25 Dec 2012

ပုရိသ ကံဆိုးပေါက်ကြီးများ(ဒုတိယပိုင်း)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

အမှတ်(၁)ပုရိဿကံဆိုးပေါက်ကြီးသည် သေရည်သေရက်များ မှီဝဲသုံးဆောင်ခြင်းဖြစ်ကြောင်း ဆောင်ပါး (ပထမပိုင်း) တွင် ရေးသားတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပုရိသ-အမျိုးသားများ ကံဆိုးစေသောအကြောင်း၊ ဘ၀မှာ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်စေသည့်အကြောင်းများ၊ လမ်းမှားနေသည့် စရိုက်လက္ခဏာ အမူအကျင့်ဆိုးများကို ဖော်ပြအကြံပြုကာ လမ်းမှန်လျှောက် ၍ ကြီးပွါးတိုးတက်အောင်မြင်နိုင်ကြစေရန် ရည်ရွယ်အကြံပြု ရေးသားဖော်ပြသွားပါမည်။ (ငါသာလျှင်သိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ ဟန်ဆောင်မာန၊ မမူရပါ၊ စိတ်ကောင်း မေတ္တာ၊ ရှေးရှုကာလျှင်၊ ကမ္ဘာမြန်မာ့၊ ပုရိသများ၊ သုခချမ်းသာ၊ ကြီးပါစေကြောင်း၊ အကျင့် ကောင်းနှင့်၊ လမ်းကြောင်းမှန်ပြ၊ သတိရဖို့၊ သုတဝေစည်၊ မျှဝေသည်။)

အန္ဓပုထုဇဉ်-ပုရိသအမျိုးသားတို့သည် “”နှင့်ပတ်သက်ပါလျှင် ကိလေသာတောင်းသမျှ ခန္ဓာကြီး ကို ကျောင်းနေကြရာ စိတ်ပျိုကာ ကိုယ်နုသူဟု ကိုယ့်ကိုယ်ကို မှတ်ယူကြလေသည်။ ကာယနှင့်ဝစီ နှစ်ပါးညီ ထိုသီလကို မနောက ခ၀ါချ၍ ဘီလူးက,ကဖို့ရန်သာ မနောက ခိုင်းရှာရာ မနောတီးသည့် ဘီလူးဆိုင်းကြောင့် ကိုယ်နှင့်နှုတ် ရိုင်းရကာ ဟိုအပျို၊ သည်အပျို နောက်ကပိုး၍ ဖြိုတော့၏။ သူ့သမီး သူ့မယားကို နောက်က ကျားလိုလိုက်တော့၏။ သပြာတောင်းရှာ ပြည့်တန်ဆာလည်း နေ့မနား၊ ညမအား ငှါးလေသည်။ ယုယုယယ ခ၀ါမထံ ခေါင်းလျှော်ဆံသ ခံကြသည်။ စင်တင်ဂီတ ဆိုဟန်ပြသည့် သွယ်သွယ်လျှလျှ ကညာလှကို မျက်လုံးအဟောင်း နားမညောင်းဘဲ ညဥ့်နက်သန်းခေါင် ငေးငေါင်သည်။ အိမ်ကမယား မယ်အိုထား၍ အတွေ့ကာမ နုယွပြသည့် မာဆက်မနှင့် ပျော်ကြ၏။ ကာလာအိုကေ မိန်းမထွေ နှင့် လုံးလားထွေးလား ပျော်ပါးကြသည်မှာ အန္ဓပုရိသတို့၏ ကျင့်စဉ် ဖြစ်ပေသည်။ 

အို…ပုရိသ အမျိုးသားအပေါင်းတို့ ဘ၀မှာ မတောက်ပြောင်၊ အောင်မြင်မှုတွေနှေးကွေးစေသည့် အလှမျိုးစုံ ဣတ္ထိယကာမဂုဏ်ကို မှီဝဲသုံးဆောင်နေကြခြင်းသည် အမှတ်(၂)ပုရိသကံဆိုးပေါက် ကြီးတစ်ခုပင် ဖြစ်ပါ သည်။ ငွေကုန်အချိန်ကုန်၊ ကုသိုလ်တွေကုန်နေကြသည်မှာ မိန်းမလိုက်စား ခြင်းကြောင့်ဖြစ်၏။ မ-ဘက် လိုက်နေကြသောကြောင့် မိုက်-ဘက်သို့ ပါနေကြရခြင်းဖြစ်ပေသည်။ ပုရိသတို့ပြောသည့် “အလန်းလေးတွေ”ဆိုသည်မှာ ရောယှက်မိုက်မှားမိပါလျှင် ကဿဖဘုရားလက်ထက်က သူဌေး သားလေးဦးလို လောဟကုမ္ဘီငရဲသို့ “တန်းတန်းမတ်မတ်” ရောက်စေနိုင်သည့်အတွက် “ဒု၊ သ၊ န၊ သော” ဆိုသော ထို့သူဌေးသားလေးဦးပြောချင်သည့် စကားများကို အမှတ်ရကြပါလေ။ ထိုစကား တို့ ပေါ်ပေါက် လာပုံမှာ ဂေါတမမြတ်စွာဘုရားလက်ထက် တစ်နေ့သ၌ ကောသလ မင်းကြီးသည် တိုင်းခန်း လှည့်လည်ရာတွင် အလွန်တရာ ချောမောလှပသော မိန်းမ တစ်ယောက်ကို မြင်တော်မူလိုက်ရာ အစွဲ လန်းကြီး စွဲလန်းသွားကာ ကိလေသာပိုး ရွပိုးထိုးတော့၏။ မင်းကြီးသည် ထိုလုံမအကြောင်း စုံစမ်းမေးမြန်း ရာတွင် သူတစ်ပါးမယား ဖြစ်နေသောကြောင့် အိမ်ယာတွင် တုံးလုံးလဲကာ မရလျှင် သေရတော့မည့်အလား ခံစားနေရင်း သူ့ယောက်ျားကိုပင် ပရိယာယ်ဖြင့်သတ်ရန် အကောက်ဉာဏ် ထုတ်မိလေတော့သည်။ မင်းကြီးသည် မအိပ်နိုင် မစားနိုင်ဖြစ်ရင်း သန်းခေါင်ချဉ်းသည့်အခါတွင် “ဒု၊ သ၊ န၊ သော”ဟူသော အသံနက်ကြီးများကို ကြောင်မက်ဖွယ်ကောင်းစွာ ကြားလိုက်ရသဖြင့် တုန်လှုပ် ချောက်ချားသွားကာ တစ်ညလုံး မအိပ်နိုင်ခဲ့ရပေ။ နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးသည် ညတုန်းက သူကြားခဲ့ရသည့် အသံကျယ်ကြီးများကို မူးမတ်တို့ကို မိန့်ကြားကာ အကြောင်းကို မေးမြန်းလေသည်။ မိစ္ဆာဒိဋ္ဌိအယူရှိသော မူးမတ်တို့သည် ဘုရင်ကြီးကံတော်ကုန်နိုင်သဖြင့် ယစ်နတ်ပူဇော်ရမည်ဖြစ်ကြောင်း အကောက် ဉာဏ်ဖြင့် လျှောက်ထားကြရာ မင်းကြီးက လက်ခံယုံကြည်ပြီး ယစ်နတ်ပူဇော်ရမည့် လူ၊ တိရစ္ဆာန် စသည်တို့ကို ဖမ်းဆီးချုပ်နှောင်စေ လေသည်။ ထိုအကြောင်းကို မလ္လိကာမိဖုရားခေါင်ကြီး ကြားသိချိန်တွင် ပညာဉာဏ်ရှိသော မိဖုရားကြီးဖြစ်သည့်အားလျော်စွာ ကောသလမင်းကြီးထံ အလျင်အမြန် လျှောက်ထား ရာမှာ- “ကုန်စင်ခပင်း သိမြင်တော်မူသော မြတ်စွာဘုရား ထံ မေးလျှောက်မှသာ အဖြေမှန် သိနိုင် ပါ ကြောင်း” သံတော်ဦး တင်လေသည်။ ဤတွင်မှ “ဒု၊ သ၊ န၊ သော”ဟူသော စကားအကျယ်နှင့် ၀တ္ထု ဇာတ်ကြောင်းကို အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားခဲ့သဖြင့် ကောသလ မင်းကြီးလည်း ကာမဂုဏ်မမှား၊ ယစ်နတ်ပူဇော်ခံရမည့် လူ၊ တိရစ္ဆာန်များလည်း အသက်ဘေးမှ လွတ်မြောက်သွားလေ သည်။ 

ဂေါတမမြတ်စွာဘုရားရှေ့၌ ပွင့်တော်မူခဲ့သော ကဿပမြတ်စွာဘုရားလက်ထက်တွင် အလွန်တရာ ချမ်းသာကြွယ်ဝသော သူဌေးသားလေးဦးတို့သည် တစ်သက်စားလို့ မကုန်နိုင် သော သူတို့၏စည်းစိမ်ဥစ္စာ တို့ကို မည်သို့ဖြုန်းကာ ဇိမ်ခံရပါ့မလဲဟူ၍ စဉ်းစားရာတွင် ပုရိသအချို့တို့ အထင်ကြီးသည့် (Master Key)များလုပ်ရန် လေးဦးလုံး သဘောတူခဲ့ကာ အပျို အလှ၊ အိုလည်းလှသည့် မိန်းမမျိုးစုံတို့ကို ဥစ္စာဖြင့် ဖျားယောင်း၍ ကာမေသုမိစ္ဆာစာရကံကို ပျော်ရွှင်စွာ ကျူးလွန်ခဲ့ကြလေသည်။ သူဌေးသားလေးဦးသည် ကာမဂုဏ်အမှားကြောင့် ထိုဘ၀မှ သေသောအခါ လောဟကုမ္ဘီ(သံရည်ပူငရဲ)သို့ ကျရောက်ခဲ့ခြင်းဖြစ် ၏။ ဂေါတမ မြတ်စွာဘုရားလက်ထက်ရောက်ချိန်တွင် ငရဲအိုးမှ ပြန်ပေါ်လာသည့် အချိန်လေးတွင် သူတို့ အနေဖြင့် လူ့ပြည်က လူသားတွေကို ပြောပြချင်သည့် စကားများ ထုတ်ဟအော်ဟစ်လိုက်ရာ ပထမဆုံး စကားလုံးလေး အော်ပြီးချိန်တွင် ငရဲအိုးထဲသို့ ပြန်လည်နစ်မြုပ် သွားပြန်လေသည်။ ကောသလ မင်းကြီးက ဂေါတမမြတ်စွာဘုရားထံ လျှောက်ထားမေးမြန်းချိန်တွင် အထက်ပါ သူဌေးသားလေးဦး၏ အတိတ်ဇာတ်ကြောင်းကို ဟောကြားခဲ့ပြီး မင်းကြီးကြားခဲ့သော စကားများမှာလည်း ထိုသူဌေးသားလေးဦး တို့က လူ့ပြည်က လူသားများကို ပြောချင်၍ အော်ဟစ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ပြောချင်သည့် စကားအကျယ်တို့ကို အောက်ပါ အတိုင်း ဟောကြားခဲ့လေသည်- 

-“ဒုဇ္ဇီဝိတမဇီဝိမှ ယေသန္တေ န ဒဒမှသေ၊ ၀ိဇ္ဇမာနေသု ဘောဂေသု ဒီပံ နာကမှ အတ္တနော။”- 
(ငါတို့ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်။ စည်းစိမ်ဥစ္စာနဲ့ အလှူခံပုဂ္ဂိုလ်ရှိပါလျက် မပေးလှူ ခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့ကြဘူး။) 
-“သဋ္ဌိ ၀ဿ သဟဿာနိ ပရိပုဏ္ဏာနိ သဗ္ဗသော၊ နိရယေ ပစ္စမာနာနံ ကဒါ အန္တော ဘ၀ိဿတိ။”-
(ငရဲရောက်တဲ့အခါမှာ အနှစ် ၆ သောင်းရှိသွားပြီ၊ ခုပြန်ပြီးတော့ ကျသွားပြန်ပြီ၊ ဘယ်တော့များ ဆုံးမယ်လို့တော့ မသိဘူး။) 
-“နတ္ထိ အန္တော ကုတော အန္တော န အန္တော ပဋိဒိဿတိ၊ တဒါ ဟိ ပကတံ ပါပံ မမ တုယှဉ္စ မာရိသာ။”- 
(ဆုံးတော့မှာ မဟုတ်တော့ပါဘူး၊ တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်မိတာ၊ မိတ်ဆွေတို့ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။) 
-“သောဟံ နူန ဣတော ဂန္တာ ယောနိံ လဒ္ဓါန မာနုသိံ၊ ၀ဒညူ သီလသမ္ပန္နော ကာဟာမိ ကုသလံ ဗဟုံ။”- 
(ဒီတစ်ခါ လူ့ဘ၀ ရရင်တော့ ဘာဆိုဘာမှ မလုပ်တော့ဘူး၊ ကုသိုလ်ချည်း လုပ်တော့မယ်။) ဟူ၍ဖြစ်လေသည်။ 

လူငယ်တို့သဘာဝ ပျော်ကြပါးကြတာ ဘာကြောင့် အပြစ်ဖြစ်ရမှာလဲ၊ သူကြည်ဖြူလို့ ကိုယ်-ကလူတာ ဘယ်အရာက အရေးယူမှာလဲ၊ ဒါ ငရဲနဲ့ကြောက်အောင်ခြောက်တာ”ဟူ၍ အပြစ်ပြ ဆုံးမသည့် ဘာသာအယူကို လူငယ်အချို့တို့ မကြည်ဖြူတတ်ကြပေ။ ဘုရားအဆုံးအမတော် တို့သည် အယူဝါဒတွေ မဟုတ်ပေ။ သဘာဝဖြစ်စဉ်အမှန်တို့ကို အကြောင်းအကျိုးပြ၍ ဆုံးမတော်မူထားသည့် သစ္စာတရား ဓမ္မတို့ပင်ဖြစ်၏။ ရှောင်ကြဉ်ရန်ဟောထားသည့် ၀ါရိတ္တ သီလသည် ရှောင်ကြဉ်သူအတွက် အကျိုးစီးပွါးရရှိမည်ဖြစ်ပြီး ဆောင်ရွက်ရန်ဟောထားသော စာရိတ္တသီလသည်လည်း ဆောင်ရွက်သူအတွက် အကျိုးစီးပွါး ဖြစ်ထွန်းမည်ဖြစ်၏။ ဘာသာတရားက လူတို့ကို အနေကြပ်အောင် ဘောင်ခတ်နေခြင်းမျိုး မဟုတ်ပေ။ မြတ်စွာဘုရား၏ သစ္စာတရားတို့သည် ဥပမာအားဖြင့် “ငရုပ်သီးစားလျှင် စပ်သည်၊ ထန်းလျက် စားလျှင် ချိုသည်”ဟူ၍ ဟေားထားသည့်သဘောမျိုးဖြစ်၏။ ငရုပ်သီးကို မြန်မာစားလျှင် စပ်သည်၊ တရုတ်စားလျှင် မစပ်၊ ထန်းလျက်ကို မြန်မာစားလျှင် ချိုသည်၊ ကုလားစာလျှင် မချို ဟူ၍ မဟုတ်။ ငရုပ်သီးကို ဘယ်သူစားစား စပ်သည်၊ ထန်းလျက်ကို ဘယ်သူစားစား ချိုသည် ဟူသော သဘာဝဖြစ်စဉ်အမှန်အတိုင်းသာလျှင် လမ်းညွှန်သည့်တရားတော်ဖြစ်၏။ မြတ်စွာဘုရား တရားစကား ကိုထောက်၍ မြန်မာပညာရှိကြီးများက နိုင်ငံယဉ်ကျေးမှုအဖြစ်ယူကာ “တစ်လင် တစ်မယားစနစ်၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းရမည်ဟူသော စနစ်၊ ရည်းစားထားတာတောင် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာရှိကာ တစ်သက်လုံး ပေါင်းရမည်ဖြစ်သောကြောင့် သုံးနှစ် သုံးမိုး တစ်ယောက်အကြောင်း တစ်ယောက်သိအောင် မိတ်ဆွေလို မောင်နှမလို စုံစမ်းအကဲခတ်ရမည် ဟူသော တိုက်တွန်းမှု၊ ဟဲ့- ကောင်မလေး၊ ရည်စားတစ်ထောက် လင်ကောင်တစ်ယောက် လျှောက် လုပ်မနေနဲ့၊ မိန်းကလေးဆိုတာ ဣနြေ္ဒရှိမှ၊ သိက္ခာရှိမှ၊ မလော်လီမှ တန်ဘိုးရှိတယ်၊ ဟဲ့-ကောင်ကလေး၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုပြီး အကုန်လုံးကို လိုက်ချိုင်နေရင် ဘယ်မှာ ယောက်ျားကောင်း တို့၏ ကိုယ်ကျင့်သိက္ခာ ရှိပါ့မလဲ၊ ယောက်ျားတို့ ကာမကို နှိုးဆွသည့် ထမီ ဟကွဲ၊ ဘောင်းဘီတို စကပ်တို၊ အပေါ်က မလုံ၊ အောက်က ဟောင်းလောင်း အ၀တ်အစားတွေ မိန်းကလေးတို့ မ၀တ်ကြနဲ့၊ တို့ မြန်မာမိန်းကလေးဆိုတာ လုံလုံခြုံခြုံရှိသည့် အ၀တ်အစားလေး တွေ ၀တ်ရတယ်၊ ကောင် ကလေး ကောင်မလေးတို့ အချိန်အခါ မတော် တရုန်းရုန်းနဲ့ သွားလာ နေကြတာ မသင့်တော်ဘူး ကွဲ့”အစရှိသည့် လူငယ်အချို့တို့အတွက် နားကြားပင်းကပ်နေတတ် သည့် မြန်မာ့ယဉ်ကျေးမှု အခြေခံသော လူကြီးသူမတို့၏ အဆုံးအမတို့သည် ကာမေသုမိစ္ဆာ စာရကံတည်းဟူသော အပါယ်လားကြောင်း မကောင်းမှု အကုသိုလ် မဖြစ်ပွါးရအောင် အလျဉ်းသင့်သည့်အခါတိုင်း ကြိုတင်ကာ တားမြစ်နေ ကြခြင်းဖြစ်၏။ 

အို…ပုရိသ အမျိုးသားအပေါင်းတို့ အနောက်တိုင်း မယဉ်ကျေးမှုမှ စီးဆင်းလာသည့် Living Together ဆိုသော လင်မယားမဟုတ်ဘဲ အတူတကွနေထိုင်ခြင်းသည် မြန်မာတို့ ယဉ်ကျေးမှု မဟုတ်ပေ။ ထို မကောင်းသည့် အကျင့်စရိုက်တို့သည် မြန်မာတို့အတွက် ယဉ်ကျေးမှု မဟုတ်သလို အနောက်တိုင်း အရှေ့တိုင်းအတွက်လည်း ယဉ်ကျေးမှု မဟုတ်ပေ။ ကမ္ဘာ့ လူသားအားလုံးအတွက် ယဉ်ကျေးမှု မဟုတ်ချေ။ လော်လီဖောက်ပြားသူတို့၏ စရိုက်လက္ခဏာ အမူအကျင့်ဆိုးများသာ ဖြစ်ကြကုန်၏။ တရားဝင် ဇနီးမယားမှတစ်ပါး အခြားဘယ်မိန်းကလေးနှင့်မှ Living Together မလုပ်ကြလေ နှင့်။ အပြစ်များက အလွန်တရာ ကြောက်စရာ ကောင်းလှပါသည်။ အရှင်အာနန္ဒာကဲ့သို့သော ဘွဲ့လေးခု ဧတဒဂ်ရခဲ့သည့် အလောင်းတော်ကြီးပင် တစ်ခုသောဘ၀ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိုက်မှားမိခဲ့၍ ရောရုဝငရဲ၌ ကျရောက်ခဲ့ရပြီး ငရဲမှလွန်သောအခါတွင်လည်း စတုတ္ထဘ၀၌ ဝှေးစေ့ကို ထုတ်ပြီး ၀န်ကို ထမ်းရန် အခိုင်းခံ ရသော ဆိတ်သိုးကြီး ဖြစ်ခဲ့ရခြင်း၊ ပဉ္စမဘ၀ မျောက်ဘ၀ ဖြစ်ခဲ့စဉ်မှာလည်း အုပ်ချုပ် သော မျောက် မင်းကြီးက ဝှေးစေ့ကို ကိုက်ဖောက်စားခံခဲ့ရခြင်း၊ ဆဋ္ဌမမြောက် ဘ၀ နွားဘ၀ဖြစ်ခဲ့ စဉ်မှာလည်း သန်မာ ထွားကျိုင်းသော နွားကြီးဖြစ်တာကြောင့် ဝှေးစေ့ကို ထုတ်ခံရကာ အခိုင်းခံခဲ့ရခြင်း၊ သတ္တမ ဘ၀ ၀ဇ္ဇီတိုင်း ၌ ယောက်ျားမဟုတ်၊ မိန်းမ မဟုတ်သည့် နပုံးပဏ္ဍုပ်ဖြစ်ခဲ့ရခြင်း၊ ထို့နောက် သိကြားမင်း၏ မိဖုရားအဖြစ် လေးဘ၀၊ ဇ၀နနတ်သား၏ မိဖုရား နတ်သမီးဘ၀၊ အင်္ဂတိမင်းကြီး ၏သမီး ရုစာမင်းသမီးဘ၀ စသည်ဖြင့်ကာမေသုမိစ္ဆာစာကံအကျိုးပေးဘ၀တို့ကို ရရှိခဲ့ရပေသည်။ လောကီကောင်းကျိုးတွေ ဝေး၊ လော ကုတ္တ ရာ အသိအမြင်တွေလည်း ဆွေးစေသော သဘော ကို လေးနက်စွာတွေးတောစေ ချင်ပါကြောင်း အကြံပြုရင်း ဤဓမ္မဆောင်းပါး(ဒုတိယ ပိုင်း)ကို မြတ်စွာ ဘုရားဟောကြားခဲ့သည့် ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်းကြောင့် ရရှိမည့် ဆိုးကျိုးများနှင့် မန်လည်ဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော မဃဒေ၀လင်္ကာတို့ဖြင့် နိဂုံးချုပ်အပ်ပါသည်။ 

ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းကြောင့် ရရှိမည့်ဆိုးကျိုးများကို လင်္ကာဖြင့် မှတ်သားရန်- “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ် ၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့ သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။” 

မဃဒေ၀လင်္ကာ- “ကိလေရုတ်မာ၊ ဓမ္မတာ၌၊ အာသာငတ်ငတ်၊ ကြီးရမ္မက်နှင့်၊ ကလက်ကလိန်း၊ ဉာဏ်မထိန်းဘဲ၊ မိန်းမနိုင်ငံ၊ ဆက်ဆံယစ်မူး၊ အလိုက်ကျူးက၊ ညစ်ညူးဆိုးဝါး၊ အပြစ်များ၏။” 

ကာမရောဂါ၊ ၀မ်းတွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်ဆွ၏။” 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

21 Dec 2012

ပုရိသ ကံဆိုးပေါက်ကြီးများ(ပထမပိုင်း)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

သတ္တ၀ါတို့၏ အကျိုးပေးကံတရားတို့သည် အရိပ်ကဲ့သို့ဖြစ်၏။ အရိပ်ကို လိုက်ခဲ့ရန် ခေါ်စရာမလိုသလို လိုက်ခဲ့ရန်လည်း တားဆီးလို့ မရနိုင်ပေ။ သွားနေသည်အရာနောက်သို့ ထက်ကြပ် မကွာ လိုက်နေမည်သာဖြစ်၏။ ထို့အတူသာလျှင် သတ္တ၀ါတို့ ပြုလုပ်သမျှသော ကာယကံအမှု၊ ၀စီကံအမှု၊ မနောကံအမှုတို့၏ အကျိုးပေးကံတို့သည် အရိပ်ကဲ့သို့ အစဉ်လိုက်နေလေသည်။ အကျိုးပေးတတ်သည့် ကံလေးမျိုးရှိရာတွင်-  

(၁) အလွန်ကြီးလေးသော၊ တခြားမည်သည့်ကံမှ မဖျက်ဆီးနိုင်သော၊ ဒုတိယဘ၀ သေချာပေါက် မလွဲမသွေအကျိုးပေးသော ဂရုကကံ။ (ဥပမာ- ကုသိုလ်ကံကိုကြည့်ပါက ဈာန်ရထားသောပုဂ္ဂိုလ် သည် သေပြီးနောက်ဘ၀၌ သေချာပေါက် ဗြဟ္မာ့ပြည်ရောက်သကဲ့သို့၊ အကုသိုလ်ကံကိုကြည့်ပါက မိဘကို သတ်မိသော ပဉ္စာနန္တရိကံမျိုးကျူးလွန်မိသူသည် သေပြီး နောက်ဘ၀၌ အပါယ်ငရဲသို့ သေချာပေါက် ကျရောက်ရသကဲ့သို့)
(၂) ယခင်က နေ့စဉ်အားထုတ်နေကျမဟုတ်ဘဲ သေခါနီးတွင် ပြုလုပ်မိကာ ဒုတိယဘ၀သို့အကျိုး ပေးသော အာသန္နကံ။ (ဥပမာ- ကဿပဘုရားရှင်လက်ထက်က ရဟန်းတော်ကြီး တစ်ပါး အနှစ်နှစ်သောင်း ကြာအောင် ရဟန်းသီလ မကျိုးမပေါက်အောင် စောင့်ထိန်း ခဲ့သော်လည်း သေခါနီးတွင် ပိန်းမြက်ပင်လေး ဆွဲဖြတ်မိခြင်းကို အာပတ်မဖြေရသေးဘူး ဟူ၍ နှလုံးသွင်းမိခြင်း ကြောင့် ရေ၌ နဂါးကြီးသွားဖြစ်ရ သကဲ့သို့၊ ဂေါတမမြတ်စွာ ဘုရားလက် ထက်က သေဒဏ်ကျ သူတွေကို သတ်ပေးရသည့် ဘုရင့်အမှု ထမ်းကြီးတစ်ဦးသည် အနှစ်ငါးဆယ်တိုင်အောင် မကောင်းမှုဖြင့် အသက်မွေးခဲ့ရသော်လည်း အသက်ကြီး၍ ပင်စင်ရချိန် သေခါနီး၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို ဆွမ်းကျွေးတရားနာပြီး ကိုယ်တော်မြတ်ပြန်သွားချိန်တွင် ဥပစ္စေတကကံတစ်ခုဖြင့် သေသွားချိန်ရာ တစ်သက်လုံးပြုလုပ်ခဲ့သော လူသတ်သည့်ကံ များက အကျိုးမပေးသေးဘဲ သေခါနီးတွင်ပြုမိသောကံက နတ်ပြည်သို့ရောက်ရှိအကျိုးပေး သကဲ့သို့)
(၃) စဉ်ဆက်မပြတ်အားထုတ်ရင်း အမြဲပူနွေးနေကာ သေခါနီးအထိ သတိမပြတ် အားထုတ် နိုင်ပါက အလွန်အားကောင်းစွာအကျိုးပေးသော အာစိဏ္ဏကံ။ (သေခါနီးပြုမိသော အာသန္နကံအကျိုးမပေး လျှင် နေ့စဉ်ပြုလုပ်သည့် ကောင်းမှု မကောင်းမှုကံတို့က အကျိုးပေးခြင်း ဖြစ်သည်။ ဥပမာ- ဂေါတမမြတ်စွာ ဘုရားလက်ထက်က ဓမ္မိကဥပါသကာကြီးသည် နေ့စဉ် ဘုရား ကျောင်းကန်သွား၊ တရားနာ၊ ဥပုသ် သီလစောင့်သော ဥပါသကာကြီးဖြစ်ရာ သေခါနီးတွင် နတ်ပြည်ခြောက်ထပ်မှ ပန်းရထားများ က ကောင်းကင် တွင် ရောက်ရှိလာပြီး နတ်ပြည်ခြောက် ထပ်မှ နတ်သားနတ်သမီးများက ကိုယ့်နတ်ပြည် ကို ကာင်းကြောင်း အမွှန်းတင်ကာ မသေခင်ကတည်းကတိုင်း နတ်ပြည်ခြောက်ထပ်ထဲက ဘယ်နတ်ပြည် ကောင်းလဲ မေးမြန်းပြီး တုသိတာနတ်ပြည်က ဘုရားအလောင်းအစရှိသော သူတော် ကောင်းများ မွေ့လျော်ရာ နတ်ပြည်ဖြစ်ကြောင်း သိရှိပြီး တုသိတာနတ်ပြည်က ပန်းရထား ကို ရွေးပြီး ထိုနတ်ပြည်တွင် နတ်သားးဖြစ်ရသကဲ့သို့) 
(၄)သေပြီးနောက်ဘ၀မှသည် နိဗ္ဗာန်မရမခြင်း ကြားသံသရာ၌ အကြောင်းတိုက်ဆိုင်တိုင်း အကျိုးပေးသော ကဋတ္တာကံ။ (ရှေ့က ကံသုံးခု အကျိုးပေးခွင့် မသာပါက ယခင် သံသရာ ဘ၀တစ်ခုခုက ပြုလုပ်ခဲ့သော ကံက အကျိုးပေးခြင်းဖြစ်သည်။ ဥပမာ- ရှေးအခါက အင်္ဂတိမင်း ကြီး၏ တိုင်းပြည်တွင် အလာတ စစ်သူကြီးသည် ယခင်ဘ၀က ပိင်္ဂလဆိုသော နွားသတ် သမားလုပ်ခဲ့သော်လည်း ငရဲမရောက်သေးဘဲ ကဿပဘုရားရှင်လက်ထက်၌ ပန်းကုံးတစ်ကုံးကို ဘုရားစေတီတော်မှာ လှူခဲ့ဖူးသည့် ကံကြောင့် နွာသတ် သမားဘ၀မှ သေပြီးနောက်ဘ၀တွင် နွားသတ်သည့်မကောင်းမှုကံများက အကျိုးမပေးသေးဘဲ ဘုရားစေတီမှာ ပန်းကုံးလှူခဲ့သည့်ကံက ဂုဏ်သရေရှိသော စစ်သူကြီးအဖြစ်ကို အကျိုးပေးသကဲ့သို့၊ တစ်ဖန် ဗီဇကကျွန်သည်လည်း ပြီးခဲ့သည့်ဘ၀က ဥပုသ်နေ့တွေ၌ ဥပုသ်သီလဆောက်တည်ခဲ့သော် လည်း ထိုကံများက အကျိုးမပေးသေးဘဲ ကဿပဘုရားရှင်လက်ထက်တွင် လုလင် တစ်ဦးဖြစ်ခဲ့ရာ ရဟန်းတစ်ပါး မျက်စိလည်၍ လမ်းမေးသည်ကို နွားပျောက်လို့ရှာမတွေ့ ဘဲ စိတ်ညစ်နေသည့်အချိန်ဖြစ်နေသောကြောင့် ရဟန်းတော်အား “သင်တို့ဘုန်းကြီးတွေ တယ်..စကားများတယ်၊ စကားများတယ်ဆိုတာ ကျွန်တွေမှ များတာ၊ အသင်လည်း ကျွန်မျိုး ဖြစ်ပါလိမ့်မယ်”ဟူသော ၀စီကံဒုစရိုက်ကျူးလွန်မိသော ကံကြောင့် ဥပုသ် သီလဆောက်တည် ထားသောကုသိုလ်ကံတွေက အကျိုးမပေးသေးဘဲ သေပြီးနောက်ဘ၀၌ တစ်ခုသောဘ၀က ၀စီကံဒုစရိုက်က ကျွန်ဘ၀သို့ အကျိုးပေးသကဲ့သို့။) ကံလေးမျိုးရှိကြ၏။ 

ကံလေးမျိုး ရှိကြောင်းကို အကျဉ်းမျှ ဖော်ပြခြင်းဖြစ်ပါသည်။ ဤဆောင်းပါးတွင် ပုရိသ အမျိုးသားများ ကံဆိုးစေသည့် အကြောင်းများ၊ ဘ၀မှာ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်စေသည့် အကြောင်းများ၊ လမ်းမှား လိုက်နေကြသည့် အကြောင်းများကို အဓိကထားရေးသားတင်ပြကာ အမျိုးသားအားလုံး သတိဖြစ်စေရန်၊ လမ်းမှန်လျှောက် လှမ်းနိုင်ရန် ရည်ရွယ်အကြံပြုဖော်ပြမည် ဖြစ်ပါသည်။ “ပျော်ပွဲရွှင်ပွဲ၊ အပျင်းပွဲနှင့်၊ အောင်ပွဲရှုံးပွဲ၊ ကြိုဆိုခွဲခွါ၊ မိတ်ပွဲနှုတ်ဆက်၊ ကျိုးတူဖက်ဟု၊ ဂုဏ်ပြု ပါလေ၊ သုရာမေ”ဟူ၍ ဆိုရလောက်အောင် ပုရိသတို့ကျင်းပသော ပွဲတကာတို့တွင် ပါမြဲပါနေသည့်ရာမှာ သေရည်သေရက် သာလျှင် ဖြစ်၏။ သူမပါလျှင် မပြီးလောက်အောင် နှင်သည့်ခရီး မတွင်သည်ဟု ထင်ကြပေသည်။ သူနှင့် စပြီး သူနှင့်ဆုံးမှ အောင်ပွဲရသည်ဟု မှတ်ယူတတ်ကြ၏။ ဤကား ပုရိသတို့၏ ကြီးလေးသော ကံဆိုးပေါက်ကြီး တစ်ခုဖြစ်ပေသည်။ 

 သေရည်သေရက်တို့ကို မှီဝဲသုံးဆောင်နေသမျှ ကာလပတ်လုံး မကောင်းမှုကံများ အစဉ်တိုးပွါး နေမည်ဖြစ် သည်။ ပစ္စုပ္ပန်ဘ၀တွင်လည်း အစဉ်ဆုတ်ယုတ်နေ သလို နောင်သံသရာ၌လည်း အဖန်ဖန်ဆင်းရဲ ဒုက္ခရောက်ရမည့်အလုပ်ဖြစ်၏။ ယခုအခါ တွင် သေရက်သေရက် ကို အလှဆုံး စကားလုံးများသုံး၍ အမည်အမျိုးမျိုးပေး ကာ သေရည်သေ ရက် ဟု မထင်ရလောက်အောင် ပညတ်တို့ဖြင့် ပြီပုံးကား ချထားကြ ၏။ သို့သော် ၎င်း၏ဂုဏ်သတ္တိမှာ သောက်လျှင် မူးတတ်၏။ ထိုအချက်ဖြင့်ပြည့်စုံ လျှင် သေ ရည်သေရက်ဖြစ်ပါသည်။ ကောင်းမှုမှန်သမျှ သေသွား တတ် သော အရည်ဖြစ်၏။ ရှောင်ကြဉ်ရမည့် ၀ါရိတ္တသီလနှင့် ဆောင်ရွက်ရမည့် စာရိတ္တသီလ နှစ်ပါး တွင် သေရည်သေရက်တို့ကို မှီဝဲသုံးဆောင်ခြင်း သည် ရှောင်ကြဉ်ရမည့် ၀ါရိတ္တသီလ ဖြစ်ပါ သည်။ 

 သေရည်သေရက်နှင့်ပတ်သက်၍ အဆင့်ဆင့် အပြစ်ကြီးပုံအား စာရေးသူ၏ယူဆချက်ကို တင်ပြရပါ လျှင် မှီဝဲသုံးဆောင်သူတို့သည် အပြစ်ကြီးကြကုန်၏။ ထို့ထက် သူတစ်ပါးကို တိုက်သူတို့က ပို၍ အပြစ်ကြီးကြ ကုန်၏။ ၎င်းတို့ထက် ရောင်းသူတို့က ပို၍ အပြစ်ကြီးကြ၏။ ထိုအားလုံးထက် ချက်လုပ်ရောင်းချကြသော စက်ရုံပိုင်ရှင်သူဌေးကြီးများကား အပြစ်အကြီးဆုံး သူများဖြစ်ကြပေသည်။ ကိုယ်တိုင်လည်း ထုတ် လုပ်၊ ရောင်းလည်းရောင်း၊ သူတစ်ပါးတို့ကို လည်းတိုက်၊ မိမိကိုယ်တိုင်လည်း မှီဝဲသုံးဆောင်ပါလျှင်မူ ဆိုဖွယ်ရာမရှိတော့ပြီ။ ယခုခေတ်အခါတွင် ရေဆာလျှင် ဘီယာသောက်၊ ရင်ပူလျှင် ဘီယာသောက်ဟူ၍ ဘီယာကို ရေသဖွယ်၊ အမောဖြေစရာ အချိုရည်သဖွယ် သဘောထားပြီး အမျိုးသမီးလေးများပါ မှီဝဲလာ ကြ၏။ မြို့ကြီးပြကြီးများတွင် အစည်ကားဆုံးသောဆိုင်များမှာ ဘီယာရောင်းသော သေရည်သေရက် ဆိုင်များဖြစ်ကြ၏။ သေသောက်ကျူးသူတို့ ပေါများနေသည့်ခေတ်ကာ၌ ဘီယာဆိုင်များပေါများနေခြင်းကား မဆန်းလှပေ။ ထိုသို့ ပေါများနေခြင်းသည် ပုရိသတို့၏ ဆုတ်ယုတ်ခြင်း၊ အပါယ်ဖော် မိတ်ဆွေဖွဲ့ ကြခြင်းဖြစ်ပေသည်။ သောက်ပြီးလျှင် မူး၏။ မူလျှင် ရမ်းကားတော့၏။ ရမ်းကားသည်ဆိုရာ တွင် သောက် သုံးသူ၏ စိတ်အခြေအနေပေါ်မူတည်ပြီး ဆဲဆိုအောင်ဟစ်တတ်ခြင်း၊ မင်းဘာကောင်လဲ ငါဘာကောင်လဲ မာန်ထောင်ခြင်း၊ အိမ်ပြန် နောက်ကျတတ်၍ မိသားစုစိတ်ဆင်းရဲရခြင်း၊ အမျိုးသမီးငယ်တို့ကို စ,နောက် ရိုင်းပျစော်ကား တတ်ခြင်း၊ ခိုးဖို့လည်း ၀န်မလေး၊ ခိုက်ရန်ဖြစ်ဖို့လည်း ၀န်မလေးခြင်း၊ အရှက်အကြောက် ကင်း မဲ့ကာ မကောင်းမှုမှန်သမျှ လုပ်ဆောင်ရဲခြင်း စသည့် ဆိုးရွားသည့်အကြောင်းများကို ဖန်တီး တော့၏။ 

အရက်သေစာသောက်စားရာတွင် အဆင့်သုံးဆင့်ရှိ၏။ (၁)လူက အရက်ကိုသောက်ခြင်း၊ (၂) အရက်က လူကိုသောက်ခြင်း၊ (၃) အရက်က အရက်ကိုသောက်ခြင်းတို့ဖြစ်၏။ အဆင့်(၁)တွင် ပျော်လို့သောက်၊ ပျင်းလို့သောက်၊ အောင်ပွဲရလို့သောက်၊ ရှုံးပွဲရလို့သောက်၊ ကြိုဆိုခွဲခွါ မိတ်ဖွဲ့ နှုတ်ဆက်၊ ဆေးဖြစ်ဝါးဖြစ် အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံသော အကြောင်းများကိုပြ၍ သောက်ခြင်းဖြစ်၏။ ပုရိသကံဆိုးပေါက်ကြီး စတင်ပွင့်လာခြင်းပင်။ အဆင့်(၂)တွင် သောက်ချိန်ရောက်လာပါက လူက မနေနိုင်တော့သည့်အဆင့်ဖြစ် လာ၏။ သောက်ပွဲတွေဖြစ် အောင် အရက်က လူကိုခိုင်းနေလေသည်။ တစ်ဝိုင်း၊ တစ်ပွဲ၊ တစ်ရှဲ ဟူ၍ ဘာအထိန်းမှတ်ဖြစ် ဖြစ် အရက်က သူ့ကို ပါအောင်ထည့်ဖို့ လူကိုခိုင်းတော့၏။ ပုရိသကံဆိုးပေါက်ကြီး ကျယ်လာ ပေသည်။ အဆင့်(၃)တွင် ၀ိုင်းဖွဲ့ဖို့ မလိုတော့ပေ။ မသောက်ရလျှင် မနေနိုင်တော့သည့်အဆင့် သို့ရောက်သွား၏။ မသောက်ရပါက လက်များတုန်ရီလာခြင်း၊ အကြောတက်ခြင်း၊ သေရည် ပြတ်သွားပါက အသက်ပါသေဆုံးနိုင်သည့်အခြေအနေသို့ရောက်လာပြီး ဖြတ်လိုပါက ဆေးရုံတက်ပြီး ဆရာဝန် အကူ အညီဖြင့်ဖြတ်မှ ရသည့် အခြေအနေအဆင့်သို့ ရောက်သွားတော့သည်။ အဆင့်(၃)တွင်ကား အရက် ၏ကြေးကျွန် ဖြစ်သွားလေပြီ။ ဤအဆင့်ရောက်လျှင် မိုးလင်းသည် နှင့် တစ်ခွက် တစ်ဖလား မော့ပြီးမှ တခြားအလုပ်ကို ဆက်လုပ်နိုင်၏။ ရှေ့၌ ကုသိုလ်ကောင်းမှုရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ရာ မိုးလင်း သည်နှင့် မကောင်းမှုဖြင့် စနှင့်ပြီဖြစ်ခြင်းကြောင့် ဘယ်မှာလျှင် မင်္ဂလာရှိတော့အံ့နည်း။ 

 ရာဇ၀တ်မှုကျူး လွန်သူများအနက် အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် စိတ်ဖောက် သူများနှင့် အရက်စွဲလန်းသူများ အရက်ဖြတ်လိုက်ခြင်း၊ အရက်လျှော့လိုက်ခြင်း၊ အရက်ယင်း ထသူများတွင် ပြစ်မှုကျူး လွန်ခြင်းများလေ့ရှိကြောင်း တွေ့ရ၏။ စိတ်ကျန်းမာရေးဆေးရုံများတွင်လည်း စိတ်မကျန်းမာသူများမှာ အရက်သောက်ခြင်းကြောင့် ပိုဖြစ်ပွါးလျက်ရှိပေသည်။ အရက်စွဲလန်းသွားသူများအနေဖြင့် အရက်ကို နားမည်ဟုလျှော့သည်ဖြစ်စေ၊ ဖြတ်သည် ဖြစ်စေ လုပ်လိုက်သည့်အခါမျိုး၌ အရက်ယင်းထလေ့ရှိ၏။ ထိုအချိန်တွင် အရက်စွဲလန်းသူ၏ စိတ်အခံကိုလိုက်ပြီး ပြစ်မှုကျူးလွန်ခြင်းဖြစ်တတ်ကြောင်း အငြိမ်းစား အထူးကုဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက ပြောဖူးလေသည်။ အရက်ယင်းထခြင်းဆိုသည်မှာ အရက်ဖြတ်လိုက်ပြီး ပထမ တစ်ရက်၊ နှစ်ရက် လက်တုန်ခြင်း၊ ပျို့အန်ခြင်းများဖြစ်ကာ အိပ် မရခြင်း၊ ကြောက်လန့်ခြင်းများဖြစ်တတ်ခြင်း၊ တတိယနေ့တွင် ဆေးကုသခြင်းများမရှိပါက အသံများကြား လာလေသည်။ အဆိုပါအသံများတွင် ခြိမ်းခြောက် သံများ၊ အမိန့်ပေးခိုင်းစေသံများ ကြားရခြင်း တို့ ဖြစ်လာ တတ်ခြင်းကိုဆိုလိုကြောင်း သိရပေ သည်။ ထိုအသံများတွင် သူ့ကိုလာသတ်မည်၊ ခုတ်ထစ်မည်ဟူသော အသံများ၊ တချို့အစွဲ အလန်းကြီးသူများတွင် မျက်စိထဲပါမြင်ခြင်း၊ သူ့ကို လိုက်သတ်နေသည်ဟူ၍ အသံလည်းကြား၊ ရုပ်လည်းမြင်သည့်အတွက် ဘေးမှလူများ၊ မိသားစုများကို လူဆိုးဟုမြင်လာပြီး ရန်သူလို မြင်လာခြင်း၊ တချို့ကျတော့ စိတ်အားငယ် သူများဖြစ်ရာ ကြောက်ပြီးထွက်ပြေးခြင်း၊ ကြောက် လွန်းအားကြီးပြီး ပြူတင်းပေါက်မှခုန်ချထွက်ပြေးခြင်း၊ အမြင့်မှခုန်ချထွက်ပြေးတတ် ခြင်း၊ တချို့ကျတော့ ဓာတ်ခံက ဒေါသဓာတ်ခံရှိလေရာ သူ့ကို အထိမခံ၊ ပြန်ချမည်ဆိုသော သူမျိုးကျတော့ အရက်ယင်းထ သည့်အခါ အခံကကြမ်းသည့်အတွက် ပြန်လုပ်တတ်တာမျိုး၊ တွေ့ကရာလူကို ရိုက်တတ်ခြင်း၊ သတ် တတ်ခြင်း၊ မိဘမှန်းမသိ၊ ဆွေမျိုးမှန်းမသိဘဲ ပြန်သတ်တတ်ခြင်း၊ အရက်အလွန် အကျွံသာက်သောကြောင့် စိတ်ဖောက်သွားခြင်းများ၊ ယင်းမှတဆင့် ပြစ်မှုကျူးလွန်ခြင်းများ ရှိလာတတ်ပေသည်။ ၎င်းမှာ အရက်ကြောင့် တိုက်ရိုက်စိတ်ဖောက် ခြင်းဟုခေါ်ကြောင်း ဒေါက်တာဂျော်ထက်ဒိုးပြောကြားသည့် အရက်နှင့်ပတ်သက်သည့် အကြောင်းကို ဂျာနယ်တစ်စောင်မှ ပြန်လည်ဖြည့်စွက် ဖော်ပြလိုက်ပါသည်။ 

အရက်သောက်ခြင်း အဆင့်(၃)သို့ရောက်သွားသော အရက်၏ကြေးကျွန်ဖြစ်သွားသည့် ကျွန်ုပ်တို့ရွာက ပုရိသတစ်ယောက်အကြောင်းကို ပြောပြချင်ပါသည်။ သူသည် ယခင် ငယ်စဉ်က ဉာဏ်ကောင်းပြီး ဥပဓိရုပ်ကောင်းသည့် အုပ်ချုပ်ရေးမှူးကောင်းတစ်ဦးဖြစ်သည်။ ရေနံရှာဖွေရေးဝန်ထမ်းလုပ်ဖူးသောကြောင့် အတွေ့အကြုံဗဟုသုတရှိသူ ဖြစ်၏။ ၀န်ထမ်းမှ အနားယူသည့်အချိန် တွင် ကျေးရွာအုပ်စုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။ ရပ်ရေးရွာရေး ကိစ္စအ၀၀အားလုံး နည်းလမ်းတကျ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်သဖြင့် ကျေးရွာလူထု၏ အထင်ကြီးလေးစားမှု ရရှိသူဖြစ်လေသည်။ ထိုအချိန်ကား သူသည် လူက အရက်ကိုသောက် သည့်အဆင့်သာရှိသေး၏။ သို့သော် တဖြေးဖြေးစွဲလာကာ အဆင့်(၂) သို့ ရောက်လာ သည်။ ကျေးရွာလူထုကို ရပ်ရေးရွာရေးကိစ္စများ အသံချဲ့စက်ဖြင့် ပြောဟောချိန်တွင် စကားများမှာ အပ်ကြောင်းထပ်၍လာတော့၏။ ပြောပြီးသောစကားများ မမှတ်မိ၍ ထပ်ကာ ထပ်ကာ ပြောမိ လေတော့၏။ ရွာကလူများ သူ့အသံကို နားငြီးလာလေပြီ။ တစ်ခါတစ်ခါ အရက်သောက်ပြီးမှ ပြောသောအခါ ပို၍ဆိုးလေသည်။ မကြာပါပေ။ ဥက္ကဋ္ဌရာထူးကို ရွာကလူများ ၀ိုင်း ၍ဖြုတ်ပါ တော့၏။ အရက်သမားရာထူးကို ဆက်လက်ခံယူပြီး မိုးလင်းသည်နှင့် အရက်ဆိုင် သို့ ပြေး ပါ လေတော့၏။ အိမ်တွင် အရက်ကို သိုလှောင်ထားရပါတော့၏။ သူသည် ကျွန်ုပ်ဗိုလ်လောင်း သင်တန်း တစ်နှစ်ပြည့်လို့ ခွင့်ပြန်လျှင် သူ့အိမ်၌ ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကာ ကျွန်ုပ် ကို ထမင်းဖိတ်ကျွေး တတ်၏။ ထိုအချိန်တွင် ကျွန်ုပ်သည် သူ့၏ ယခင်က ကျေးရွာ၌ ရွှေရောင် လွှမ်းခဲ့သော ဘ၀ကို တမ်းတမိကာ အရက်မသောက်ဖို့၊ အရက်ဖြတ်ဖို့တရားများ အကြံပြု ဟောကြားခဲ့ဖူး၏။ သူသည် ကျွန်ုပ်ကို ချစ်ခင်ပြီး လေးစားမှုရှိသောကြောင့် ဤအချက်ကို ထောက်ပြီး အကြံပြုပြောဟောနိုင်ခြင်းဖြစ်၏။ သူ၏ အမျိုးသမီးသည်လည်း သူ့အမျိုးသား အရက်မသောက်ဖို့ ပြောပေးရန်သာ ကျွန်ုပ်ကို တဆာဆာ အကူအညီတောင်းနေသူဖြစ်၏။ ကျွန်ုပ် တဆတ၌ တာဝန်ထမ်းဆောင်ချိန်တွင် ခွင်ပြန်သည့်အချိန်၌ သူသည် ဘာအလုပ်ကိုမျှ ကြိုးစားပမ်းစား မလုပ်နိုင်တော့ပါ။ အရက်ဖြင့် အသက်ဆက်နေရသည့် အဆင့်(၃)သို့ ရောက်ရှိနေလေပြီ။ ကျွန်ုပ်ကို ထမင်းဖတ်ခေါ်ကျွေးချိန်တွင် ကျွန်ုပ် ထမင်းစားနေသည့်ရှေ့၌ ကျွန်ုပ်ကို ထိုင်ကြည့်ကာ အသံထွက်၍ ငိုပါတော့၏။ ကျွန်ုပ်ကို ထမင်းဖိတ်ကျွေးရာတာ ၀မ်းသာလွန်လို့ပါ ဟူ၍ ပြော၍ပြော၍ ငိုလေသည်။ ကျွန်ုပ်သည် သူ့အား စာနာသနားမိပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့၌ စကားပြောဖော် မရှိတော့ပါ။ ရိုသေလေးစားသူ မရှိတော့ပါ။ သူ ပြောမည့်စကားများကိုလည်း အရေးတယူနားထောင်ပေးမည့်သူ မရှိတော့ပါ။ ရွာကလူများ မဆိုထားနှင့်၊ အိမ်သူ သားသမီးများကပင် မလေးစား၊ မကြည်ညိုကြတော့ဘဲ အပြန်အလှန် ခွန်းတုန့်ပြန်သည့် လောကဓံများကား သူ့အား နေ့စဉ် လိုလို ရိုက်ခတ်ခံနေရလေသည်။ ယခင်က သူသည် ကျေးရွာဥက္ကဋ္ဌကြီးအဖြစ် ရွာသူရွာသား များက လေးစား၊ တခြားကျေးရွာ ဥက္ကဋ္ဌများကပင် လေးစားခံနေရသူဖြစ်ရာ အိမ်သူသားသမီးများ၏ ချစ်ကြောက်ရိုသေလေးစား ခြင်းခံရသူဖြစ်၏။ ထိုစဉ်က ကျွန်ုပ်သည် သူနှင့် အချိန်ကြာမြင့်စွာ အပြန်အလှန် စကားပြောနေ ခဲ့ပါသည်။ သူပြောချင်သောစကားများကိုလည်း အရေးတယူ နားထောင်ခဲ့ပါသည်။ ယခင်က ဥပဓိရုပ်ကောင်းသော်လည်း ပိန်လီနေသောသူ၏ ခန္ဓာကိုယ်ကိုကြည့်ပြီး ကျွန်ုပ် သနားမိသလို သံဝေဂလည်း ပွါးနေမိခဲ့၏။ ကျွန်ုပ်ခွင့်ရက်ပြည့်လို့ တဆတ၊ ရန်ကုန်သို့ ပြန်ရောက်ပြီး လေးငါးလလောက် ကြာသောအခါ သူ၏အကြီးဆုံးသမီးသည် နယ်တွင် မူလတန်းပြဆရာမ တာဝန်ကျလျက်ရှိရာက ရန်ကုန် တွင် ခေတ္တတည်းခိုရာ ဖခင် အသည်းအသန်ဖြစ်၍ ရွာကိုပြန်မည့်အကြောင်း သိရလေသည်။ ကျွန်ုပ် သိလိုက်ပါသည်။ နေ့စဉ် ရက်ဆက် သောက်သုံးခဲ့သော အရက်သေစာများကြောင့် သူ့ အသည်းခြောက်နေလောက်ပါပြီ။ သူသေရတော့မည်ကို တထစ်ချ ထင်မြင်ယူဆလိုက်သဖြင့် မြတ်စွာ ဘုရားပုံတော်ကျောဘက်တွင် သူသေခါနီး နှလုံးသွင်းနိုင်ရန်အတွက် ကျွန်ုပ် စာရေးပေးလိုက်ပါသည်။ ကျွန်ုပ်ရေးပေးလိုက်သောစာမှာ- 
-“ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ”- မြတ်စွာဘုရားမှတစ်ပါး ငါ့၌ ကိုးကွယ် ရာ၊ မှီခိုအားထားရာ မရှိတော့ပါ။ -“ဓမ္မော မေ သရဏံ အညံ နတ္ထိ”- တရားမှတစ်ပါး ငါ့၌ ကိုးကွယ်ရာ၊ မှီခိုအားထားရာ မရှိတော့ပါ။ -“သံဃော မေ သရဏံ အညံ နတ္ထိ”- ဘုရားသားတပည့်သားသံဃာတော်အရှင်သူမြတ်တို့မှတစ်ပါး ငါ့၌ ကိုးကွယ်ရာ၊ မှီခိုအားထားရာ မရှိတော့ပါ။ ဟူ၍ဖြစ်ပါသည်။ 

 ဘုရား၊ တရား၊ သံဃာတို့အား ကြည်ညိုစိတ်ဖြစ်ပြီး သေသွားလျှင် သုဂတိဘုံရောက်နိုင်ရန် ရည်ရွယ်ပြီး ရေးသားပေးလိုက်ခြင်းဖြစ်၏။ နောက်နှစ်ရက်ကြာသော် သူ သေဆုံးသွားကြောင်း သိရပါသည်။ သူ၏ နိစ္စဓူဝ လုပ်နေသော အစိဏ္ဏကံ အကျိုးပေးပါလျှင် သူ အပါယ်ငရဲကျမှာ သေချာ သလောက်ရှိပါ သည်။ သေခါနီး ဘုရား၊ တရား၊ သံဃာအား ကြည်ညိုမှု၊ တရားနှလုံးသွင်းမှု တစ်ခုခုရှိခဲ့ပါလျှင် ထိုသေခါနီးတွင် ပြုမိခဲ့သော အာသန္နကံအကျိုးပေးပါလျှင် ကောင်းရာဘုံ ရောက်နိုင်ပါသည်။ ယခင် သံသရာက ပြုလုပ်ခဲ့သော ကံတစ်ခုခု ကဋတ္တာကံ အကျိုးပေးပါလျှင် ထိုကံ စီမံရာအတိုင်း သံသရာခရီး ဆက်၍ နှင်နေပေမည်။ 

 ပုရိသဓမ္မမိတ်ဆွေ အမျိုးသားအပေါင်းတို့ အရက်သေစာများကို ပျော်လို့လည်း မသောက်ပါနှင့်။ ပျင်းလို့ လည်း မသောက်ပါနှင့်။ မိတ်ဖွဲ့စီးပွါးဖက်ဖို့လည်း မသောက်ကြပါနှင့်။ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါ။ ကမ္ဘာ့ယဉ်ကျေးမှုလည်း မဟုတ်ပါ။ ဘုရား အစရှိသော သူတော်ကောင်းများ တားမြစ်သည့် အဆိပ်ရည်သာဖြစ်ပါသည်။ “သေနှင့်အရက်၊ စီးပွါးပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြ ပါလေ၊ ရှင်တော်ဟောသည့်၊ အဆိပ်ရေ”ဟူသော ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာလေးကို နှလုံးသွင်းစေချင်ပါ သည်။ လူသားတိုင်း စောင့်ထိန်းအပ်သော ဂရုဓမ္မသီလဖြစ်သည့် ငါးပါးသီလမှ သုရာမေရယမဇ္ဈပမာ ဒဋ္ဌာနသိက္ခာပုဒ်ဖြစ်ပါသည်။ ကိုယ်တိုင်ရှောင်ကြဉ်ရမည်ဖြစ်သလို သူတစ်ပါးတို့ကိုလည်း ရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်အကြံပြုအပ်သည့် ဂရု- ကြီးလေးသော၊ ဓမ္မ- နိဗ္ဗာန်ရောက် ကြောင်း ပါရမီထိုက်သော၊ သီလ- ကိုယ်ကျင့်တရားဖြစ်ပါသည်။ 

 လူငယ်လူရွယ်တို့သည် လမ်းမှားလိုက်နေသူတို့၏အကျင့်ကို အတုမလိုက်ကြပါနှင့်။ လမ်းမှန် လျှောက်၍ ကြီးပွါးတိုးတက်အောင်မြင်နေသူတို့၏ နည်းမှန်လမ်းမှန်ကို အတုယူကြိုးစားသင့် ၏။ ပျော်လို့အောင်လို့ဆိုပြီး အရက်သောက်လျှင် အမှန်တကယ်ပျော်ရွှင်ရမည့်အချိန်များ အကျိုးမဲ့ဖြစ်သွားပါမည်။ စိတ်ညစ်လို့ သောက် ပါက အနာပေါ် တုတ်ကျသလို ပို၍ပင် ဒုက္ခ ရောက်ရပေမည်။ စိတ်ညစ်လျှင် စိတ်ညစ်သည့်အကြောင်းရှာ အဖြေထုတ်၍ ပျော်ရွှင်မှု ရရှိအောင် ကြိုးစားရပါမည်။ ရှုံးနိမ့်လျှင်လည်း စိတ်ကို ဖရီးရိုက်ကာ သောက်စား မူးယစ် နေမည့်အစား ရှုံးရသည့်အကြောင်းရှာ အဖြေထုတ်၍ နိုင်ပွဲရအောင်ကြိုးစားမှ ယောက်ျားပီသ သူဖြစ်ပေမည်။ မိတ်ဖွဲ့ဖို့ ၀ိုင်းဖွဲ့ရာ၌ သေစာနှင့် ၀ိုင်းမဖွဲ့ကြပါနှင့်။ မြန်မာ့ယဉ်ကျေးမှုဖြစ် သည့် ရေနွေး ကြမ်းနှင့် လ္ဘက်သုပ် အလွန်ပင်ကောင်းလှပါသည်။ အချိန်ကြာကြာ စကားပြောဆွေးနွေးလို့ ရပါပေ သည်။ တစ်ငုံသောက်လိုက်၊ တစ်ကျိုက်သောက်လိုက်၊ စကားပြောဆွေးနွေးလိုက်နှင့်ဆိုတော့ ဟန်ကျလှပေ ၏။ ရေနွေးကြမ်းသောက်ခြင်းသည် သွားခိုင်ခြင်း၊ သွေးကြောကျဉ်းခြင်းမှ ကာကွယ်ခြင်း၊ ကင်ဆာရောဂါ မဖြစ်ခြင်းဟူသော အကျိုးကျေးဇူးများရရှိကြောင်း ဆရာကြီး မသ်းသုဝဏ်၏ စာပေဟောပြောပွဲတွင် ဆရာကြီး နှိုးဆော်တိုက်တွန်းသွားသည်ကို နားထောင် လိုက်ရပါသည်။ ကျွန်ုပ်တို့ရွာက ရေနွေးကြမ်းကို အကြိုက်သောက်ကြသော အဖိုးအို၊ အဖွားအို များ ထို့ကြောင့် အသက်ရှည်နေကြသည် ဖြစ်တန်ရာ၏။ သို့သော် တစ်ယောက်နှင့် တစ်ယောက်၏ ကံ၊ စိတ်၊ ဥတု၊ အာဟာရများ မျှတမှု မတူညီနိုင်သောကြောင့် မည်သည့် အစားအသောက်ပဲဖြစ်ဖြစ် ကိုယ်နှင့် သပ္ပါယမျှမှသာ မိမိကျန်းမာရေး အထောက် အကူ ဖြစ်နိုင်ကြောင်းကို ဖြည့်စွက်ဆွေးနွေးတင်ပြလိုပါသည်။

 သေရည်သေရက်သောက်သုံးခြင်းကြောင့် ရရှိသောဆိုးကျိုးများမှာ- “သေရည်သောက်လင့်၊ သင့်မသင့် ကို၊ ရေးခွင့်မသိ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ်၊ ဟီရောတ္တပ် ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မပြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။” (ဟီရောတ္တပ်ကင်း= ဟီရိ၊ သြတ္တပ္ပကင်းခြင်း) 

အမှတ်(၁)ပုရိသကံဆိုးပေါက်ကြီးအကြောင်းကို ဆောင်းပါး(ပထမပိုင်း)အဖြစ် ဤတွင် နိဂုံချုပ် အပ်ပါသည်။ စာရှုသူဓမ္မမိတ်ဆွေများ ဤဘ၀ ရဟန္တာမဖြစ်သေးပါလျှင် “ဘ၀တိုင်းမှာ၊ မူးယစ်ကာ၊ သောက်တာ ကင်းနိုင်ကြပါစေ။” 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

14 Dec 2012

ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာကောင်းအစဉ်မွေးပါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။  

အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမု ပြုကြရပါမည်။ Globalization ကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။ “ဂျင်းစိမ်းနှင့်မဿလင်- သူကြင်မှ ကိုယ်ကြင်”မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲ တွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါ လျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။ 

 မြတ်စွာဘုရားရှင်က “ရန်ကို ရန်ချင်း မတုန်းညှင်းနှင့်၊ မေတ္တာဖြင့်သာ ငြိမ်းစေရာ၏”ဟု ဆုံးမ ထားပေသည်။ ဓမ္မပဒ ပါဠိတော်၌လည်း “ငါတို့သည် တစ်နေ့ကျ လျှင် သေကြရမည်ဟု မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဒေါသ ငြင်းခုန်ခြင်းသည် မပြေငြိမ်းကြ ကုန်။ တစ်နေ့၌ သေကြရမည်ဟု သိကြကုန်သော ပညာရှိတို့ကာ်း ခိုက်ရန်ဒေါသငြင်းခုန်ခြင်း တို့ ပြေငြိမ်းကြကုန်၏။”ဟူ၍ ဆုံးမထားပေ သည်။ နှစ်ဦးနှစ်ဖက်အကျိုးမဲ့သောအလုပ်သည် သူမိုက်တို့၏ အလုပ်၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်းကား ပညာရှိသူတော်ကောင်းတို့၏အလုပ် ဖြစ်၏။ လူတိုင်းပေါ် တွင် စေတနာကောင်း ထားပြီး ပြောဆိုပြုမူနေ ထိုင်ခြင်းသည် အကျိုးရှိသော အလုပ်၊ မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာစေသော အလုပ်ပင် ဖြစ်ပါသည်။

 မြတ်စွာဘုရားက “စေတနာ အဟံ ဘိက္ခ ကမ္မံ ၀ဒါမိ- ဘိက္ခဝေ- ငါ၏ချစ်သား ရဟန်းများ တို့၊ စေတ နာ- စေတနာ ကို၊ ကမ္မံ- ကံ ဟူ၍၊ အဟံ ၀ဒါမိ- ငါ ဘုရားဟောတော်မူ၏။” ထို့ကြောင့် စေတနာကောင်း လျှင် ကံကောင်းမည်၊ စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်၏။ ယခင် သံသရာက စိတ်ဆိုးစေတနာဆိုး ရှိခဲ့ပါလျှင် ယခုဘ၀ ကံဆိုးမိုးမှောင်ကျနေသည့် အဖြစ်ဆိုးတို့ ကြုံတွေ့နေရခြင်းကို စိတ်ရိုင်းစိတ်မိုက်များ ထပ်မံမွေးမြူနေပါလျှင် နောင်သံသရာ၌ကား သည်ထက်ပိုသော အပါယ်ဆင်းရဲသို့ ကျရောက်ပေတော့ မည်။ အပါယ်ငရဲသို့ ကျရောက်သွား ပါက ကောင်းဆိုးနှစ်တန် ခွဲခြားတတ်သည့် ယခုလို လူ့အဖြစ် ရရန်ကား လွန်စွာခဲယဉ်း ပေသည်။ အပါယ်လေးပါး ကျရောက်နေသော သတ္တ၀ါတို့ သည် ကောင်းမှုကို မဆည်းပူးနိုင်ဘဲ မကောင်းမှုတို့သာလျှင် ပြုလုပ်နေကြရသည်ဖြစ်ခြင်းကြောင့် ဆင်းရဲပြီးဆင်းရဲ နွံတွင် နစ်သကဲ့သို့ လှုပ်လေ မြုပ်လေ ဖြစ်ကြရပေသည်။ သတ္တ၀ါတို့၏ အမြဲနေအိမ်မှာ အပါယ်ဘုံ ဖြစ်ရာ ထိုသို့ ကျင်လည်နေရခြင်းမှာ မကောင်းမှုတို့ကို ကြိမ်ဖန်များစွာ လုပ်နေ ရခြင်းကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် အိပ်မည်၊ စားမည်၊ မေထုန်မှီဝဲမည် ဤသုံးခုသာလျှင် သိ၏။ ဤ အလုပ် သုံးခုကိုသာ ပတ်ချာလည် အမြဲလုပ်ဆောင်နေ၏။ ရတနာမြတ်သုံးပါးဆိုသည်ကို မသိ။ သီလ မည်သို့ ဆောက်တည်သလဲ နားမလည်။ ဘာဝနာ ဘယ်လို ပွါးသလဲ မတတ်မြောက်နိုင်ကြပေ။ လူသည်ကား သံသရာဆိုတာကိုလည်း သိ၏။ အဘယ်ကြောင့် ကျင်လည်နေရသည်ကိုလည်း နားလည်၏။ ကောင်းမှု၊ မကောင်းမှုတို့ကိုလည်း ခွဲခြားနိုင်၏။ သံသရာမှလွတ်မြောက်အောင်လည်း အားထုတ်နိုင်ပါပေ၏။ လူ့ဘ၀ရရှိခြင်းကား လွန်စွာ မွန်မြတ်လှပေသည်။ မွန်မြတ်သည့်လူ့ဘ၀မှာ မွန်မြတ်သည် စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိမွေးမြူကာ ကျင့်ကြံအားထုတ်မှသာ တန်ဘိုးရှိ သည့် ကလျာဏပုထုဇဉ်အဖြစ် မှသည် သောတာ ပန်နှင့် အထက်အထက်သော အရိယာသူတော်စင် များအဖြစ်သို့ ရောက်ရှိပြီး ဘ၀၏ဒုက္ခတောနက်ထဲမှ လွတ်မြောက်နိုင်ကြပေမည်။ 

 စိတ်ကောင်းစေတ နာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသ်ာလည်း အဆင်ပြေမှုတို့ မရရှိ၊ လောကဓံဆိုး တို့သာ လျှင် ထပ်ခါ ထပ်ခါ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်တွေကျလိုက်၊ စိတ်ဓာတ်တွေ တင်းမာသွားလိုက်ဖြစ်ကာ စိတ်ဆိုးစိတ်ညစ်များ ၀င်လာတတ်ပေသည်။ ကိုယ်ကောင်းသလို တုန့်ပြန်မှုတွေ မကောင်းသည့်အခါ သည်းခံစိတ်ကိုသာ အားတင်းမွေးမြူ ရာ၏။ လောကဓဆိုးတို့ ကြုံတွေ့ရသည့် အချိန်တွင် “သြော်…ငါယခင်က အတော်ကို မကောင်းတာတွေ ပြောဆို ပြုမူမိခဲ့ပါလား”ဟူ၍ ကံနှင့် ကံ၏အကျိုးတို့ကို ဆင်ခြင်သင့်၏။ ကိုယ်စေတနာ သူတစ်ပါးတို့ နားလည်ဖို့၊ သိရှိကြဖို့ မျှော်လင့်နေမည့် အစား မိမိစေတနာ မိမိသိဖို့သာလျှင် အရေးကြီးပေ သည်။ ကျေးဇူးတော်ရှင် မေတ္တာရှင်-ရွှေပြည်သာ ဆရာတော် အရှင်ဇ၀န၏ သြ၀ါဒကို ပြောရပါလျှင် “လောကီ စာမေးပွဲ၌ ဖြေသူက မိမိ၊ အမှတ်ပေးသူကား သူတစ်ပါး၊ လောကုတ္တရာစာမေးပွဲ၌ ဖြေသူရော အမှတ်ပေးသူပါ မိမိသာလျှင်ဖြစ်၏။” ကိုယ်ကောင်းသည် ကို ကိုယ်သိဖို့ လို၏။ ကိုယ်မကောင်းသည်ကို ကိုယ် ဆင်ခြင်ဖို့ လို၏။ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ခြင်း ကား မြတ်သောအောင်မြင်မှုပင် ဖြစ်လေသည်။ 

 ကောင်းမှုကိုလုပ်က ကောင်းကျိုးရပြီး မကောင်းမှုလုပ်က ဆိုးကျိုးရကြောင်း မြတ်စွာဘုရား ဆုံးမထား ၏။ ကောင်းမှုလုပ်လျက် ဆိုးကျိုးတွေ့ရသည့်အခါ ကံတရား၏ အကျိုးပေးသဘောကို နားလည်မှု လွဲတတ်ပေသည်။ ဥပမာဆိုရလျှင် “ဗောဓိကိုင်း ချိုးလို့ ရွှေအိုးရ၊ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ”ဆိုသည့် သာဓကကိုထောက်၍ မကောင်းမှုလုပ်လည်း ကောင်းကျိုးပေး၍ ကောင်းမှုလုပ်ပါကလည်း ဆိုးကျိုးရ သည်”ဟူ၍ ကံနှင့်ကံအကျိုးအပေါ်၌ လွဲမှားစွာမှတ်ယူပြီး ယုံကြည်မှု လွဲတတ်ပေသည်။ ထိုသာဓက၏ အကြောင်းအရင်းမှန်မှာ ဗောဓိကိုင်း ချိုးသော သူသည် ထိုနေ့ ဗောဓိကိုင်း မချိုးဘဲ နေခဲ့ပါ မူ ရွှေအိုးပေါင်းများ ရရှိမည်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်အလုပ် လုပ်မိသောကြောင့် ရွှေအိုး များစွာရရှိမည့် အတိတ်အကြောင်းခံ ရှိသော်လည်း ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးနည်း သွားခြင်းဖြစ် ၏။ ဗောဓိပင် ပျိုးသောသူ မှာလည်း ထို့နေ ဗောဓိပင်ပျိုးသည့် ကုသိုလ်ကောင်းမှု မလုပ်မိပါလျှင် အသက်ပါ သေဆုံးရမည့် အကုသိုလ်အကျိုးပေးအတိတ်အကြောင်းခံရှိသော် လည်း ဗောဓိပင်ပျိုး သည့် ကောင်းမှု ရှိလိုက်သောကြောင့် အသက်မသေဘဲ ခြေကျိုးရုံသာ အကျိုးပေးနည်း သွားခြင်း ဖြစ်ပေ သည်။ မြတ်စွာဘုရားတိုင်း၏ သြ၀ါဒအနှစ်ချုပ်မှာ “မကောင်းမှုရှောင်၊ ကောင်း မှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ရမည်ဖြစ်ရာ မလွှဲသာ မရှောင်သာကာ အကုသိုလ်အလုပ်ဖြင့် အသက်မွေး ၀မ်း ကြောင်းပြုနေ ရသော၊ သို့မဟုတ် မကောင်းမှုကို မပြုချင်သော်လည်း ကျူးလွန်မိနေကြသည့် သူတို့အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် မွေးမြူဆောင်ရွက်နိုင်သလို ကောင်းမှု များကိုလည်း ပူးတွဲဆည်းပူး လုပ်ဆောင်သင့်ပေသည်။ အရက်သေစာ သောက်စားမိနေသူ သည် တရားပွဲနှင့် တွေ့သောအခါ တရားနာကြားလိုက်ခြင်းဖြင့် အသိအမြင် တိုးသွားနိုင်သလို၊ ရိုသေစွာ နာကြားခြင်း သက္ကစ္စ ဓမ္မဿဝန ကုသိုလ်ကောင်းမှု ရရှိနိုင်၏။ တချို့က အရက် သေစာသောက်မိလျှင် တခြားကုသိုလ်ကို မယူရဲတော့ဘဲ ရှိကြ၏။ မကောင်းမှုသက်သက်ချည်း ပြုလုပ်မိနေခြင်းသည် မီးခဲကိုသာ ကိုင်နေပြီး ရေနှင့် မဖြန်းမိ သလို ဖြစ်သောကြောင့် ပို၍ ပူလောင်စေပေသည်။ 

 ကောသလမင်းကြီး၏ စစ်သူကြီးတစ်ဦးသည် စစ်ပွဲများ စွာ အရှုံးမရှိ အောင်နိုင်သောကြောင့် ခုနစ်ရက်တာ မင်းစည်းစိမ်ကို ခံစားခွင့် ပေးသနားခံရပြီး ကချေသည် အလှကညာတစ်ဦးကို ရာသက်ပန် ကြင်ရာတော်အဖြစ် ရွေးကောက်တင်မြှောက်မိလိုက်ရာ ချစ်ဦးသက်ကလျာမှာ ရုတ်တရက် သေဆုံးသွား သဖြင့် စစ်ပွဲတစ်ရာ အောင်နိုင်ခဲ့ပါသော်လည်း အချစ်တစ်ပွဲမှာ ရှုံးနိမ့် သွားရသော စစ်သူကြီး ခမျာ ဖြေမဆည်နိုင်ဘဲ သေရည်ခွက် လက်မှာကိုင်၍ အရူးမီးဝိုင်း ခံရသလိုဖြစ်ကာ အသဲကွဲ ရှာတော့၏။ ဘယ်လိုများဖြေရပါ့ဟူ၍ အကြံတော်တောင်းလိုက်မှ မသေဆေးကျွေးတတ်သည့် မြတ်စွာဘုရားဆိုသော သမားတော်ကြီးဆီသွားပါက ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း သိလျှင်သိခြင်း မသေဆေးတောင်းခံရန် အတွက် ဘုရားထံ အမြန်ပြေးလေရာ ဥပါဒါန်အစွဲအလန်းကြောင့် ဒုက္ခရောက်ရသည့်အဖြစ်ကို အသိဖွင့် လမ်းပြလိုက်ခါမှ လေးပါဒ တရားအဆုံးတွင် အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်သွားလေသည်။ ရှင်ဘုရင် အ၀တ်အစားဖြင့်ပင် ရဟန္တာဖြစ်သွားသော စစ်သူကြီးမှာ ပါးစပ်၌ သေရည်အနံ့ပင် မပျောက်သေးပေ။ အရက်သောက်ထားသူ တရားမနာကြားရဟူ၍ မြတ်စွာဘုရား မဟောကြား ခဲ့ပေ။ ထို့ကြောင့် ဘီယာလေး တမျှမျှ၊ သေစာကလေး မ၀တ၀ မှီဝဲတတ်ကြသောသူများသည် တရားဆွေးနွေးခြင်း၊ တရားနာကြားခြင်း၊ ဘုရားရှိခိုးခြင်းအလုပ်များကိုလည်း ပူးတွဲလုပ်ဆောင် ပါလျှင် ကုသိုလ်က အသာရ၍ သံဝေဂ ၀င်ပြီး ဉာဏ်အမြင် ပွင့်လင်းသွားနိုင်ပေသည်။ မြတ်စွာဘုရားလက်ထက်က အရိယတံငှါသည်တစ်ဦးရှိရာ တစ်နေ့သ၌ ဘုရားရှင်နှင့် သံဃာတော်များ ဒေသစာရီကြွချီရင်း ငါးမျှားနေသော အရိယတံငှါ သည်ကို တွေ့သောအခါ မြတ်စွာဘုရားသည် အရိယတံငှါသည်၏ တရားရနိုင်သော ပါရမီရှိ သည်ကိုမြင် ၍ ခေတ္တရပ်ကာ အမည်နာမ မိတ်ဆက်ပြီး“အရိယဟူသောအမည်သည် သူတော်ကောင်းတရား တို့နှင့် မွေ့လျော် သူဖြစ်ကြောင်း” အစရှိသဖြင့် တရားဓမ္မ ဆုံးမလိုက်ရာ အရိယတံငှါသည်သည် ရေစပ်၌ တရား နာရင်းဖြင့် သောတာပန်တည်ကာ အမှန်တကယ် အရိယာသူတော်စင်တစ်ဦးအဖြစ်သို့ ရောက်ရှိပြီး တံငှါသည်ဘ၀မှ လွတ်မြောက်သွားပေသည်။ မလွှဲသာ မရှောင်သာ၍ မကောင်းမှု ပြုမိနေကြရသော်လည်း စိတ်ကောင်းမွေးကာ ကောင်းမှုကို ပူးတွဲလုပ်ဆောင်နိုင်ပါလျှင် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြောင်း သာဓကထုတ်အပ်ပေသည်။ 

 စိတ်ကောင်း စေတနာကောင်း အမြဲမွေးမြူနေခြင်းသည် မသေဆေး အမြဲမှီဝဲနေသော ကျန်းမာရေး အသိရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါသည်။ ပုထုဇဉ်မှန်သမျှသည် ရောဂါရနေကြသော ဝေဒနာ သည်များ သာဖြစ်ကြ၏။ မိမိ၌ ရောဂါရှိနေသည်ကို မသိရှိကြဘဲ ကိုယ့်ကိုယ်ကို မသေသေးဘူးဟု ထင်နေကြပြီး အဖန်ဖန်သေနိုင်သော ကိလေသာဓာတ်စာတို့ကိုသာ အမြဲမှီဝဲ ကာ ငါကွ အာဂလူဟူ၍ မိမိကိုယ်ကို အမြဲကျန်းမာသန်စွမ်းနေသည်ဟု ထင်နေကြပေသည်။ ကိလေသာရောဂါထပြီး အမျိုးမျိုး ကာမဂုဏ်တွေ မှီဝဲသုံးဆောင်နေနိုင်သည်ကို ငါလိုလူ ဇမ္ဗူမရှိဟူ၍ ၀ါကြွားနေတတ်ကြပေသည်။ နောင်သံသရာ အဖန်ဖန် သေရမည့်အရေးကိုကား မေ့လျော့၍ နေကြကုန်၏။ ပုထုဇဉ်တို့ကား ကိုယ့်ကိုယ်ကို အမောဖောက်နေမှန်းမသိသော စိတ်ရူးသွတ်နေသူတစ်ဦး အစွမ်းကုန်ပြေးနေသကဲ့သို့ ဖြစ်၏။ ကိလေသာ အမောဆို့၍သာ ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ကြရသူများ ဖြစ်၏။ သေတစ်နေ့ မွေး တစ်နေ့၊ သေတာ များ ဘာဆန်းလဲဟေ့ဟူ၍ သေမင်းနှင့် စစ်ခင်းကာ ကြိမ်ဖန်များ စွာ ရှုံးပွဲရနေကြသူများဖြစ်ကြပေ သည်။

 “ကိလေသာစရိုက် 
စိတ်စေတနာ အရိုင်းအမိုက်တို့ကို
မြတ်ဘုရား တရားအမြိုက်ဖြင့်
ဆေးကြောရန် အချိန်ဆိုက်သော်လည်း 
ဆက်လက်၍ မိုက်မြဲပါလျှင်
နောင်အခါ သံသရာနှင့်တိုက်ဖို့ 
ဘယ်တော့များ ထိုက်တန်ပါအံ့နည်း။” 

 စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာ ကောင်း အစဉ်မွေး၍ နိဗ္ဗာန်သို့ အပြေးဝင်ရောက်နိုင်ကြပါစေ။ 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့