31 Dec 2008

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။


မိဘတို့၌ ဆပ်လို့မကုန်နိုင်သော ဂုဏ်တော်များ ရှိသောကြောင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် အမြဲဂါရ၀ ရိုသေကြရမည်ဖြစ်သည်။ မိဘမေတ္တာ သီတာရေစင်ပမာ အေးမြသည်သာ ဖြစ်သောကြောင့် သားသမီးတို့အတွက်ဆိုလျှင် အဆန်မရှိ အစုန်သာလျှင်ရှိသော မေတ္တာရှင် များဖြစ်ကြသည်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ အစပြု၍ လူဖြစ်အောင် ကျွေးမွေးခဲ့ ကြပြီးလျှင် ငါးအင်သောဝတ္တရား မပျက်ပြားရအောင်လည်း ဆောင်ရွက်ပေးခဲ့ကြသည်။ လူဘုံ အလယ် ဂုဏ်အငယ်ဘို့ ပညာရည်နို့ သောက်စို့နိုင်ရန်လည်း မိဘတို့ကပဲ ဆောင်ရွက်ပေး ခဲ့ကြသည်။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ”သည့်မိဘများပင် မဟုတ်ပါလော။

အနန္တကျေးဇူးရှင် ထိုမိခင်ဖခင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့အပ်။ အခွင့်သင့် တိုင်း မိမိတတ်နိုင်သမျှ မှန်စွာကျေးဇူးဆပ်ရပါမည်။ မဆပ်နိုင်ဘူး ထားလိုက်ဦး၊ ကျေးဇူး မကန်းမိဘို့ အရေးကြီးသည်။ ကျေးဇူးကန်းမိလျှင် ယခုဘ၀မှာတင် ဒုက္ခပင်လယ်ဝေကြရမည့် အပြင် မဂ်ဖိုလ်မှလည်း ဖီလာဖြစ်သွားနိုင်ပေသည်။ မိဘနှစ်ပါးက သားသမီးဆယ်ကိုးယောက် ကို ကျွေးမွေးထားနိုင်သော်လည်း သားသမီးဆယ်ကိုးယောက်က မိဘနှစ်ပါးကို မကျွေးမွေးနိုင် သည်မှာ အဘယ့်ကြောင့်နည်း။ ကျေးဇူးတရားကို မသိမှုနှင့်သတိတရား မေ့လျော့နေမှုကြောင့် ပင်ဖြစ်သည်။ လောက၌ ရခဲလှသော သူနှစ်ဦးသည်ရှိ၏။ ထိုသူတို့မှာ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူနှင့်
(၂) သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေအောင်ဆပ်နိုင်သောသူတို့ဖြစ်ကြသည်။
ရခဲပြီးမွန်မြတ်သည့်သူဖြစ်အောင် မိဘကျေးဇူးကိုသိပြီး ကျေပြွန်အောင်ဆပ်နိုင်ဘို့် သတိတရား မမေ့လျော့ဘဲ ရိုသေလေးမြတ်စွာ ပေးဆပ်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ သားသမီးယုတ်တို့မှာကား မိဘဆီမှ အမွေရလမ်းမမြင်လျှင် ထံပါးနီးရပ် မကပ်ကြဘဲ ရှောင်တတ်ကြ၏။ ထို့ကြောင့် “မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့ ကျွေး၏၊ သမီးတို့မွေး၏၊ ပဲရွေးမရှိ၊ မိဘတို့အား၊ သမီးသားသည်၊ ထံပါးနီးရပ်၊ မကပ်တုန်လျင်း၊ ရှောင်ကြခွင်း၏။”ဟူ၍ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ရေးစပ်တော်မူ ခဲ့ခြင်းဖြစ်ပေသည်။်။ မိဘတို့၌ ဥစ္စာရှိလျှင် မသေခင်ကပင် အမွေခွဲချင်ကြသည့် သားသမီးများ လည်း ရှိကြပေသည်။ မိဘတို့ သေသွားလို့ အမွေမညီကြလျှင် ညီအစ်ကို မောင်နှမချင်း ရုံးတက်ကာ သူ့ထက်ငါအပြိုင်ပြု အမွေလုကြသည်လည်းရှိသည်။ မည်မျှသံဝေဂရစရာ ကောင်းလိုက်သနည်း။ အမွေယူ မှားနေကြသည်။ သားသမီးတို့မည်သည် မိဘတို့၏ ကောင်းမှု အမွေများကို ဆက်လက်ခံယူကျင့်သုံးရမည်သာဖြစ်၏။ ဤမျှတင်မဟုတ်သေး၊ မိဘတို့ဂုဏ် တိုးပွားရေးကို အလေးထားကာ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ သားသမီးအမျိုး အစား(၃)မျိုးရှိ၏။ ၎င်းတို့မှာ-
(၁) အတိဇာတ- မိဘထက်သီလ၊ သမာ၊ ပညာစသော ဂုဏ်ကျေးဇူး လွန်မြတ်သောသူ။
(၂) အနုဇာတ- မိဘနှင့် ဂုဏ်ကျေးဇူး တူမျှသောသူ။
(၃) အ၀ဇာတ- မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သောသူတို့ ဖြစ်ကြပေသည်။

မိဘတို့၏ မွေးကျွေးဟောင်းကို ပြန်လည်ကျေးဇူးဆပ်သည့်လမ်းစဉ်မှာ ဘုရားရှင်ကိုယ်တော် တိုင် ဖြည့်ကျင့်တော်မူခဲ့သော အလွန်ထူးမွန်မြတ်သည့် ပါရမီကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ဘုရားအလောင်းတော်များသည် ယင်းကုသိုလ်တော်မြတ်ကို သတိဉာဏ်ကပ်၍ ဘ၀ အသင်္ချေအနန္တ ဖြည့်ကျင့်တော်မူခဲ့ကြခြင်းဖြစ်သည်။ မဟာနန္ဒိယမျောက်မင်းဘ၀ ဖြစ်စဉ် အခါက ဖခင်မျောက်မင်း မရှိသည့်နောက် စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။ မင်းဖြစ်သည့် အလျောက် စားသောက်ဖွယ်ရာ အဖြာဖြာနှင့် ချောသက်လျာမိဖုရားများ ရှိပင်ငြားသော်လည်း မိခင်အို မျက်မမြင်ကိုသာ ပြုစုလုပ်ကျွေးရန် စည်းစိမ်အများ စွန့်ထားခဲ့၏။ တစ်နေ့တွင် မုဆိုး တစ်ယောက် တောလည်ရောက်လာပြီး မိခင်အိုကြီးကို ပစ်မည်လုပ်တော့ “မိခင်အိုကြီးအား ချမ်းသာထား၍ ကျွန်ုပ်အားသာ သတ်ယူပါ”ဟု အသေခံကာ ကျေးဇူးဆပ်ခဲ့လေသည်။ သုဝဏ္ဏ သာမ လုလင်ဘ၀မှာလည်း မျက်မမြင်မိဘများကို လုပ်ကျွေး၍အသက်မွေးနေစဉ် ဘုရင်မင်း တရား တောလည်သွားရာ သုဝဏ္ဏသာမအား သမင်ထင်ကာ အမြင်မှား၍ လေးနှင့်ပစ်ခွင်း လိုက်သည်တွင် မိဘလုပ်ကျွေးသည့်သားမြတ်ဖြစ်သောကြောင့် သိကြားမင်းမနေသာတော့ဘဲ လူ့ပြည်ဆင်းကာ ဆေးကုသပေးရန် မိဘများလိုရာဆု မေးသည့်အခါ “သားရွှေအိုး ထမ်းလာတာကို မြင်လိုပါကြောင်း” ဆုတောင်းလိုက်သဖြင့် မျက်မမြင်မိဘများ စက္ခုနှစ်ကွင်း အလင်းရစေခဲ့သည်မှာလည်း မိဘကိုလုပ်ကျွေးသော အလောင်းတော်၏ ဂုဏ်ကျေးဇူးကြောင့် ပင် ဖြစ်ပေသည်။

မြတ်စွာဘုရား ဘုန်းကံကြီးမားပေစွတကား”ဟူ၍ အပေါ်ယံသာ ကြည်ညိုကာမနေနှင့်။ ကြီးမားစေသော အကြောင်းတရားများကလည်း ထိုကဲ့သို့ မိဘကျေးဇူးကိုသိပြီး လုပ်ကျွေးခဲ့ သော ဘ၀များမှာ အသင်္ချေအနန္တပင် မဟုတ်ပါလော။ ယခုခေတ်၌ ဘုန်းကံကြီးမားသူ နည်းပါး သည်မှာ မိဘကျေးဇူးတရားကိုမေ့ပြီး ပျော်တပြုံးပြုံး မော်မဆုံးနိုင်ဘဲ ငါးအာရုံအင်အစု ခင်မှုနှင့် နေ့ကုန်နေကြလို့သာဖြစ်သည်။ ခေတ်ပညာတတ်ကျွမ်းလာတော့ အိုကြီးချက်မ ဘာမျှမသိလှ သည့် မိဘတွေပါလားဟူ၍လည်း ကဲ့ရဲ့ကာအပြစ်ဆို အညစ်ပိုတတ်ကြသည့် သားသမီးများ လည်းရှိကြသည်။ အမည်နောက်မှာ ဆယ်ဘွဲ့ချိတ်ထားသော်လည်း မိဘကို စော်ကားသော သားသမီးများမှာ အဟိတ်တိရိစ္ဆာန်လိုသာဖြစ်ပေသည်။ ကျောင်းကသင်ပေးထားသော အတတ်ကား သညာသိ၊ နှလုံးသားမှလာသော အသိကား ပညာသိ ဖြစ်လေသောကြောင့် ပါရမီထိုက်သည့် ကုသိုလ်များမှာ ပညာသိဖြင့်လုပ်မှရ၏။

ထိုသို့အသိ ပညာရှိကား မိဘကျေးဇူး မဆိုထားနှင့်၊ “တစ်လုတ်စားဘူး သူ့ကျေးဇူး”ပင် မြဲစွာသတိကပ် ပေးဆပ်တတ်ကြသည်။ လူလားမြောက်အောင် အသက်နှင့်ရင်း မွေးပေးခဲ့ပြီး အလုတ်ပေါင်းများစွာ ကျွေးဘူးထားသော မိဘကျေးဇူးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထို့ ကြောင့် ဘုရားရှင်ထုံး နှလုံးမူပြီး လမ်းညွှန်ပေးထားသည့်အတိုင်း လောကီလောကုတ္တရာ နည်းရှစ်ဖြာဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အခါအခွင့် မလင့်စေဘဲ အမြန်မှန်စွာ ပေးဆပ်ပါလေ။
လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) စားရေးအတွက် ထောက်ပံ့ခြင်း။
(၂) ၀တ်ရေးအတွက် ထောက်ပံ့ခြင်း။
(၃) နေရေးအတွက် ထောက်ပံ့ခြင်း။
(၄) ကျန်းမာရေးအတွက် ထောက်ပံ့ခြင်း။
လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါတရားမရှိသည့် မိဘတို့ကို သဒ္ဓါတရားရှိအောင် တရားဟောပေးခြင်း။
(၂) ကိုယ်ကျင့်သီလကောင်း မရှိသောမိဘများအား သီလရှိအောင် တရားဟောပေးခြင်း။
(၃) စွန့်လွှတ်ပေးကမ်း မလှူဒါန်းကြသော မိဘများကို စွန့်လွှတ်စာဂ အာစာရနှင့် ပြည့်စုံအောင် တရားဟောပေးခြင်း။
(၄) အမှန်အမှား မပိုင်းခြားတတ်ဘဲ ပညာဉာဏ် နည်းပါးသောမိဘများအား ပညာရှိ အောင် တရားဟောပေးခြင်း။
(တရားဓမ္မ မဟောတတ်ကလည်း တခြားနည်းများဖြင့် ဆောင်ရွက်ပေးကြရပါမည်။)

မိဘကျေးဇူး လွန်စွာကြီးလှသောကြောင့် လောကီနည်း တစ်နည်းတည်းဖြင့်တော့ အသက်ရာ တိုင် ပေးဆပ်နိုင်သော်လည်း မိဘကျေးဇူး မကျေနိုင်ပေ။ ၎င်းကို ကိုးခန်းပျို့လင်္ကာမှာ “မိကို လက်ယာ၊ ဖကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ သုံးတိုင်ဝတ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားသိုက်ကျူး၊ ရှိတင်ဘူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့။” ဟူ၍ ရေးစပ်ထားပေသည်။ ထို့ကြောင့် မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေ အောင် ဆပ်ကြရန်မှာ လောကီနည်း တစ်ခုတည်းဖြင့် မလုံလောက်၊ လောကုတ်နည်းဖြင့်ပါ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြရပါမည်။ ဤနည်းဖြင့် ဆပ်လျှင်ကား ကျေးဇူးကျေသည့် လမ်းစဉ်ဖြစ်ကြောင်း “မိဘကျေးဇူး၊ ကြွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဖကို၊ ဖြောင့်ဖြချိုသာ၊ စေတနာဖြင့်၊ သဒ္ဓါစာသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကျိုးအားဆောင်ကာ၊ များမြောင်ထေထေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတို့၊ လမ်းစဉ်တည်း။”ဟူ၍ ရှေးပညာရှိတို့က ဗုဒ္ဓမြတ်ဘုရား မြွက်ကြားခဲ့သည့် အတိုင်း ကိုးကားကာ ရေးသားတော်မူခဲ့ကြပေသည်။

ထို့ကြောင့်နောက်ဆုံး နိဂုံးချုပ်ရပါလျှင် “မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ၊ မဆပ်ဘိက၊ တစ်သက်လုံးလုံး၊ လူဖြစ်ရှုံး၏။”ဆိုသည့် ပညာရှိတို့ သတိပေးထားရာအတိုင်း မိမိကိုယ်ကို သတိဖြစ်စေခြင်းငှာလည်းကောင်း၊ စာရှုသူ ဓမ္မချစ်ခင် သူတော်စင်တို့အားလည်း သတိတရား ပွားများစေခြင်းငှာလည်းကောင်း ဤဓမ္မဆောင်းပါးဖြင့် ပါရမီဒါန ပြုလိုက်ရပါသည်။ စာရှုသူ ပရိတ်သတ်အားလုံး အပူခပ်သိမ်း ဒုက္ခငြိမ်း၍ သန္တိဓါတ်မြတ် ကိန်းနိုင်ကြပါစေသတည်း။

အပြည့်အစုံသို့

18 Dec 2008

အာရုံအလိုက်များလေ မိုက်အားကောင်းလေဖြစ်မည်…

ကုသိုလ်ဖြစ်ရုံလောက်နှင့် မကျေနပ်နှင့်၊ ကိလေသာရန်သူတွေကို ပျောက်အောင်ကြိုးစား ကြ။” ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်မှာတော်မူခဲ့ပါသည်။ ဘုရားအလိုကျ မိန့်မှာ တော်မူခြင်းဖြစ်သည်။ သူမြတ်ပညာရှိစကား နက်ရှိုင်းပါဘိ၏။ ကုသိုလ်ဖြစ်အောင်ပင် မနည်း ကြိုးစားနေတာတောင် အကုသိုလ်က အသာလေးဖြင့် လွယ်လင့်တကူ ၀င်ရောက်လာတတ် သည်။ ဒိဋ္ဌိ၊ တဏှာ၊ မာနတရား(၃)ပါးတို့ကား တစ်လှည့်စီတစ်မျိုး၊ တစ်ပြိုင်နက်တစ်ဖုံ၊ အတွဲလိုက် တစ်သွယ်ဖြင့် ဒလစပ် မနားတမ်းဝင်ရောက်ကာနေတတ်သည်။ အ၀ိဇ္ဇာ၊ တဏှာ တရားများကား မူလနှစ်ဖြာအရင်းခံအဖြစ် သားသမီး အကုသိုလ်တရားတို့ခြွေရံကာ မီးတောက် သဖွယ် မနားတမ်းလောင်ကျွမ်းနေခြင်းကို ဘုရားမပွင့်လျှင် အဘယ်သို့မျှ မသိမမြင် မျက်မမြင် လမ်းလျှောက်နေသကဲ့သို့သာ ဖြစ်နေတော့သည်။



တဏှာ၏သဘော ဆန်းကြယ်လိုက်ပုံကား သတ္တ၀ါအများတို့ကို ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်အောင် သူကပဲဖန်ဆင်းထားခြင်းဖြစ်သည်။ လှလှလေးဖြစ်ချင်ခဲ့လို့ လှနေရသည်။ သွယ်သွယ်လေး ဖြစ်ချင်ခဲ့လို့ သွယ်နေရသည်။ ချမ်းချမ်းသာသာဖြစ်ချင်ခဲ့လို့ ချမ်းသာနေရသည်။ ပေးတော့ ပေးပါသည်။ သူက အကောင်းတော့ ပေးနေသည်မဟုတ်။ အလိမ်အကောက်ချမ်းသာ၊ အတု ချမ်းသာ၊ အနှစ်သာရမရှိသောချမ်းသာတို့ကိုသာပေးပြီး ကျေးဇူးရှင်ကြီး အမည်ခံသည်။ တစ်သံသရာလုံး သူကပဲလုပ်ကျွေးနေခဲ့ရသည့်ပမာ လှည့်ဖြားကာနေသည်။ ထိုသို့သော အတု အယောင် ချမ်းသာတို့ကိုသာ ပေးနေသေးသည်မဟုတ်။ အို၊ နာ၊ သေဒုက္ခမွဲကြီးကိုလည်း မရပ်မနားအောင် ၀ဲရဟတ်လို အလည်ခိုင်းနေပြန်သေးသည်ဖြစ်၏။

အမှီတရားများဖြစ်သည့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော အတွင်းအာယတနတရား (၆)ပါးတို့နှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဓမ္မာရုံဟူသော အပြင်အာယတန တရား(၆)ပါးတို့ ပေါင်းဆုံခြင်းဖြစ်သည့်အခါတိုင်း တဏှာဟူသည့်တရားက “ကောင်းတယ်ကွ၊ နှစ်သက်စရာလေးကွ၊ ရအောင်ယူဟေ့”ဟူ၍ အားပေးအားမြှောက်ပြီး ကောင်းချီးပေးနေ သယောင်နှင့် ဆင်းရဲတွင်းသို့ တွန်းချနေတော့သည်။ အ၀ိဇ္ဇာကလည်း ပိတ်ဖုံးထားတော့ တဏှာလုပ်နေသည့် လုပ်ရပ်အမှန်ကို မတွေ့မမြင်နိုင်ဘဲ သူရှိလို့မှ တော်ကာကျတော့တယ်ဟု ပင် ကျေးဇူးအထူးတင်နေတတ်သည့် ပုထုဇဉ် အန္ဓပုဂ္ဂိုလ်မှာ တောကြီးမျက်မည်းမှာ စမ်းတ၀ါး ၀ါး လမ်းလျှောက်နေသည့် လမ်းပျောက်လို အားငယ်နေသူပမာ သနားစရာကောင်းလှသော ကြောင့် သားရဲတိရစ္ဆာန်တို့ပေါသည့် တောအုပ်ကြီးထဲမှထွက်နိုင်အောင် ထွက်မြောက်ရာ လမ်းမှန်ကို သဗ္ဗညုသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ညွှန်ပြပေးခဲ့သော်လည်း လွတ် မြောက်ရာလမ်းဟူ၍မမြင်၊ တဏှာမြှူဆွယ်ရာသို့သာ ကောက်ကောက်ပါအောင် လိုက်နေလေ တော့သည်။

မျက်စိက မြွေနှင့်တူသည်။ မြွေက ရှုပ်ရှုပ်ယှက်ယှက် ချုံပုတ်ကိုမှ အောင်းနေရန်နှစ်သက် သည်။ ခွေနေဘို့ သူကပျော်သည်။ ထိုသို့ပင် မျက်စိကလည်း ရှုပ်ရှုပ်ယှက်ယှက် အဆင်းရုပ်ကို မှ သူကသဘောကျသည်။ ပန်းချီကားနှစ်ချပ်ကို ထောင်ပြတော့ တစ်ချပ်က စိမ်းစိမ်းစိုစို၊ သာယာသောရှုခင်း ပန်းမျိုးစုံပွင့်နေဟန်၊ တစ်ပုံက ဗလာထင်းထင်း ဘာမှမပါသည့် အဖြူထည် သက်သက်၊ ထိုနှစ်ပုံတွင် အဘယ်ပုံကို သဘောကျတုန်းဆိုတော့ ရှုခင်းပုံ ရှုပ်တုတ်တုတ်ကို မျက်စိက သဘောကျသည်။ အ၀တ်အထည်ဆိုပြန်လည်း ဗလာထင်းထင်း ပိတ်စကိုတော့ သူက ကြိုက်မည်မဟုတ်၊ အပွင့်အခက်အရွက်တို့ဖြင့် ဝေေ၀ဆာဆာပါသည့် စတိုင်နှင့် ဆန်း နေသည့်ဟန်ကိုသာ ရွေးချယ်မှာဖြစ်သည်။ သူ့ကပင် အလှမြင်တတ်လို့ အလှဆင်ရတော့ သည်ဟု ထင်မှတ်၍လည်း ဘ၀င်မြင့်တတ်စေပြန်သည်။ “လှတာမက်တော့ ညစာခက်” ဆိုသည့်စကားပုံလို အလှအပတွေကို နှစ်သက်မက်မောတော့ မခွဲနိုင်မခွါရက်ဖြစ်ကာ သေခါနီးတွင် အခက်ဝင်တော့သည်။ စွဲလန်းမှုနှင့်သေတော့ ပြိတ္တာဘ၀တွင် ဇာတိထင်ပြန် သည်။ ဇာတိထင်တာက ဗျာဓိ၊ မရဏရှိသေးသည့် ဆင်းရဲခြင်း၏ အစပင် မဟုတ်ပါလော။

နားက မိကျောင်းနှင့်တူသည်။ မိကျောင်းက နားအေးပါးအေး၊ သာသာယာယာလေး နေရတာ ကို နှစ်သက်သည်။ ထို့သို့ပင် နားကလည်း သာသာယာယာ၊ အေးအေးဆေးဆေး၊ ငြိမ့်ငြိမ့် ငြောင်းငြောင်းအသံလေးတွေကို သဘောကျသည်။ စည်းဝါးမညီ၊ ကာရံမကိုက်၊ ဒေါင်ဒေါင်ဒင် ဒင်အသံဖြင့် အနီးတွင်အော်ဟစ် ဆူညံနေလျှင်တော့ ကြိုက်မည်မဟုတ်၊ သံစဉ်ချိုတေး အိုအို အေးဆိုသည့် ဂီတသံမျိုးကိုတော့ မွေးစကပင် နှစ်သက်စရာရယ်လို့ မည်သူမျှ မသင်သော် လည်း ချစ်ခင်နှစ်သက် တပ်မက်သည်သာဖြစ်ခဲ့သည်။ တစ်သံသရာလုံး တဏှာက သင်ပေး ထားလို့ နှစ်သက်စရာဟူ၍ မည်သူမျှမသင် အလိုလိုပင် တတ်မြောက်နေပေသည်။ သာယာ ငြိမ့်ငြောင်းတယ်၊ ကောင်းတယ်ကောင်းတယ်နှင့် သေမင်းဆီသို့ တဏှာက မောင်းနှင်နေတော့ သည်။

နှာခေါင်းက ငှက်နှင့်တူသည်။ ငှက်က အပေါ်သို့ပျံဝဲ၍ လေထဲမှာ စီးနေရတာကို နှစ်သက် သည်။ နှာခေါင်းကလည်း ပုတ်အက်အက်အနံ့ကိုတွေ့လျှင်တော့ နှာခေါင်းရှုံ့ကာ ငုံ့၍သွားပေ မည်။ မွှေးကြိုင်သင်းပျံ့ သင်းရနံ့များရလျှင်တော့ ခေါင်းကိုအမော့ခိုင်းပြီး လိုက်၍ သူက ရှူတော့သည်။ ပန်းရနံ့သင်းပျံ့နေသည့် ဥယျာဉ်မျိုးဆိုလျှင်တော့ ဇိမ်ခံ၍ တ၀ကြီးလေညှင်းခံ ချင်သည်။ ဘယ်လောက်များဆိုးတုန်းဆိုတော့ ငါသေလျှင် ပန်းမျိုးစုံဖြင့် အလှဆင်ပေးပါဟုပင် မှာခိုင်းပြန်သေးသည်။ သေတာတောင် ပန်းရနံ့တွေ သင်းလှိုင်နေချင်သည်။ လောဘ လောဘ အကောင်းကိုမှ သူကကြိုက်သည်။ ရုပ်သက်သက် အနံ့ကို တဏှာက လိုချင်သည်၊ ဥပါဒါန်က စွဲမက်သည်၊ မရရအောင်ပြုတော့ လောဘနဲ့ယှဉ်သည့်ကံတွေ လုပ်မိပြီး ဇာတိဆိုတဲ့ မွေဖွား ခြင်းက ပြန်လာဦးမည်။ မရဏဆိုတဲ့ သေမင်းကလည်း နောက်တစ်ကြိမ် သတ်ပေးဘို့ နောက်က ထက်ကြပ်ပါနေဦးမည်သာဖြစ်တော့သည်။

လျှာက အိမ်ခွေးနှင့်တူသည်။ အိမ်ခွေးလေးက အစားအသောက်တွေကို နှစ်သက်သည်။ မီးဖို ချောင်ထဲသို့ ခဏခဏပြေးဝင်တတ်သည်။ တစ်ခုပြီးတစ်ခု စားနေရမှ သူကနှစ်သက်သည်။ ထို သို့ပင် လျှာကလည်း ထမင်းလေးစားပြီးပြန်တော့ အချိုလေးတည်းချင်ပြန်သည်။ အသီးလေး စားချင်ပြန်သည်။ ချိုတာလေးမှ၊ ချဉ်တာလေးမှ၊ စပ်တာလေးမှကြိုက်တာစသဖြင့် လျှာက အမျိုးမျိုး ဖန်တီးခိုင်းတော့သည်။ အမျိုးမျိုး ပြုပြင်ခိုင်းတော့သည်။ အိမ်က အစားအသောက် တွေနှင့်လည်း အားမရ၊ အပြင်က စားသောက်ဆိုင်တွေမှာ စားချင်လာပြန်သည်။ တရုတ် အစားအစာ၊ ကိုရီးယားအစားအစာ၊ မလေးရှားအစားအစာ၊ ဂျပန်အစားအစာစသည်ဖြင့် လာသမျှအစားအစာတွေကို တစ်ခုပြီးတစ်ခု မရိုးတမ်း စားချင်သည်။ “အစားမတော် တစ်လုတ်” ဆိုသည့်စကားပုံလို လောဘအလိုလိုက်ပြီး စားသည့်အလုပ်တွေက ဒုနှင့်ဒေးဆိုတော့ မတော် သည့်အလုပ်ကများပြီး သေလျှင်အောက်ဘုံသို့ သွားရလေတော့သည်။

ကိုယ်က တောခွေးနှင့်တူသည်။ တောခွေးက စားပြီးလျှင် အိပ်နေရတာကို နှစ်သက်သည်။ ရသမျှ အစားအစာတို့ကို တ၀ကြီးစားပြီးလျှင် အိပ်တော့သည်။ ထို့အတူပင် ကိုယ်ကလည်း တ၀ကြီး စားပြီးတာနှင့် လျောင်းစက်ချင်တော့သည်။ နူးညံ့သည့် မွေ့ရာပေါ်တွင် လျောင်းစက် ကာ တ၀ကြီးအိပ်ပါတော့သည်။ အို၊ နာ၊ သေ ဒုက္ခဘေးကို သူမသိ၊ သူသိတာ စားပြီးလျှင် လဲလျောင်းဘို့ကိုသာ သူသိသည်။ အားလျှင်လည်း အိပ်နေရန်သာ သူကတောင်းဆိုသည်။ အစားများများစားပြီး များများအိပ်တဲ့ဝက် မြန်မြန်သေရသလို ကုန်ဆုံးနေသည့်အချိန်တို့ကိုမှ ပြန်မတွက်မိ၊ လျောင်းတာနှင့် အချိန်ကို ကုန်လွန်ခိုင်းပြီး သေခါနီး နာလို့လျောင်းတော့မှပဲ လျောင်းခဲ့သမျှ မှားလေစွဖြစ်ပြီး သေခြင်း၏အခြားတစ်ဘက်တွင် ဒုက္ခပင်လယ်ဝေ ဖြစ်ရဦးမည် ကိုမြင်ပြီး နောင်တကြီးစွာရသော်လည်း သေမင်းက သနားငဲ့ညှာသည်မဟုတ် အပုပ်ကောင် ဖြစ်စေလေတော့သည်။

မနောက မျောက်နှင့်တူသည်။ မျောက်က အငြိမ်မနေ၊ ဟိုပင်သည်ပင်ကူး၍ နေရတာကိုနှစ် သက်သည်။ ခေါင်းလှုပ် ခြေလှုပ်၍ နေရမှ သူကနှစ်ခြိုက်သည်။ ထိုသို့ပင် မနောကလည်း ဟို အာရုံသည်အာရုံ လူးလာနေရမှ နေပျော်သည်။ “ပါပသမိံရမတိ မနော”- စိတ်သည် မကောင်း သည့်အာရုံကိုမှ နှစ်သက်သည်ဆိုသည့်အတိုင်း မကောင်းသောအာရုံတို့ဆီသို့ ခေါက် တုံ့လူးလာ မြူးထူးနေတတ်သည်။ အိပ်သည့်အချိန်မှာလည်း အငြိမ်မနေတော့ မြန်မြန်အိပ်လို့ မရနိုင်ဘဲ မျက်တွင်းဟောက်ပက်ဖြစ်အောင်လည်း လုပ်တတ်သည်။ ကိုရင်ကြီးတစ်ပါး ဆွမ်းခံ ကြွရင်း ဒကာမချောချောလေး တွေ့ခဲ့ပြီး ကျောင်းအထိပါအောင် မနောက ခေါ်ဆောင်လာ တော့ ကိုရင်ကြီး မအိပ်နိုင်ဖြစ်ပြီးနေတော့သည်။ အတန်ကြာမှ ကိုရင်ကြီးက စဉ်းစားမိသည်မှာ “ငါကသာ အိပ်မရ ဖြစ်နေတာပါ၊ သူကဖြင့် သိမှာ မဟုတ်ပါဘူး”ဟူ၍ စဉ်းစားမိပြီး အိပ်လို့ရပြီး အိပ်ရေးဝတော့သည်ဟူ၏။ သီရိလင်္ကာမှာ ဆွမ်းဘုန်းပေးနေသော ဘုန်းတော်ကြီးကို ဦးပဇင်းက ယပ်တောင်ခပ်ပေးနေရင်း စဉ်းစားခန်းထုတ်နေသည်မှာ မနောအာရုံထဲတွင် သူက လူထွက်ပြီး မိန်းမယူနေသည်။ ထို့နောက် ကလေးတစ်ယောက်ရပြီး ဘုန်းတော်ကြီးဆီ မရောက်တာကြာလို့ လှည်းကလေးနှင့် သားအမိသားအဖသုံးယောက် ခရီးနှင်လာကြရာ လမ်းတွင် လှည်းဘီးက လယ်ကသင်းကိုနင်းမိ၍ လှည်းစောင်းသွားပြီး ကလေးကို ပွေ့ထား သောမိန်းမက လက်မှချော်ထွက်သွားသည့် ကလေးကို မထိန်းနိုင်ဘဲ လှည်းဘီးအောက် သို့ပြုတ်ကျကာ ကလေးလေး ထက်ပိုင်းပြတ်၍ သေပါတော့သည်။ ထိုအဖြစ်ကို ရင်နှစ်အောင် နာပြီး မိန်းမအား ကိုင်ထားသည့်နှင်တံဖြင့် စိတ်ဆိုးဆိုးနှင့် ရိုက်လိုက်ရာ အနီးမှာ ဆွမ်းဘုန်း ပေးနေသော ဘုန်းတော်ကြီးအား ယပ်တောင်နှင့် ခတ်မိသဖြင့် ဆရားတော်ကြီးက အဘိညာဉ်ရ ရဟန္တာဖြစ်သည်နှင့်အညီ “မောင်ပဇင်း…သင်ရိုက်တာ သင့်မိန်းမကိုမထိ၊ ငါ့ကိုသာ လာထိဘိသည်”ဟု မိန့်လိုက်သည့်အခါမှ သတိသံဝေဂ ပြင်းစွာရပြီး တရားအား ထုတ်မှ တရားရခဲ့သည်ဟူသတည်း။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အတွင်းအာယတန တရားများကို ဖြည့်ဆည်းပေးရ သည်မှာ ပြဆိုခဲ့သော သားကောင်ခြောက်ကောင်ကို လူတစ်ယောက်က ထိန်းကျောင်းနေရ သကဲ့သို့ ထိုသားကောင် ခြောက်ကောင်တို့ ဆွဲရာနောက်သို့ လိုက်နေရသောကြောင့် အနား မရ၊ အငြိမ်မနေနိုင်ဖြစ်နေရသည်ဟု မြတ်ဗုဒ္ဓက ဥပမာပေးဆုံးမတော်မူခဲ့ခြင်းဖြစ်ပေသည်။ ပညာမရှိသော ပုထုဇဉ် အန္ဓ ပုဂ္ဂိုလ်မှာလည်း ထိုအာယတနတရား(၆)ပါးတို့ကို အမှီပြုပြီး တဏှာတောင်းသမျှ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောဟူသော အားရုံခြောက်ပါးနောက်သို့ လိုက်နေသဖြင့် အငြိမ်မနေရတော့ပဲ အကုသိုလ်မီးတို့ကိုသာ အချိန်ပြည့် ၀ါးမျိုနေမိတော့သည်။

ခံစားတာက ဝေဒနာက္ခန္ဓာ၊ မှတ်သားတာက သညာက္ခန္ဓာ၊ ကြံတွေးတာက သင်္ခါရက္ခန္ဓာ၊ မြင်ကြားနံစားထိသိတာက ၀ိညာဏာက္ခန္ဓာ၊ ဖောက်ပြန်ပျက်စီးနေသောသဘောက ရူပက္ခန္ဓာ တို့အပေါ်၌ “ငါ”ဟူသော “ဒိဋ္ဌိ”နှင့် “ငါ့ဥစ္စာ”ဟူသော “တဏှာ”စသည့် သံသရာနယ်ချဲ့တရား များဖြင့် ခံစားမှတ်သိကြံတွေးသိရှိလို့နေတော့ ငရဲမီးတောက် ကြီးထွားအောင် လုပ်နေသည်နှင့် တူသည်ဟု ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့၏။ ၀ိပဿနာ တရား အားထုတ်တယ်ဆိုတာ ဒီကနေ ငရဲမီးငြှိမ်းနေခြင်းဖြစ်သည်ဟုလည်း ဆုံးမတော်မူခဲ့ပါ သည်။ ငါဆိုသည်ကား အခေါ်ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားများမှာ ခန္ဓာငါးပါး သဘောတရားများသာဖြစ်ပေသည်။

ထိုသဘောတရားအစုကို ဟုတ်တိုင်းမှန်စွာရှုတတ်သော ယထာဘူတဉာဏ်ဖြင့် အဖန်ဖန်ရှုပွား ရင်း သင်္ခါရကို ငြီးငွေ့သောနိဗ္ဗိန္ဒဥာဏ် အမှန်ပိုင်ပြီးလျှင် ထိုမှတဆင့် ရှုပွားရင်းဖြင့် သင်္ခါရကို မုန်း နောက်ဆုံး၌ ဒုက္ခ၏အဆုံးကို မဂ်ဥာဏ်ဖြင့် ဧကန်စင်စစ် တွေ့မြင်နိုင်ကြရအောင် ဒိဋ္ဌိကိုဖြုတ် ၀ိပဿနာအလုပ်ဖြင့် တဏှာပြုတ်အောင် ဖြုတ်နိုင်ကြစေကြောင်း စာရှုသူ ပရိတ် သတ်အပေါင်းအား ဓမ္မဒါနပြု နှိုးဆော်မှုပြုလိုက်ရပါသည်။

အပြည့်အစုံသို့

11 Dec 2008

ရတနာမြတ် မြန်ဆည်းကပ်

လူတို့သည် ကျောက်တို့အား ၎င်းတို့၏မာကျောမှုအဆင့်အလိုက် အရည်အသွေးကို သတ်မှတ် ကြသည်။ မာကျောမှုအမြင့်ဆုံးဖြစ်သောစိန်သည် လူ့ဘောင်လောက၌ တန်ဘိုးအကြီးမားဆုံး အဖြစ် မြတ်နိုးခြင်းခံရပေသည်။ ထိုသို့မြတ်နိုးခြင်းမှာလည်း စိန်ကိုစိန်မှန်းသိသောသူများက သာ မြတ်နိုးတန်ဘိုးထားကြမည်ဖြစ်၏။ စိန်ကိုစိန်မှန်းမသိသူများမှာကား ကျောက်ခဲသလဲ ထင်ကာ အသုံးဝင်မည်မဟုတ်ဟု ကျော်သွားတတ်ကြ၊ တချိျု့မှာ ခြေဖြင့်ပင်ကန်သွားတတ်ကြ ပေမည်။ ထို့အပြင် စိန်ကို အပေါ်ယံလောက်သာသိသောသူထက် စိန်၏အရည်အသွေး အဆင့်အတန်းကို သေချာသိသောသူမှာ ပို၍ပင်မြတ်နိုးတန်ဘိုးထားကြပေသည်။ “မသိသူ ကျော်သွား၊ သိသူ ဖော်စား” ဟူသော စကားပုံမှာ ထိုသို့အဓိပ္ပါယ်ရောက်ပေသည်။

ထိုသို့ပင် အမြတ်ဆုံးရတနာဟုဆိုအပ်သော ပညာဓိကဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိကဖြင့် ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ ၀ီရိယဓိကဖြင့် ဆယ့်ခြောက်အသင်္ချေနှင့်ကမ္ဘာ တစ်သိန်းအရေအတွက်မျှ ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဟူသောပါရမီ(၁၀)ပါးတို့အား ပကတိအတိုင်းအားဖြင့်လည်းကောင်း၊ ခြေလက်အင်္ဂါ တို့ကိုစွန့်ခြင်းဖြင့်(ဥပပါရမီ)အားဖြင့်လည်းကောင်း၊ အသက်ကိုစွန့်ခြင်းဖြင့်(ပရမတ္ထပါရမီ) အား ဖြင့်လည်းကောင်း ပါရမီ(၁၀)ပါးအပြား(၃၀)၊ စည်းစိမ်ဥစ္စာကိုစွန့်ခြင်း၊ ခြေလက်မျက်စိစသော အင်္ဂါကြီးငယ်တို့ကိုစွန့်ခြင်း၊ သားသမီးတို့ကိုစွန့်ခြင်း၊ မယားကိုစွန့်ခြင်း၊ အသက်ကိုစွန့်ခြင်း စသည့် စွန့်ခြင်းကြီး(၅)ပါးဖြင့်လည်းကောင်း သတ္တ၀ါအပေါင်း ဘေးခငြောင်းအောင်သာ ကယ်တင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖြည့်ကျင့်သည့်ပါရမီ ကမ္ဘာချီ် ရေမရ၊ ကျေးဇူးတော် အနန္တ ရှိတော်မူသော လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာသခင်လည်းဖြစ်တော်မူ သော ဘုရားအမြတ်တည်းဟူသောရတနာ၊ မြတ်ဗုဒ္ဓဟောညွှန်မှုကြောင့် အ၀ိဇ္ဇာပိတ်ဖုံး သစ္စာဥာဏ် ဆိတ်သုဉ်း၍ အို၊ နာ၊ သေ ဒုက္ခ၀ဲရဟတ် အထပ်ထပ်လည်ပတ်နေရာမှ သစ္စာဥာဏ်အမှန်လမ်းဖြင့် ခေမာသောင်နိဗ္ဗာန်နန်းဆီသို့ ဖောင်ကူးတို့ကဲ့သို့ ပို့ဆောင်တော်မူ တတ်သော၊ ရောက်ပြီးကလည်း ချမ်းသာတို့၏ထွဋ်ခေါင် မဖောက်ပြန်သော ချမ်းသာလည်း ဖြစ်တော်မူထသော တရားအမြတ်တည်းဟူသောရတနာ၊ ဘုရား၏စကားတော်တို့ကို ကိုယ် တိုင်ရိုသေဖြောင့်မတ်စွာ ကျင့်ကြံကြပြီး ဘုရားညွှန်ပြတော်မူသောလမ်းမှန်အတိုင်း သတ္တ၀ါ အပေါင်း ကျင့်ကြံနိုင်ကြောင်းကို ရည်သန်ဦးတည်ပြီး လယ်ယာမြေကောင်းသဖွယ် စိုက်ပျိုးသူအပေါင်း ခူးဆွတ်စားသုံးနိုင်သကဲ့သို့ ကောင်းကျိုးဆောင်တာများ ဗုဒ္ဓကိုယ်စား ဆက်လက်ညွှန်ပြဆုံးမ တော်မူတတ်သော သံဃာအမြတ်တည်းဟူသောရတနာတို့ကို တွေ့ကြုံ ခဲလှ၊ သစ္စာတရားများ ပေါ်ထွန်းခဲလှဟူ၍ မသိသောကြောင့် စိန်မှန်းမသိသောသူများကဲ့သို့ပင် တွေ့လျက်သားနှင့်လည်း ကောက်ယူဘို့ရန် နေနေသာသာ တစ်ချို့မှာ ကန်ကျောက်၍ပင် သွားတတ်သကဲ့သို့ ဘုရား၊ တရား၊ သံဃာဟူသည့် ရတနာမြတ်(၃)ပါးတို့အား မယုံကြည်၊ မမြတ်နိုး၊ မကိုးကွယ်တတ်ကြသည့်အပြင် စော်ကားမော်ကားပြုမိတတ်ကြသောကြောင့် သံသရာမွဲ မဂ်ဖိုလ်လွဲ၍ အပါယ်ငရဲမှာ ကမ္ဘာစွဲအောင် ကျင်လည်ကာ ခံစားကြရပြန်သည်။

ထိုဓမ္မအန္တရာယ်ကို လူအများသိရှိနိုင်ရန် “အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲလူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန်ဓမ္မအန္တရာယ်တည်း။”ဟူ၍ ရှေးပညာရှိက သတိပေးစပ်ဆိုထားခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် ယခုလို ဗုဒ္ဓ၏တရားတော်များ နေလပမာ လင်းဖြာနေဆဲတွင် သေခြင်းဟူသော ဆင်းရဲဆုံးဒုက္ခမှ ကင်းလွတ်ရာလမ်းမှန် ကျင့်ကြံနိုင်ချိန်တွင် သတိတရားလက်ကိုင်ထားဘို့ အရေးကြီးပါသည်။ နေ့၊ ရက်၊ လတွေဖြုန်း၊ ငေးနေလို့ မတော်ပြီ။ အချိန်သည် လူ၏တန်ဘိုး၊ အချိန်သည် လူကိုမစောင့်ခြင်းကြောင့် ကိုယ့်ဘ၀ကို တန်ဘိုးထားလျှင် အချိန်ကို တန်ဘိုးထား ရမည်ဖြစ်၏်။ လူဖြစ်ရကျိုးကား တော်သင့်ရုံလောက်ပါရမီမဟုတ်၊ ရခဲလှသည့် ဒုလ္လဘတရား ဖြစ်၏။ လူဖြစ်လာသော်လည်း ပါရမီချင်းမတူ၊ ဘုရားသာသနာနှင့် တွေ့ခွင့်ရရှိကြသူများမှာ ပို၍ပင် ရခဲသည့်ပါရမီအကျိုးထူးဖြစ်၏။

လူခန္ဓာကိုယ်ကြီးသည် ကုန်ကြမ်းကြီးသဖွယ်ဖြစ်သည်။ ကုန်ကြမ်းကို ကုန်ချောဖြစ်လာအောင် မထုတ်လျှင် တန်ဘိုးနည်းမည်သာဖြစ်သည်။ ကုန်ချောဖြစ်အောင် ပြုလုပ်နေမှ တန်ဘိုး ကြီးမားမည်ဖြစ်ပါသည်။ ကုန်ချောဖြစ်အောင် ပြုလုပ်ခြင်းကား အချိန်ကို တရားဘာဝနာဖြင့် ကုန်လွန်စေခြင်းကို ဆိုလိုပါသည်။ လူ့ဘ၀ရောက်လာသည့် အကျိုးပေးပါရမီထူးကို အိပ်၊ စား၊ ကာမဖြင့်သာ အချိန်ကို ကုန်လွန်နေလို့ မသင့်တော်ပေ။ စိန်၊ ရွှေ၊ ငွေရတနာတို့ထက် အမြတ်ကြီးမြတ်တော်မူသော ဘုရား၊ တရား၊ သံဃာရတနာတို့နှင့် တွေ့ကြုံနေခိုက်တွင် မသေရာလမ်းကို မလျှောက်လှမ်းပဲ သံသရာခရီးရှည် ဆက်လက်၍နှင်နေသော် စိန်မှန်းမသိသူ များကဲ့သို့ဖြစ်နေပေမည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း “ရန်သူဝိုင်းထား၊ ထိုယောက်ျား ကား၊ ပြေးသွားဘို့ရန်၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။”ဟူ၍ ဆုံးမ ခဲ့ပါသည်။ အို၊ နာ၊ သေ ဒုက္ခဘေးတို့သာရှိသော ခန္ဓာကိုယ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ၏ အမြဲမပြတ်စောင့်ရှောက်မှုဖြင့် ရပ်တည်နေရပြီး ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယောဟူ သည့် မြွေကြီး(၄)ကောင်သဖွယ် ရန်သူတို့ဖြင့် ၀ိုင်းထားခံနေရသည့် သဘောကိုမသိ၊ သိသော် လည်း သတိကင်းကွာ၍နေသောကြောင့် ပြေးသွားဘို့ရန် မသေရာလမ်းကလည်း ကိုယ့်ရှေ့မှာ ရောက်နေငြားသော်လည်း ပြေးမသွားမိခြင်းမှာ လမ်း၏အပြစ်မဟုတ်၊ ပြေးမသွားသူ၏ အပြစ် သာ လျှင်ဖြစ်ပေမည်။ ဘုရားသာသနာ နေ၀ါထွန်းခိုက် ကိုယ့်သန္တာန်၌ မှောင်မိုက်နေမည် ဆိုလျှင် နိဗ္ဗာန်သို့သွား သစ္စာတရား၏ အပြစ်မဟုတ်၊ ဆုံးမသင်ယူ မကျင့်ကြံသူ၏ အပြစ်သာ လျှင်ဖြစ်ပါမည်။

သာသနာသက်တမ်း မည်မျှကျန်သည်ဟု တွက်စစ်သော် ၂၄၀၀ ကျော်ပင် ကျန်သေးသည်ဟု ရေတွက်လို့မနေပါနှင့်။ ယခုလူ့သက်တမ်းက ဤမျှရှည်သည်မဟုတ်၊ ကိုယ်နှင့်လည်း မဆိုင်ပါ ပေ။ မြတ်ဘုရားကလည်း သတ္တ၀ါအကျိုး ဤမျှသာ ထားနိုင်မည်ဟု ပိုင်းစစ်လို့ မချန်ရစ်ပါ။ ရှည်နိုင်သမျှရှည်အောင်သာ သုံးသပ်ပြီး စနစ်ကျအောင်ထားခဲ့သည်သာဖြစ်၏။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်(၃)ပါးတို့ နှလုံးးသားမှာကိန်းဝပ်၍ နိဗ္ဗာန်အရေး မျှော် ထောက်တွေးလို့ မကျင့်ကြံ မပွားများ သီလ၊ သမာဓိ၊ ပညာတရားများ မတိုးပွားသော် ကိုယ့်သန္တာန် သာသနာ ကွယ်နေသည်သာဖြစ်သည်။ မေ့လျော့၍ နေနေသမျှ ကာလပတ်လုံး နှလုံးသားမှာ သာသနာမတည်၊ ကမ္ဘာချီအောင် နိဗ္ဗာန်နှင့် ဝေးနေဦးမည်သာဖြစ်သည်။ ဒိဋ္ဌိ၊ တဏှာ၊ မာန ဤသုံးပါးတရားကား သံသရာနယ်ချဲ့များဖြစ်သောကြောင့် ထိုတရားတို့ အစဉ်လိုက်ကုန်အောင် ပွားရမည့်အစား အစဉ်လိုက်သာ ဆထက်တိုးနေသော် လမ်းလျှောက် ရင်းဖြင့် လမ်းပျှောက်နေသော မျက်စေ့လည်လမ်းမှားသူပမာ၊ လမ်းသွားရင်း စိန်ကိုတွေ့ သော်လည် စိန်မှန်းမသိလို့ မကောက်မိသူပမာ သာသနာနှင့်တွေ့ရကား ကိုယ့်သန္တာန် သာသနာကွယ်နေသောကြောင့် လူ့ဘ၀ရသော်လည်း နိဗ္ဗာန်နှင့် လွဲဦးမည်သာဖြစ်တော့သည်။

ထို့ကြောင့် သတိသမ္ပဇဉ် မပြတ်မှီး၍ ကျင့်ကြံရန်အချိန်ရှိနေချိန်တွင် နောက်ကျပြီလို့ လက်မှိုင် ချနေရန်မသင့်၊ ပါရမီသည် မိုးကျရွှေကိုယ်မဟုတ် လုပ်ယူမှသာ ရသောအရာဖြစ်သောကြောင့် ပျက်အစဉ် ပြင်ခဏ၊ အချိန်ရှိခိုက် လုံ့လစိုက်ရမည်ဖြစ်ပါသည်။ စိန်မှန်းမသိသူ စိန်ကိုတွေ့ သော်လည်း မကောက်မိသကဲ့သို့ မဖြစ်ရအောင် မြတ်သုံးမြတ်ရတနာ လျှင်မြန်စွာဆည်းကပ်၍ အငြိမ်းဓါတ်ကိန်းအောင် အားထုတ်နိုင်ကြပါစေ။

အပြည့်အစုံသို့