဖြင့် ဝေဒနာများစွာရှိသည်။ များပြားလှသော သက်ရှိသတ္တ၀ါတို့၏ ခံစားခြင်းကိုလိုက်၍ ဝေဒနာအစု(ဝေဒနာက္ခန္ဓာ)ဟူ၍ ဖြစ်လေသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပိုးကောင်များစွာရှိသည်။ ပိုးကောင် အမျိုးအစား (၁) မျိုးတွင်လည်း ပိုးကောင်ရေများစွာရှိပေသည်။ ထိုပိုးကောင်များတွင်လည်း ခံစားမှုများရှိသည်။ ထို့ကြောင့် ဝေဒနာသည် အစုလိုက်ဖြစ်နေသည်။
ယခင်(အတိတ်)၊ ယခု(ပစ္စုပ္ပန်)၊ နောင်(အနာဂတ်)ဟူ၍ှ ကာလသုံးပါးနှင့်ကြည့်လျှင်လည်း ခံစားမှုကို အစုဟုခေါ်နိုင်သည်။ လူတစ်ယောက်သည် တစ်ခါက ခေါင်းကိုက်ခဲ့ဖူး၏။ ယခင်ကလည်း ခေါင်းကိုက်ခဲ့သည်ကို ယခုကိုက်နေသကဲ့သို့ပင် ပြန်၍ထင်၏။ ပစ္စုပ္ပန်ကာလ၌ လည်း တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရ၏။ နောင်အခါ၌ ခေါင်းကိုက်ဦးမည်ဟု ထင်မှတ်၍လည်း ကြောက်လန့်နေသေးသည်။ ထိုကဲ့သို့ လူတစ်ယောက်၏ ခံစားမှုကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလအားဖြင့် ခြုံကြည်လျှင် ဝေဒနာသည် အစုကြီး အပြုံကြီး သဖွယ် တွေ့ရသည်။
မိုးရေသည် အမျိုးအစားအားဖြင့် တစ်ခုတည်း၊ တစ်မျိုးတည်းသာဖြစ်သော်လည်း မိုးပေါက်အား ဖြင့် အများအပြားဖြစ်သည်။ ထိုကဲ့သို့ပင် ဝေဒနာသည်လည်း သဘောအားဖြင့် ဝေဒနာ စေတသိက်(၁)ပါးပင်ဖြစ်သော်လည်း အဇ္ဈတ္တ၊ ဗဟိဒ္ဓ(အတွင်း၊ အပြင်)အားဖြင့် ကြည့်လျှင် သော်လည်းကောင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအားဖြင့် ကြည့်လျှင်သော် လည်းကောင်း အစုလိုက် အပြုံလိုက် တွေ့ရသောကြောင့် ပေါင်းခြုံ၍ ဝေဒနာအစု (ဝေဒနာက္ခန္ဓာ)ဟု ခေါ်လေသည်။
သညာက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
သညာ = မှတ်သားခြင်း၊ မှတ်သားမှု၊
ခန္ဓာ = အစု၊
သညာက္ခန္ဓာ = မှတ်သားမှု သဘောတရားအစု၊ (မှတ်သားတတသော သဘောတရားအစု)။
သက်ရှိသတ္တ၀ါတို့သည် မွေးဖွားလာသည်မှစ၍ သေသည်အထိ တစ်ဘ၀ဖြစ်စဉ်ကာလအတွင်း တွင် သညာဟူသော မှတ်သားမှုများကို အမြောက်အမြား လက်ခံမှတ်သားကြရသည်။ ကလေးသူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးပိုင်းအရွယ်တို့တွင် တွေ့ကြူံရသောကိစ္စ များနှင့်ပတ်သက်၍ အသုံးအဆောင်ပစ္စည်းများ၊ အခေါ်အဝေါ်များ၊ စကား အသုံးအနှုန်းများကို မှတ်သားရသည်။ ထိုသို့ မှတ်သားခြင်းသည် သညာဖြစ်သည်။ စာတစ်ပိုဒ်ရွတ်ရာတွင်ပင် စာလုံးရေကို တစ်လုံးပြီးတစ်လုံး မှတ်သားရသည်။ ဥပမာ- “သမဂ္ဂါနံ တပေါ သုခေါ”ဟုဆိုရာ၌ “သ”ကို မှတ်မိသော သညာက တစ်ခု၊ “မဂ်”ကို မှတ်မိသော သညာက တစ်ခု၊ “ဂ”ကို မှတ်မိ သော သညာက တစ်ခု စာလုံးရေအလိုက် သညာရှိသည်။ စာလုံးများသည်နှင့်အမျှ သညာလည်း များစွာရှိသည်။ စာလုံးများသည် မြင်ခိုက်တွင်သာရှိ၍ မြင်ပြီးနောက် စိတ်ထဲတွင် မရှိတော့ပေ။ သညာအမှတ်အသားသာလျှင် ရှိနေတော့သည်။
သညာသည် သဘောအားဖြင့် သညာစေတသိက် (၁)ပါးသာဖြစ်သည်။ သို့ရာတွင် မိမိနှင့် သက်ဆိုင်သည့် အမှတ်အသား အဇ္ဈတ္တသညာ၊ သူတစ်ပါး၏အမှတ်အသား ဗဟိဒ္ဓသညာ အားဖြင့်လည်းကောင်း၊ တစ်ဦးတစ်ယောက်ထဲ၌ပင် အတိတ်သညာ၊ ပစ္စုပ္ပန်သညာ၊ အနာဂတ် သညာအားဖြင့်လည်းကောင်း ခဏပစ္စုပ္ပန်တွင်ပင် ဆက်ကာဆက်ကာမှတ်သားနေခြင်းအား ဖြင့်လည်းကောင်း၊ သညာသည် အစုလိုက် အပြုံလိုက် ရှိနေသောကြောင့် သညာက္ခန္ဓာ၊ သညာအစုဟုခေါ်သည်။
မြက်ပင်ကလေးများသည် မိုးတွင်းအခါ၌ အစီအရီ အပင်ပေါက်လာကြသည်။ မိုးကုန်သွားသော် သေသွားကြ၏။ သို့သော် နောက်နှစ် မိုးတွင်းအခါ၌ မြက်ပင်ကလေးများသည် ရှင်သန်စွာ အပင်ပေါက်လာကြပြန်သည်။ သေသွားသောမြက်ပင်က မျိုးစေ့ထားခဲ့သောကြောင့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာသော်လည်း မိုးတွင်းအခါတွင် ထူထပ်စွာ ပေါက်လာ ကြခြင်းဖြစ်သည်။ ထို့ကဲ့သို့ပင် သညာသည်လည်း တစ်ခုပြီးမှတစ်ခု ဖြစ်ပေါ်လာသော်လည်း ကုန်သွားသော၊ ကွယ်သွားသောသညာက နောက်တွင် ထပ်မံပေါ်ပေါက်ရန် သညာမျိုးစေ့ ချသွားသည်။ သညာအဟောင်း ပျောက်သွား၍ သညာအသစ် ပေါ်ပေါက်လာပြန်သည်။ သညာသည် တစ်ချိန်တွင် တစ်မျိုးသာဖြစ်ပေါ်၏။ ဤသို့အားဖြင့် သညာသည် အဟောင်း ပျောက်၍ အသစ်ပေါ်ပေါက်လာသော်၊ အစုကြီးဟုထင်ရသဖြင့် သညာက္ခန္ဓာ၊ သညာအစုဟု ဆိုသည်။
သညာနှင့်သတိ
သတိသည် အရေးပါအရာရောက်သကဲ့သို့ သညာသည်လည်း အရေးပါအရာရောက်သည်။ မှတ်မိခြင်းမှန်သမျှတွင် သညာပါဝင်သော်လည်း အားလုံး၌ သတိပါဝင်သည်ဟူ၍ကား မဆိုနိုင်ချေ။ သတိစေတသိက်သည် သောဘဏသာဓာရဏ စေတသိက်(၁၉)ပါးထဲတွင် ပါဝင်၍ သောဘဏ စိတ်အကျဉ်း (၅၉)ပါး၊ အကျယ် (၉၁)ပါးနှင့် ယှဉ်သည်။ ထို့ကြောင့် ကောင်းမွန်သည့်အရာ၊ ကိစ္စတို့ကို မှတ်မိခြင်း၌သာ သတိပါဝင်သည်။ ဆိုးသည့် အကြောင်းအရာကိစ္စတို့ကို မှတ်မိခြင်းတွင် သတိမပါဝင်ပေ။ သညာစေတသိက်သည်ကား သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇)ပါးတွင် ပါဝင်၍ စိတ်အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁)ပါးနှင့်ယှဉ်သည်။ သညာစေတသိက်သည် အကုသိုလ်စိတ်နှင့်လည်းကောင်း၊ ကုသိုလ်စိတ်နှင့်လည်းကောင်း ယှဉ်သောကြောင့် အဆိုးကိစ္စများကို မှတ်မိခြင်းတွင်လည်း သညာပါ၏။ အကောင်းကိစ္စများကို မှတ်မိခြင်းတွင်လည်း သညာပါ၏။
လွမ်းဆွတ်သည်၊ အောက်မေ့သည်ဟု ဆိုရာ၌ အဘိဓမ္မာသဘောအရ သေချာစွာ စိစစ်သော် သတိမဟုတ်ပေ။ သညာသာဖြစ်သည်။ သတိသည် သန့်စင်သောဓာတ်အားဖြစ်သည်။ သတိတွင် အအေးဓာတ်သာပါ၏။ အပူဓာတ် မပါဝင်ပေ။ စိတ်မကောင်းသော မမေ့ခြင်းတွင် သညာသာပါသည်။ ကောင်းသည်ကိုဖြစ်စေ၊ မကောင်းသည်ကိုဖြစ်စေ၊ မမေ့ခြင်းအားလုံးတွင် ကား သညာပါသည်။
သင်္ခါရက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
သင်္ခါရ + ခန္ဓာ
သင်္ခါရ = ပြုလုပ်ခြင်း [ဝေဒနာနှင့် သညာစေတသိက်မပါသော စေတသိက်(၅၀)]
ခန္ဓာ = အစု၊
သင်္ခါရက္ခန္ဓာ = ပြုလုပ်တတ်သော သဘောတရားအစု။
သင်္ခါရက္ခန္ဓာသည် ပင်ရင်းသဘာဝ(တရားကိုယ်)အားဖြင့် ဝေဒနာစေတသိက်နှင့် သညာ စေတသိက်မပါသော စေတသိက်(၅၀)ပင်ဖြစ်သည်။ ဝေဒနာစေတသိက်နှင့် သညာ စေတသိက်သည် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာဟူ၍ သီးခြား ခွဲခြားထားသည်။
သင်္ခါရက္ခန္ဓာတွင် စေတသိက်(၅၀)ကို အလုပ်သမားအုပ်စုဟူ၍ပင် ခေါ်နိုင်သည်။ လုပ်ငန်းရပ် အသီးသီးကို ဆောင်ရွက်လုပ်ကိုင်ကြသော အလုပ်သမားများ ဖြစ်ကြသည်။ ထိုအလုပ်သမား အုပ်စုတွင် အဖွဲ့ငယ်(၃)ဖွဲ့ ပါဝင်၏။ အကုသိုလ် စေတသိက်များက တစ်ဖွဲ့၊ အညသမာန်း စေတသိက်များက တစ်ဖွဲ့၊ သောဘဏ စေတသိက်များက တစ်ဖွဲ့ဖြစ်သည်။ အကုသိုလ် စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည် အဖျက်လုပ်ငန်းကို ဆောင်ရွက်မည့် အလုပ်သမားများဖြစ်ကြသည်၊ ဥပမာ- လူတစ်ယောက်သည် သူတစ်ပါး၏ ပစ္စည်းကို လိုချင်၍ ခိုးယူ၏။ လက်ဖြင့်ခိုးသည် ဖြစ်သော်လည်း လက်က အကြောင်းအရင်း မဟုတ်သေးပေ။ အဖျားပိုင်းမျှသာဖြစ်သည်။ စိတ်က လိုချင်သောကြောင့် ခိုးသည်ဟုဆိုရာ၌ စိတ်သည်လည်း အကြောင်းအရင်းခံ မဟုတ်သေးပေ။ အလယ်ပိုင်းသာ ဖြစ်သေးသည်။ စိတ်နှင့် ယှဉ်တွဲပါလာ သော လောဘစိတ်ကြောင့်သာ ခိုးယူ၏။ အကုသိုလ် စိတ္တဇရုပ်ကို စေတသိက်အဖွဲ့တွင် ပါဝင်သော လောဘစေတသိက်သည် စိတ်ကို၊ စိတ်ကမှ စိတ္တဇရုပ်ကို၊ စိတ္တဇရုပ်မှ လက်ကို အဆင့်ဆင့်ခိုင်းသောကြောင့် လက်က ခိုးယူခြင်းဖြစ်ပေသည်။ ထို့ကြောင့် လောဘစေတသိက် သည် ခိုးယူခြင်းဟူသော အဖျက်လုပ်ငန်းကို ဆောင်ရွက်သော အလုပ်သမားပင် ဖြစ်ပေသည်။ လောဘစေတသိက် အလုပ်သမားကို ဖယ်ရှားထားပါက ခိုးယူခြင်းလုပ်ငန်းသည် ဖြစ်ပေါ်လာ မည် မဟုတ်ပေ။
လူတစ်ယောက်သည် အခြားတစ်ယောက်ကို တုတ်နှင့်ရိုက်၏။ အဘိဓမ္မာမူအရ သေချာစွာ စိစစ်သော် တုတ်သည်လည်းကောင်း၊ လက်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ရိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သည့်အလုပ်သမားများ မဟုတ်ကြပေ။ ဒေါသစေတသိက် သည်သာလျှင် ရိုက်ခြင်းဟူသည့် အဖျက်လုပ်ငန်းကို ဆောင်ရွက်သော အလုပ်သမား ဖြစ်ပေသည်။ ထိုသို့ပင် ကျန်သော အကုသိုလ်စေတသိက်များသည်လည်း မိမိတို့ သက်ဆိုင် ရာ အဖျက်လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်သည့် အလုပ်သမားများ ဖြစ်ကြသည်။
အညသမာန်း စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည်ကား အဖျက်လုပ်ငန်းနှင့် နီးစပ်လျှင် အဖျက်သမားများအဖြစ် လုပ်ကိုင်ကြ၏။ အပြုလုပ်ငန်းနှင့် နီးစပ်လျှင် အပြုသမား များအဖြစ် လုပ်ကိုင်ကြ၏။ အပြုလုပ်ငန်းနှင့်နီးစပ်လျှင် အပြုသမားများအဖြစ် လုပ်ကိုင်ဆောင် ရွက်ကြသည်။
ကုသိုလ်စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည်ကား အပြုလုပ်ငန်းကို ဆောင် ရွက်သည့် အလုပ်သမားများဖြစ်ကြသည်။ ဥမမာ- လူတစ်ယောက်ကို ကိစ္စတစ်ခုတွင် ကူညီလိုက်၏။ လက်က၊ စိတ်က ကူညီသည်ဆိုသော်လည်း အရင်းပိုင်း မဟုတ်သေးပေ။ စင်စစ်ကား အဒေါသဟူသည့် စေတသိက်က ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ အဒေါသ စေတသိက်က စိတ်ကို၊ စိတ်က စိတ္တဇရုပ်များကို၊ စိတ္တဇရုပ်များက လက်ကို အဆင့်ဆင့် ခိုင်းသောကြောင့် လက်ကကူညီခြင်းဖြစ်သည်။
သူတစ်ပါးအား ပေးကမ်းသည်ဆိုရာ၌လည်း အရင်းကျဆုံးဆောင်ရွက်သူကား အလောဘ စေတသိက်ဖြစ်သည်။ အလောဘစေတသိက်သည်သာလျှင် အပြုလုပ်ငန်းဖြစ်သည့် ပေးကမ်းခြင်းကို ပြုလုပ်ဆောင်ရွက်သော အလုပ်သမားဖြစ်သည်။ ကျန်သော သောဘဏ စေတသိက်များသည် အပြုလုပ်ငန်းကို ဆောင်ရွက်သည့် အလုပ်သမားဖြစ်ကြသည်။
ဝေဒနာ စေတသိက်နှင့် သညာစေတသိက်တို့သည် သင်္ခါရက္ခန္ဓာဟူသော ပြုလုပ်တတ်သည့် သဘောတရား အစုထဲတွင် မပါဝင်သော်လည်း အဆိုးလုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ အကောင်းလုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လုပ်ငန်းကိစ္စများတွင် ဆောင်ရွက်လုပ်ကိုင်ရာတွင် ကား ပါဝင်သည်။
ကိစ္စတစ်ခုကို ဆောင်ရွက်ပြုလုပ်ရာတွင် မူရင်းအခြေခံအားဖြင့် သင်္ခါရက္ခန္ဓာသည် သေချာ တိကျစွာပါ၏။ သို့သော် ကျန်သော ခန္ဓာများသည်လည်း အထောင်အကူအားဖြင့် ပါဝင်ကူညီရ သည်။ ဥပမာ- တရားမ၀င်တော့သည့် ကျပ်(၅၀)တန်၊ ကျပ်(၁၀၀)တန် ငွေစက္ကူများကို အပ်နှံ ရာတွင် ဌာနအလိုက် လက်ခံသောသူသည် တစ်ယောက်တည်းပင် ဖြစ်သော်လည်း ဘေးလူများက သက်ဆိုင်ရာလုပ်ငန်းများတွင် ၀င်ရောက်ကူညီရသည်။ ထိုကဲ့သို့ပင် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ သင်္ခါရက္ခန္ဓာက မူတည်လုပ်ကိုင်သော် ကျန်သောခန္ဓာများက လည်း ပါဝင်ကူညီရသည်။
ဝိညာဏက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ဝိညာဏ + ခန္ဓာ
ဝိညာဏ = အသိစိတ်၊
ခန္ဓာ = အစု၊
ဝိညာဏက္ဓ္ခန္ဓာ = အသိစိတ်အစု၊ (သိတတ်သော သဘောတရားအစု)။
အသိစိတ်သည် တရားကိုယ်အားဖြင့် စိတ်တစ်ပါးတည်းသာဖြစ်သည်။ သို့သော် အဇ္ဈတ္တကိစ္စ အားဖြင့်လည်းကောင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအားဖြင့်လည်းကောင်း၊ စိတ်များစွာ ရှိနိုင်သော်ကြောင့် စိတ်အစုဟု ခေါ်သည်။ သတ္တ၀ါ တစ်ဦးတစ်ယောက်၏ စိတ်များကို ပေါင်းသော် အစုလိုက် အပြုံလိုက် ဖြစ်လာသည်။
သတ္တ၀ါတစ်ဦးတည်း၌ပင် ပစ္စုပ္ပန်သုံးပါးတွင် အဓွန့်ပစ္စုပ္ပန်၌ ဖြစ်သောစိတ်၊ သန္တတိပစ္စုပ္ပန်၌ ဖြစ်သောစိတ်၊ ခဏပစ္စုပ္ပန်၌ ဆက်ခါဆက်ခါ ဖြစ်နေသောစိတ်ဟူ၍ စိတ်များစွာရှိသည်။ ထို့ကြောင့် အသိစိတ်အစုကို ၀ိညာဏက္ခန္ဓာ ဟူ၍ ခေါ်ဆိုပေသည်။
စာဖတ်သူတို့အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။