20 Mar 2009

အချိန်ကာလကို ပြန်စားနိုင်အောင်ကြိုးစားပါ…

အချိန်တို့သည် တရွေ့ရွေ့ကုန်ဆုံးလို့နေပြီ။ သေဘို့ရက်လည်း စက္ကန့်ချင်းနီးနေသည်။ ဇရာမင်း ကြီးကလည်း တစ်ရံတစ်ခါမျှ အနားမပေး၊ မရဏမင်းထံအပ်ဖို့သာ အချိန်ပြည့် မောင်းနှင်နေ ပါတော့သည်။ မရဏမင်းကြီးကလည်း အညစ်အကြေးနှင့် ပုထုဇဉ်ခန္ဓာတုံးကြီးကိုတော့ တစ်ကြိမ်နှင့် အပြီးမသတ်။ အကြိမ်ကြိမ်သတ်နေဦးမည်ပင်။ နိဗ္ဗာန်ကို တစ်ခါမြင်ဘူးထားသည့် သောတာပန်ပုဂ္ဂိုလ်ကြီးကိုပင် နောက်တပ်(၆)ကြိမ်တိုင်တိုင် သတ်ဦးမည်ဟု ကြိမ်းမောင်းကာ ဟန်ပြင်နေသေးသည်ဖြစ်၏။


သတ်လည်းသတ်နိုင်လွန်းတယ်လို့ အပြစ်တင်ဘို့ကလည်း မတော်ပါပေ။ ကိုယ်ကလည်း ဟန်မှမဟန်တာကိုး။ သူမကြိုက်တဲ့ အညစ်အကြေးကိလေသာထုပ်ကို တခုန်မက်မက် တွယ်ဖက်နေတော့လည်း “နင်မလိမ္မာသေးသမျှ ငါကလည်း ဆက်တိုက်သတ်နေဦးမှာပဲ”ဟူ၍ မရဏမင်း၏ ထပ်ကာထပ်ကာကြိမ်းမောင်းခြင်းကို ခံနေရခြင်းပင်ဖြစ်သည်။ မရဏမင်းက ဘယ်လောက်အထိ အလျှော့မပေးသလဲဆိုလျှင် ကိလေသာအာသဝေါတွေကုန်သည့် ဘုရား ရဟန္တာအရှင် မြတ်များကိုပင် အရင်ကအညစ်အကြေးတို့အတွက် နောက်ဆုံးအကြိမ်အဖြစ် ညှင်းဆဲကာ သတ်ပြန်သည်။ မည်သူကိုမျှ အလွတ်ပေးသည် မဟုတ်ပါပေ။ ရှင်လေးပါးဆို သည့် မထေရ်မြတ်များလည်း လောကမှာ မရှိရိုးအမှန်ပင်။

ဘုရား ရဟန္တာများက သေရမှာမကြောက်ကြတော့ မရဏမင်း၏ ညှင်းဆဲသတ်ဖြတ်ခြင်းကို ပြုံးပြုံးလေးရင်ဆိုင်နိုင်ကြသည်။ ကိုယ်နာသော်လည်း စိတ်မနာကြ။ ပုထုဇဉ်များကတော့ သေရမှာလည်း ကြောက်ကြ၊ အသေက လွတ်ပြီလားဆိုပြန်တော့လဲ၊ မလွတ်ကြသေးပေ။ လူ့ခန္ဓာနဲ့ သေလို့မ၀တော့ နတ်ခန္ဓာနဲ့ သေချင်ကြပြန်သည်။ နတ်ခန္ဓာနဲ့ သေလို့မ၀ပြန်တော့ ဗြဟ္မာခန္ဓာဖြင့် သေချင်ကြပြန်သည်။ သုံးဆယ့်တစ်ဘုံ လွှစက်ရုံကြီးမှာ သစ်တုံးများ တစ်ပြောင်းပြန်ပြန် အဖြတ်ခံချင်နေကြသလိုသာ ဖြစ်တော့သည်။ လွှစက်ရုံရောက်သည့် သစ်တုံးဖြစ်နေသ၍တော့ အဖြတ်ခံရမှာက အသေအချာပင်ဖြစ်ပါသည်။

ထိုကဲ့သို့ အချိန်ကာလတို့သည်ကား သုံးဆယ့်တစ်ဘုံသားတို့အား စားသုံး၍နေပေသည်။ လူဖြစ်ရပါလို၏ဆိုတော့ လူအဖြစ်နဲ့ စားသုံးခြင်း ခံရ၊ နတ်ဖြစ်ရပါလို၏ဆိုတော့ နတ်အဖြစ်နဲ့ စားသုံးခြင်း ခံရ၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ ဗြဟ္မာအဖြစ်နဲ့ စားသုံးခြင်း ခံရပါလို၏ဟူ၍ ဆှု တောင်းနေသလို ဖြစ်နေကြပေသည်။ ကာလ၏စားသုံးခြင်းကိုလွတ်အောင် ရုန်းမထွက်နိုင် သမျှကာလပတ်လုံး ကာလ၏စားသုံးခြင်းကို အလူးလူးအလိမ့်လိမ့် ခံနေရဦးမည်သာဖြစ်၏။

ဘာကြောင့်များ ကာလ၏စားသုံးခြင်း ခံနေရသနည်း။ လောဘနဲ့ အချိန်ကုန်၊ ဒေါသနဲ့ အချိန် ကုန်၊ မောဟနဲ့ အချိန်ကုန်နေကြလို့သာဖြစ်သည်။ သုခဝေဒနာနောက်က တဏှာလာနေသမျှ ကာလပတ်လုံး ကာလ၏စားဖတ်ဝါးဖတ်ဘ၀မှ ဘယ်တော့မှ လွတ်လိမ့်မည်မဟုတ်ပေ။ တဏှာမကုန်သေးဘဲသေတော့ နောက်အသစ်ခန္တာကိုယ်ကြီးပေါ်လာပြီး ကာလ၏စားသုံးခြင်း ကို ဆက်လက်ခံရပြန်တော့သည်။ ဘယ်အချိန်ကျမှ ကာလကို ကိုယ်ကပြန်စားနိုင်ပါမည်လဲဟု ထိုင်တွေး နေရုံမျှဖြင့်တော့ စားဖတ်ဝါးဖတ်ဘ၀မှ လွတ်လိမ့်မည်မဟုတ်ပါပေ။

လောဘ၊ ဒေါသ၊ မောဟဆိုသည့် လောင်စာမီးကြီးများကုန်အောင်သတ်ဖို့ တရားရေအေး ကိုယ်ရှေ့မှောက်ရောက်နေတုန်း၊ ခံယူကျင့်သုံး အငြိမ်းသတ်ရန် လုပ်ဖို့သာရှိတော့သည်။ ဒါနဖြင့်သတ်နိုင်က ဒါန၊ သီလဖြင့် သတ်နိုင်က သီလ၊ ဘာဝနာဖြင့် သတ်နိုင်က ဘာဝနာတရားရေးအေးတို့ဖြင့် ဖြန်းပက်လို့သတ်ရပါမည်။ နိဗ္ဗာန်ဆိုသည့် သန္တိဓါတ်မြတ်က အပူဓါတ်ဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟတရားများကို နည်းနည်းစွန့်နိုင်လျှင် နည်းနည်း ငြိမ်းချမ်းမည်။ များများစွန့်နိုင်လျှင် များများငြိမ်းချမ်းမည်။ အလုံးစုံ စွန့်နိုင်ချိန်မှာတော့ အလုံးစုံ ငြိမ်းချမ်းမည့် တရားမြတ်ပင်ဖြစ်ပါသည်။

နိဗ္ဗာန်ဆိုသည်ကား နေရာဒေသမဟုတ်၊ ဥတုလည်းမရှိ၊ ပြုပြင်ဖန်တီးတတ်သည့် သင်္ခါရတရား မရှိ၊ မွေးခြင်းသေခြင်းလည်းမရှိ၊ အချိန်ကာလလည်း မရှိတော့သောကြောင့် အိုဘို့မလို၊ နာဘို့မလို၊ သေဘို့မလိုတော့ပြီ။ ထို့ကြောင့် နိဗ္ဗာန်ချမ်းသာ ခံစားနေခြင်းကား အချိန်ကာလကို ပြန်၍ စားသုံးခြင်းပင်ဖြစ်တော့သည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့ကား အချိန်ကို ပြန်၍ စားသုံးသူများဖြစ်၏။ ထိုသို့ ပြန်၍စားသုံးနိုင်အောင် ကျင့်ဘို့တရားနည်းလမ်း များကို လည်း အတုမရှိကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓက သတ္တ၀ါဝေနေယတို့အား ဟောပြဆုံးမထားခဲ့ သည့် ကျင့်စဉ်နည်းလမ်းများ မပျက်သုဉ်းခင် အမှီကျင့်သုံးနိုင်အောင် ကြိုးစားကြရပါမည်။

ဥပမာထား၍ပြောရလျှင် မြတ်ဘုရားက သမားတော်ကြီး၊ ပုထုဇဉ်ကျွန်တော်တို့က တီဘီရောဂါ ရှိသော လူနာသည်များပမာထား။ သမားတော်ကြီးက ဆေးညွှန်းနှင့်တကွ ဆေးကိုပေးလိုက်ပြီ။ ဆေးညွှန်းမှာပါသည့်အတိုင်းဆိုလျှင် ခြောက်လတိုင်တိုင် မပျက်မကွက် နေ့စဉ်သောက်သုံးရ မည့် တီဘီရောဂါပျောက်ဆေး၊ ပြီးတော့ တစ်ကြိမ်သာက်လျှင် တစ်လုံးသာသောက်ရမည်ဟု ဆေးညွှန်းမှာရှိထားသည်ကို တစ်ရက် မသောက်မိလိုက်၊ နှစ်ရက် မသောက်မိလိုက်နဲ့ ပျက်ကွက်နေတော့ ရောဂါကမပျောက်တော့သလို မဂ်ဖိုလ်တရားရအောင် ကျင့်ကြံကြရာတွင် လည်း အဆင့်ဆင့်ကိလေသာအညစ်အကြေးတွေကို ဆင်ခြင်သတိကပ် ကြိုးစားကာ မပယ် သတ်နိုင်ကြလျှင်လည်း မဂ်ဖိုလ်တရားများနှင့် ဝေးနေရဦးမည်သာဖြစ်ပါသည်။ တဖန် တစ်ကြိမ်တည်းမှာပင် တီဘီပျောက်ဆေး နှစ်လုံးသောက်မိလိုက်တော့ ရောဂါ မပျောက်ဘဲ အသက်သာပျောက်သွားရသလို ပဉ္စာနန္တရိယကံမျိုး ကျူးလွန်မိပြန်တော့ မည်မျှပင် မဂ်ဖိုလ်တရား ကျင့်ကြံငြားသော်လည်း မဂ်ဖိုလ်က ဝေးသွားပြန်တော့သလိုဖြစ်တော့သည်။

အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်သည် လူကိုမစောင့်၊ အချိန်ကို တန်ဘိုးထားလျှင် ဘ၀ကို တန်ဘိုးထားပါ”ဆိုသည့်အတိုင်း ခန္ဓာကိုယ် မပျက်သုဉ်းခင် ကိလေသာအမြန်တုံးအောင် ကြိုးစားကြကုန်လော့။ အချိန်၏ စားဖတ်ဝါးဖတ်ဘ၀မှလွတ်အောင် အမြန်အားထုတ်ကြကုန် လော့။ အရေးအကြီးဆုံးအချိန်သည် ယခု စာဖတ်နေသည့်အချိန်ပင်ဖြစ်၏။

ဓမ္မချစ်ခင် သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

အပြည့်အစုံသို့

18 Mar 2009

ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့သွား၍ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ ရပ်လျက် တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက် ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့ လျှောက် ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင် ဘုရားသည် အလွန်နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။


ထိုအခါ ဘုရားရှင်က နန္ဒမထေရ်အား မိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံး တရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူခဲ့လေ၏။ တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာ ဘုရားသည်ပင် တရားနာကြားခြင်းအမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကို အဘယ်သို့သော သဒ္ဒါရုံ-အသံဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ဓမ္မအသံ ဖြင့် အလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။

မကောင်းမှု၌ မွေ့လျော်နေသောစိတ်သည် မကောင်းသော သဒ္ဒါရုံသို့သာ မွေ့လျော်နေတတ်ပေရာ စိတ်ကိုစောင့်ရှောက်ပေး ရပေမည်။ စိတ်ကို မစောင့်ရှောက်ဘဲ လိုရာသို့လွှတ် ပေးထားသော် ကိလေသာ၏ ခြယ်လှယ်မှုကြောင့် မကောင်းသော သဒ္ဒါရုံသို့သာ နှစ်သက်ရင်းနှစ်သက်ရင်းဖြင့် ကြာလျှင်ဥပါဒါန်သို့ ရောက်လာပေ၏။ ၎င်းအဆင့်သို့ ရောက်လာခဲ့သော် မရမက အားထုတ်မှုတို့သည် ဆက်၍ လာပေမည်။ ထိုသဒ္ဒါရုံကို မကြားရ မနေနိုင်ဖြစ်လာပေမည်။ မကောင်းသော သဒ္ဒါရုံဆိုရာ၌ စိတ်ကို ကိလေသာအနှောင်အဖွဲ့ ဖြစ်စေသော၊ အပြစ်လည်း မကင်းစေ သော အသံတို့ကို ဆိုလိုခြင်းဖြစ်၏။

ထို့ကြောင့် နားကိုအလှဆင်ရာ၌ ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်သည့် ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။ တရားနာကြား ခြင်းကြောင့် ရရှိသောအကျိုးတို့မှာ ပြောပြ၍ မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့် ဦးစွာ စိတ်ကိုငြိမ်းချမ်းစေပေသည်။ ဓမ္မသည် မှန်ကန်သော ဗုဒ္ဓ၏သစ္စာစကားများဖြစ်ခြင်းကြောင့် ဓမ္မကိုနာကြားရခြင်းဖြင့် မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌ မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။ သစ္စာ စကားကို နာကြားရမှ သစ္စာတရားကို ရနိုင်ပေမည်။

ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူး ကြပါသည်။ ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့် နာကြားနေချိန် နွားကျောင်းသား၏တုတ်ဖြင့် သေဆုံးပြီး နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက် နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားအသံ မဆုံးသေးခင် လူပြည်သို့ဆင်းကာ ဆက်လက်တရားနာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။

တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့ သည်လည်း တစ်ခုသောဘ၀မှာ လင်းနို့ ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်း မြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာ ဖြစ်ခဲ့ကြပေသည်။

လောက၌ သေခြင်းတရားမရှိသော သန္တိသုခကို ရရှိသောသူ လောက် ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ ထိုသုခကို ရရှိအောင် လမ်းညွှန်ပေးသော ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကို နာကြားခွင့် ရရှိကြ သောသူတို့မှာလည်း အလွန်ရခဲလှစွာသော လူ့ဘ၀ကို ပိုင်ဆိုင် ထားသူတို့ဟူ၍ မိမိကိုယ်ကိုသိရှိပြီး တရားတော်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဆောင်းပါး ဖြင့် တိုက်တွန်းနှိုးဆော်ရင်း ဓမ္မဒါနပြုလိုက်ရပါသည်။

စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။

အပြည့်အစုံသို့

5 Mar 2009

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်...

လှည်းဘီးကြီးများ နွံထဲနစ်နေပြီ။ တစ်ယောက်အားနှင့် တွန်းလို့မရဖြစ်နေသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”ဆိုသည့်အတိုင်း အပြိုင်လည်းတွန်းရမည်၊ အားလည်းတူညီစွာရှိရမည်ဖြစ် ပါသည်။ ထိုကဲ့သို့ပင် ဒုက္ခသစ္စာခန္ဓာကြီး ဘ၀ဆိုတဲ့ ဒုက္ခဘုံကြီးထဲ ရောက်နေပြီ။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာဆိုသည့် ဗိုလ်ငါးပါးတရားများ ဟန်ချက်မညီ ဗျောက်သောက်ဖြင့် အားထုတ်လို့ ဒုက္ခဘုံထဲမှ မထွက်မြောက်နိုင်ပါ။ ဟန်ချက်ညီစွာ အားထုတ်မှသာလျှင် ဒုက္ခငြိမ်း ရာသို့ ရောက်မည်ဖြစ်၏။


သဒ္ဓါတရားက လက်နှင့်တူသည်။ အထုပ်အထည် အရင်းနှင့်တူသည်။ လက်မပါလျှင် စိန်တွေ့ လို့ ကောက်မရ၊ ရွှေတွေ့လို့ ကောက်မရဖြစ်နေမည်။ တရားစည်ကြီး မြည်ဟီးလို့ နေပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာအစစ်၊ ယုံကြည် အားထားရာအဖြစ် သဒ္ဓါတရားမရှိသေးသမျှ တရားသံကြားလို့ တရားနာရကောင်းမှန်းမသိ၊ ဘုရားစေတီတွေ့လို့မှ ဂုဏ်တော်မထင် အုတ်ပုံသာမြင်နေပြီး သံဃာကိုတွေ့လို့မှ ကြည်ညိုစရာမထင် သူတောင်းစား ပမာ မြင်နေကြမည်သာဖြစ်၏။ သဒ္ဓါရှိဘို့လိုပါသည်။ သဒ္ဓါတရား အရင်းအနှီးမရှိလျှင်ဖြင့် အမြတ်ဆိုသည့် နိဗ္ဗာန်သည် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပါပေ။ အရင်းရှိမှ အမြတ်ရှိမည် ဖြစ်၏။ “သဒ္ဓါယ တရတိ သြဃံ”- သဒ္ဓါတရားဖြင့် သံသရာဝဲသြဃမှ လွန်မြောက်၏ ဆိုသည့် အတိုင်း သဒ္ဓါတရားဖြင့် သံသရာတည်းဟူသော ၀ဲသြဃကို ကျော်ဖြတ်ရမည်ဖြစ်ပါသည်။

ပညာက မျက်စိနှင့်တူသည်။ အဖြူအမည်း၊ ဆူးညှောင့်ခလုတ်၊ လမ်းမှန်နှင့် လမ်းမှား၊ ချောက် ကမ်းပါးများကို ဖြတ်ကျော်ဘို့် မျက်စိမြင်မှ ရနိုင်သလို သံသရာဝဲသြဃ ဒုက္ခဘုံကြီးထဲက ထွက်မြောက်နိုင်ဘို့ဆိုသည်မှာလည်း ဉာဏ်ပညာတည်းဟူသော မျက်စိရှိမှသာလျှင် ထွက် မြောက်နိုင်မည်ဖြစ်သည်။ မျက်စိဖြင့် စိန်တွေ၊ ရွှေတွေကို ရွေးချယ်ကောက်ယူနိုင်မည်။ မျက်စိ မရှိက တွေ့သမျှ သဲဂဲတို့ကိုလည်း စိန်တွေ၊ ရွှေတွေမှတ်ပြီး ကောက်ယူမိမည်ဖြစ်သည်။ ထိုသို့ ပင် ဉာဏ်ပညာရှိမှလည်း ကုသိုလ်၊ အကုသိုလ်တို့ကို ရွေးချယ်စီစစ်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်နိုင်မည်ဖြစ်ပေသည်။

ဝီရိယက ခွန်အားနှင့်တူသည်။ ခွန်အားရှိက တောင်ကိုတွေ့လည်း တက်နိုင်မည်။ ဆူးပုံတွေ့ လည်း လွှားနိုင်မည်။ ခွန်အားမရှိပါက ချောက်ထဲလည်း ပြုတ်ကျနိုင်သည်။ ပြန်တက်ဘို့လည်း မနိုင်ဖြစ်နေမည်။ ရတနာတွေ့လို့ ကောက်ယူနိုင်ပါလျက် ခွန်အားမရှိ မသယ်နိုင်လို့ ထားရစ်ခဲ့ မည်။ ထိုသို့ပင် ၀ီရိယရှိမှ တရားနာဘို့လည်း အသင့်ရှိမည်။ တရားအားထုတ်လို့လည်း အမြဲပင် အသင့်ရှိနေမည်ဖြစ်သည်။ ၀ီရိယမရှိ အပျင်းထူနေက ကုသိုလ်တရားပွားများအားထုတ်ဘို့ မည်သို့မျှမလွယ်ကူပါပေ။ ဤနေရာ၌ ပြောချင်သည်မှာ ၀ီရိယဆိုသည် ခွန်အားနှင့် တူ၏ဆိုရာ၌ ဗလတောင့်တောင့် အရပ်မောင်းကောင်းကောင်းဖြစ်ရမည်ကို ဆိုလိုခြင်း မဟုတ်ပါပေ။ စိတ်ခွန်အားကို ဆိုလိုခြင်းဖြစ်၏။ စိတ်ခွန်အားရှိဘို့ အဓိကဖြစ်ပါသည်။ စိတ်ဝီရိယရှိဘို့ အဓိကလိုရင်းဖြစ်၏။

သမာဓိက အထိန်းအကွပ်၊ ခြံစည်းရိုးနှင့်တူသည်။ “အကွပ်မရှိတဲ့ကြမ်း ပရမ်းပဒါ” ဆိုသလို ကြမ်းများကို အကွပ်ဖြင့်မထားလျှင် ထော်လော်ကန့်လန့် ကြည့်မကောင်း ရှုမကောင်း ပြန့်ကျဲ၍ နေပေမည်။ ခြံစည်းရိုးမရှိကလည်း အိမ်ထဲသို့ ပေါင်းစုံဝင်ထွက်သွားလာနေသဖြင့် လုံခြုံမှုမရှိ၊ ရှုပ်ပွ၍နေပေမည်။ အထိန်းအကွပ်ရှိက ကြမ်းများလည်း စီစီရီရီဖြင့် ကြည့်လို့လည်းလှ ခိုင်လည်းခိုင်ခန့်ပေမည်။ ခြံစည်းရိုးဖြင့်ထားတော့ လုံခြုံမှုရှိသဖြင့် မိမိထားချင်သောပစ္စည်းများကို သူ့အကန့်နှင့်သူ ထားနိုင်မည်။ စိတ်ချလက်ချလည်းရှိမည်ဖြစ်သည်။ ထိုသို့ပင် သမာဓိမရှိတဲ့ စိတ် လွတ်ချင်ရာသို့ လွတ်နေမည်။ ရောက်ချင်ရာသို့ ရောက်နေမည်။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တတ်သဖြင့် စိတ်လွတ်ရာ ကိုယ်ရောက်နေလျှင် အကုသိုလ်အာရုံတို့၌သာ ပျော်မွေ့၍နေပေမည်။ သမာဓိဖြင့် စိတ်ကို စည်းကမ်းသတ်မှတ်ထားမှ စိတ်လွတ်ရာ ကိုယ်မရောက်၊ စိတ်ကိုလည်း လိုရာသို့ရောက်အောင် ထားရှိနိုင်မည်ဖြစ်သည်။ သမာဓိမရှိသောစိတ်သည် နွားရိုင်းကလေးနှင့်တူသည်။ နွားရိုင်းကလေးကို သမာဓိဆိုတဲ့ တိုင်မှာချည်ထားတော့ တဖြည်း ဖြည်း လိမ္မာယဉ်ကျေး၍လာသလို စိတ်ကိုလည်း သမာဓိစည်းကမ်းလေးထားတော့ ရောက်ချင် ရာမရောက်တော့ဘဲ ကိုယ်ထားတဲ့နေရာမှာ နေတတ်လာပြီး လိမ္မာယဉ်ကျေးသောစိတ် ဖြစ်လာကာ အေးချမ်းမှုလည်းရှိလာမည်ဖြစ်သည်။

သတိကတော့ အရာအားလုံး၏အချုပ် ခေါင်မိုးနှင့်တူသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံး မိုးမလုံသလို အိမ်ခေါင်မိုးလုံမှ တစ်အိမ်လုံး မိုးလုံသလို သတိရှိမှ အရာအားလုံး ပြည့်စုံအောင် ဆောင်ရွက်နိုင်မည်။ “သတိမမူ ဂူမမြင်၊ သတိမူက မြူတောင်မြင်ရ” ဆိုသလို သတိမရှိက စိတ်ဖြစ်တိုင်း ဘာစိတ်ရယ်လို့မသိ။ မောဟဖြင့်သာ အချိန်ကုန်နေမည်။ ထို့ကြောင့် သတိဖြင့် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်တိုင်းသိအောင် စောင့်ကြည့်ရမည်။ သတိဖြင့် စိတ်ကို စောင့်ရှောက်ရမည်။ သတိဟူသည် ပိုသည်မရှိ။ အချိန်တိုင်းရှိနေရမည့်တရားဖြစ်သော ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အထူးအလေးထား မှာတော်မူခြင်းဖြစ်ပါသည်။ “သတိဝေး ကလေးဖြစ်တော့သည်။ သတိသည် အသိကိုကြိုးကိုင်နေသော မိဘအရာဝင်ဖြစ် ပေသည်။ သတိမပါသူ၏ အာရုံခံစားမှုသည် မျက်မမြင် ထမင်းစားရာ မစားသင့်သည်များကို လည်း မမြင်တော့သည့်ပမာဖြစ်ချေသည်။” ဆိုသည့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီး၏ ဓမ္မနီတိကထာကလည်း သတိတရား၏ လွန်စွာအရေးကြီးမှုကို ထင်ဟပ်ပေါ် လွင်စေပါသည်။

သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိ၊ သတိ” ဆိုသော ဗိုလ်ငါးပါးတို့ ညီညွတ်မှုရှိရမည်။ သဒ္ဓါနှင့် ပညာက တစ်တွဲ၊ ၀ီရိယနှင့် သမာဓိကတစ်တွဲ အတွဲလိုက် ညီညွတ်နေဘို့လည်းလိုပါသည်။ ယုံကြည်မှုတစ်ခုတည်းဖြင့် သွားနေပြီး ပညာမပါတော့ တလွဲကြည်ညိုနေတတ်သည်။ မှား တယ်၊ မှန်တယ်မသိ။ နတ်မင်းကြီးလည်း ပူဇော်လိုက်၊ ဘိုးတော်ကြီး မစလိုက်၊ မယ် တော်ကြီးလည်း တင်မြှောက်လိုက်နဲ့ အလွဲလွဲ အမှားမှား ဆရာများစွာကို ကြည်ညိုကာ နေတော့သည်။ ဆရာမှားတော့ ဘာဖြစ်တုန်း။ တလွဲဆရာနဲ့တွေ့တော့ တလွဲလမ်းမှား လိုက်မိ ပြီး နိဗ္ဗာန်နှင့်လွဲတတ်သည်။ ပညာချည်းရှိနေပြီး သဒ္ဓါက မရှိတော့ အမှားဖြစ်တတ်သည်။ ကောက်ကျစ်တတ်ပြန်သည်။ ၀ီရိယချည်းရှိနေလို့လည်း မဖြစ်သေး။ သမာဓိမပါဘဲ ၀ီရိယ ချည်းများနေလျှင်လည်း စိတ်ထားပျံ့လွင့်သည်။ ၀ီရိယမပါဘဲ သမာဓိက သာနေပြန်တော့ အိပ်ငိုက်ပြီး ပျင်းလာတတ်သည်။ “၀ီရိယနှင့် သမာဓိ တွဲမထုတ်၊ တရားသူကြီးချုပ်မဖြစ်နိုင်။ ၀ီရိယနှင့် သမာဓိ အတွဲမညီသမျှ သင်ဘာလုပ်လုပ် လုပ်မောဖြင့်သာ ပွဲသိမ်းရမည်သာဖြစ်၏။” ဆိုသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏အဆုံးအမက ထိုတရားနှစ်ပါး အတွဲညီစွာထားပြီး တရားအားထုတ်ဖို့ သတိပေးခြင်းဖြစ်ပါသည်။ “သတိကိုကား မြဲစွာထား၊ လွန်ငြားမရှိချေ။” ဆိုသည့်အတိုင်း သတိဖြင့်သွား၊ သတိဖြင့်စား၊ သတိဖြင့်အိပ်၊ သတိဖြင့် အမြဲနေရမည်ဖြစ်ပါသည်။ အတွဲတရားနှစ်ပါး ညီနေဘို့လည်း သတိကပင် အမြဲစောင့် ရှောက်နေရမည်ဖြစ်သည်။

ထို ဗိုလ်ငါးပါးတရားများ အမြဲညီညွတ်နေခြင်း၊ စွမ်းအားလည်း အမြဲတူညီနေခြင်း ရှိနေမှသာလျှင် ဒုက္ခသစ္စာ သံသရာနွံကြီးထဲနစ်နေသော သနားစရာ ပုထုဇဉ်ဘ၀ လှည်းဘီးအို ကြီးကို နွံလွတ်ရာ အရိယာသောင်သို့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည် ဖြစ်ပေတော့၏။

အပြည့်အစုံသို့