25 Nov 2008

သင်္ချိုင်းပေါ်က လူသားများ

ကမ္ဘာလောကကြီးတစ်ခုလုံးသည် အလောင်းကောင်များမြှုပ်နှံရာ သင်္ချိုင်းကြီးပင်ဖြစ်၏။ ရွာ တိုင်း၊ မြို့တိုင်း၌ သေဆုံးသူများမြှုပ်ရန်အရပ်ဟူ၍ သင်္ချိုင်းများထားရှိကြသည်။ ကြောက်တတ် သောလူကြီး၊ လူငယ်မှန်သမျှ မသွားရဲကြ၊ မဖြတ်ရဲကြ၊ အများစုကလည်း အမင်္ဂလာအရပ်ဟု ဆိုတတ်ကြပြန်သည်။ သုဿာန်အရပ်မှပြန်လာလျှင် အပမမှီရအောင် ရွာတံခါးဝမှာ တံထွေး ဖြင့်ထွေးကြသော ဓလေ့ရှိသည့် အရပ်ဒေသများလည်းရှိကြသည်။ အလောင်းတင်သည့်စင်ကို လည်း ရွာမှာမထား၊ ဘုန်းကြီးကျောင်းမှာ ထားကြသည်။ သေသူ၏အ၀တ်တို့ကို ကလကာချုပ် ၍ ကွယ်လွန်သူအား ရည်စူးသောကောင်းမှု စသဖြင့်လည်း ကျေုာင်းမှာလှူတတ်ကြသည်။ “မကောင်းရင် ကျောင်းပို့” ကြသည်ပင် မဟုတ်ပါလော။ သေသူ၏ ရွှေ၊ ငွေ၊ ရတနာတို့ကိုကား အမွေမမျှဟုထင်လျှင် ရုံးတက်၍ပင် လုတတ်ကြသည့် အတ္တဒိဋ္ဌိလူသားတို့မှာ “ဘယ်သူသေ သေ ငတေမာရင်ပြီးရော”ဟူသော လောဘ၊ ဒေါသ၊ မောဟတို့ ထူပြောကြပေသည်။


သုဿာန်အရပ်ကို အမင်္ဂလာအရပ်ဟုဆိုလျှင် ကမ္ဘာလောကကြီးတစ်ခုလုံးပင် အမင်္ဂလာအရပ် ဖြစ်သွားပေမည်။ သုဿာန်အရပ်ကို အမင်္ဂလာအရပ်ဟုဆိုခြင်းမှာ မမှန်ကန်ပေ။ သေသူမြှုပ်နှံ သည်ကိုမြင်၍ “ငါလည်း သေရမှာပါလား”ဟု နှလုံးသွင်းမိခြင်း၊ သင်္ချိုင်းအုတ်ဂူတို့ကိုမြင်၍ လည်း ထိုသို့နှလုံးသွင်းမိခြင်းဖြင့် မရဏာနုဿတိဘာဝနာ ပွားများပြီးသားဖြစ်ခြင်းကြောင့် မင်္ဂလာမြင်ကွင်း၊ မင်္ဂလာအရပ်ဖြစ်သွားပေတော့သည်။ ဗုဒ္ဓအရှင်တော်မြတ်က-
ဘောန္တော- အ၀ိဇ္ဖာနယ်၊ တလည်လည်ဖြင့်၊ သွယ်သွယ်ယောင်ရမ်း၊ အမှောင်လမ်းဝယ်၊ တောင်စမ်းမြောက်ကိုင်၊ မကြောက်နိုင်ဘဲ၊ ခုတိုင်လမ်းမှား၊ အိုလူများတို့၊
တုမှေ- အပြောတစ်မျိုး၊ သဘောဆိုး၍၊ အကျိုးမပြီး၊ အချည်းနှီးဖြစ်၍နေကြကုန်သော သင်တို့သည်၊ ဣမံလောကံ- ရှုပ်ချင်တိုင်းရှုပ်၊ ပွေချင်တိုင်းပွေ၊ မှောက်ချင်တိုင်းမှောက်နေ ကြတဲ့ ကြောက်စရာ ဤလောကကြီးကို၊
ပဿထ- မသာတွေအစုပြည့်နေသည့် သုဿာန်အဖြစ် သတိပြု၍ ရှုကြည့်ကြပါကုန်လော့၊” ဟူ၍ ပြတ်ပြတ်သားသားဟောကြားတော်မူခဲ့ပါသည်။

ကမ္ဘာလောကကြီး မသာတွေနှင့် ပြည့်ကျပ်နေသည် တဲ့။ ဟုတ်ပါပေသည်။ ဘုရားတစ်ဆူကြား ကာလ၌ သေခဲ့ရသည့် မသာတွေရဲ့ အရိုးတွေ၊ အသားတွေကိုပုံထားရင် ဝေပုလ္လတောင် လောက်ပင်ရှိသည်ဟုလည်း ပိဋကတ်တော်၌ လာရှိပါသည်။ ဘုရားတစ်ဆူကြားကာလမှာပင် ထိုမျှလောက်ရှိလျှင် ကမ္ဘာပတ်လုံးဆိုလျှင် မည်မျှများပြားမည်ကို မတွေးသာတော့ပေ။ ဗုဒ္ဓ ကိုယ်တိုင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်ဆည်းပူးပြီးမှ သဗ္ဗညုတရွှေ ဉာဏ်တော်ဖြင့် သိရှိဟောကြားတော်မူသောကြောင့်သာ သိခွင့်ရကြပါသည်။

ဗုဒ္ဓလက်ထက်တော်က ရာဇဂြိုဟ်မြို့မှာ ဥပသာလကအမည်ရှိသော ပုဏ္ဏားကြီးတစ်ယောက် ရှိခဲ့ပါသည်။ သူ အသက်ကြီးရင့်လာသောအခါ၌ သားဖြစ်သူအား သူများနှင့်မတူသည့် ထူးခြား ချက်တစ်ခုကို မှာကြားလေသည်။ “ငါ့သား…အဖေသေရင် ဘယ်လူသေကောင်မှ မမြှုပ်ရသေး သောနေရာမှာ ရှာဖွေပြီး သင်္ဂြိုဟ်ပါ” တဲ့။ သားက “အဖေ…လူသေမမြှုပ်ဖူးတဲ့နေရာကိုရှာရန် အင်မတန်မှ ခဲရင်းလှပါတယ်၊ ဒါ့ကြောင့် အဖေ မသေခင်မှာပဲ မြှုပ်နှံရမည့်နေရာကို ရှာဖွေပြထားခဲ့ပါ”လို့ ပြန်ပြောလေသည်။ ထို့ကြောင့် သားအဖနှစ်ယောက် ဂိဇ္ဈကုတ်တောင် ပေါ် တက်သွားကြပြီးနောက် တောင်စောင်းတစ်ခုပေါ်က မြေကွက်လပ်လေးကို သဘောကျပြီး “ငါ့သားရေ…ဒီနေရာလေးကတော့ ဘယ်လူသေကောင်မှ မမြှုပ်ရသေးလောက်ဘူး၊ အဖေ သေရင် ဒီနေရာမှာပဲ မြှုပ်ပေးပါ”ဟု သားကို သေချာမှာကြားပြီး တောင်အောက်သို့ ဆင်းလာခဲ့ ကြသည်။ ဗုဒ္ဓကလည်း ဂါထာတစ်ဂါထာလောက် ဟောလိုက်ရုံနှင့် ဥပသာလကပုဏ္ဏားကြီး သောတာပန်တည်မည်ကို မြင်တော်မူသောကြောင့် တောင်အောက်တွင် စောင့်နှင့်နေလေ သည်။

ပုဏ္ဏားကြီးအား တွေ့သောအခါ မြတ်ဗုဒ္ဓက “ဥပသာလက၊ ဂိဇ္ဈကုတ်တောင်ပေါ်ကို အဘယ် အကြောင်းကြောင့် တက်လာခဲ့သလဲ”ဟု မေးတော်မူရာ “မှန်လှပါ၊ လူသေမမြှုပ်ဖူးတဲ့နေရာ ရှာဘို့အတွက် တက်လာခဲ့ရခြင်းဖြစ်ပါတယ်”ဟုလျှောက်၏။ ဗုဒ္ဓက “တွေ့ခဲ့ရဲ့လား” ဟု မေး ပြန်ရာ “တွေ့ခဲ့ကြောင်းပါ”ဟု လျှောက်ထားသဖြင့် ထိုနေရာကိုပြသရန် မြတ်ဗုဒ္ဓက တောင်းဆို သောကြောင့် ပုဏ္ဏားကြီးလည်း သူရွေးချယ်ခဲ့သည့်နေရာကို ခေါ်ပြလေသည်။ ၎င်းနေရာသို့ အရောက်တွင် ဗုဒ္ဓက ထိုနေရာအား လက်ညှိုးညွှန်ပြပြီး အောက်ပါဂါထာတော်ကို ဟောကြား တော်မူလိုက်ပါသည်-
ဥပသာလကနာမာနိ၊
သဟဿာနိစတုဒ္ဒသ။
အသ္မိံပဒေသဒဍ်ဎနိ၊
နတ္ထိလောကေ အနာမတံ။
ဗြဟ္မဏ- ပုဏ္ဏားကြီး၊ အသ္မိံပဒေသသေ- ဤ သင် ယခု ညွှန်ပြရာနေရာဌာန၌၊ ဥပသာလက နာမာနိ- ဥပသာလကအမည်တစ်ခုတည်းဖြင့်၊ သဟဿာနိစတုဒ္ဒသ- အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့သည်၊ ဒဍ်ဎနိ- မီးသင်္ဂြိုဟ် လောင်ကျွမ်း မြှုပ်နှံခဲ့ရလေပြီ။ လော ကေ- ကမ္ဘာလောကကြီး၌၊ အနမတံ- လူသေကောင်ပုပ် မမြှုပ်ဖူးသောနေရာဌာနသည်၊ နတ္ထိ- စိတ်သာချပေတော့၊ မုချမရှိရိုးမှန်သည်သာလျှင်တည်း”။

“ပုဏ္ဏားကြီး၊ ဒီတောင်စောင်းမြေနေရာလေးကို သင်က ဘယ်သူ့အလောင်းကိုမှ မမြှုပ်ခဲ့သေး ဘူးလို့ ထင်ခဲ့တယ်။ အမှန်တော့ ဒီနေရာလေးမှာပင် သင်၏အလောင်းကောင်တို့ကို ဥပသာ လကအမည် တစ်ခုတည်းနှင့်ပင် အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့ကို မြှုပ် နှံခဲ့ပြီးပြီပုဏ္ဏားကြီး။ ဒီကမ္ဘာမြေကြီး၏ နေရာအနှံ့မှာ လူသေကောင်ပုပ်မမြှုပ်ဖူးသော နေရာဟူ ၍ တစ်နေရာမျှပင်မရှိ”ဟူ၍ ဟောကြားသည့်အဆုံးမှာပင် ပုဏ္ဏားကြီးသည် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကွာပြီး သောတာပန်တည်သွားခဲ့လေသည်။ ဤဒေသနာတော်အား သတိသမ္ပဇဉ်နှင့် ပညာဉာဏ်မလစ်လပ်ပဲ အခါခါရှုကြပါကုန်။ ဥပသာ လကအမည်နှင့် ဤမျှအရေအတွက်ဖြင့် သေပြီးမြှုပ်နှံခဲ့ရပါလျှင် ကျန်သောအမည်သညာတို့ဖြင့် ရေတွက်ကြည့်မည်ဆိုသော် ထိုမျှမက သည့် အရေအတွက်ဖြင့် သေဆုံးမြှုပ်နှံခဲ့ရပြီးဖြစ်ပါသည်။

ဥပသာလကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာဦးစီး၍ မည်မျှပင်သေခဲ့ရပုံကို မသိပဲ ခန္ဓာကိုယ်ကို တပ်မက်၍ “ငါသေလျှင် လှလှလေး သင်္ဂြိုဟ်ကြပါ၊ ဘယ်သုဿာန်မှာမြှုပ်ကြပါ စသဖြင့် အနာဂတ်ကို ပုံ ဖော်လို့ နေတတ်ကြပါသည်။ မိမိနေသော မြေနေရာ၌ပင် “ငါ အကြိမ်ကြိမ်သေပြီး မြှုပ်နှံခဲ့သည့် ငါ့ရဲ့သုဿာန်ပါပဲလား”ဟူ၍ သေခြင်းတရားကိုဆင်ခြင် ၀ိပဿနာဉာဏ် ထပ်ခါပွားပြီး မဂ် ဉာဏ်ဖြင့် နိဗ္ဗာန်မြင်အောင် အားထုတ်ရန် အချိန်တန်ပေပြီ၊ သေခြင်းတရားကိုမေ့ ပျော်မွေ့နေ လို့ မတော်ပြီ။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း သတိသံဝေဂရအောင် ဆုံးမခဲ့သည်မှာ “ပျော်ပျော်နေ သေခဲဆိုတာ ကြားလို့ကောင်းပါမလား၊ မသေရာလမ်းလွှဲ ရှိ သေးတယ်ဆိုတာလည်း သတိထားကြပါဦး”ဟူ၍ဖြစ်၏။ လူသေတော့ လူမသာ၊ နတ်သေ တော့ နတ်မသာ၊ ဗြဟ္မာသေတော့ ဗြဟ္မာမသာအဖြစ် သေမင်းလက်ထိုးအပ်မည်သာဖြစ်သည်။ ဤသို့ကောင်းမှု အကြောင်းပြု၍ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းအဖြစ်လည်း အထပ်ထပ် ဆုတောင်းလို့မနေသင့်၊ သေခြင်းကလွတ်မည် မဟုတ်ပါပေ။ “မသာပြန်ဖြစ်ရပါလို၏”ဟု ဆုတောင်းတာနှင့်အလားတူ သုံးဆယ့်တစ် ဘူတာရုံမှာ အို၊ နာ၊ သေရထားကြီး လည်ပတ် နေခြင်းသည်သာဖြစ်ပါသည်။

လူ့သင်္ချိုင်းဘူတာရုံမှာ အဖုံဖုံသေခဲ့ကြ၍ ကမ္ဘာတစ်ခွင် သုဿာန်ပြင်ကြီးပေါ်မှာ မွေးခဲ့ပြီး ထိုသုဿာန်ပြင်ပေါ်မှာပဲ သေကြရဦးမည့် “သင်္ချိုင်းပေါ်က လူသားများ”ဟု သမုတ်လို့ ရိုင်း သည်ဟု မထင်ပါနှင့်၊ သတိသမ္ပဇဉ်ဉာဏ်မှီးရန်သာ ရည်သန်နှိုးဆော်သည်ဖြစ်ခြင်းကြောင့် တွေ့ ကြုံခဲလှသော ဗုဒ္ဓသာသနာ နေ၀န်းပမာ လင်းဖြာနေဆဲတွင် အချိန်မနှောင်းခင် နိဗ္ဗာန်ကို မြင်နိုင်သည့် ၀ိဇ္ဇာဉာဏ်ပြောင်းအောင် ကောင်းမွန်မှန်ကန်စွာ တရားအားထုတ်နိုင်ကြပါစေသတည်း။

အပြည့်အစုံသို့

20 Nov 2008

ဒါနကောင်းမှု မြန်မြန်ပြု၊ နိဗ္ဗာန်ရအောင် ဉာဏ်ဖြင့်ရှု

အဘိတ္တရေထကလျာနေ၊
ပါပါစိတ္တံ နိဝါရယေ။
ဒန္ဓံဟိ ကရောတောပုညံ၊
ပါပသ္မ္မိံ ရမတိမနော။
ကုသိုလ်ကောင်းမှုကို ဖြည်းဖြည်းနှေးနှေးပြုသောသူ၏စိတ်သည် မကောင်းမှု၌ မွေ့လျော်သွား တတ်သည်။ (၀ါ) ကုသိုလ်မပြုဖြစ်တော့ပဲ ပျက်သွားတတ်သည်။ ထို့ကြောင့် ကုသိုလ်ကိုမြန်မြန် ပြုရမည်။ မကောင်းမှုမှ စိတ်ကိုတားမြစ်ရမည်။



အထက်ပါဒေသနာသည် လင်မယားနှစ်ယောက်မှ အပေါ်ရုံအ၀တ်(အင်္ကျီ) တစ်ထည်သာ ရှိသော ဧကသာဋကပုဏ္ဏားကို အကြောင်းပြု၍ ဟောကြား ခြင်းဖြစ်သည်။ တစ်နေ့တွင် ဗုဒ္ဓ၏တရားပွဲသို့လာရောက်ရန် အ၀တ်တစ်ထည် သာရှိကြသော လင်မယားနှစ်ယောက်မှာ တစ်ယောက်တစ်လှည်စီတရားနာ သွားကြရ၏။ ဒါနပါရမီညံ့ဖျင်းမှုက သူတို့အား တရားနာအတူတူ သွားဘို့ရန်ပင် အ၀တ်တစ်ခုသာရှိသော လင်မယားနှစ်ယောက်၏ ဆင်းရဲကျိုးမှာ သံဝေဂရ ဖွယ် ဖြစ်လှပေသည်။ တစ်သံသရာလုံး လောဘကသာအနိုင်ယူပြီး မလှူခဲ့ မတန်းနိုင်ခဲ့သောကြောင့် ဤမျှဆင်းရဲခြင်းနှင့် တွေ့ကြုံကြရပေသည်။ ဒီတစ် ချိန်တွင်ကား ပုဏ္ဏားကြီး၏စိတ်တွင် လှူချင် စိတ်များ တဖွားဖွားပေါက်လာပြီး လောဘနှင့် တိုက်ပွဲဝင်နေရလေပြီ။ လောဘက “ဟေ အ့မောင်ပုဏ္ဏား… မင်း မှာက ရှိတာအ၀တ်တစ်ထည်တည်းရင်။ ဘုရားလှူလိုက်ရင် မင်းတို့လင် မယားနှစ်ယောက် ဘယ်အ၀တ်နဲ့ ပွဲလမ်းသဘင်သွားလို့ရမတုန်း။ မင်းတို့ အခက်အခဲတွေ အများကြီး တွေ့ကုန်မှာပေါ့” ဟူ၍ လောဘကပြောနေသည်။ တစ်ဖက်က လှူချင်တန်းချင်နေ သည့် စေတနာသဒ္ဓါတရားကလည်း “အမောင်ပုဏ္ဏား…အသင်သည် တစ်သံသရာလုံး လောဘရဲ့စေခိုင်းတိုင်း ချည်းလုပ်ခဲ့ပြီး လောဘကျွန်ဖြစ်ခဲ့သောကြောင့် အခုမွဲတေနေခြင်းဖြစ်တယ်။ အလှူခံရှိနေတုန်း လှူဖြစ်အောင်လှူပါ” ဟူ၍ တိုက်တွန်းနေလေသည်။

ဤသို့ဖြင့် ပုဏ္ဏားကြီးမှာ ငယ်နိုင်ဖြစ်သောလောဘကတစ်ဖက် အခုမှ မြတ်ဗုဒ္ဓခေါ်ပေးသော မိတ်ဆွေကောင်း သဒ္ဓါကတစ်ဖက် ယှဉ်ပြိုင်နေကြရာ လက်ကလေးမြှောက်လိုက်ချလိုက်ဖြင့် ညဥ့်ဦးယံ၊ သန်းခေါင်ယံမှ မိုးသောက် ယံသို့ ရောက်သွားသည်။ မိုးသောက်ယံတွင် ပုဏ္ဏားကြီးက “တစ်သံသရာလုံး မလှူခဲ့လို့ အခုမွဲတေနေရတာ အခုအချိန်မှမလှူဖြစ်ရင် နောက်ဒီထက် ဆင်းရဲဘို့သာရှိတော့မယ်” ဟူ၍စဉ်းစားမိပြီး ဘုရားအားလှူလိုက်ပါတော့ သည်။ လှူပြီးလျှင် “ငါအောင်ပြီ…ငါအောင်ပြီ…ငါအောင်ပြီ” ဟု ၀မ်းမြောက် ဟစ်ကြွေးလိုက်ရာ ပြည့်ရှင်မင်းကြီးက အပါးသို့ခေါ်စေတော်မူပြီး “အမောင် ဆင်းရဲသား… အသင်သည် မည်သည့်တိုက်ပွဲကိုမျှ မအောင်မြင်ပါပဲလျက် အဘယ်ကို အောင်မြင်သည်ဟု အော်ရသနည်း”ဟု မေးမြန်းရာ ဧကသာဋက ပုဏ္ဏားက “မှန်လှပါ၊ အရှင်မင်းကြီးတို့ ဗဟိဒ္ဓမှာတိုက်တဲ့ တိုက်ပွဲဆိုတာ စစ်အင်အားကောင်းရင်၊ လက်နက်ကောင်းရင်၊ တိုက်ရည်ခိုက်ရည်ကောင်းရင် နိုင်နိုင်ပါတယ်။ ကျွန်တော်မျိုးရဲ့စိတ်ထဲမှာဖြစ်နေတဲ့ အဇ္ဈတ္တတိုက်ပွဲကတော့ အောင်နိုင်ဘို့ရာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ ဘ၀များစွာကပါလာတဲ့ လောဘနဲ့မစ္ဆရိယကို ကျွန်တော်မျိုးအရှုံးပေးခဲ့ရတဲ့ ဘ၀ပေါင်းများလှပါပြီ။ တစ်ညလုံးတိုက်ရတာ မနက်ကျမှ တစ်ထည်သာရှိတဲ့ အပေါ်ရုံအ၀တ် ကို ဘုရားရှင်အားကပ်လှူလိုက်နိုင်ပါတယ်။ အရရှင်မင်းကြီးအတွက် မပြောပ လောက်သော်လည်း ကျွန်တော်မျိုးအတွက်မှာ ကြီးမားသောစွန်းစားမှုကြီး သာဖြစ်ပါတယ်”ဟူ၍ လျှောက်ထားလိုက်ရာ ဘုရင်ကြီးမှာ များစွာကြည်ညို လှသောကြောင့် အကောင်းဆုံးဝတ်စုံတစ်စုံကို ပုဏ္ဏားအား ချက်ချင်းဆုချ လေသည်။ အလောဘအရှိန်မှာ ပြင်းထန်သောကြောင့် ဘုရားအား ချက်ချင်း လှူလိုက်လေသည်။ ဘုရင်ကြီးကလည်း နှစ်ဆတက်ပြီး ပုဏ္ဏားအား နှစ်စုံ လှူပြန်သည်။ ပုဏ္ဏားကလည်း ဘုရားရှင်အား ချက်ချင်းလှူလိုက်ပြန် လေသည်။

ဤသို့ဖြင့် နှစ်ဆနှစ်ဆတက်သွားရာ (၃၂)စုံထိ ဘုရင်းကြီးကပေးလာသော အခါ ပုဏ္ဏားကြီး “ဆက်ပေးနေမှန်းသိလို့ ဘုရားအားလှူနေတာလို့ ဘေးလူ တွေက ပြောစရာဖြစ်လိမ့်မယ်” လို့ စဉ်းစားမိပြီး နှစ်စုံအားမိမိတို့ လင်မယား နှစ်ယောက်အတွက်ချန်ကာ အစုံ(၃၀)ကို ဘုရားရှင်အား လှူဒါန်းလိုက်လေ သည်။ ဘုရင်ကြီးမှာလည်း ပုဏ္ဏားအား ကြည်ညိုပြီးရင်း ကြည်ညိုရင်းဖြစ် သောကြောင့် ဆင် (၄) ကောင်၊ မြင်း- (၄) ကောင်၊ အသပြာ (၄) ထောင်၊ အခွန်ထွက်ရွာ (၄) ရွာ၊ ကျွန်ယောင်္ကျား (၄) ယောက်၊ ကျွန်မိန်းမ (၄) ယောက်၊ ဇနီးမယား (၄) ယောက် စသဖြင့် ၄ ခုနှစ်လီ ၂၈ မျိုးသောဆုကို ပေးသဖြင့် ချမ်းသာကြွယ်ဝသွားတော့သည်။ တစ်နေ့တွင် နေ့ချင်းညချင်း ချမ်းသာသွားသော ဧကသာဋကပုဏ္ဏား၏ ဒါနအကြောင်းကို ရဟန်းတော်များ ပြောဆိုဆွေးနွေးနေစဉ် ဘုရားရှင်ရောက်လာပြီး အကြောင်းစုံမေးမြန်းပြီး သည်နှင့် မြတ်ဗုဒ္ဓက ဤသို့မိန့်ကြားတော်မူလေသည်။ “ချစ်သားတို့ ဧက သာဋကပုဏ္ဏားရသွားသောချမ်းသာမှာ နည်းပါးသွားခြင်းသာဖြစ်သည်။ အ ကယ်၍ ညဥ့်ဦးယံမှာသာ ငါဘုရားကို လှူခဲ့မိရင် ၁၆ ခုနှစ်လီ ၁၁၂ မျိုးသောဆုကိုရမည်။ အကယ်၍ သန်းခေါင်ယံမှာသာ လှူခဲ့မိရင် ၈ ခုနှစ်လီ ၅၆ မျိုးသောဆုကို ရရှိမည်ဖြစ်သည်။ ယခုသော်ကား ကောင်းမှုကို ဖြည်း ဖြည်းပြုသောအနေဖြင့် မိုးလင်းမှပြုနိုင်သောကြောင့် ၄ ခုနှစ်လီ ၂၈ မျိုး သောဆုနှင့်သာ တင်းတိမ်သွားရခြင်းဖြစ်သည်။ ထို့ကြောင့် သဒ္ဓါတရား၊ လှူ ဖွယ်ဝတ္ထု၊ အလှူခံ ဤ (၃)ချက် ညီညွတ်နေလျှင် ချက်ချင်းလှူးဒါန်းရမည်” ဟူ၍ မိန့်ကြား တော်မူခဲ့လေသည်။

ဗုဒ္ဓရှင်တော်မြတ်သည် ပိဋကတ်တော်၌ အလှူခံပုဂ္ဂိုလ်ရွေးချယ်ပြီးလှူရန် ဟောတော်မူခဲ့ခြင်းမှာ ဉာဏ်နုသူများအတွက်ဖြစ်ပါသည်။ ဉာဏ်ပညာရင့် ကျက်သူများအတွက်ကား အလှူခံပုဂ္ဂိုလ်သည် အဓိကမကျ၊ မိမိသဒ္ဓါတရား ကသာ အဓိကကျပေသည်။ ထိုအဆိုကို ထောက်ခံ သောပါဠိတော်မှာ
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊
သမေစိတ္တံ သမံဖလံ။
စေတောပဏိဓိဟေတုဟိ၊
သတ္တာ ဂစ္ဆန္တိသုဂတိံ။ (၀ိမာန၀တ္ထု ပါဠိတော်)
သက်တော်ထင်ရှား ဘုရား၌လည်း ကောင်း၊ စေတီရုပ်ပွား၌လည်းကောင်း စိတ်ထားအတူတူ ထားပြီးလှူလျှင် အကျိုးပေးတူသည်သာဖြစ်၏။ သတ္တ၀ါတို့သည် ကြည်ညိုသောသဒ္ဓါတရား စိတ်ကြောင့်သာလျှင် ကောင်းသောသုဂတိ ဘ၀သို့ ရောက်ကြရသည်။

ဒါနပြုရာ၌ ရှိမှလှူမယ်ဆိုပြီး မတွေးတောနှင့်။ မရှိတဲ့ကြားက လှူဖြစ်အောင် လှူမယ်ဆိုပြီး ဘုံဘ၀ကိုမတောင်းတပဲ နိဗ္ဗာန်ကို ဦးတည်ပြီး လှူဒါန်းရပေမည်။ ရှိပြီးလှူရုံနှင့်မပြီးသေး၊ သိပြီးလှူဒါန်းတတ်ဖို့လည်း အရေးကြီးသည်။ လှူလိုသောသဒ္ဓါတရားသည် သူ ငါမဟုတ်၊ ကုသိုလ်စိတ်နာမ် တရားသည်သာဖြစ်၏။ ဟန်ဆောင် လှူခြင်းမျိုး မဟုတ်ပဲ၊ စစ်မှန်သော သဒ္ဓါတရားဖြင့် လှူလိုက်သည်နှင့် တစ်ပြိုင် နက် တစ်ဖက်မှ လောဘနှင့် မစ္ဆရိယတရားနှစ်ပါး ကင်းပျောက်ပြီး အလောဘ နှင့် အမစ္ဆရိယတရားနှစ်ပါး ၀င်ရောက်လာခြင်းပင်ဖြစ်သည်။ ထိုတရားတို့သည် လည်း သူ ငါမဟုတ်၊ ကုသိုလ်စိတ်နာမ်တရားသာလျှင်ဖြစ်သည်။ ငါလှူနိုင် တယ်၊ ငါလှူလိုက်တယ်ဟူ၍ ထင်နေသည်မှာ အယူမှား အမြင်မှားခြင်း မိစ္ဆာဒိဋ္ဌိ၊ သူ ငါမဟုတ် နာမ်နှင့်ရုပ်သာလျှင် ဤအမှုကိုပြု၏ဟူ၍ ဉာဏ်ဖြင့် ရှုရသည်။ ထိုတရားသည် မမြဲခြင်း အနိစ္စဖြစ်ကြောင်းပြပေသည်။ တစ်ဖန် အကောင်အထည် အတ္တဟူ၍မရှိ အနတ္တသဘောသာလျှင် တွေ့ရမည်ဖြစ် သည်။ ထိုတရားသဘော မသေခင် ဉာဏ်ကဦးအောင်ရှုကြည့်ဘို့ သတိတရား မြဲစွာထားရန် ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက “အသေ မဦးခင်၊ ဉာဏ်ဦး အောင်လုပ်” ဟူ၍ ခဏခဏမိန့်မှာတော်မူခြင်းဖြစ်ပေသည်။ ဉာဏ်ဖြင့်သိလျှင် “ဒါနကို ခန္ဓာကိုယ်တောင်ပေါင်ပြီးလှူ”ဟူ၍လည်း မိန့်ကြား တော်မူခဲ့ခြင်းဖြစ်ပေသည်။

စာရှုသူပရိတ်သတ်အပေါင်း ဒါနကောင်းမှု မြန်မြန်ပြုနိုင်ပြီး နိဗ္ဗာန်ကိုရအောင် ဉာဏ်ဖြင့်သေချာရှုနိုင်ကြပြီး ဒီဘ၀မှာတင် နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင် ကြပါစေ။

အပြည့်အစုံသို့

18 Nov 2008

ငါးပါးသီလ စောင့်ထိန်းကြ

၁။ ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့အသက်ကို ချစ်ပါလေ…
ပါဏာတိပါတ-သူ့အသက်ကို သတ်ခြင်းဟုအနက်ရှိ၏။ သူတစ်ပါးတို့၏ အသက် ကို သတ်ဖြတ်လေ့ရှိသောပုဂ္ဂိုလ်သည် ဒေါသကြီးသူ၊ မေတ္တာတရားခေါင်းပါးသူ၊ ကြင်နာ မှုမရှိသူ၊ ညှာတာမှုကင်းမဲ့သူတို့ပင် ဖြစ်သည်။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ ၏ဟူ၍ သီလဆောက်တည်ထားသူသည် အသက်ရှိသော မည်သည့်သတ္တ၀ါပင်ဖြစ်စေ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏။ မှက်၊ ခြင်၊ ယင် စသော သေးငယ်သော သတ္တ၀ါတို့ပင်ဖြစ်စေ မသတ်အပ်ပေ။ မတော်တဆနင်းမိခြင်းကို မဆိုလိုပေ။ သေစေ လိုသော စိတ်ဖြင့်သတ်လျှင်ကား ပါဏာတိပါတသိက္ခာပုဒ်ကို ကျူးလွန်သည်မည်၏။


အပြစ်အကြီးအသေးမှာ အသတ်ခံရသောသတ္တ၀ါ၏ ခန္ဓာကိုယ်ပမာဏနှင့် ဂုဏ် အပေါ်မူတည်ပြီးကွာခြား၏။ လုံ့လစိုက်ထုတ်မှု၊ စိတ်စေတနာအပေါ် မူတည်၍လည်း ကွာခြား၏။ ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့်လည်း ကောင်း၊ ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက်ဆီးရာ မရောက်သောကြောင့် လည်းကောင်း၊ သတ်ဖြတ်သောသူမှာ အပြစ်သက်သာ၏။ ခန္ဓာကိုယ်ကြီးလျှင် သတ် ဖြတ်ရာ၌ အားစိုက်မှုများသောကြောင့်လည်းကောင်း၊ ဂုဏ်ကြီးလျှင် သူ၏ဂုဏ်သိက္ခာ များကို ဖျက်ဆီးရာရောက်သောကြောင့်လည်းကောင်း သတ်ဖြတ်သောသူမှာ ကြီးလေး သောအပြစ်ကိုခံရမည်။

သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ (၅) ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း ) ၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။
ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက်မျိုးလည်း ရှိ သေး၏။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲ ထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။ ဤ ပယောဂ (၆)မျိုးမှ တစ်နည်း နည်းနှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့် သေလျှင် ပါဏာ တိပါတကမ္မပထမြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟု ဆိုလိုခြင်းဖြစ်၏။

တဖန် ပါဏာတိပါတကံ မြောက်စေနိုင်သည့် အကျုံးဝင်သောအချက်များလည်း ရှိပါသည်။ ၎င်းတို့မှာ- ညှင်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှုကင်းမဲ့ခြင်းစသည့် ကာယကံအပြုအမူဆိုး အားလုံးပါဝင်ပါ သည်။ နောက်တစ်ခု မှတ်ရမှာကအစွန်း (၃) ပါးမလွတ်သော အသားကိုလည်း ရှောင် ကြဉ်ရန်လိုအပ်ပါသည်။ မိမိကိုကျွေးဘို့၊ လက်ဆောင်ပေးဘို့စသည်ဖြင့် မိမိအတွက် ရည်ရွယ်ပြီး သတ္တ၀ါတစ်ဦးအားသတ်ခြင်းကို (၁) မြင်ခြင်း၊ (၂) ကြားခြင်း၊ (၃) ယုံမှား သံသယရှိခြင်း အသားတို့ကိုလည်း ရှောင်ရပါမည်။ နောက်ပြီး ကံထိုက်ရာ၌ မိမိကိုယ် တိုင် ပြုမှသာလျှင် ကံထိုက်သည်ဟူ၍ မမှတ်ယူသင့်ပေ။ (၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊ (၂) သူတစ်ပါးအားစေခိုင်းခြင်း၊ (၃) သူတစ်ပါးပြုမူသည်ကို ၀မ်းမြောက်ခြင်း၊ (၄) အကျိုးကို ပြောပြခြင်းစသည့် ကံထိုက်စေသောအချက်တို့ကိုလည်း မှတ်သားထားရပါမည်။ သာဓ ကတစ်ခုပြောပြရလျှင် ဗုဒ္ဓဘုရားရှင် အလောင်းတော်ဘ၀ တံငါသည်ရွာ၌ ကလေးငယ် ဘ၀မှာ တံငါသည်တို့ ငါးခေါင်းထုသည်ကိုမြင်ရာ ၀မ်းမြောက်မိခဲ့သည့်အတွက် ထိုဘ၀ မှ သေလွန်ပြီးနောက် ငရဲ၌ခံစားခဲ့ရ၏။ ခေါင်းကိုက်ဝေဒနာလည်း ဘ၀ပေါင်းများစွာ ခံစားခဲ့ရ၏။ နောက်ဆုံး ဘုရားဖြစ်သည့်အချိန်ထိအောင် ခေါင်းကိုက်ဝေဒနာကို မကြာ ခဏ ခံစားခဲ့ရခြင်းသည် ထိုဘ၀တုန်းက သူတစ်ပါးသတ်တာကို ၀မ်းမြောက်မိသော စေတနာကြောင့် ၀ိပါက်တော်ပြန်လည်ခံစားရခြင်းဖြစ်သည်ကို သတ္တ၀ါတို့အား ကြင်နာ သနားတော်မူသော မြတ်စွာဘုရားက ပြန်လည်၍ဟောကြားပေးခြင်းကို သံဝေဂယူသင့် ပေ၏။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ပေါင်းများစွာက စောင့်ကြိုနေ ၏။ ၎င်းတို့မှာ အောက်ပါအတိုင်း (၉) မျိုးရှိကြ၏။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်း၌ အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများအသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်များ စား
လျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်ကြ၏။
လင်္ကာဖြင့် မှတ်ပါလေ-
“ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့လပ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလှ၊ ပြစ်များစွသည်…ရှောင်ကအပြန် အကျိုးတည်း။”

ထိုပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအနေအားဖြင့် ဖြစ်လေရာဘ၀ တိုင်း၌ ရတတ်သောအဖျားအနားအပြစ်တို့ပင်ရှိသေး၏။ ထိုအပြစ်များအပြင် ငရဲ၌ ကျ ခြင်းဟူသော ကြီးလေးသောအပြစ်များလည်း ကျန်ပါသေး၏။ တစ်ခါတုန်းက အိမ်ရှင်မ တစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးရန် ဟင်းလျာမရှိသောကြောင့် အိမ်မှာရှိသောသိုးကလေးကို ချက်ပြုတ်ကျွေးမိသည့် ထိုအကုသိုလ်ကံကြောင့် သေ သောအခါ သိုးကလေး၏ အမွေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းများစွာကြာအောင် ငရဲ၌ ခံစားခဲ့ရ၏။ ငရဲမှလွတ်သောအခါတွင်လည်း ဘ၀ပေါင်းများစွာ သူတစ်ပါး၏သတ် ခြင်းကိုခံရပြီး အကြိမ်ကြိမ်သေခဲ့ရလေ၏။
ပါဏာတိပါတ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသောအကျိုးများမှာ-
(၁) ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း၊
(၂) ရုပ်ဆင်းအင်္ဂါ စိုပြည်လှပခြင်း၊
(၃) လျင်မြန်သွက်လက်ခြင်း၊
(၄) ဘေးရန်ကို မကြောက်မရွံ့ခြင်း၊
(၅) သူတစ်ပါး၏ လက်ချက်ဖြင့် အသက်မသေရခြင်း၊
(၆) အနာရောဂါကင်းခြင်း၊
(၇) အခြွေအရံ မပျက်စီးခြင်း၊
(၈) အသက်ရှည်ခြင်းစသောအကျိုးများကို ရရှိကြပေသည်။

လူတစ်ယောက်ကို ကြည့်ပြီး ရှေးကပါဏာတိပါတကံ ရှိမရှိကို သိနိုင်၏။ ဖော်ပြပါ အကျိုးအပြစ်တို့ကို ဆင်ခြင်၍လည်းကောင်း၊ သူတစ်ပါးတို့၏အသက်ကို ညှာတာ၍ လည်းကောင်း၊ ယခုဘ၀မှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန်လည်းကောင်း ပညာရှိပုဂ္ဂိုလ် သည် သတိ၊ ပညာကို မလင့်ဟင်းစေပဲ ပါဏာတိပါတကံကို ကြိုးစားရှောင်ကြဉ်ကြပြီး သီလ၊ သမာဓိ၊ ပညာတို့ မိမိ၌ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပါကုန်။

၂။ လိမ်ညာလှည့်ဖျား သူ့စီးပွားကို မပေးငြားမူ ခိုးမယူနှင့်…
အာဒိန္နာဒါန- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းဟုအနက်ရှိ၏။ ထို့ကြောင့် မိမိမှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန်ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ရမည် ဖြစ်သည်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ ညာဖြန်းလှည့်ပတ်ယူခြင်း၊ ကူးသန်းရောင်းဝယ်ရာ၌ တင်းတောင်း၊ ချိန်ခွင်၊ အလေးစသည်ဖြင့်လည်းကောင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစသည်ဖြင့်လည်းကောင်း မရိုးမသားယူခြင်း ဟူသမျှ သည် အဒိန္နာဒါနချည်းဖြစ်၏။ ယုတ်စွအဆုံး သူတစ်ပါးပိုင်သော မြက်၊ ၀ါးခြမ်းမျှကိုပင် မခိုးယူကောင်းပေ။ ခိုးယူလျှင် အဒိန္နာဒါန ကျူးလွန်းသည်မည်၏။

မိမိခိုးယူသောဥစ္စာသည် တန်ဘိုးနည်းလျှင် အပြစ်နည်းပြီး တန်ဘိုးကြီးလျှင် အပြစ်ကြီး၏။ ဥစ္စာတန်ဘိုးချင်းတူနေလျှင် သီလမရှိသူ၏ဥစ္စာကို ခိုးယူခြင်းသည် အပြစ် နည်းပြီး သီလရှိသူ၏ဥစ္စာကို ခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ၀ိနည်းအားဖြင့် ဆိုရလျှင် ပုဂ္ဂလိကဥစ္စာထက် ဂိုဏ်းဥစ္စာက ပို၍အပြစ်ကြီး၏။ ၎င်းထက် သံဃိကဥစ္စာက ပို၍ အပြစ်ကြီး၏။ မိမိဥစ္စာကို သူတစ်ပါးဥစ္စာထင်၍ ခိုးခြင်း၊ သူတစ်ပါးဥစ္စာကို မိမိဥစ္စာထင်၍ ယူခြင်း၊ ရင်းနှီးကျွမ်းဝင်၍ ယူခြင်းတို့၌မူ အဒိန္နာဒါနကံ မထိုက်ပေ။
သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအင်္ဂါငါးပါးရှိကြ၏။ ၎င်းတို့မှာ-
(က) သူ့ဥစ္စာဖြစ်ခြင်း၊
( ခ) သူ့ဥစ္စာဟုအမှတ်ရှိခြင်း၊
( ဂ) ခိုးယူလိုစိတ်ရှိခြင်း၊
(ဃ) ခိုးယူရန်ကြိုးစားခြင်း၊
( င) ခိုးယူခြင်းတို့ ဖြစ်ကြပါသည်။

ခိုးခြင်းအမျိုးအစား(၂၅) ပါး ရှိ၏။ ထို ပယောဂတို့ဖြင့် ခိုးခြင်းအမှုကို ကျူးလွန်နေ ကြပေသည်။ သီလ၀န္တပုဂ္ဂိုလ်ဖြစ်လိုသူသည် ထိုသို့ကျူးလွန်ခြင်း (၂၅) ပါးလုံးကို ရှောင် ကြဉ်ပြီး မိမိ၏သီလကို အပျက်မခံပဲ လုံခြုံအောင်စောင့်ထိန်းသင့်ပေသည်။ ခိုးခြင်း (၂၅) ပါးတို့မှာ-
(က) နာနာဘဏ္ဍပဉ္စက(သက်ရှိသက်မဲ့ပစ္စည်းအမျိုးမျိုးကိုနည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) အာဒိယန- အိမ်၊ ကျောင်း၊ ခြံမြေ၊ ကျွဲနွားစသည်တို့ကို တရားစွဲဆို၍
ခိုးခြင်း၊
(၂) ဟရဏ- သူတစ်ပါးဥစ္စာကို ဦးခေါင်းဖြင့် သယ်ဆောင်လာစဉ် ခိုးလို
စိတ်ဖြင့် ပခုံးသို့ ချ၍ခိုးခြင်း၊
(၃) အ၀ဟရဏ- သူတစ်ပါးအပ်နှံထားသည်ကို ပိုင်ရှင်ပြန်တောင်းစဉ် ငြင်းဆို၍ခိုးခြင်း၊
(၄) ဣရိယာပထ၀ိကောပန- ဘဏ္ဍာကိုဆောင်လာသူနှင့်တကွ ဥစ္စာကို
ပါခိုးအံ့ဟု ဆောင်လာသူကို ခြိမ်းခြောက်ပုတ်ခတ်၍ ဆောင်လာသူ ၏သွားလာမှုကို ဖျက်၍ခိုးခြင်း၊
(၅) ဌာနာစ၀န- ကြည်းကုန်း၌ချထားသော သူတစ်ပါးဥစ္စာကို နေရာရွေ့ ၍ခိုးခြင်း၊
(ခ) ဧကဘဏ္ဍပဉ္စက (သက်ရှိပစ္စည်းတစ်မျိုးကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) အာဒိယန- ကျွဲနွားစသည်ကို တရားစွဲဆို၍ခိုးခြင်း၊
(၂) ဟရဏ- (နာနာဘဏ္ဍပဉ္စကနှင့်တူ၏။။)
(၃) အ၀ဟရဏ- ။
(၄) ဣရိယာပထ၀ိကောပန- ။
(၅) ဌာနာစ၀န- ။
(ဂ) သာဟတ္ထိကပဉ္စက (သက်မဲ့ပစ္စည်းကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) သာဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
(၂) အာဏတ္တိက- သူတစ်ပါးကို ခိုးခိုင်းခြင်း၊
(၃) နိဿဂ္ဂိယ- ကင်း၊ အကောက်ခွန် ရှောင်လွဲ၍ခိုးခြင်း၊
(၄) မတ္ထသာဓက- အခွင့်သာသည့်အခါ ခိုးရန်စေခိုင်းထားခြင်း၊
(၅) ဓုရနိက္ခေပ- ပိုင်ရှင်က ငါ့ဥစ္စာဆုံးပြီဟု အောက်မေ့သည်နှင့် ခိုးမှု မြောက်ခြင်း၊
(ဃ) ပုဗ္ဗပယောဂပဉ္စက (ရှေးဦး လုံ့လပြု၍ ခိုးခြင်းငါးမျိုး)
(၁) ပုဗ္ဗပယောဂပဉ္စက- အခိုးခိုင်းစဉ်ကပင် ခိုးမှုမြောက်ခြင်း၊
(၂) သဟပယောဂ- ခြံမြေပိုင်းခြား စိုက်ထူထားသော မှတ်တိုင်စသည် ကို ပြောင်း ရွှေ့စိုက်၍ ခိုးခြင်း၊
(၃) သံဝိဒါဝဟာရ- စုပေါင်းတိုင်ပင်၍ ခိုးခြင်း၊
(၄) သင်္ကေတကမ္မ- အချိန်၊ နာရီ အချိန်းအချက်ပြု၍ ခိုးခြင်း၊
(၅) နိမိတ္တကမ္မ- မျက်စိမှိတ်ပြ၊ လက်ဟန်ခြေဟန်ပြ၍ ခိုးခြင်း၊
(င) ထေယျာဝဟာရပဉ္စက (ဖောက်ထွင်း ခိုးခြင်းငါးပါး)
(၁) ထေယျာဝဟာရ- နံရံစသည်ကို ဖောက်ထွင်း၍ တင်းတောင်း၊
အလေး၊ စာရင်းဇယားစသည်ကို လိမ်၍ခိုးခြင်း၊
(၂) ပသယှာဝဟာရ- တိုက်ခိုက်လုယက် အနိုင်အထက်ပြု၍ ခိုးခြင်း၊
(၃) ပရိကပ္ပာဝဟာရ- ဥစ္စာနှင့် ဥစ္စာထားရာ နေရာကို ကြံဆ၍ ခိုးခြင်း၊
(၄) ပဋိစ္ဆန္နာဝဟာရ- နောက်မှခိုးရန် စိတ်အကြံဖြင့် ရေဆိပ်စသည်၌
ချွတ်ချ ထား သော သူ့ဥစ္စာကို မြေ၊ မြက် စသည်ဖြင့် ဖုံးကွယ်၍ ခိုးခြင်း၊
(၅) ကုသာဝဟာရ- အနိုင်ရရန်၊ ပစ္စည်းကောင်းရရန် မဲလိပ်ကမ္ဗည်း ပြောင်းလိမ် ၍ ခိုးခြင်း တို့ဖြစ်ကြ၏။ ထိုသို့ ခိုးယူခြင်း (၂၅) မျိုးလုံး ကို ရှောင်ကြဉ်နိုင်မှသာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော သီလ၀န္တ ပုဂ္ဂိုလ်ဖြစ်ပေမည်။

အာဒိန္နာဒါနကံ ကျူးလွန်မိခြင်းကြောင့် ရရှိသောအပြစ်တို့မှာ (၆) မျိုးရှိကြပါ သည်။ အာဒိန္နာဒါနကံ ကျူးလွန်ခဲ့သူတို့မှာ-
(က) ဥစ္စာပစ္စည်း မွဲတတ်ခြင်း၊
( ခ) ဆင်းရဲတတ်ခြင်း၊
( ဂ) ငတ်မွတ်ခြင်း၊
(ဃ) အလိုရှိသောအရာကို မရနိုင်ခြင်း၊
( င) ကူးသန်းရောင်းဝယ်မှု မတတ်ခြင်းကြောင့် စည်းစိမ်ပျက်စီးတတ်ခြင်း၊
( စ) ရေ၊ မီး၊ သူခိုး၊ အမွေခံ သားဆိုးသမီးဆိုး၊ မင်းဆိုး ဟူသော ရန်သူမျိုး ငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊ ဤ မကောင်းကျိုးများကို တွေ့ကြုံခံစားကြရပေသည်။
လင်္ကာဖြင့် မှတ်ပါလေ-
“အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာ သည်၊ ရှောင်ကာအပြန် အကျိုးတည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့မှာ ဖြစ်လေရာဘ၀တိုင်း၌ ၀ဋ်လိုက်သည့်အနေအား ဖြင့် ရတတ်သောအပြစ်များသာရှိသေး၏။ ထိုအပြစ်များထက် ကြီးလေးစွာသော ငရဲ၊ ပြိတ္တာတို့၌လည်း ဆင်းရဲဒုက္ခကို ခံစားကြရပေသည်။ ရှေးတုန်းက ဈေးသည်မိန်းမ (၄) ယောက်တို့သည် အလေးချိန်ခွင် စဉ်းလဲခြင်းစသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီး နောက် အရွယ်ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာများဖြစ်ကြလေသော် မိမိတို့၏ ရှေးဟောင်းနှောင်းဖြစ်တွေကို မြင်ကြရုံသာမက ကျန်ရစ်သောယောက်ျားတို့က နောက် မယားယူကြပြီး မိမိတို့စုဆောင်းထားခဲ့သောပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသ ဖြင့် မခံနိုင်ကြသောကြောင့် “တရားရော၊ မတရားရော ငါတို့စုဆောင်းထားခဲ့တဲ့ ပစ္စည်း တွေကို နောက်သား၊ နောက်မယားတွေက အပင်းဆို့နေကြသဟဲ့၊ ငါတို့တော့ ဒုက္ခ ရောက်ကုန်ပါပြီ” ဟု မြို့ရိုးပေါ်ကနေပြီး ဟစ်အော်နေကြရှာလေ၏။ ထို့ကြောင့် မိမိတို့၏ မိသားစုအတွက် မတရားသောနည်းတို့ဖြင့် စီးပွားမရှာသင့်ပေ။ အိမ်ထောင်ဦးစီး၏လုပ် စာကို တစ်မိသားစုလုံး စားကြငြားသော်လည်း အကုသိုလ်အမှုဖြင့် ရှာဖွေကျွေးမွေးမိ သူ မိမိသာလျှင် ဆိုးကျိုးအပြစ်တို့ကို ခံစားရမည်ကို သတိပြုသင့်ပေသည်။

အတိတ်၌ သူတစ်ပါးတို့အား လှည့်ပတ်ဖြားယောင်းပြီး သူ့ဥစ္စာကို ခိုးယူ၍စီးပွား ရှာခဲ့ခြင်း၊ ဒါနကုသိုလ်နည်းခဲ့ခြင်းတို့ကြောင့် ယခုဘ၀၌ဆင်းရဲခြင်း၊ လာဘ်တိတ် ခြင်း ဘေးတို့နှင့် တွေ့ကြုံကြရခြင်းဖြစ်၏။ ထိုသို့ အကျင့်သီလတို့ ပျက်ခြင်းသည် ဆိုးကျိုး တရားတို့ နောက်၌ရှိသည်ဟု ပညာဉာဏ်ဖြင့် မဆင်ခြင်နိုင်ခဲ့မှုကြောင့် ဆင်းရဲတို့ဖြင့်သာ အဖန်ဖန်ကျင်လည်နေကြရခြင်းဟူသော သံသရာဘေးဒုက္ခတို့ ကို တွေ့ကြုံခံစားကြရ ခြင်းဖြစ်သည်ကို ယခု၌ ဉာဏ်ဖြင့်ဆင်ခြင်သင့်၏။ ကုသိုလ်တရားတို့ကို ပွားများသင့်၏။ ဘုရားရှင်သာသနာတော်ကြီိးနှင့် တွေ့ကြုံနေတုန်းမှ အမြတ်ဆုံးကုသိုလ်ပါရမီတို့ကို မဖြည့်ကျင့်မဆည်းပူးနိုင်ပဲ တစ်ဘ၀တစ်နပ်စာ ယခုဘ၀ ချမ်းသာရေးအတွက်တစ်ခုသာ ကြည့်နေကြလျှင်ဖြင့်၊ သီလပျက်နေကြလျှင်ဖြင့် မိမိလောက်ဉာဏ်ဆင်းရဲသူ အဘယ်မှာ လျှင် ရှိတော့အံ့နည်း။ ထိုသို့ မိမိကိုယ်ကို သတိပေးဆင်ခြင်ပြီး ကုသိုလ်တရားတို့ကို အထပ်ထပ်ပွားများ၍ ၀ိပဿနာတရား အားထားကာ ပညာဉာဏ်ချင့်ထောက် သံသရာ မှ လျှင်မြန်စွာထွက်မြောက်နိုင်ကြပါကုန်။

၃။ ကာမဖောက်ပြား မမှောက်မှားနှင့်…
ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန်ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်း လောက်ဖြင့် မှတ်ယူမထားသင့်ပေ။ “နှမချင်းစာနာထောက်ထားပါ” ဟူသော မြန်မာ တို့၏ ယဉ်ကျေးမှုစကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည် မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာလှပေသည်။ ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်းဟူသောအမှု ကို ရှင်းလင်းစွာနားလည်ထားဘို့ လိုအပ်၏။

ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟုသီလ ဆောက်တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီဝတ္ထု မသွားမလာအပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမည်။
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ(တော်ကောက်ထား သည့် မိန်းမ)။

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်း သည်ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအတွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထိုမိန်းမရှစ်မျိုးတို့မှာ ယောက်ျတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင် လင်မရှိသောကြောင့်တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ်ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင်ကာမေသုမိစ္ဆာ ရကံထိုက်၏။
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မန်း မ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအ လုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
အထက်ပါမိန်းမ(၂၀)တို့တွင် နံပါတ်(၉)သာရက္ခမှ နံပါတ်(၂၀)မုဟုတ္တိကာ အထိ မိန်းမ (၁၂)မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြား ယောက်ျားများနှင့်သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့်သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာာစာရကံထိုက်၏။ အဘယ်ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသော ကြောင့် ဖြစ်သည်။ ယောက်ျားများမှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများက“မန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမခဲ့ကြ၏။

ဤ သိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့်ကျူးလွန်လျှင် အပြစ် ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်းမရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေသူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာာရကံ မထိုက်ပေ။

မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ (မဂ္ဂ=မဂ်=လမ်းကြောင်း) လူတို့ခန္ဓာ ကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သော လမ်းကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့ မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်းတို့ ဖြစ်ကြသည်။
ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား၏ ပဿာဝမဂ်ဖြင့် ကျူးလွန် သော်လည်းကောင်း၊ ယောက်ျားအချင်းချင်း ၀စ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန် သော်လည်း ကောင်း ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ ဆက်စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။
ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါများ မှာလည်း ယောက်ျားများအတွက်သာ ရည်ရွယ်ပေသည်။ ထို အင်္ဂါ(၄) ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။

မိမိ၏မယား၌ ကာမေသုမိစ္ဆာစာရကံထိုက်ခြင်းအင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်း တို့မှာ-
(၁) အကာလ - ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါဟူ၍ ရှိကြလေ၏။
ကာမေသုမိစ္ဆာာစာရကံကျူးလွန်ခြင်းကြောင့်ရရှိသော အပြစ်(၁၁)ချက်ရှိပါသည်။ ၎င်းတို့မှာ-
(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါများခြင်း၊
(၂) မုန်းရုံမက ရန်သူလည်းများခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့  သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။
လင်္ကာဖြင့်မှတ်ပါလေ-
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ကအပြန် အကျိုး တည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံအားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု ၊ သ ၊ န ၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြား ဖူးကြပါသည်ီ။ အထူးဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်
တမ်းဝင်တော့မည့် ဤ ကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထို ဘ၀တုန်းက လူလေလူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာာစာရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)

ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ်(ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံးလုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရပြန်၏။ ထိုဘ၀နောက်မှ ယောက်ျားဘ၀ကို ရလေည်။

ဤသို့လျှင် ကာမေသုမိစ္ဆာာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော စိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရားဖြင့် စောင့်ရှောက်ကြပါကုန်။

၎။ မကွေ့မကောက်၊ ရိုးဖြောင့်တိုင်းသာ၊ ပြောဆိုပါ…
မုသာဝါဒ- မဟုတ်မမှန် ပြောဆိုခြင်း၊ လိမ်လည်လှည့်ပတ်ခြင်းဟု အနက်ရှိ၏။ မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်ပြော၍လည်းကောင်း၊ စာဖြင့်ရေး၍လည်း ကောင်း၊ ကိုယ်လက်စသည်ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှညာဖြန်းသမျှ အားလုံး ပါဝင်၏။

သူတစ်ပါးတို့အကျိုးစီးပွားပျက်သွားအောင် လိမ်ညာလှည့်ဖြားသော မုသားမျိုး သည် အပါယ်ရောက်ကြောင်းဖြစ်ပြီး ကိုယ်အကျိုးစီးပွား ပျက်မှာစိုး၍၊ ပြက်ရယ်ပြုလို၍ လိမ်ညာခြင်းကား အပြစ်နည်း၏။ သို့သော်လည်း မည်သည့်လိမ်ညာခြင်းပင်ဖြစ်စေ လိမ် ညာတတ်သော အကျင့်မဖြစ်အောင် သတိထားပြီး ရှောင်ကြဉ်သင့်ပေသည်။ “မုသားမပါ လင်္ကာမချော” ဟု ပြောလေ့ရှိကြသည်။ ယင်းစကားဖြင့် အချို့က ကဗျာလင်္ကာ စီကုံး ရေးသားရာ၌ပင် မုသားမပါက ပြေပြစ်မှုမရှိဟု ယူဆကြသည်။ ထိုစကားသည် မှားယွင်း သောစကားသာဖြစ်ပေ၏။ ပညာရှိသူတော်ကောင်းကြီးများသည် စကားပြောရာ၌ လည်းကောင်း၊ ကဗျာလင်္ကာများ သီကုံးရေးသားရာ၌လည်းကောင်း မုသားကိုပြောဆို ရေးသားမှုမရှိကြပါ။

မုသားစကား ပြောဆိုရာ၌ အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင် ပြောဆိုလျှင် မုသာ ၀ါဒကံထိုက်၏။ အကျိုးစီးပွား အနည်းငယ်ပျက်စီးလျှင် အပြစ်နည်း၏။ မည်သည့် အကြောင်းအရာကိုမဆို “မမြင်ပဲ မြင်၏၊ မကြားပဲကြား၏၊ မတွေ့ပဲ တွေ့၏၊ မသိပဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ” ဟု ပြောဆို သော လူယုတ်မာတို့၏ စကား(အနရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုး မျိုးကိုပြော လျှင် အပြစ်ကြီး၏။ မဟုတ်မမှန်ပြော၍ သံဃာကို အသင်းခွဲသော (ရဟန်းအချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍အပြစ်ကြီးလေး၏။

ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သတ်မှု၊ ခိုးမှု၊ ကာမကျူး လွန်မှု၊ အရက်သေစာ သောက်စားမှုတို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါးအကျိုး စီးပွား ပျက်စီးချွတ်ယွင်းစေလိုသော စိတ်ဖြင့် မုသားကို လုံးဝမပြောမဆိုခဲ့ကြပေ။ သို့ သော် သူတစ်ပါးအကျိုးစီးပွား မထိခိုက်မပျက်စီးသော မုသားမျိုးကိုမူ ပြောဆိုခဲ့ ကြဖူးပါ သည်။
ဥပမာ- ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရ မိကျောင်းက ဘုရားအလောင်း ၀ါနရိန္ဒမျောက်မင်း၏ အူအသည်းကို တောင်းသောအခါ အလောင်းတော်က “ငါတို့ မျောက်မျိုး၏ အူအသည်းကား ကိုယ်ထဲ၌ မရှိ” ဟုပြော၍ နီရဲသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။ ပရိယာယ်ဖြင့်ပြောသောကြောင့် မုသာဝါ ဒကံမထိုက်။ ဧကနိ ပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်းတော်ပဉ္စာဝုဓမင်းသားက သိလေသလောမ ဘီလူးအား “ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏၊ ငါ့ကို နင်စားသော် ကိုယ်လက်မကျေပဲ အူအသည်း အပိုင်းပိုင်းပြတ်၍သေမည်”ဟုပြောခဲ့ဖူး၏။ ဤကဲ့သို့ ဘုရားအလောင်း ပြောဆိုခဲ့သော မုသားများမှာ မုသာဝါဒကံမထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ပညာ တည်းဟူသော ၀ရဇိန်လက်နက်ကို ရည်ရွယ်ရင်းရှိသောကြောင့်ဖြစ်၏။

မုသာဝါဒအရာ၌ အကျိုးစီးပွားပျက်စီးမှ မုသာဝါဒကမ္မပထ မြောက် ၏။ အကျိုး စီးပွား မပျက်စီးလျှင် မုသာဝါဒကံမျှသာဖြစ်သည်။ မုသား စကား ပြောဆိုသော အင်္ဂါ(၄)ပါးရှိ၏။ ၎င်းတို့မှာ-
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) လိမ်ညာလှည့်စားလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) မိမိလှည့်စားသည့် အဓိပ္ပာယ်ကို သူတစ်ပါးနားလည်ခြင်း တို့ဖြစ်ကြပါ
သည်။

မုသားပြောဆိုခြင်းကြောင့် ရရှိသောအပြစ်(၉)မျိုးရှိပါသည်။ ၎င်းတို့မှာ-
(၁) ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
(၂) သွားများ မညီမညွတ် ရှိခြင်း။
(၃) ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။
(၄) ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ်မရှိခြင်း။
(၅) မျက်စိ-နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
(၆) ပုံဟန်မလှပဲ ဆိုးရွားချွတ်ယွင်း ဖောက်ပြန်ခြင်း။
(၇) သူတစ်ပါးအပေါ်၌ သြဇာမတည်ခြင်း။
(၈) အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
(၉) စိတ်မတည်ပဲ လျှပ်ပေါ်လော်လီတတ်ခြင်း တို့ ဖြစ်ကြပါသည်။
လင်္ကာဖြင့်မှတ်ပါလေ-
“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပြီ၊ သွားမငြီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက် ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနောက်၊ ပုံယွင်းဖောက်၍၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်း ထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်မည်အပြန် အကျိုးတည်း။”

ဤသို့စသည်ဖြင့် အပြစ်များပါသည်။ မုသားပြောဆိုသူသည် ဘယ်ကိစ္စ၌မျှ မယုံ ကြည်ရသောကြောင့် အကြီးအကဲမဖြစ်နိုင်ပေ။ ဤပြဆိုခဲ့သော အပြစ်တို့ကား ၀ဋ်လိုက် သောအားဖြင့် ရောက်လေရာဘ၀၌ ရတတ်သောအပြစ်များသာရှိသေး၏။ တချို့သော မုသားစကားများမှာ ငရဲရောက်အောင်ပင် အပြစ်ကြီး၏။ ကမ္ဘာဦးတွင် စေတီယတိုင်းကို အုပ်ချုပ်ခဲ့သော “ဥပ၀ရ” ခေါ် စေတီယမင်းသည် မုသားစကား ပြောဆိုခဲ့ခြင်းကြောင့် မြေမျိုပြီး အ၀ီစိ၌ ခံစားရသည်ကို သံဝေဂယူသင့်လှပါသည်။

ဤ စေတီယ၀တ္ထု၌ မုသာဝါဒ၏အပြစ်ကား လွန်လွန်းလှ၏ဟု မှတ်ထင်ကြပေ လိမ့်မည်။ မလွန်လွန်းပါပေ။ ထိုစေတီယမင်း၏ မုသားပြောသောအချိန်ကား တစ်စုံတစ် ယောက်မျှ မုသားပြောသူမရှိသေးချေ။ အားလုံးသစ္စာတည်သောအခါဖြစ်သည်။ ညစ် စုတ်ပေတေနေသောလက်နှီး၌ အိုးမဲထိသော်လည်း မထူး၊ ဖြူစင်သော ပ၀ါ၌ကား မြူမှုန့် လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အားလုံးသစ္စာတည်ကြသောကာလ၌ ပထမဖြစ်သော ထိုမုသားသည် အလွန်ထင်ရှား၍ အပြစ်လည်းကြီးမားလေသည်။ ယခုခေတ်ကား “မုသားမပါ လင်္ကာမချော” ဟူသောစကားကို လက်ကိုင်ပြုလျက် မုသား ကို ရေလဲနှင့် သုံးစွဲနေကြသောခေတ်ဖြစ်၏။

ထို့ကြောင့် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျိုရလျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်အပြစ်ကြီးသော အပြစ်များလည်း မရှိသေးပေ။ ယခု ခေတ်၌ကား မုသားလောက်အပြစ်ကို အပြစ်ဟု ဆိုဖွယ်မရှိလောက်အောင် ထို့ထက်ဆိုးရွားသော အပြစ်ကြီးတွေက လွှမ်းမိုးနေ သော ကာလ ဖြစ်ပေသည်။ သို့ရာတွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမူ သံသရာ၌ ၀ဋ်လိုက်သောအပြစ်မှာ စေတီယမင်း၏ အဖြစ်မျိုး ထက် သက်သာလှမည် မဟုတ်သည့်အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအဖွဲ ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက်ဖြည့်ကျင့်ကြပါလျှင် မိမိ၌ တည်သောသစ္စာကြောင့် အလိုလိုအရှိန်အ၀ါတက်လာလိမ့်မည် ဖြစ်ပါသည်။

“မုသားမပါ၊ လင်္ကာမချောဟု၊ ဆိုးရိုးလိုက်ကာ၊ မမိုက်ပါပ၊ဲ သစ္စာစကား၊ ပြောဆိုသွားကာ၊ ငြိမ်းရာဒုက္ခ၊ လှမ်းကုန်ကြဟု၊ နှိုးဆော်သမှု၊ ဆောင်းပါးပြုသည်၊ များထွေသာဓု၊ ခေါ်စေသတည်း။”

၅။ သေရည်သေရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါ လေ၊ ရှင်တော်ဟောသည့်၊ အဆိပ်ရေ…
သုရာ- ရဲရင့်ခြင်း၊ တက်ကြွခြင်း (သေရည်)၊ မေရယ- မူးယစ်ထုံထိုင်းခြင်း (အ ရက်)၊ မဇ္ဇ- မေ့လျော့ခြင်း (သေရည်အရက်မှ တစ်ပါးသောပစ္စည်း) အားဖြင့် သုံးမျိုးရှိ၏။ ထိုကဲ့သို့ ရဲရင့်ခြင်းဖြစ်စေသောသေရည်၊ မူးယစ်ထုံထိုင်းစေသောအရက်၊ မေ့လျော့ခြင်း ကိုဖြစ်စေသော သေရည်အရက်မှတစ်ပါးဖြစ်သည့် ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊ ထန်း ရည်၊ ဆေးခြောက်၊ ဘိန်းဖြူစသော မူးယစ်စေတတ်သည့်မဇ္ဇ တစ်ခုခုကို တစ်နည်း နည်းဖြင့် မှီဝဲလျှင်သီလပျက်၏။ ၎င်းတစ်မျိုးမျိုးကို လူတို့သည်နည်းမျိုးစုံဖြင့်ပင် မှီဝဲနေ ကြသည်။ ထိုသို့ မှီဝဲနေကြခြင်းမှာ အပြစ်ကိုမသိခြင်း၊ အပြစ်ရှိသည်ဟုသိကြသော် လည်း အသေးအဖွဲမျှရှိမည်ဟု မှတ်ဟူနေကြခြင်း၊ အပျော်မက်ခြင်း၊ အပေါင်းအသင်း ကိုမက်ခြင်း၊ စိတ်ညစ်လို့ စိတ်ညစ်ပြေအောင်ဟူ၍ သုံးဆောင်ခြင်းစသည်ဖြင့် အကြောင်း အမျိုးမျိုးပြ၍ မှီဝဲနေကြ၏။ မည်သို့ပင်ဆိုစေ
(၁) သေရည်အရက်ဖြစ်ခြင်း၊
(၂) ၎င်းကို သုံးဆောင်ခြင်း ဟူသော အင်္ဂါ (၂) ပါးညီညွတ်လျှင် ထိုကံထိုက်၏။

သီလမြတ်နိုးသူ သီလ၀န္တသူတော်ကောင်းများသည် သုရာ၊ မေရယ၊ မဇ္ဇ သုံးမျိုး လုံးကို ကျန်းမာရေးအရ ဆေးနှင့်ရော၍ပင် သောက်သုံးခြင်းမပြုကြပေ။ မူးသည်ဖြစ် စေ၊ မမူးသည်ဖြစ်စေ သောက်သုံးသည်နှင့် တစ်ပြိုင်နက်သီလပျက်၏။ ကျန်းမာရေးအ တွက် ဆေးဝါးအမှတ်ဟူ၍လည်းကောင်း၊ ရာသီဥတုအေးလွန်း၍ စသည်ဖြင့်လည်း ကောင်း၊ အကြောင်းပြခြင်းမှာ သောက်သုံးလိုသူ၏ ဆန္ဒအရသာဖြစ်ပေသည်။ မည် သည့်အရပ်ဒေသ၌ မည်သည့်နည်းဖြင့် မည်သူမဆို သောက်သုံးပါက အပြစ်ရှိပေသည်။
မြတ်ဗုဒ္ဓက သေရည်အရက်သောက်သုံးခြင်းကြောင့် ရရှိသောအပြစ် (၆) မျိုးရှိ၏ ဟူ၍ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူခဲ့၏။ ၎င်းတို့မှာ-
(၁) မိမိလုပ်ဆောင်သောအမှုသည် သင့်၏၊ မသင့်၏မသိခြင်း၊ တစ်နည်း ပညာ နည်းပါးခြင်း။
(၂) ပျင်းရိလာခြင်းကြောင့် ဥစ္စာပစ္စည်းများလျော့ပါးတတ်ခြင်း။
(၃) မေ့လျော့နေခြင်းကြောင့် အကုသိုလ်တရားများ တိုးပွားနေခြင်း။
(၄) သူတစ်ပါး၏ကျေးဇူးတရားတို့ကို မဆပ်ပဲ ကျေးဇူးကန်းတတ်ခြင်း။
(၅) အကုသိုလ်တရားတို့မှ အရှက်၊ အကြောက်ကင်းခြင်း။
(၆) အကုသိုလ်တရားတို့ကို ပြုလုပ်ရန်လွယ်ကူခြင်း။ တို့ဖြစ်ကြသည်။
လင်္ကာဖြင့်မှတ်ပါလေ-
“သေရည်သောက်လင့်၊ သင့်မသင့်ကို၊ ရေးခွင့်မသိ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်(ဟိရိသြတ္တပ အရှက်၊ အကြောက်တရား) ကင်း၊ ခပင်းများထို၊ အကုသိုလ် ကို၊ အပြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။”

ရှေးအခါက ဘုရင်တစ်ပါးသည် သေရည်အရက်ကြောင့် သားငယ်အားမိမိကိုယ် တိုင်သတ်ခဲ့ဖူး၏။ သူသည် အသားဟင်းကိုလည်း တက်မက်သူဖြစ်၏။ တစ်နေ့သ၌ ဘုရင်ကြီး သေရည်သောက်ပြီးချိန်တွင် ပွဲတော်တည်ရန်အချိန်ကျသောကြောင့် စားတော်ချက်သည် အသားဟင်းမပါ၍ စိုးရိမ်ထိတ်လန့်စွာဖြင့် မိဖုရားကြီးအား အကူ အညီပေးနိုင်ရန် တောင်းပန်လျှောက်ထား၏။ မိဖုရားကြီးက “ဘုရင်ကြီးသည် သူ၏ချစ် လှစွာသော သားငယ်လေးအား တွေ့မြင်ရလျှင် အသားမပါသည်ကို ဘုရင်ကြီးမေ့သွား လိမ့်မည်၊ မစိုးရိမ်ပါနှင့်ဟူ၍ စားတော်ချက်အား နှစ်သိမ့်လိုက်၏။ ဘုရင်ကြီးပွဲတော် တည်ချိန်တွင် အသားဟင်းမပါသည်ကို သိပြီးအမျက်ထွက်တော်မူချိန်တွင် မိဖုရားကြီး က သားတော်လေးအား ပွေ့ချီလာပြီး ဘုရင်ကြီးအား ဆက်သလိုက်ရာ ဘုရင်ကြီးသည် သားတော်လေး၏လည်ပင်းကိုချိုးသတ်ပြီး စားတော်ချက်အား ချက်ချင်းချက်ခိုင်းပြီး ဟင်းအဖြစ်သုံးဆောင်တော်မူလေသည်။ နောက်တစ်နေ့နံနက်တွင် မိဖုရားကြီးအား သားတော်လေးကို ဆက်သရန်ပြောသောအခါ မိဖုရားကြီးလည် ငိုပြီး အကြောင်းစုံကို လျှောက်ထားလိုက်ရာတွင် ဘုရင်ကြီးသည် ပြင်းစွာနောင်တရခဲ့လေ၏။

အရက်သေစာသောက်စားမူးယစ်ပြီး ထိုကဲ့သို့ မှားယွင်းခဲ့သော ဆိုးရွားလှသည့် သာဓကများမှာ များစွာရှိ၏။ ယခုဘ၀၌လည်းအကျိုးမရှိ၊ သေလွန်လျှင်လည်း အပါယ် သို့ သွားရဦးမည်ဖြစ်၏။ လူပြည်ပြန်ရောက်လာသောအခါတွင်လည်း ရူးသွတ်ခြင်း၊ စိတ် မနှံ့ခြင်းစသည့် ဆိုးကျိုးများဆက်လက်ခံစားကြရပြန်သည်။ ဆိုးကျိုးပေါင်းများစွာ မွေးထုတ်ပေးသော သေရည်အရက်အား အဘယ့်ကြောင့်များ နှစ်သက်နေကြသနည်း။ မှားနေမှန်းသိသော်လည်း အဘယ်ကြောင့်များ မရှောင်ကြဉ်နိုင်ဘဲ မှဲဝဲနေကြသနည်း။ မိမိစိတ်ကိုနိုင်အောင်စောင့်ရှောက်ပြီး ထိုမကောင်းသောသေရည်အရက်တို့အား ရှောင် ကြဉ်သင့်ပေသည်။
စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ငါးပါးသီလစောင့်ထိန်း နိုင်ကြပါစေ။ သီလကိုမြတ်နိုးသော သီလ၀န္တပုဂ္ဂိုလ်များဖြစ်ပြီး အေးငြိမ်းစွာလှ သန္တိသုခ နိဗ္ဗာန်သို့တိုင် အရောက်ချီနိုင်ကြပါစေ။

အပြည့်အစုံသို့

14 Nov 2008

မဂ္ဂင်ရှစ်တန် အကျင့်မှန်

ဇာတိ၏အဆုံး၊ ဒုက္ခ၏အဆုံးကို မြင်တော်မူသော မြတ်စွာဘုရား သည် တစ်ခုတည်းသောမဂ်ကို ဟောကြားတော်မူခဲ့လေပြီ။ မဂ်ဆိုရာ၌ လမ်းကိုဆိုလိုခြင်းဖြစ်သည်။ ထိုလမ်းကား မသေရာ လမ်းပင်ဖြစ်၏။ သံသရာအဆက်မပြတ် အဖန်ဖန်သေပွဲဝင်ရခြင်း ဟူသည့် အကြီမားဆုံးသောဒုက္ခကြီးကို မြတ်ဗုဒ္ဓသည် ဖြတ်တောက် ခဲ့လေပြီ။ ကိုယ်တိုင်သိမြင်ပြီးသော အေးချမ်းရာနိဗ္ဗာန်ဆီသို့ သွား ရောက်နိုင်သောလမ်းကိုလည်း သတ္တ၀ါတို့အား ဟောကြားတော်မူခဲ့ ပါသည်။ သံသရာစက်ရဟတ်ကို ဖြတ်တောက်ပြီး ခဲ့သောမြတ်ဗုဒ္ဓ သည် ငြိမ်းချမ်းတော်မူခဲ့လေပြီ။

သံသရာဆိုသည်မှာ အဘယ်နည်း။ “မွေးဖွားခြင်း- ဇာတိ၊ အိုမင်း ရင့်ရော်ခြင်း- ဇရာ၊ ဖောက်ပြန်ခြင်း- ဗျာတိ၊ ပျက်စီးချုပ်ပျောက်ခြင်း- မရဏ”တို့ အဆက်မပြတ် ဖြစ်ခြင်းပျက်ခြင်းသဘောကို ဆိုလိုခြင်း ဖြစ်သည်။ ထိုဆင်းရဲတို့၏အဆုံးကို မြင်တော်မူပြီးခဲ့သော မြတ်စွာ ဘုရားသည် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ဟောပြဆုံးမတော် မူခဲ့ပါသည်။ ဤဆုံးမတော်မူခဲ့သော မဂ္ဂင်ရှစ်ပါးတရား တော်ကြီး သည် အဖိုးမဖြတ်နိုင်သော တရားတော်ကြီးဖြစ်ခြင်းကြောင့် လိုက် နာကျင့်ကြံကြသူတို့အဖို့ အင်မတန်အကျိုးကြီးမားလှသော တရား တော်ကြီးပင်ဖြစ်ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား တို့မှာ-
(၁) သမ္မာဒိဋ္ဌိ = မှန်သောအမြင်ရှိခြင်း။ (ပညာမဂ္ဂင်)
(၂) သမ္မာသင်္ကပ္ပ =မှန်သောကြံစည်တွေးတောခြင်း။ (ပညာမဂ္ဂင်)
(၃) သမ္မာဝါစာ = မှန်သောပြောဆိုခြင်း။ (သီလမဂ္ဂင်)
(၄) သမ္မာကမ္မန္တ = မှန်သောပြုလုပ်ခြင်း။ (သီလမဂ္ဂင်)
(၅) သမ္မာအာဇီဝ = မှန်သောအသက်မွေးခြင်း။ (သီလမဂ္ဂင်)
(၆) သမ္မာဝါယမ =မှန်သောဝီရိယရှိခြင်း၊အားထုတ်ခြင်း။ (သမာဓိမဂ္ဂင်)
(၇) သမ္မာသတိ = မှန်သောသတိရှိခြင်း။ (သမာဓိမဂ္ဂင်)
(၈) သမ္မာသမာဓိ = မှန်သောတည်ကြည်ခြင်း။ (သမာဓိမဂ္ဂင်) တို့ ဖြစ်ကြ၏။

(၁) အမှန်မြင်ခြင်း
သမ္မာဒိဋ္ဌိ (သမ္မာ- မှန်ကန်စွာ၊ ဒိဋ္ဌိ- မြင်ခြင်း၊ အယူရှိခြင်း) ဖြစ်ပါ သည်။ အမှန်ဆုံးသောအမြင်ကတော့ သစ္စာလေးပါးမြင်ခြင်းကို ဆို လိုပါသည်။ ခန္ဓာနှင့်နိဗ္ဗာန် အလွန် ဝေးကွာစွာရှိနေသည် မဟုတ်ပါ ပေ။ နိဗ္ဗာန်နှင့်ခန္ဓာတို့သည် တစ်ဆက်တည်းရှိသည်ဟု မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့်ဝေးသည်ဟု ထင်နေရ သနည်း။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာရေအလျှင်တို့ ဖုံးလွှမ်းနေခြင်းကြောင့် ဝေးနေရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်သည် တစ်ဘက်ကမ်း၊ ခန္ဓာကို ကျန်တစ်ဘက်ကမ်းဟုဆို လျှင် ကြား၌ရှိသော ရေအလျှင်တို့ ဖုံးလွှမ်းထားခြင်းကြောင့် ကမ်း နှစ်ခု တစ်ဆက်တည်းရှိနေမှန်း မသိရလောက်အောင် ဝေးကွာ သည်ဟု ထင်နေရခြင်းပင်ဖြစ်၏။ ထိုရေတို့ကို ဖယ်ထုတ်လိုက်လျှင် တစ်ဆက်တည်းရှိမှန်း မြင်နိုင်မည်ဖြစ်ပါသည်။

သစ္စာလေးပါးတို့မှာ ဒုက္ခသစ္စာ- ဆင်းရဲကျိုးအမှန်တရား၊ သမုဒယ သစ္စာ- ဆင်းရဲကြောင်းအမှန်တရား၊ နိရောဓသစ္စာ- ချုပ်ငြိမ်းခြင်း အမှန်တရား၊ မဂ္ဂသစ္စာ- ချုပ်ငြိမ်းကြောင်း လမ်းမှန်တရားဟူ၍ဖြစ် ၏။ ဒုက္ခသစ္စာ(ခန္ဓာငါးပါး)သည် သိရုံသာသိ ရမည့်အကျိုးတရား၊ သမုဒယသစ္စာ(ကိလေသာ)သည် ပယ်သတ်ရမည့်အကြောင်း တရား၊ နိရောဓသစ္စာ(နိဗ္ဗာန်)သည် ဆိုက်ရောက်ရမည့်တရား၊ မဂ္ဂ သစ္စာ(မဂ္ဂင်ရှစ်ပါး)သည် ပွားများရမည့်တရားတို့ဖြစ်ကြ၏။ ဒုက္ခကို သိလိုက်ရုံဖြင့် လိုချင်မှုလောဘကိုပယ်သလို ငြိမ်းချမ်းခြင်းနိရောဓ ကိုဆိုက်ခြင်းနှင့် ပွာများခြင်းမဂ္ဂတို့သည် တစ်ပြိုင်နက်တည်းပင်ဖြစ် ၏။ သောတာပန်မဖြစ်သေးသည့် ၀ိပဿနာအားထုတ်နေသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခကိုသစ္စာထိုက်အောင် မသိသေးသည် ဖြစ်ခြင်းကြောင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်း တို့သည် သစ္စာ ထိုက်ဦးမည် မဟုတ်သေးချေ။ သို့သော်လည်း ဒုက္ခသိခြင်းကို အဖန်ဖန် ဥာဏ်ဦးနေခြင်းဖြင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့ သည်လည်း တစ်ပြိုင်နက်ဖြစ်နေပေမည်။ ဤနေရာ၌ ပုထုဇဉ်တို့၏ မဂ္ဂင်သည် ငါးပါးသာရှိနေဦးမည်ဖြစ်သည်။ သီလမဂ္ဂင်သည် သော တာပန်အရိယာမှသာလျှင် အဓိ(မြဲသော)သီလ ဖြစ်သွားသည်ဖြစ် ခြင်းကြောင့် မဂ္ဂင်ရှစ်ပါး စုံလင်သွားရပေသည်။ ပုထုဇဉ်တို့၏သီလ မှာ မခိုင်မြဲသေးသည်ဖြစ်ခြင်းကြောင့် သစ္စာထိုက်သောသီလ မဖြစ် သေးခြင်းဖြစ်ပါသည်။ ဥပရိပဏ္ဏာသပါဠိတော်၊ အဋ္ဌကထာတို့မှလာ သော သမ္မာဒိဋ္ဌိငါးမျိုးရှိ၏။ ၎င်းတို့ မှာ-
(၁) ကမ္မသကတာ သမ္မာဒိဋ္ဌိ- ကောင်းကျိုး၊ မကောင်းကျိုးတို့သည် ဖန်ဆင်းရှင်က မဖန်တီး၊ မိမိပြုလုပ်ခဲ့သော ကောင်းမှုကံတို့က ကောင်းကျိုးကိုဖန်တီးမည်ဖြစ်ပြီး၊မကောင်းသောကံတို့က မကောင်း ကျိုးတို့ကို ဖန်တီးမည်ဖြစ်သည်ဟု အမြင်မှန်ခြင်း။
(၂) ၀ိပဿနာသမ္မာဒိဋ္ဌိ- ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမမရှိ၊ (ရူ ပက္ခန္ဓာ- ဖောက်ပြန်ပျက်စီးတတ်သောသဘော တရားအစု(ရုပ်တ ရား)၊ သညာက္ခန္ဓာ- မှတ်သားတတ်သော သဘောတရားအစု (နာမ်တ ရား)၊ သင်္ခါရက္ခန္ဓာ- ကြံစည်တွေးတောတတ်သော သဘောတရားအစု (နာမ်တရား)၊ ဝေဒ နာက္ခန္ဓာ- ခံစားတတ်သော သဘောတရားအစု (နာမ်တရား)၊ ၀ိညာဏက္ခန္ဓာ- သိတတ်သော သဘောတရားအစု(နာမ်တရား)တို့သာလျှင်ရှိ သည်ဟုသိမြင်ပြီး ဖြစ်ခြင်း/ပျက်ခြင်းသဘော ကိုသာရှိသည်ဟု အမြင်မှန်ခြင်း။
(၃) မဂ္ဂသမ္မာဒိဋ္ဌိ- ခန္ဓာငါးပါး၏ ဖြစ်ပျက်သဘော ဒုက္ခသစ္စာကို ဘဲ မြင်ခြင်း။
(၄) ဖလသမ္မာဒိဋ္ဌိ- မဂ်ကြောင့်ရသောအကျိုး (နိဗ္ဗာန်ကို အမှန်မြင် ခြင်း)။
(၅) ပစ္စ၀က္ခဏာသမ္မဒိဋ္ဌိ- နိဗ္ဗာန်၏ငြိမ်းအေးချမ်းသာယာမှုကို ပြန်ပြီးဆင် ခြင်သုံးသပ်ခြင်းဖြင့် အမှန်မြင်ခြင်းဟူ၍ ဖြစ်ပါ သည်။
တဖန်လည်း သမုတိနယ်(ပညတ်နယ်)မှာရှိသော သမ္မဒိဋ္ဌိ(၁၀)မျိုး လည်း ရှိပါသေးသည်။ ၎င်းတို့မှာ-
(၁) အတ္ထိဒိန္နံလောကေ- လောကမှာ အပြစ်မရှိကောင်းသော ၀တ္ထု ပစ္စည်းတွေကို ပေးလှူခြင်းပြုသူသည် ကောင်း ကျိုး ချမ်းသာရရှိပြီး အပြစ်ရှိပြီး မကောင်းသောပစ္စည်းတွေကို လှူတာကတော့ မကောင်းကျိုးဘဲ ပေးတယ်ဟူ၍ အမြင်မှန်ရှိခြင်း။
(၂) အတ္ထယိဋ္ဌံ- အကြီးအကျယ်လှူရင် အကြီးအကျယ်ရသည် ဟူ၍ အမြင်မှန်ရှိခြင်း။
(၃) အတ္ထိသုကတ ဒုက္ကဋာနံ- ကောင်းမှုပြုလုပ်သော ကုသိုလ်ကံ သည် ကြီးကျယ်ကောင်းမြတ်သော အကျိုးရင်းသုခ၊ သေးငယ် ကောင်းစားသည့် အကျိုးဖျားသုခတွေကို မုချပေးပြီး မကောင်းမှု ပြုလုပ်သော အကုသိုလ်ကံကတော့ ကြီးကျယ်ဆိုးရွားသည့် အကျိုးရင်းကိုရော၊ သေးငယ်သည့် ဆိုးကျိုးများရော ပေးသည်ဟူ၍ ယုံကြည်ပြီး မကောင်းမှုကို ရှောင်ကြဉ်တတ်သည့် အမြင်မှန်ရှိခြင်း။
(၄) အတ္ထိဟုတံ- တိရစ္ဆာန်တွေကို ကျွေးမွေးပေးလှူခြင်းသည် လည်း ကောင်းကျိုးပေးသည်ဟူ၍ အမြင်မှန်ရှိ ခြင်း။
(၅) အတ္ထိမာတာ- လောကမှာ မိခင်ကို ရိုသေလေးစား၊ ကျွေးမွေး ပေးကမ်းခြင်း၊ ကောင်းစွာသဂြိုဟ်ခြင်း၊ အလှူဒါနပြုပြီး အမျှပေး ဝေခြင်း ပြုလုပ်ပေးရမည်၊ မပြုလုပ်ဘဲမနေအပ်၊ ပြုလုပ်သော သားသမီးမှာ ကောင်းကျိုးချမ်းသာရသည်၊ မပြုလုပ်သော သားသမီး မှာ ဆင်းရဲဒုက္ခ မုချဖြစ်မည် စသဖြင့် အမြင်မှန်ရှိခြင်း။
(၆) အတ္ထိပိတာ- မွေးသဖခင် ကျေးဇူးရှင်အပေါ်မှာလည်း မိခင် ကဲ့သို့ပင် သားသမီးများက ပြုလုပ်ကျင့်ကြံသင့်သည်ဟု အမြင်မှန် ရှိခြင်း။
(၇) အတ္ထိ သတ္တာ သြပပါတိဏ- ဒီလောကမှာ သက်ရှိထင်ရှား မြင် ကောင်းသည့် သတ္တ၀ါတွေရှိသလို မမြင်ကောင်းသည့် သြပ ပါတ် ပဋိသန္ဓေနေသူ နတ်၊ ဗြဟ္မာ၊ တစ္ဆေ၊ ပြိတ္တာ၊ သရဲတွေလည်းရှိ သည်ဟု အမြင်မှန်ရှိခြင်း။
(၈) အတ္ထိအယံ လောကော- မိမိတို့ရထားသည့် ခန္ဓာနှင့်ဘ၀ ဆိုတာသည်လည်း ပညတ်သဘော အမှန်ရှိနေတာဘဲဟူ၍ အမြင် မှန်ရှိခြင်း။
(၉) အတ္ထိ ပရော လောကော- တမလွန်ဘ၀ဆိုတာရှိသည်၊ သေ လျှင် နောက်ဘ၀တစ်ပါးမှာ ကံအားလျှော်စွာ ဘ၀တစ်ခုဖြစ် ကြရဦး မည်ဟု အမြင်မှန်ရှိခြင်း။
(၁၀) အတ္ထိ လောကေ သမဏဗြမဏော - ဒီလောကမှာ အ ကျင့် မြင့်မြတ် သည့် ပုဂ္ဂိုလ်တွေရှိသည်၊ သဗ္ဗညုတဥာဏ်ရသည့် ဘုရားပစ္စေက ဗုဒ္ဓါတွေ၊ ဈာန်၊ အဘိဥာဏ် ရသည့်ပုဂ္ဂိုလ်တွေ လည်း ရှိသည်ဟူ၍ အမြင်မှန်ရှိခြင်း။

ဤပြဆိုခဲ့သော (၁၀) မျိုးတို့သည်လည်း သမုတိနယ်ပယ်၌ အမြင် မှန်ခြင်း သမ္မာဒိဋ္ဌိတို့ပင် ဖြစ်ပါသည်။ အမြင်မှန်ရှိခြင်းဖြင့် လောက ၏အမှန်တရားကို ရှာဖွေတွေ့ရှိမည် ဖြစ်ပါသည်။ အမြင်မှန်မရှိသ၍ ကာလပတ်လုံး လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိ နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော သစ္စာလေးပါး တရားတော်မြတ်ကြီးကို မဂ်ဉာဏ်ဖိုလ်ဥာဏ်တို့ဖြင့် အမှန်မြင်ရအောင် အခြေခံသမ္မာဒိဋ္ဌိမှအစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိ အထိ မိမိ၌ကိန်းအောင်းလာအောင် ကျင့်ကြံကြိုး ကုတ်အားထုတ် ဘို့ လိုအပ်ပါသည်။

(၂) အမှန်တွေးခြင်း
သမ္မာသင်္ကပ္ပ(သမ္မာ- မှန်ကန်စွာ၊ သင်္ကပ္ပ- ကြံစည်ခြင်း၊ တွေးတောခြင်း) ဖြစ်ပါ သည်။ အမှန်ကို တွေးတောနိုင်ဘို့ အမှန်ကိုဦးစွာမြင်ဘို့ လိုအပ်ပါ၏။ တဖန် အမှန်မြင် ဘို့လည်း အမှန်ကိုတွေးဘို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အကျိုးပြုနေ သောသဘောသည်ပင်လျှင် တရားသဘောနိယာမဖြစ်၏။ သင်္ကပ္ပသဘောသည် တွန်း တင်ပေးခြင်းသဘောဖြစ်၏။ သမ္မာဒိဋ္ဌိဖြင့် အမှန်မြင်ထားသောသဘောကို ပြန်မကျ အောင် လုပ်ပေခြင်းကိုဆိုပေသည်။ အမှန်ကို အမြင့်ဆုံးအနေဖြင့် တွေးတောခြင်းက တော့ သစ္စာလေးပါးတရားတို့ကို အမှန်အားဖြင့် တွေးတောနေခြင်းဖြစ်ပါသည်။
လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသဖြင့် ပညတ်ထားသော အမည်နာမတို့ကို ဖြုတ် လိုက်လျှင် အားလုံးသည် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါတို့ပင်ဖြစ်ကြပါသည်။ အဆင့် အတန်းဟူသော ခွဲခြားဆက်ဆံတတ်သည့်သဘောသည် မာနကိလေသာ၏ ခြယ်လှယ် မှုပင်ဖြစ်၏။ လူလူချင်း စာနာထောက်ထားတတ်ရုံသာမက တိရစ္ဆာန်လေးတွေကိုလည်း စာနာထောက်ထားတတ်ရပါမည်။ မိမိ၏ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ ကိုယ် ကျိုးစီးပွားကို ဖျက်စီးဘို့ ကြံစည်နေခြင်းသည် မလျော်ကန်မသင့်မြတ်လှသော အတွေး ပင်ဖြစ်၏။ မိမိ၏ကျန်းမာရေးအတွက် ယင်ကောင်လေးတွေ၊ ခြင်လေးတွေကို သတ်ဘို့ ကြံစည်ခြင်းသည် မစာနာ မထောက်ထားသော ကြံစည်မှုပင်ဖြစ်၏။ အားလုံးသည် ပင်လျှင် သတ္တ၀ါတို့ မဟုတ်ကြပါလော။ ဤမျှရှည်လျားလှသောသံသရာ၌ မိမိသည်ပင် လျှင် ခြင်၊ ယင်တို့ဖြစ်ခဲ့ဖူးလေပြီ။ မိမိနှင့် ဆွေမျိုးမတော်စပ်ဘူးခဲ့သောသူမရှိခဲ့ဟူ၍ မြတ်စွာဘုရားဟောကြားခဲ့ပါသည်။ တစ်ခါတုန်းက မြတ်စွာဘုရားသည် အရှင် အာနန္ဒာ ဆွမ်းစားနေစဉ် သုံးဆောင်နေဆဲဖြစ်သော ငါးဟင်းမှာ တချိန်က သားတော်စပ်ဖူးခဲ့ ကြောင်း တန်ခိုးတော်ဖြင့် ပြသလိုက်ရာ ဆွမ်းမစားဝံ့ဘဲ ဖြစ်ခဲ့ဖူးလေ၏။ ထို့ကြောင့် နိဗ္ဗာန်မရသေးသော သတ္တ၀ါအားလုံးသည် သံသရာခရီးသည်များဖြစ်ကြရာ အချင်းချင်း စာနာသင့်လှပေသည်။
ပေးကမ်းလှူဒါန်းခြင်းအမှုသည် အချင်းချင်းရိုင်းပင်းခြင်း၊ ကောင်းမှုပြုခြင်းပင် ဖြစ် ပါသည်။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ ဥစ္စာပစ္စည်းတို့အား သူတစ်ပါး တို့နှင့် ဝေမျှစားသုံးခြင်းသည် မှန်သောတွေးခြင်းမှလာသော ကောင်းသောအလုပ်ဖြစ် ၏။ မိမိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် သေလျှင်ထားခဲ့ရမည်သာဖြစ်ပါ သည်။ ထို့ကြောင့် နိဗ္ဗာန်ကိုအလိုရှိသောဆန္ဒဖြင့် ကိုယ့်မှာရှိသော အသိပညာ၊ ဗဟုသု တ၊ အခွင့်အရေး၊ လာဘ်လာဘတို့ကို ကိုယ်ချည်း သုံးဆောင်မနေပဲ သူတစ်ပါးတို့ အားလည်း ဝေမျှသုံးဆောင်ခြင်းဖြင့် မိမိ၌ပါရမီကုသိုလ်အထူးတို့ ပါသွားမည်ဖြစ်ပေ သည်။ ရေတစ်ခွက်ပေးလှူသည်ဖြစ်စေ ထိုဒါနကောင်းမှုသည် နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်အောင် နိဗ္ဗာန်သို့ရည်မှန်း၍သာ ပေးလှူကြပါလေ။
သူတစ်ပါးတို့ ဆင်းရဲကြောင်းကိုသာ တွေးတောနေခြင်းသည် မျက်မှောက်ကာလ မိမိမှာပူလောင်နေရသလို သူတစ်ပါးတို့အတွက်လည်း အကျိုးရှိလာစရာ အကြောင်းမရှိ ပေ။ တစ်ယောက်နှင့် တစ်ယောက် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်း၊ အထင်သေး ခြင်းတို့ဖြင့်နေနေကြလျှင် ယခုဘ၀ အဘယ်သို့အကျိုးရှိအံ့နည်း။ သံသရာမှာဖြစ်ပေါ် လာမည့် ဆင်းရဲခြင်းအကြောင်းသာလျှင် ဖြစ်နေပေမည်။ ထို့ကြောင့် သူတစ်ပါးတို့ချမ်း သာကြောင်းကိုသာ အစဉ်တွေးတောနေပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာနေနိုင် အောင် ကျင့်ကြံသင့်လှပေသည်။
ဧကာယနောဟူသော တစ်ခုတည်းသောမသေရာလမ်း မဂ္ဂင်ရှစ်ပါးတရားတော် မြတ်ကြီးကို မြတ်ဗုဒ္ဓသည် ဟောကြားတော်မူခဲ့လေပြီ။ ထို့ကြောင့် ယခုလိုမဂ္ဂင်ရှစ်ပါး တရားတော်မြတ်ကြီးနှင့် ကြုံကြိုက်နေပါသော်လည်း မကျင့်ကြံမပွားများပဲနေနေကြ လျှင်ဖြင့် မိမိအတွက် ပေါ်ပေါက်လာသောလမ်းမဟုတ်ပဲ ဖြစ်နေပေမည်။ “ရန်သူဝိုင်း ထား၊ ထိုယောက်ျားကား၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။” ဆို သည့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ အဆုံးအမကဲ့သို့ ဖြစ်နေပေ မည်။ ထို့ကြောင့် လမ်းသွားချင်းပက်ပင်းဆုံနေတုန်း ငါကြံတာမှ အမှန်၊ ငါပြောတာမှ သဘောမိ၊ ငါလုပ်တာမှ အဟုတ်ဟူ၍လည်း အချင်းချင်းအငြင်းပွားမနေကြတော့ဘဲ မိမိ၌ရှိသော ကိလေသာတရားတို့ငြိမ်းအောင် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်သင့်လှ ပေပြီ။
မိမိ၏ ကောင်းမှန်သောကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှုတို့ဖြင့် အတူနေများဂုဏ် မြင့်အောင် ဆောင်ရွက်သင့်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ၏ဂုဏ်တို့ မြင့်မား လာမည်ဖြစ်ပြီး ထိုထို ကောင်းမှုတရားတို့ကို ပြန်လည်၍ အောက်မေ့လိုက်တိုင်းလည်း ပြန်လည်ဝမ်းမြောက်နေရပေမည်။ လူ့ဘ၀ဖြစ်ရ သမုဒ္ဒရာရေတစ်ပွက်မျှသာကြာတာမို့ ထာဝရချမ်းသာ မသေရာလမ်းကို အမြန်သာ လျှောက်လှမ်းကြပါကုန်။

(၃) အမှန်ပြောခြင်း
သမ္မာဝါစာ (သမ္မာ- မှန်သော၊ ၀ါစာ- ပြောဆိုခြင်း)ဟု အနက်ရှိ၏။ လောက၌ ဆို
၌ ပြောဆိုကြသောစကားတို့မှာ ခြောက်မျိုးရှိကြကုန်၏။ ထိုသို့ ပြောဆိုကြသော စကား တို့မှာ-
(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိသောစကား၊
(၂) ဟုတ်တော့ဟုတ်သည်၊ သူတစ်ပါးက မနာလို၊ အကျိုးလည်းမရှိတဲ့စကား၊
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး နာလိုသောစကား၊
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်း နာလို၏၊ အကျိုးမရှိသောစကား၊
(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါး မနာလိုသောစကား၊
(၆) ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား
တို့ဖြစ်ကြပါသည်။ ထိုသို့ပြောဆိုကြသော စကားခြောက်ခွန်း၌ ဘုရားရှင်နှင့် သူတော် ကောင်းအရိယာပုဂ္ဂိုလ်တို့သည် နံပါတ် (၅) နှင့် (၆) နှစ်ခွန်းကိုသာ ပြောဆိုကြပါသည်။ စကားခြောက်ခွန်းရှိသော်လည်း နှစ်ခွန်းကိုသာပြောဆိုသင့်ကြောင်းကို “စကားခြောက် ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။” ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုခဲ့ကြပေ သည်။
မြတ်စွာဘုရားရှင်သည် “ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူ တစ်ပါး မနာလိုသောစကား”ကို ပြောဆိုရာ၌ ဇွတ်ပြောဆိုသည်ကား မဟုတ်ပါပေ။ အချိန်ကာလကိုကြည့်၍ပြောဆို၏။ ဘယ်သို့သောအချိန်လဲဟုဆိုလျှင် လေးဘက် ထောက်သွားသော ထိုင်တတ်စအရွယ် အသိဉာဏ်မရှိသေးသော ကလေးငယ်တစ် ယောက်သည် ကွဲရှနေသော အိုးခြမ်းပဲ့တို့ကို စားစရာအမှတ်ဖြင့် ၀ါးမျိုရန် ပါးစပ် အတွင်းသို့ ထည့်နေရာ၌ ကလေးငယ်၏ဖခင်သည် ထိုအချင်းအရာကို မြင်၍ ကလေး၏ ပါးစပ်အတွင်းမှ အိုးခြမ်းပဲ့တို့ကို အမြန်ဆုံးထုတ်ပေးခြင်းကို ကလေးငယ်သည် သူ၏ စားစရာအမှတ်ထင်ထားသော အရာတို့ကို ဖခင်ကထုတ်ပေးရာ မကြိုက်၍ငိုသော်လည်း ဖခင်က မိမိ၏သားငယ်သည် မနှစ်သက်သောကြောင့် ငိုခြင်းကို ဂရုမမူတော့ပဲ အသက် မသေဘို့သာ အရေးကြီးသည်ဖြစ်သောကြောင့် အချိန်ကာလကိုမလင့်စေပဲ ပြုမူသကဲ့ သို့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လည်း သံသရာ၌ ဆင်းရဲဒုက္ခရောက်နေကြသော ပုထုဇဉ်တို့သည် ဆုံးမစကားတို့ကို မကြိုက်မနှစ်သက် သော်လည်း အချိန်ကာလကိုကြည့်တော်မူပြီး ဆုံးမတော်မူခြင်းဖြစ်၏။
မြတ်စွာဘုရားရှင်သည် “ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား” ကိုတော့ သတ္တ၀ါတို့၏စိတ်သည် ယခုအချိန်မှာ ကောင်းသော်လည်း နောင်အချိန်၌ မကောင်းတတ်ခြင်း၊ မကောင်းမှု၌သာ မွေ့လျော်မှုများခြင်းတို့ကြောင့် သတ္တ၀ါတို့၏စိတ် ကောင်းနေသောအချိန်၌ အချိန်ကာလကို မစိုင်းငန့်ပဲ ဟောကြား တော်မူခြင်းဖြစ်၏။ မှန်ကန်သော သစ္စာတရားတို့ကို သတ္တ၀ါတို့၏အကျိုးကို လိုလား တော်မူသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မှန်သောစကား တို့ကိုသာ ဆိုခဲ့တော်မူခြင်း သစ္စာပါရမီတော်မြတ်ကို မဖောက်မပြန် ဖြည့်ကျင့်တော် မူခဲ့ခြင်းဖြစ်ပေသည်။
သမ္မာဝါစာဖြစ်အောင် ပြောဆိုရာ၌ မှန်ကန်တဲ့စကားဖြစ်လျှင် ပြီးရောဟူ၍ မမှတ် ယူသင့်ပေ။ မျက်လုံးကန်းနေ၍ အားငယ်နေသော ပုဂ္ဂိုလ်တစ်ယောက်အား ငကန်းဟူ၍ ခေါ်လျှင် သင့်လျော်မည်မဟုတ်ပေ။ တဖန် ယဉ်ကျေးစွာလည်း ပြောဆိုတတ်ရပါမည်။ ယဉ်ကျေးစွာပြောဆိုခြင်းဖြင့် သူတစ်ပါးတို နာဝင်ချိုသာသောကြောင့် မိမိ၏မှန်ကန် ကောင်းမွန်သော အကြံအစည်တို့ အောင်မြင်ပြီးမြောက်မည်ဖြစ်ပါသည်။ ချိုတော့ ချိုသာ၏၊ ကောင်းကျိုးဖြစ်အောင် မပြောဆိုပဲ သူတစ်ပါးအား ချိုချိုသာသာဖြင့် နှိပ် ကွပ်ပြောဆိုတတ်သောစကားမျိုးတို့ကို ရှောင်ကြဉ်ရပေမည်။ ထို့ကြောင့် ကောင်းကျိုး ဖြစ်အောင် ပြောဆိုတတ်ရန်လည်း လိုအပ်ပါသည်။ တချို့သောစကားတို့သည် မိမိ ပြောဆိုလိုက်သောကြောင့် တစ်ဦးနှင့်တစ်ဦး မညီညွတ်တော့ပဲ ခိုက်ရန်ဖြစ်သွားစေ သော စကားမျိုးလည်း ရှိတတ်ပေသည်။ ထိုသို့သော စကားမျိုးမှာ မှန်လည်းမှန်၊ ယဉ်လည်းယဉ်ကျေးသော်လည်း အခြားသူနှစ်ဦးတို့၏ တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာတရားတို့ကို ပြိုကွဲပျက်စီးစေတတ်သောကြောင့် ရှောင်ကြဉ်သင့် ပေသည်။ ထို့ကြောင့် သူနှစ်ဦးတို့ ညီညွတ်စေသောစကားမျိုး၊ မညီမညွတ်ဖြစ်နေသောသူတို့အား ညီညွတ်စေသော၊ အားဖြည့်ပေးသော စကားတို့ကို ပြောဆိုကြရပါမည်။
တဖန်လည်း အချိန်ကာလ၊ ရောက်ရှိနေသော အရပ်ဒေသနှင့် နားထောင်သူတို့ ၏ အခြေအနေ၊ လက်ခံနိုင်မှုကိုလည်း ကြည့်ပြီးပြောဆိုတတ်ရပါမည်။ အချိန်မတန် သေးပဲ ပြောဆိုမိလျှင် အမှားကို လမ်းပြမိတတ်ခြင်း၊ အကျိုးကိုထိရောက်အောင် မဆောင်ရွက်နိုင်တော့ပဲ အခက်အခဲနှင့် ရင်ဆိုင်ရတတ်ခြင်း ဖြစ်တတ်ပေသည်။ အရပ် ဒေသက လက်မခံနိုင်သောစကားမျိုးကို ပြောဆိုခြင်းဖြင့် တန်ဘိုးရှိသော စကားပင်ဖြစ် သော်လည်း ၀ိုင်း၍ဟားတိုက်ခံရလျှင် “ထောင်တန်တဲ့ စကား ရယ်ပေါ့” ဖြစ်တတ်ပေ သည်။ ပုဂ္ဂိုလ်ကိုလည်းကြည့်ပြီး ပြောဆိုတတ်မှ သင့်လျော်ပေမည်။ “က၊ ခ” (ကကြီး၊ ခကွေး)ပင် မတတ်သေးသော ကလေးငယ်အား ပရိတ်ကြီးပါဠိကို သင်ပေးနေ၍ မသင့် တော်လှပေ။ မိမိ၏ တတ်စေချင်လှ၊ တော်စေချင်လှသောစေတနာသည် မည်မျှပင်ကြီး မားနေသော်လည်း အမောသာ အဖတ်တင်နေမည် ဖြစ်ပေသည်။
နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးကတော့ လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့သည် တစ်သံသရာ လုံး၌ သညာဝိပလ္လာသ (အမှတ်မှား)၊ ၀ိဇ္ဇာဝိပလ္လာသ (အသိမှား)၊ ဒိဋ္ဌိဝိပလ္လာသ (အယူ မှားခြင်း)တို့ဖြင့် ကျင်လည်လာခဲ့ခြင်းကြောင့် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးကြကုန် သော ဘုရားအဆူဆူတို့နှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရခြင်းမှာ ထိုအမှားသုံးချက် မလွတ်ခဲ့ သောကြောင့်ဖြစ်၏။ ထိုသို့မှားယွင်းသောစကားမျိုး၊ လွဲချော်သောစကားမျိုးကို ပြောဆို မိခြင်းကြောင့် တစ်ခြားသူတို့ တလွဲမှတ်ယူသွားပြီး လိုက်နာလုပ်ဆောင်နေကြပြီ၊ ကျင့် ကြံနေကြပြီဆိုလျှင် မိမိ၌ ကြီးလေးသောအပြစ်တို့ ကျရောက်လာမည်ဖြစ်သည်။ အမှား တကာ့ အမှားတို့တွင် အယူမှားခြင်းသည် အမှားဆုံးသော မှားခြင်းဖြစ်၏။ ထို့ကြောင့် မိမိကိုယ်တိုင် အယူမှန်အောင် ကျင့်ကြံပြီး အယူမှန်စကားတို့ကို ပြောဆိုတတ်မှသာ လျှင် တခြားသူတို့ အမှတ်မှန်၊ အသိမှန်၊ အယူမှန်ကြမည်ဖြစ်သောကြောင့် သမ္မာဝါစာ မဂ္ဂင်ကို ပြည့်ဝစွာကျင့်ကြံသွားနိုင်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စွာမျက်မှောက်ပြုနိုင်ကြမည်ဖြစ် ပေသည်။

(၄) အမှန်ပြုလုပ်ခြင်း
သမ္မာကမ္မန္တ (သမ္မာ- မှန်သော၊ ကမ္မန္တ- ပြုလုပ်ခြင်း)ဟု အနက်ရှိ၏။ ထို့ကြောင့် အမှန်မကန် မှားယွင်းသော အလုပ်တို့ကို ရှောင်ကြဉ်ပြီး မှန်ကန်ကောင်းမွန်သောအလုပ် တို့ကို ပြုလုပ်ခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ကြရပါမည်။ မှန်ကန်သော ပြုလုပ် ခြင်းတို့မှာ-
(၁) သူတစ်ပါးတို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) သူတစ်ပါးတို့၏ဥစ္စာတို့ကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမဂုဏ်တရားတို့ကို ဖောက်ပြန်မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်ခြင်း
ဟူသောအလုပ်တို့သည် မှန်ကန်ကောင်းမွန်သောအလုပ်တို့ဖြစ်ကြပါသည်။ ထိုသို့ရှောင် ကြဉ်ခြင်းနှင့်အတူ သူ့အသက်ကို ကယ်ဆယ်ခြင်း၊ သူ့ဥစ္စာကို စောင့်ရှောက်ခြင်း၊ ကာမ ဂုဏ်တရားတို့ကို မှားယွင်းစွာကျင့်ကြံနေသူတို့အား လမ်းမှန်သို့ရောက်အောင် အမြင်မှန် ပေးခြင်း၊ စောင့်ရှောက်ခြင်း စသည်တို့ကိုလည်း မိမိ၏တတ်စွမ်းသမျှသော ၀ီရိယ၊ ပညာ တရားတို့ဖြင့် သူတစ်ပါးတို့အတွက် ခွဲဝေဖြန့်ထုတ် ပြုလုပ်ကြရမည်ဖြစ်၏။
သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခြင်းသီလတရား သည် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓတိုင်း၏ ရဟန်းတော်တို့အား ဟော ကြားလေ့ရှိသည့် သြ၀ါဒပါတိမောက္ခဒေသနာမှ ပထမဂါထာတော် အဆုံးအမဖြစ်ပါ သည်။ ရဟန်းတော်တို့အား ဆုံးမတော်မူသော်လည်း လူသားတိုင်း လိုက်နာသင့်သော အဆုံးအမတရားဖြစ်ပါသည်။ ၎င်းမှာ-
ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
နဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ၀ိဟေဋ္ဌယန္တော။
ဟူ၍ဖြစ်၏။
ထိုဂါထာမှ အောက်ဆုံးစာကြောင်းနှစ်ကြောင်း၏ အဓိပ္ပာယ်မှာ- “ပရူပဃာတီ- တစ်ပါးသော သတ္တ၀ါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော- ရဟန်းသူမြတ်သည်၊ န ဟောတိ- မဖြစ်နိုင်ပေ။ ပရံ- သူတစ်ပါးကို၊ ၀ိဟေဋ္ဌယန္တော- ညှင်းဆဲနှိပ်စက်သောသူ သည်၊ သမဏော- ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းသူမြတ်သည်၊ နဟောတိ- မဖြစ်နိုင်ပေ။” ဤသို့ဘုရားရှင်တိုင်း ဆုံးမတော်မူသော သူတစ်ပါးအား သတ် ဖြတ်ခြင်းအမှုကို ရှောင်ကြဉ်ခြင်းသည် မှန်ကန်ကောင်းမွန်သောအလုပ်ကိုပြုလုပ်ခြင်း သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ခြင်းပင်ဖြစ်ပါသည်။
အတိတ်၌ သူတစ်ပါးစည်းစိမ်ဥစ္စာတို့ကို ခိုးယူခဲ့ခြင်း မမှန်ကန်သောအမှုကို ပြု လုပ်ခဲ့သူတို့သည် ယခု၌ ငတ်မွတ်ခေါင်းပါးမှုဆင်းရဲနှင့် တွေ့ကြုံကြရ၏။ သူတစ်ပါးတို့၌ လွန်စွာပေါကြွယ်ငြားသော်လည်း မိမိ၌ရှားပါးလာဘ်တိတ်နေခြင်းမှာ ထိုမကောင်းသော ခိုးဝှက်မှုပြုလုပ်မိခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ တဖန် ပေါကြွယ်ဝစွာ ရှိငြားသော်လည်း ဥစ္စာ ပစ္စည်းတို့သည် ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုးစသည့် ရန်သူမျိုး ငါးပါးတို့ကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရပြန်၏။ ထိုသို့သော ဆိုးကျိုးအပြစ်တို့အား သံဝေဂယူပြီး သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရပေမည်။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာတို့ မပျက်ဆီးမဆုံးရှုံးအောင် တတ်စွမ်းသမျှ စောင့်ရှောင်ပေး ခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ရာ၏။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့စသော ကာမဂုဏ်တရားတို့ကို မှား ယွင်းစွာမှီဝဲခြင်းဖြင့် သတ္တ၀ါတို့သည် သံသရာ၌ အဖန်ဖန်ကျင်လည်ကြရ၏။ အန္ဓပုထု ဇဉ်တို့သည် ကာမဂုဏ်တရားတို့ကို အ၀ိဇ္ဇာ(မသိမှု) ဦးစီး၍ တဏှာ(လိုချင်မှု)ဖြင့် သုံး ဆောင်ကြ၏။ ငါ၊ ငါ့ဥစ္စာဟူသော ဒိဋ္ဌိဖြင့်လည်း ကပ်ငြိတွယ်တာကြကုန်၏။ ကုသိုလ် အကျိုးပေးကြောင့် ရရှိလာသော ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ ကျော်ကြားမှုစသည်တို့ကို ဒုက္ခသစ္စာဟူ၍ အမှန်မမြင်နိုင်ပဲ ထောင်လွှားတက်ကြွ မာန်မာနရှိနေကြပြန်၏။ ဤသို့ သော ကိလေသာတို့ဖြင့် ကာမဂုဏ်တို့ကို ဖောက်ပြန်မှားယွင်းစွာ ကျင့်ကြံနေကြခြင်းကြောင့် သံသရာမှ ရုံးမထွက်နိုင်ပဲ အဖန်ဖန်ကျင်လည် နေကြရခြင်းဖြစ်ပေသည်။
ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာမသုံးဆောင်မိအောင် အမှန်မြင်ခြင်း(သမ္မာဒိဋ္ဌိ) ရှိကြရပါမည်။ ဖလသမ္မာဒိဋ္ဌိမရသေးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့ကို ကမ္မ သကတာသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိတို့ဖြင့် မှန်ကန်စွာသုံးဆောင်နိုင် အောင် ကျင်ကြံကြိုးကုတ် အားထုတ်ရာ၏။ သို့မှသာ ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာ ကျင့်ကြံခြင်း မကောင်းသောပြုလုပ်မှုတို့ကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါသည်။ အမြင်မှန် သမ္မာဒိဋ္ဌိဖြင့် ကာမဂုဏ်တို့ကို သုံးဆောင်ခြင်းသည် ၎င်းကို မှားယွင်းစွာကျင့်ကြံခြင်းမှ ရှောင်ကြဉ်နေသည်ဖြစ်ခြင်းကြောင့် မှန်သောပြုလုပ်ခြင်း (သမ္မာကမ္မန္တမဂ္ဂင်) အကျင့် မြတ်ကို ဖြည့်ကျင့်နေခြင်းပင်ဖြစ်၏။ ဤသို့ စဉ်ဆက်မပြတ် ဖြည့်ကျင့်ခြင်းဖြင့် ဒုက္ခ အပေါင်းရပ်၍ မသေဓာတ်တရားသည် လျှင်မြန်စွာဆိုက်ရောက်လာမည်ဖြစ်ပေသည်။

(၅) အမှန်အသက်မွေးခြင်း
သမ္မာအာဇီဝ (သမ္မာ- မှန်ကန်သော၊ အာဇီဝ- အသက်မွေးခြင်း)ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန်မကန် ဖောက်ပြန်မှားယွင်းသော အသက်မွေးဝမ်းကြောင်းတို့ကို ရှောင် ကြဉ်ရမည်ဖြစ်ပါသည်။ ဓမ္မတို့သည် စိတ်လျှင် ရှေ့သွားရှိသည်ဖြစ်၍၊ စိတ်လျှင် အကောင်အထည်ရှိသည်ဖြစ်၍၊ စိတ်လျှင် အကြီးအမှူးရှိသည်ဖြစ်၍ မကောင်းသော စိတ် ရှေ့သွားဖြင့် အသက်မွေးဝမ်းကြောင်းမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတစွာအသက် မွေးခြင်းဖြင့် သမ္မာအာဇီဝမဂ္ဂင်ကို ဖြည့်ကျင့်ကြရမည်ဖြစ်၏။
မိမိ၏ အကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ အကျိုးစီးပွားတို့အား ဆုတ်ယုတ်စေ သော အသက်မွေးဝမ်းကြောင်းတို့ဖြင့် အသက်မမွေးသင့်ပေ။ လောက၌ ကိုယ်ပိုင်ဥစ္စာ ပစ္စည်းဟူသည် အရှိပေ။ သို့သော် မိမိပြုလုပ်ထားသော ကံတရားတို့ကို ကိုယ်ပိုင်ဟူ၍ မှတ်ယူရပေမည်။ ထိုသို့ မှတ်ယူရာ၌လည်း ဒိဋ္ဌိဖြင့်မှတ်ယူခြင်းကို မဆိုလို။ ပညာဖြင့် မှတ်ယူခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပေသည်။ မိမိ ပြုလုပ်သောကံတရားတို့သည် အရိပ် ကဲ့သို့ အစဉ်တစိုက် လိုက်နေသောကြောင့် ဒီဘ၀ ချမ်းချမ်းသာသာနေရပြီးရောဟူ၍ မိစ္ဆာအာဇီဝ (မှားယွင်းသောအသက်မွေးခြင်း)ဖြင့် ဒီဘ၀တစ်နပ်စာ အတွက်သာကြည့် ပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့နေကြလျှင်ဖြင့် သံသရာဆင်းရဲ အခါခါနွှဲနေကြရမည် ဖြစ်၏။
စီးပွားဥစ္စာရှာကြရာ၌ ကာမဂုဏ်တရားတို့ကို မပယ်ရသေးသော အရိယာတို့ သည်ပင် ရှာကြပါသည်။ သို့သော် အရိယာသူတော်ကောင်းတို့သည် မိစ္ဆာအာဇီဝတို့ဖြင့် ကား စီးပွားမရှာတော့ပေ။ အရိယာသူတော်စင်များ ရှောင်ကြဉ်ကြသော၊ မြတ်ဗုဒ္ဓလည်း တားမြစ်တော်မူထားသော လူသားအားလုံး ရှောင်ကြဉ်ကြရမည့် မိစ္ဆာအာဇီဝငါးမျိုးတို့ မှာ-
(၁) သတ္တ၀ါတို့ သေစေနိုင်သော အဆိပ်များကို ကုန်ကူးခြင်း၊
(၂) သတ္တ၀ါတို့ သေစေနိုင်သော လက်နက်များကို ကုန်ကူးခြင်း၊
(၃) သတ္တ၀ါတို့အား မေ့လျော်ရန်အကြောင်းဖြစ်သော မူးယစ်စေသည့်ပစ္စည်းများ၊
သေရည် သေ ရက်များကို ကုန်ကူးခြင်း၊
(၄) သားငါးများကို ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများကို ကုန်ကူးခြင်း
တို့ဖြစ်ပါ သည်။
ထိုငါးမျိုးသော အသက်မွေးဝမ်းကြောင်းတို့ဖြင့် အသက်မွေးမြူခြင်းသည် မှား ယွင်း၏။ ယုတ်ညံ့၏။ မိမိတို့၏ဘ၀ကို မွန်မြတ်တောက်ပြောင်ချင်လျှင် ထိုမိစ္ဆာအာဇီဝ ငါးမျိုးကို ရှောင်ကြဉ်ရပါမည်။ ထိုသို့စီးပွားရှာပြီး စီးပွားပြည့်စုံစွာဖြင့် နေရငြားသော် လည်း ဘ၀ကားညစ်နွမ်းနေ၏။ ယခုတင်မက နောင်၌လည်း အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားကြရပေဦးမည်။ ထို့ကြောင့် သတိကြီးစွာဖြင့် “ကံ ကံ၏အကျိုး” ကို ဆင်ခြင်သင့်ပေ သည်။
မိစ္ဆာအာဇီဝငါးမျိုးဖြင့် စီးပွားရှာပြီး ယခုဘ၀ချမ်းသာကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် ၎င်းဖြင့် ချမ်းသာသည်ကားမဟုတ်ပေ။ ရှေး၌ပြုလုပ်ခဲ့သော ကုသိုလ်တရားတို့ ၏ အကျိုးပေးသာဖြစ်ပါသည်။ ကံအကျိုးပေးရာ၌ လေးမျိုးဖြင့် အကျိုးပေးခွင့်ရှိ၏။ ၎င်း တို့မှာ-
(၁) ဂရုကကံ- ကြီးလေးစွာ ပြုလုပ်ထားသောကံက အခြားကံတို့ကို အကျိုး ပေးခွင့်မပြုပဲ ၎င်းကံကသာ သေချာပေါက်အကျိုးပေးသော ကံ၊
(၂) အာသန္နကံ- သေခါနီး၌ ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၃) အာစိဏ္ဏကံ- အမြဲပုံမှန် ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၄) ကဋတ္တာကံ- ရှေး၌ပြုသောကံတို့က နောင်တတိယဘ၀မှ အစပြု၍ နိဗ္ဗာန် မရမချင်း အခွင့်သာတိုင်း အကျိုးပေးသောကံဟူ၍ ကံအကျိုး ပေးပုံ လေးမျိုးရှိကြ၏။ မိစ္ဆာအာဇီဝဖြင့် စီးပွားရှာပြီး ချမ်းသာ ခြင်းမှာ အစိဏ္ဏကံက အကျိုးမပေးသေးပဲ ကဋတ္တာကံက အကျိုးပေးခြင်းသဘောကိုလည်း မှန်ကန်စွာနားလည်ထားရ ပေမည်။
ထိုသို့ ကံအကျိုးပေးပုံလေးမျိုးကို နားလည်ကြပြီး ကောင်းတာလုပ်လျှင် ကောင်း ကျိုး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးပေးခြင်းကို သက်ဝင်ယုံကြည်သော ကမ္မ သက္ကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသည်ဖြစ်၍ မိစ္ဆာအာဇီဝငါးမျိုးကိုရှောင်ကြဉ်ကာ သမ္မာအာ ဇိဝမဂ္ဂင်တရားတော်မြတ်ကို ဖြည့်ကျင့်ကြပါလေ။

(၆) အမှန်အားထုတ်ခြင်း
သမ္မာဝါယာမ (သမ္မာ- မှန်ကန်သော၊ ၀ါယာမ- အားထုတ်ခြင်း)ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန်ကန်သော၊ မှားယွင်းသောအားထုတ်ခြင်းဝီရိယကို ပယ်သတ်ရမည်ဖြစ် ၏။ မှားယွင်းသောဝီရိယကို အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ဆင်းရဲပြီး ၀ီရိယအား နည်းသူ ချမ်းသာ၏။ မှန်ကန်သောဝီရိယကို အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ချမ်းသာ ပြီး ၀ီရိယအားနည်းသူ ဆင်းရဲ၏။ ထို့ကြောင့် မိမိအားထုတ်နေသောဝီရိယသည် မှန် သောအားထုတ်ခြင်းလော၊ မှားယွင်းသောအားထုတ်ခြင်းလော ဉာဏ်ဖြင့်ဆင်ခြင်သုံး သပ်ရမည်ဖြစ်၏။
ဆင်းရဲခြင်းကို လူတိုင်းမလိုလားကြသော်လည်း အားထုတ်နေသည်မှာ ဆင်းရဲ ကြောင်းဝီရိယသာ ဖြစ်နေတတ်ကြပေသည်။ ပုဂံသို့ ရောက်ချင်သော်လည်း ပုဂံကို ကျောခိုင်းပြီး ပြေးနေသူနှင့် တူနေပေသည်။ ထို့ကြောင့် မှန်ကန်သောဝီရိယတို့ကို သိပြီး လိုက်နာကျင့်ကြံမှ ချမ်းသာခြင်းကို မလွဲမသွေရကြပေမည်။ တရားကို ကျင့်ကြံဘို့ တရားကို အရင်ဆုံးဆောင်ထားဘို့လိုအပ်၏။ သဘောပေါက်ဘို့လည်းလိုအပ်၏။ ထို့ ကြောင့် မှန်ကန်သောဝီရိယအားထုတ်ခြင်းသဘောကို ရှင်းလင်းစွာနားလည်ပြီး အချိန် တိုင်း အားထုတ်သွားကြရပါမည်။
မှန်သောအားထုတ်ခြင်းတို့မှာ သမ္မပ္ပဓာန်လေးပါးတရားတို့ပင် ဖြစ်၏။။ ၎င်းတို့ မှာ-
(၁) မဖြစ်သေးသော ဒုစရိုက်တရားတို့ကို မဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၂) ဖြစ်ပြီးကုန်သော ဒုစရိုက်တရားတို့ကို ပယ်ဖျက်ခြင်းငှာ အားထုတ်ခြင်း၊
(၃) မပြုရသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၄) ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါန၊ သီလ၊ ဘာဝနာအစရှိသော ကုသိုလ်တရား

တို့ကို အဆင့်ဆင့် တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ကြပေသည်။
အတိတ်၌ ဒုစရိုက်တရားတို့ကို ပြုလုပ်မိခဲ့လေခြင်း၊ ကုသိုလ်တရားတို့ကို မပြု လုပ်မိခဲ့လေခြင်းဟူ၍ ပူလောင်နေသောသဘောသည် ကုက္ကစ္စကိလေသာတရားပင်ဖြစ် ၏။ ထိုသို့ ပူလောင်နေခြင်းဖြင့် မိမိ၌ ဘာအကျိုးမှမဖြစ်ပဲ အကုသိုလ်တရားတို့သာလျှင် ထပ်မံ၍ တိုးလို့နေပေသည်။ ဖြစ်မလာသေးသော ဒုစရိုက်တရားတို့ကို ကြိုတင်တွေး တောပူလောင်နေခြင်းသည်လည်း အကုသိုလ်တရားပင်ဖြစ်၏။ ထို့ကြောင့် ဖြစ်မလာ သေးသော ဒုစရိုက်တရားတို့ကို ကြိုတင်တွေးတောမနေပဲ ကြုံတွေ့လာလျှင် မြွေပွေး ရှောင်သကဲ့သို့ရှောင်ပြီး ဖြစ်ပြီးကုန်သော ဒုစရိုက်တရားတို့ကိုလည်း နောက်ထပ်မဖြစ် အောင်သာလျှင် အားထုတ်ခြင်း သမ္မာဝီရိယကို ဖြည့်ကျင့်ကြရပါမည်။
“ကုသလံ အန၀ဇ္ဖသုခ ၀ိပါကလက္ခဏံ”- ကုသိုလ်တရားသည် အပြစ်ကင်းပြီး ချမ်းသာသော အကျိုးကိုပေးသောလက္ခဏာဖြစ်၏။ ထို့ကြောင့် ချမ်းသာကိုအလိုရှိ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားကို အလိုရှိသူဖြစ်ရပါမည်။ ထိုသို့ချမ်းသာခြင်းကို ပေး တတ်သောကုသိုလ်တရားတို့၌ ယခုလို ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနာ တော်နှင့် တွေ့ကြုံနေခိုက်တွင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာရအောင် ကြိုးစားအားထုတ်မှ သာလျှင် သာသနာတော်နှင့် တွေ့ကြုံရကျိုး၊ လူဖြစ်ရကျိုးနပ်ပေမည်။
အတိတ်က အ၀ိဇ္ဇာ၊ တဏှာတည်းဟူသော အကြောင်းတရားတို့ကြောင့် ယခု၌ ဒုက္ခသစ္စာကို ရရှိနေကြပေသည်။ ဤသို့ဖြင့် ပုထုဇဉ်အဖြစ် ကျင်လည်နေရသော သံသ ရာသည် ကြာညောင်းခဲ့လေပြီ။ ဒုက္ခဆင်းရဲတို့နှင့် ပြည့်နှက်နေပြီး အသွင်အမျိုးမျိုးဖြင့် အကြိမ်ကြိမ်သေခဲ့ရလေပြီ။ အ၀ိဇ္ဇာမျက်နှာဖုံးဖြင့် ချမ်းသာတု၊ ချမ်းသာယောင်တို့ကို လည်း ချမ်းသာအစစ်ထင်မှတ်ပြီး တခုံမင်မင်ဖြင့် ပုံတင်ကာခံစားခဲ့ပေပြီ။ ထို့ကြောင့် ပုထုဇဉ်အမိုက်ဇာတ် ဒီဘ၀အပြီးသတ်မှ တော်ပေမည်။
ပုထုဇဉ်တို့ မခံစားဘူးသေးသောချမ်းသာမှာ မဂ်ဖိုလ်ချမ်းသာသာ ကျန်တော့၏။ ထို့ကြောင့် ရှိထားပြီးသော ကုသိုလ်တရားတို့ကိုလည်း ပြုလုပ်နေကျအတိုင်း ထိန်းထား ပြီး မိမိ၌မဖြစ်ပေါ်သေးသော ကုသိုလ်တရားများဖြစ်ကြသည့် သောတာပတ္တိမဂ်ဖိုလ်မှ အစပြု၍ အရဟတ္တမဂ်ဖိုလ်သို့တိုင် ရရှိခံစားနိုင်အောင် သမ္မာဝီရိယကို ကျင့်ကြံကြိုးစား အားထုတ်ကြပါကုန်။
(၇) အမှန်သတိရှိခြင်း
သမ္မာသတိ (သမ္မာ- မှန်သော၊ သတိ- အမှတ်ရခြင်း၊ သတိရှိခြင်း)ဟု အနက်ရှိ၏။ အကုသိုလ်နှင့်ယှဉ်သော တရားတို့အပေါ်၌ အမှတ်ရခြင်း၊ သတိဖြစ်နေခြင်းမှာ မှားသော သတိဖြစ်၏။ ကုသိုလ်တရား၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို အမှတ်ရခြင်းမှာ မှန်သော သတိဖြစ်၏။ သတိသည် အလုံးစုံသော တရားတို့၏ အချုပ်လည်းဖြစ်၏။ ကုသိုယ်တရား တို့၌ အမြဲမွေ့လျော်နိုင်ရန် သတိတရားသည် လွန်စွာအရေးကြီးလှပေသည်။
မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုတော်မူခါနီးမှာပင် သတိတရားရှိနှင့်ဘို့ အရေးအကြီး ဆုံး မှာကြားတော်မူခဲ့၏။ ၎င်းမှာ “ငါ၏ ချစ်သား၊ ချစ်သမီးတို့… ယခုအချိန်၌ သင်တို့ အား ငါဘုရား မှားကြားတော်မူခဲ့မည်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်ဆီးခြင်းသ ဘော ရှိကြကုန်၏။ သင်တို့သည် မမေ့လျော့သော ကောင်းသောသတိတရားနှင့် ပြည့်စုံ ၍ နေရစ်ကြကုန်လော့” ဟူ၍ဖြစ်၏။ ဤမျှ အရေးတကြီးမှာကြားတော်မူခဲ့သော သတိ တရားကို မြဲစွာလက်ကိုင်ထားရမည်ဖြစ်၏။ ရခဲလှသော လူ့ဘ၀၊ ကြားနာရခဲလှသော သူတော်ကောင်းတရား၊ တွေ့ကြုံရခဲလှသော ဗုဒ္ဓသာသနာ၊ ပြည့်စုံခဲလှသော သဒ္ဓါ တရား၊ ဖြစ်ခွင့်ရခဲလှသော ရဟန်းဘ၀ဟူ၍ ရခဲလှခြင်း ဒုလ္လဘတရားငါးပါး နှင့် ကြုံကြိုက်နေပါလျက် မေ့လျော့ပေါ့ဆ မနေသင့်လှပေ။ သေရေးကို မဆင်ခြင် နေရေး သာ ပြင်ဆင်၍ ဇရာယဉ် အလျှင်စီးလို့ သတိတရား မေ့နေလျှင်ဖြင့် လူ့ဘ၀အဖြစ်ရှုံး အပါယ်မှာ စုန်းစုန်းမြုပ်ရပေရပေလိမ့်မည်။ ထို့ကြောင့် သတိသမ္ပဇဉ် အစဉ်မှီး၍ မဂ္ဂင် ယာဉ် အမြန်စီးသင့်လှပေသည်။
ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး၏ သတိဖော်ပြ ဆုံးမစာဖြစ် သည့်-
ငါးအာရုံအင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို၊
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မလိုက်ချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
ဟူသည့် သတိပေးသည့်အတိုင်း ကာမဂုဏ်ငါးပါးဖြင့်သာ အချိန်ကိုမကုန်လင့်စေပဲ ကုသိုလ်အဟုန် အရှိန်ကုန် မြှင့်စေသင့်ပေသည်။
ထို့ကြောင့် သမ္မာသတိ မြဲစွာရှိ၍ ပညာဖြင့် မှန်စွာသိသင့်လှ၏။ သတိ၏ လက္ခ ဏာများမှာ-
(၁) စိတ်ကို အာရုံ၌ ခိုင်ခံ့စေသောသဘော၊ တည်တံ့စေသောသဘော၊
(၂) တွေတွေဝေေ၀ မှိုင်မှိုင်ငေးငေး မရှိခြင်းသဘော၊
(၃) စိတ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်သောသဘော၊
(၄) သညာတွေကို မြဲမြံတည်တံ့စွာ ထားနိုင်သောသဘော
ဟူ၍ရှိ၏။ တဖန် သတိ၏လက္ခဏာများမှာ-
(၁) ကာယကံ၊ ၀စီကံ၊ မနောကံဒုစရိုက်တွေကို ထိန်းသောအနေဖြင့် စောင့်ကြည့်သည့်သဘော၊
(၂) နိုင်နိုင်ကြီးကြည့်ပြီး တစ်နေရာတည်းမှာ ရှိနေအောင် ချည်ထားနိုင်သောသဘော၊
(၃) ငုပ်လျှိုးနေသောအရာတွေကို ဖော်ထုတ်သောသဘော
လက္ခဏာများရှိပေသည်။ ထွက်လေ၀င်လေကိုမှတ်ခြင်းသည် သတိတရား၊ ထွက်လေ၀င်လေအပေါ်၌ မြဲနေအောင် တည်ခြင်းသည်လည်း သတိတရား၊ ထွက်လေ၀င်လေပေါ်မှာ ဓာတ်လေး ပါးတွဲနေတာ ဖော်ထုတ်ပေးခြင်းသည် သတိတရားပင်ဖြစ်ပေသည်။ ထိုသို့ သတိသည် အသေးစိတ် ခွဲခြမ်းစိတ်ဖြာတတ်သော သဘောရှိသည်ဖြစ်၍ ‘သတိမမူ ဂူမမြင်၊ သတိမူမှ မြူမြင်ရ’ ဆိုသကဲ့သို့ ဖြစ်ပေသည်။
‘သတိဝေး ကလေးဖြစ်တော့သည်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအ တွေ့စသော ကာမဂုဏ်တရားတို့ ခံစားရာ၌ သတိမပါသူ၏ အာရုံခံစားမှုသည် မျက်မမြင် ထမင်းစားရာ မစားသင့်သည်များကိုလည်း မမြင်တော့သည့်ပမာဖြစ်၏။ သတိသည် အသိကိုကြိုးကိုင်နေသော မိဘအရာဝင်ဖြစ်ချေ၏။’ ဟူသည့် ကျေးဇူးတော်ရှင်မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သတိပေး ဆုံးမစာမှာလည်း လွန်စွာမှတ်သားဖွယ် ကောင်းလှပေသည်။
သမ္မာသတိသည် နိဗ္ဗာန်တံခါးကို ဖွင့်ပေးသည့် သော့နှင့်တူပေသည်။ သတိမပါ ဆားမပါဟင်း စားရသလိုဖြစ်၏။ ကြံသမျှ သတိမပါ၊ ပြောသမျှ သတိကွာ၊ ပြုသမျှ သတိဟာနေသူသည် ရှင်လျက်သေသောသူ၊ သေခါနီးကျ သောကပူ၊ တမလွန်ဘ၀ ဒုက္ခထူ၊ နိဗ္ဗာန်ကို ကျောခိုင်းသူပင်ဖြစ်တော့၏။ ထို့ကြောင့် သတိတရားလက်ကိုင်ထား ဘို့ အရေးကြီးပေသည်။ မိမိ၌သတိရှိဘို့ အကျင့်လေးပါး ရှိထားဘို့လိုအပ်၏။ သတိ ဖြစ်ချင်သူသည်-
(၁) သတိဖြစ်သူနှင့်ပေါင်းခြင်း၊
(၂) သတိဖြစ်စေသော တရားဓမ္မတို့ကို နာကြားခြင်း၊
(၃) သတိဖြစ်အောင်လုပ်ခြင်း၊
(၄) အရေးအကြီးဆုံးကတော့ သတိဖြစ်ချင်တဲ့စိတ်
ရှိရမည် ဖြစ်ပါသည်။
“နိဗ္ဗာန်အရေး၊ မျှော်ထောက်တွေး၍၊ နေရေးမခင်၊ သေရေးပြင်လော့၊ ဆင်ခြင်သတိ၊ မြဲစွာရှိမှ၊ ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊ မလပ်သတိ ရှိပါစေ။”

(၈) အမှန်တည်ကြည်ခြင်း
သမ္မာသမာဓိ (သမ္မာ- မှန်ကန်သော၊ သမာဓိ- တည်ကြည်ခြင်းဟု အနက်ရှိ၏။ မိ
မိ၏စိတ်ကလေး ပူ ညစ် နောက် ရှုပ်နေခြင်းသည် သမ္မာသမာဓိကင်း၍ဖြစ်၏။ သမ္မာ သမာဓိရှိနေချိန်၌မူ စိတ်ကလေးမှာ အေး သန့် ကြည် ရှင်းနေမည်ဖြစ်၏။ မကောင်းမှု၌ ပြေးသွားတတ်သောစိတ်ကို မစောင့်ရှောက်ပဲ လွှတ်ထားပါက သမာဓိမဖြစ်နိုင်ပေ။ သမာဓိဆိုသည်မှာ စိတ်ကို စည်းကမ်းသတ်မှတ်ခြင်းပင်ဖြစ်၏။ စိတ်ကို စည်းကမ်းမရှိ လွှတ်ထားလျှင် စိတ်သည် လွန်စွာပြန့်ကျဲနေ မည်ဖြစ်၏။
သမာဓိ၏အဓိပ္ပာယ်ကို ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ရပိုင်ခွင့်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါမည်။ “သမာဓိဆိုသည်မှာ မိမိ၏စိတ်ကလေး တည်ငြိမ်ပြီး ကြည်လင်မှုရှိနေခြင်းကိုခေါ်၏။ စိတ်မချမ်းသာလျှင် သမာဓိမဖြစ်ပေ။ သမာဓိ ရှိချင်လျှင် စိတ်ချမ်းသာမှုရှိရပါမည်။ စိတ်ချမ်းသာမှုရှိသည် ဆိုရာ၌လည်း တစ်ခြားမထင် နှင့်။ ကုသိုလ်စိတ်ဖြစ်နေခြင်းကို ဆို၏။ ကုသိုလ်စိတ်ဖြစ်မှ သမာဓိဖြစ်၏။ သမာဓိဖြစ်မှ လည်း စိတ်ချမ်းသာပေ၏။ ကုသိုလ်စိတ်မဖြစ်လျှင် သမာဓိမဖြစ်ပေ။ သမာဓိမဖြစ်လျှင် စိတ်ဆင်းရဲ၏။ စိတ်ဆင်းရဲခြင်းမှာလည်း ကိုယ်ရတာနှင့် ကိုယ်မကျေနပ်၍ဖြစ်၏။ ကိုယ့် ရပိုင်ခွင့်ကို ကိုယ်မကျေနပ်လျှင် စိတ်ဆင်းရဲရ၏။ မိမိရထားသော အခွင့်အရေး၊ လာဘ် လာဘ၊ စည်းစိမ်ဥစ္စာကို အထင်သေးနေလျှင်လည်း စိတ်ဆင်းရဲ၏။ စိတ်ဆင်းရဲနေခြင်း ကြောင့် သမာဓိမရခြင်းဖြစ်ပေ၏။”
လွှတ်ထားသောစိတ်သည် နဖားကြိုးဖြုတ်ထားသောနွားနှင့်တူ၏။ နဖားကြိုးဖြုတ် ထားသောနွားသည် တွေ့ရာသီးနှံပင်တို့ကို ဆွဲယူစားသောက်တတ်ပြီး ပြန်ဖမ်းရန်လည်း အလွန်ခက်သကဲ့သို့ စောင့်ရှောက်ထားခြင်းမရှိသောစိတ်သည်လည်း တွေ့ရာအာရုံတို့၌ ဆင်ခြင်ဉာဏ်ကင်းစွာ အငန်းမရခံစားတတ်ပြီး ကိလေသာတို့ဖြင့် အမြဲညစ်ထေးနေကာ ပြန့်ကျဲနေပေ၏။ သမာဓိမရှိသောစိတ်သည် မျောက်နှင့်လည်းတူ၏။ မျောက်သည် လက်ထဲ၌ စားစရာရှိနေလျှင်ပင် အငြိမ်မနေ၊ ဟိုသစ်ကိုင်းကူးလိုက် သည်သစ်ကိုင်းကူး လိုက်၊ လှုပ်လှုပ်ရွရွ ဣနြေ္ဒမရသကဲ့သို့ သမာဓိမရှိလျှင် စိတ်သည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောစသော အာရုံခြောက်ပါး၌ တစ်ခုပြီးတစ်ခု လှည့်လည်ကာ သာယာနေပေ၏။ တစ်အာရုံတည်းနှင့်မ၀နိုင်ပဲ တွေ့သမျှအာရုံတို့၌ ကိလေသာစိတ်ဖြင့် ပျော်မွေ့နေပေ၏။
ထိုသို့ “တဏှာမကင်းသူတို့၏ မျက်စိအစထား၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော တံခါး ခြောက်စင်းကား သံသရာကိုချဲ့သော ဒိဋ္ဌိ၊ တဏှာ၊ မာန၊ တို့၏ ကစားကွင်းများချည်း ဖြစ်ကြလေ ရာ အာရုံပုံရိပ် ဂုဏ်ဟိတ်ခတ်၍ အထပ်ထပ် ကြည့်၊ ကြား၊ စား၊ နမ်း၊ ထိတွေ့ခန်း လမ်းဖွင့်ပေး သော် တိုးကြည့်လေ တစ်မျိုးထိလေ၊ ဦးကြည့်လေ တိုးငြိလေဖြင့် စိတ်ကူးရင်း ခန္ဓာကိုယ် နားခွင့် မရ၊ ကြာသော် အစွဲနာကျ၍ ဒုက္ခလှလှကြီး ရောက်ရတတ်ပေသည်။”
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆုံးမစကားတို့မှာလည်း လွန်စွာပင် မှတ်သားကျင့်ကြံဖွယ်ကောင်းလှပေသည်။ “ကိုယ်ကျတော့ ညှာ၊ စိတ်ကျတော့ အလိုလိုက်၊ သခင်မင်း အလျင်းမဖြစ်ထိုက်။ ကိုယ်နှင့်စိတ်ကို စားကျက်ငါးခု ၏အကြား ကိလေသာတို့ဖြင့် လွှတ်ပေးထားကာ စိတ်သွားတိုင်း ကိုယ်ပါနေခဲ့သော်ကား ကိလေသာ မကောင်းကြောင်းပြော၍ ဘုရားဆုံးမရာ မလိုက်လျော၊ ဘုရားကျောခိုင်းနေ သော ပုထုဇဉ်အရိုင်းဘ၀မှ ဘယ်သောကာလမျှ ရှေ့မတိုးပေ။ အာရုံအလိုက်မှားလေ မိုက်အားကောင်းလေချည်းသာဖြစ်မည်။ အာရုံ အလိုက်များလေ အမှားခင်လေချည်းသာ ဖြစ်နေပေမည်။”
ထို့ကြောင့် စိတ်ကို သမာဓိဖြစ်အောင် ကျင့်ကြံအားထုတ်မှသာလျှင် ကိုယ်နှင့် စိတ်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေရပေမည်။ သမာဓိရှိခြင်းကြောင့် “၀ိဝေကသုခ- တစ်စိတ် တည်း၊ တစ်အာရုံတည်း၌ တည်နေသောချမ်းသာ”ကိုရ၏။ ထိုသို့ တစ်အာရုံတည်း၌ တည်နေသည်ဆိုရာမှာလည်း မကောင်းသောအာရုံ၌ တစ်အာရုံထားနိုင်ခြင်းကို မဆိုလိုပေ။ စိတ်ကို နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်အာရုံတစ်ခုခု၌ တည်ငြိမ်အောင် ထားနိုင်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏။ နိဗ္ဗာန်နှင့် အနီးဆုံးရှိသော သမာဓိကတော့ ရုပ်နာမ်တရားတို့အပေါ်၌ အမြဲတည်နေသည့် ၀ိပဿနာခဏိက သမာဓိနှင့် ဖြစ်ပျက်ရှု ဉာဏ်မတိုင်ခင် သမာထ ရှေ့သွားရှိသော ဈာနသမာဓိတို့ဖြစ်၏။
စိတ်သည် အာရုံခြောက်ပါး၌ ပြေးသွားတတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါ နေခဲ့ သော် ခန္ဓာကိုယ်မှာ နားရတော့မည်မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကို လည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။ စိတ်သည် အင်မတန်မြန်လွန်းသည်ဖြစ်ခြင်း ကြောင့် လွန်စွာသိမ်မွေ့နက်နဲပေ၏။ သိရန်လည်း အတော်ပင်ခက်ခဲ၏။ သမာဓိမရှိလျှင် ထိုသို့ သိမ်မွေ့နက်နဲသော စိတ်ကို မည်သို့မျှ သိနိုင်မည်မဟုတ်ချေ။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည် ငရဲ၌ ထိုမျှမကပင် အလိုအ လျောက်မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက် သမာဓိ စိတ်ဖြင့် ၀ိပဿနာဉာဏ်ဖြစ်လျှင် တော့ မွှေးပြီးသောငရဲမီးတို့ကိုငြိမ်းစေသလို မဂ်ဉာဏ်ဖိုလ် ဉာဏ်နှင့်လည်း တဖြည်း ဖြည်း နီးနေပေ၏။
ထို့ကြောင့် “လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့၊ လယ် သမားသည် ရေကိုလိုရာသို့ မြောင်းသွယ်၍ယူသကဲ့သို့ ပညာရှိသည်လည်း မိမိ၏ စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။” ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ “ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီးလျှင် အပါယ်သို့ ကျရောက်ရမည်၊ အကြိမ်ကြိမ် လည်း နောက်ထပ်သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက်သေ သောသူနှင့် တူနေပေ ၏။” ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူခဲ့၏။ ထိုကြောင့် ရခဲလှသည့် လူ့ဘ၀မှာ မကောင်း မှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ မသေရာမြတ်နိဗ္ဗာန်သို့ ပို့ဆောင် တတ်သောသမ္မာသမာဓိဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။“လွန်စွာရှည်ကြာ၊ သံသရာဝယ်၊ ဆရာမိဘ၊ မောင်နှမနှင့်၊ သားလှသမီး၊ ဒေါ်ဘကြီးဟု၊ မငြီးဆင့်ကဲ၊ ပြန်လှန်တွဲခဲ့၊ ခုလည်းတဖန်၊ တွေ့ကြပြန်လည်း၊ မလွဲဧကန်၊ ခွဲရပြန်မည်၊ သို့သည်ဖြစ်ခြင်း၊ သံဝေပြင်းရ၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူးကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊ သမာဓိမှန်၊ မဖောက်ပြန်မှ၊ နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းဖြင့်၊ ရှင်းရှင်းပိုင်ပိုင်၊ သိမြင်နိုင်မည်၊ လက်ကိုင်သတိ၊ မလွှတ်ဘိနှင့်။


အပြည့်အစုံသို့