6 Nov 2011

ကောင်းမှုလုပ်တာ မင်္ဂလာ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“ကုသိုလ်ကောင်းမှုပြုလုပ်တယ်ဆိုတာ မင်္ဂလာတရားတော်နဲ့ညီညွတ်တဲ့ လုပ်ဆောင်မှုပဲဖြစ်ပါ တယ်။ ကောင်းမှုလုပ်နေတဲ့အချိန်ဟာ မင်္ဂလာရှိတဲ့အချိန်ပဲဖြစ်ပါတယ်။ ကောင်းမှုပြုလုပ်နေချိန်မှာ ဘုရားရှင်တိုင်းဟောကြားဆုံးမတော်မူတဲ့ အဆုံးအမနဲ့ ကိုက်ညီတဲ့အချိန်ဖြစ်တယ်။

- မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှ မလုပ်ကြနဲ့။ အဝေးကရှောင်ကြဉ်ကြ။
- ကောင်းမှုမှန်သမျှ ပြုလုပ်ကြ။
- မိမိစိတ်ကို အမြဲတမ်း ဖြူစင်အောင်ထားကြ။
(မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား) ဆိုတဲ့ဘုရားရှင်တိုင်းရဲ့ အဆုံးအမတရားတော်နဲ့ ကိုက်ညီနေတယ်။ ဒါကြောင့် မင်္ဂလာနဲ့ ပြည့်စုံနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါ တယ်။

ပြီးတော့ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ မိမိတို့ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုရား၊ တရား သံဃာဟာ ကိုးကွယ်ယုံကြည်ထိုက်တဲ့ ဘယ်လို အရည်အချင်းတွေနဲ့ပြည့်စုံတော်မူတယ်ဆိုတာကိုလည်း သိထားရမယ်။ အပေါ်ယံ ယုံကြည်မှုမျိုးမဟုတ်ဘဲ အမှန်တကယ် ဉာဏ်နဲ့သိပြီး ယုံကြည်မှုမျိုးဖြစ်နေတော့ ပိုပြီးလေးနက် မှုရှိသလို ပါရမီကိုလည်း အလျင်အမြန်ပြည့်နိုင်ပါတယ်။ ဘုရား၊ တရား၊ သံဃာတို့ရဲ့ ယုံကြည်ထိုက်တဲ့ အရည်အချင်းတွေ၊ ဂုဏ်တော်တွေ အများကြီးရှိတဲ့အထဲက အနည်းငယ် ဟောကြားလိုပါတယ်။


ဘုရားဂုဏ်တော်

ဘုရားရှင်ရဲ့ဂုဏ်တော်ကို ဟောကြားရေးသားလို့ မကုန်နိုင်ဘူး။ ဂုဏ်တော်အနန္တနဲ့ပြည့်စုံတော်မူတယ်။ ဂုဏ်တော်အပေါင်းကို ဟောကြားရင်း၊ ရေးသားရင်းသာ သက်တမ်းကုန်သွားမယ်၊ ဘုရားရှင်ရဲ့ဂုဏ်တော် ကတော့ မကုန်နိုင်ပါဘူး။ အခု ဘုရားဂုဏ်တော် ၉ ပါးဟာ ကြည်ညိုသဒ္ဓါတရားတိုးပွါးနိုင်တဲ့၊ သိသာမြင်သာ လွယ်တေဲ့ အနှစ်ထုတ်ထားတဲ့ ဂုဏ်တော် အနည်းငယ် သာဖြစ်ပါတယ်။ အဲဒီဂုဏ်တော် ၉ပါးထဲက အရဟံ- ကိလေသာရန်အပေါင်းကို အောင်နိုင်တော်မူသောမြတ်စွာဘုရား။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုမှန် သမျှ ကို ပြုတော်မမူသောမြတ်စွာဘုရား။ ဒါကြောင့်မို့ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော မြတ်စွာဘုရား။ ပုထုဇဉ်တွေအနေနဲ့ ကိလေသာတွေကလည်းထူပြော၊ သူများရှေ့မှာကျတစ်မျိုး၊ ကွယ်ရာကျတစ်မျိုး၊ စိတ်တွေက အမျိုးမျိုးအဖုံဖုံ၊ ဟန်ဆောင်မှုတွေ အပြည့်နဲ့မဟုတ်လား။ ဒါကြောင့်မို့ ဒီဂုဏ်တော်တစ်ခုနဲ့တင် ကြည်ညို ထိုက်နေပါပြီ။ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရအောင် သာလွန်မြင့်မြတ်တော် မူပါတယ်။ ဒါက ဘုရားဖြစ်ပြီးလို့ ကြည်ညိုထိုက်တယ်ဆိုတာ မထူးခြားသေးဘူး။ ဘုရားလောင်းကတည်းက စိတ်ဓာတ်က အလွန် မြင့်မြတ်တော်မူပါတယ်။

သုမေဓာရှင်ရသေ့ဘ၀ ကုဋေ ၈၀ ကြွယ်ဝချမ်းသာတာတွေကို မိဘဘိုးဘွားတွေထားခဲ့ပေလည်း ခင်တွယ် မနေဘူး။ အကုန်လုံးကို စွန့်လွှတ်ပြီး ရသေ့ပြုပါတယ်။ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ရထားတာတွေကို စွန့်လွှတ်ဖို့ မပြောနဲ့ ရချင်လွန်းလို့ သေဘေးကို မတွေးနိုင်ဘဲ ရှာဖွေနေကြတာမဟုတ်လား။ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးတာနဲ့ရင်ဆိုင်ရရင် တချို့ရူးသွားကြတယ်။ မစွန့်လွှတ်နိုင်လို့လေ။ ဘုရား အလောင်းတော်များကျတော့ အားလုံးကိုစွန့်လွှတ်နိုင်တာဟာ ဘယ်လောက်ကြည်ညိုစရာ ကောင်းလိုက်သလဲ။ နောက်ပြီး အဲဒီဘ၀မှာ ပါရမီ တရားတွေက ပြည့်နေပြီတဲ့။ တခဏလေးအားထုတ်လိုက်တာနဲ့ ရဟန္တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဘိဉာဉ် နဲ့ ဝေနေယျသတ္တ၀ါတွေ လမ်းမှားပြီး သံသရာမှာ တ၀ဲလည်လည်နဲ့ ကျင်လည်နေကြတာကို မြင်တော်မူတော့ လွန်စွာ သနားကရုဏာဖြစ်တော်မူပါတယ်။

- သစ္စာလေးပါးတရားတော်ကို ငါသိသလို သတ္တ၀ါအများကို သိစေရမယ်။
- ငါသံသရာမှလွတ်မြောက်သလို သတ္တ၀ါအများကို လွတ်မြောက်စေရမယ်။
- ငါသံသရာမှကူးမြောက်သလို သတ္တ၀ါးအများလည်း ကူးမြောက်စေရမယ်။
ဆိုပြီး သတ္တ၀ါအများအတွက် လက်ရှိဘ၀မှာ သံသရာမှလွတ်မြောက်နိုင်ပါလျက် အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်အောင် အားမထုတ် တော့ဘဲ ဘုရားဆုကိုပန်တော်မူပါတယ်။ သတ္တအများကို သနားငဲ့ညှာတဲ့ မဟာကရုဏာတော်ကြောင့် ဘ၀ပေါင်း လေးအသင်္ချေနဲ့ကမ္ဘာ တစ်သိန်းကြာအောင် ကိုယ်ကျိုးစွန့်အနစ်နာ ခံခဲ့တယ်။ သူတစ်ပါးကိုသာ ဦးစားပေးတော်မူတယ်။ ကျင့်တဲ့နေရာမှာ-
- လောကအတွက်ကျင့်တော်မူတယ်။
- ပြီးတော့ ဆွေမျိုးအတွက်ကျင့်တော်မူတယ်။
- မိမိဘုရားဖြစ်ဖို့ ကျင့်တော်မူတယ်။

လောကကို ဦးစားပေးပါတယ်။ သူတစ်ပါးအကျိုးကိုသာ အစဉ်အမြဲ ဦးစားပေးတယ်။ ကိုယ့်ကျိုးကို စွန့်လွှတ်နိုင်တယ်။ ဘယ်လောက် ကြည်ညိုစရာကောင်းလိုက်သလဲ။ ဒီစိတ်ထားတွေဟာ အလောင်းတော်ဘ၀ ကတည်းက ထားနိုင်ခဲ့တဲ့စိတ်ထားတွေ။ ဘုရားဖြစ်တဲ့အခါမှာ သူတစ်ပါးအကျိုးအတွက် အားထုတ်တော်မူ တဲ့နေရာမှာ တုနှိုင်းမဲ့ဖြစ်ပါတယ်။ ဘုရားဖြစ်ပြီး ၄၅ ၀ါကာလပတ်လုံး တစ်နေ့ ၂၄ နာရီမှာ ၁ နာရီ ၁၅ မိနစ်ခန့်သာ အနားယူတော်မူတယ်။ ကျန်တဲ့အချိန်မှာ သံသရာမှလွတ်မြောက်ကြောင်းတရားကို လူ၊ နတ်၊ ဗြဟ္မာတို့ကို နေ့စဉ် ဟောကြားဆုံးမတော်မူတယ်။ ပရိနိဗ္ဗာန်ပြုခါနီးအထိ သတိတရားဖြင့် နေရစ်ခဲ့ကြရန်နဲ့ သံသရာလွတ်မြောက်ဖို့ရန် သတိတရား အရေးကြီးကြောင်းကို ဆုံးမထားရစ်ခဲ့ပါတယ်။ ပရဟိတလုပ်တဲ့နေရာမှာ အနှိုင်းမဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါကြောင့် သူတစ်ပါးအကျိုး ပရဟိတ ဆောင်ရွက် ကြတယ်ဆိုတာ ဘုရားလောင်းကျင့်စဉ်၊ ဘုရားရှင်ကိုယ်တော်မြတ် ကြီး နှစ်သက်တော်မူတဲ့၊ လမ်းပြတော်မူတဲ့ ကျင့်စဉ်ပါပဲ။


တရားဂုဏ်တော်

တရားဂုဏ်တော် ၆ ပါးထဲမှာ အခုကျင့်လျှင် အခုရတဲ့ဂုဏ်တော်ပါတယ်။ ကုသိုလ်ကောင်းမှုကျင့်နေစဉ်မှာ၊ မကောင်းမှုကို မပြုလုပ်တဲ့ အချိန်မှာ၊ စိတ်ကိုဖြူစင်အောင် ထားနေချိန်မှာ စိတ်ဟာ အေးချမ်းနေတယ်။ ငြိမ်းချမ်းနေတယ်။ အခါကို မလင့်ဘဲ ချက်ချင်းကျင့်လျှင် ချက်ချင်းပဲ ရနိုင်တဲ့ အေးချမ်းမှုပဲ။ နိဗ္ဗာန်ချမ်းသာကို ခံစားတဲ့နေရာမှာ ဘုရားရှင်တော်တို့ ရောင့်ရဲတော်မမူကြဘူးလို့ မှတ်သိရတယ်။ ဘယ်လောက်အထိ ရှင်တော်ဘုရားများ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူကြသလဲဆိုရင် တရားစကားများပြောပြီးလို့ နာကြားသူ အပေါင်းက သာဓုခေါ်နေချိန် ခဏလေးတောင် ဖလသမာပတ် ၀င်စားတော်မူပါ တယ်တဲ့။ သေချင်းတရားကို သတ္တ၀ါတိုင်း ကြုံတွေ့ကြရတယ်။ ဆင်းရဲတကာ့ဆင်းရဲဆုံးဟာ သေချင်းတရားပါပဲ။ သေချင်းတရားမရှိတဲ့ နိဗ္ဗာန်ချမ်းသာဟာ ဘယ်လောက်အထိ ငြိမ်းအေးလိုက်မလဲ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ပြီး အလေးအမြတ်ပြုအပ်တဲ့အရာကိုမရှိဘဲနေလို့ မသင့်တော်ကြောင်းသိတော်မူတော့ မိမိသိတဲ့တရားတော်ကိုပဲ ပြန်ပြီးအလေးအမြတ်ပြုတော်မူရပါတယ်။ ဒကာ၊ ဒကာမတို့အတွက် တရားဂုဏ်တော်အား အလေးအမြတ်ပြု အပ်တယ်၊ ကိုးကွယ်ဆည်းကပ်ထိုက်တယ်ဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။
သံဃာ့ဂုဏ်တော်
မိမိကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေ့ရဲ့ ဂုဏ်တော်တွေကိုလည်း သိထားရပါမယ်။ သံဃာ့ဂုဏ်တော် ၉ ပါးရှိတဲ့ အထဲက အနည်းငယ်ပြောပြပါမယ်။ အခု သာသနာတော် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီ။ ဘုရားဟောကြားခဲ့တဲ့တရားတွေကို မပျောက်ပျက်အောင်၊ ကွယ် မသွားအောင် သံဃာတော်အဆက်ဆက်က စောင့်ရှောက်ထိန်းသိမ်းခဲ့ကြတယ်။ ဒါကြောင့်မို့ ဒကာ၊ ဒကာမတို့ ဒီတရားတွေ အခုထိ နားကြားနိုင် နေတာပဲဖြစ်တယ်။ သံဃာတော်တွေသာ မထိန်းသိမ်း မစောင့်ရှောက်ခဲ့ဘူးဆိုရင် ဒီလွတ်မြောက်ကြောင်းတရားတွေကို အခုအချိန်မှာ ဘယ်နာကြားနိုင်ပါ့မလဲ။ ဒါသည်ပင် ကောင်းစွာ ကျင့်ကြံတော်မူကြတဲ့ သံဃာ့ဂုဏ်တော်တစ်ပါးပဲဖြစ်ပါတယ်။ ပြီးတော့ သံဃာတော်တွေ ဟာ ဖြောင့်မတ်စွာကျင့်တော်မူတယ်။ လူတွေလို အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဟန်မဆောင်ရ ဘူး။ ပြောတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်းပြောရတဲ့ အကျင့်မြတ်တွေနဲ့ ပြည့်စုံတော်မူကြတယ်။

ဘုရားစကား အဆုံးအမတော်တွေကို သင်္ဂါယနာတင်ခဲ့ကြတဲ့နေရာမှာ ပထမအကြိမ်ကနေ တတိယအကြိမ် အထိ တင်ခဲ့တဲ့အခါမှာ နှုတ်တိုက်အာဂုံဆောင်ခဲ့ကြရတယ်။ နှုတ်တိုက် အဆင့်ဆင့်သင်ပေးခဲ့ကြတယ်။ သင်အံလေ့ကျက်တဲ့ ပရိယတ္တိသာသနာ၊ လက်တွေ့အားထုတ် တဲ့ ပဋိပတ္တိသာသနာ၊ သိမြင်ခံစားတဲ့ ပရိဝေဒသာသနာဆိုတဲ့ သာသနာတော်သုံးပါးကို ဦးဆောင်ဦးရွက် ပြုနေကြတာကြောင့် သံဃာတော် တွေဟာ ကိုးကွယ်ထိုက်တယ်။ ပူဇော်ထိုက်ပေတယ်။ သံဃာတော်တွေရဲ့ လူတွေ့ထက် သာလွန်မြင့်မြတ်တဲ့ အချက်တွေကိုပြောရရင်-

ဦးခေါင်းကို တုံးထားခြင်းနှင့် ဖန်ရည်စွန်းသင်္ကန်းဝတ်ဆင်ခြင်းအသွင်။ လူတွေမှာ ဆံပင်မှာအလှတရားဆိုပြီး တသသနဲ့ ဖြီးလိမ်းကြတယ်။ အရောင်အမျိုးမျိုး ချယ်သနေကြတယ်။ ဒီအဆင်းအပေါ်မှာ သာယာတပ်မက်ပြီး စွဲလန်းနေကြတယ်။ ဒီဆံကေသာနဲ့ဆက်နွယ်ပြီး ကိလေသာတရား အလွန်ထူပြောကြတယ်။ လူတွေက အ၀တ်အစားဆိုတော့လည်း လှပတာ၊ နူးညံ့တာ စသဖြင့် ရွေးချယ်ဝတ်ဆင်ကြတယ်။ ဒီပွဲဆိုရင် ဒီအ၀တ်အစားနဲ့၊ ဟိုပွဲကျတော့ ဟိုအ၀တ်အစားနဲ့ အစရှိ သည်ဖြင့် ရွေးချယ်နေကြရ၊ ပြင်ဆင်နေကြရတယ်။ အ၀တ်အစားကြောင်ုပင် ကိလေသာတွေ ထူပြောနေတတ်တယ်။ သံဃာတွေကျတော့ ဦးခေါင်းဆိုတာကလည်း လိမ်းချယ်နေစရာမလိုသလို ဖန်ရည်စွန်းတဲ့ သင်္ကန်းလည်းဖြစ်၊ အပိုင်းပိုင်းတွေကို ဆက်စပ်ထား တဲ့ ချုပ်ရိုးကြောင်းတွေနဲ့ဆိုတော့ တွယ်မက်စရာ အလွန်နည်းတယ်။ ပြီးတော့ သင်္ကန်းကို အဟတ္တဓဇလို့ ခေါ်တယ်။ အရတ္တဖိုလ်ဆိုက်ရောက်တဲ့ပုဂ္ဂိုလ်အတွက် သင်္ကန်းကခံထားနိုင်တယ်။ လူဝတ်ကြောင်တစ်ဦး အဟတ္တဖိုလ် ဆိုက်ရောက်လို့ရှိရင် လူ့ အ၀တ်အစားတွေက မခံနိုင်လို့ အလျင်အမြန်ပဲ ပရိနိဗ္ဗာန်ပြုရတယ်။ သံဃာတော်တွေကျတော့ အရဟတ္တဖိုလ်ဆိုက်လည်း သက်တမ်းကုန် အောင်နေနိုင်တယ်။ ဦးပြည်းတုံးထား တာနဲ့ သင်္ကန်းဆင်မြန်းထားတဲ့အသွင်နဲ့တင် လူတွေထက် သာလွန်မြင့်မြတ်တယ်လို့ ဘုရားရှင် ဟောကြား ထားတော်မူပါတယ်။အနာဂါမ်လူဝတ်ကြောင်နဲ့ယနေ့မှဝတ်တဲ့ ကိုရင်၊ ရဟန်း။ လူဝတ်ကြောင်က အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လင့်ကစား ယနေ့မှဝတ်တဲ့ ကိုရင်လေးကိုပင် ရှိခိုးထိုက်တယ်။ ပူဇော်ထိုက်တယ်။ အရိုအသေပေးရတယ်။ အလေးအမြတ်ပြုရတယ်။ မြင့်မြတ်တဲ့နေရာမှာထိုင်ပြီး အနာဂါမ်လူဝတ်ကြောင် ပုဂ္ဂိုလ်ရဲ့ အရိုအသေးပေးခြင်း ကို ခံယူထိုက်ပေတယ်။ ကိုရင်က အရိယာလူဝတ်ကြောင်ကို ပြန်ပြီး ရှိခိုးဦးချ စရာမလိုဘူး။ ထေကြီးဝါကြီး သံဃာတော်အစုအဝေးထဲမှာ ကိုရင်လေးက ၀င်ရောက်ပြီး ထိုင်လို့ရတယ်။ လူဝတ်ကြောင်အနာဂါမ်ပုဂ္ဂိုလ်က သံဃာတော်များကြားမှာ၊ မြင့်မြတ်တဲ့နေရာမှာ ၀င်ပြီးနေရာယူလို့မရဘူး။

သံဃာ့ဥပုသ်။ သံဃာတော်များဟာ ၁၅ ရက်တစ်ကြိမ် သိမ်ထဲမှာ ဥပုသ်ပြုတဲ့အခါ သြ၀ါဒ ပါတိမောက်ဒေသနာကို နာကြားခွင့်ရှိတယ်။ လူတွေမှာ အဲဒီလိုမျိုး ဥပုသ်ပြု သြ၀ါဒပါတိမောက်ဒေသနာကို နာကြားရတာမျိုးမရှိဘူး။ ပြီးတော့ ရဟန်းတော်များ စောင့်ထိန်းတော်မူရတဲ့ သီလတော်များဟာ အကျဉ်းအားဖြင့် ၂၂၇ ပါး၊ အကျယ်အားဖြင့် ကုဋေ ၉ ထောင်ကျော်သော သီလတော်မြတ် တို့ကို စောင့်ထိန်းကြရပြီး လူတွေကဲ့သို့ သာမန်ဆောက်တည်ထားတာမျိုးမဟုတ်ဘဲ အလေးအနက် ထားပြီး ဆောက်တည်ရတာမျိုးဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော် ရဲ့ အာဏာဒေသနာတော်ကို မပျက်မကွက် လိုက်နာရတာမျိုးဖြစ်ပါတယ်။ အနုပည့်ညတ်ချက်တွေကိုလည်း အချင်းချင်းဒေသနာ ပြန်ကြားကာ အပြစ်ကိုဝန်ခံပြီး နောက်မကျူးလွန်မိအောင် သတိဖြင့်ဆင်ခြင်နေထိုင်ရပါတယ်။ ဒါကြောင့်သီလဂုဏ်အားဖြင့် လည်း လူတွေထက် အလွန်တရာ သာလွန်မြင့်မြတ်တော်မူကြပါတယ်။


ထိုကဲ့သို့ သာလွန်မြင့်မြတ်တဲ့ ဂုဏ်တော်တို့နဲ့ ပြည့်စုံတော်မူကြတဲ့ “ဘုရား၊ တရား၊ သံဃာ”တို့ဟာ တွေ့ကြုံရခဲ့၊ မြင်တွေ့ရခဲတဲ့ လောကုတ္တရာရတနာတော်များပဲဖြစ်ပါတယ်။ ဘုရားပွင့်တဲ့ ကာလနဲ့ကြုံတွေ့ရမှ မြင်တွေ့ကြားသိရတဲ့ ရတနာမြတ်သုံးပါးဖြစ်တယ်။ ဘုရားပွင့်ဖို့ဆိုတာကလည်း ဘုရားပွင့်တဲ့ ကမ္ဘာမှာတောင် တစ်ဆူနဲ့တစ်ဆူကြားမှာ နှစ်အသင်္ချေ ကြာမြင့်တယ်။ ဒါက ဘုရားပွင့်တဲ့ကမ္ဘာမှာ တစ်ဆူနဲ့တစ်ဆူကြား ရေတွက်ကြည့်လို့။ ဘုရားပွင့်တဲ့ကမ္ဘာနဲ့ မပွင့်နဲ့ကမ္ဘာရဲ့ ကြားကာလမှာတော့ ကမ္ဘာများစွာ ခြားတယ်။ အဲဒီဘုရားမပွင့်တဲ့ ကမ္ဘာမှာတော့ သာသနာတော် နေရောင်လရောင် ထွန်းတောက်တဲ့ကာလမျိုးကို ကြုံတွေ့ခွင့်မရှိနိုင်ဘူး။ တစ်ကမ္ဘာ၊ နှစ်ကမ္ဘာလို့ ရေတွက်ရတာ လွယ်ပေမယ့် တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်အရေအတွက် ရေတွက်ဖို့ အလွန်ခက်ခဲပြန်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာသက်တမ်းကိုတွက်ရလျှင် တစ်ယူဇနာပတ်လည်ရှိတဲ့လှိုဏ်ခေါင်းထဲမှာ ရွေးစေ့လေး များ ပြည့် ညပ်နေအောင်ရှိနေတယ်။ နှစ်ပေါင်းတစ်ရာပြည့်မှ ရွေးစေ့တစ်လုံးကို ထုတ်ရမယ်။ အဲဒီ လို ရွေးစေ့လေးတွေကို တစ်လုံးတစ်လုံးစီ နှစ်တစ်ရာပြည့်မှ တစ်ခါထုတ်၊ အဲဒီရွေးစေ့လေးတွေသာ ကုန်သွားမယ်၊ တစ်ကမ္ဘာရဲ့သက်တမ်းက မကုန်သေးဘူးလို့ဆိုပါတယ်။ “ရခဲမှ ရတနာ”လို့ဆိုတဲ့အတိုင်း ဘုရား၊ တရား၊ သံဃာဟာ အလွန်မြင်တွေ့ရခဲ၊ ကြားသိရခဲတဲ့ တုနှိုင်းမဲ့ရတနာတွေပဲဖြစ်ပါတယ်။
ဘုရား၊ တရား၊ သံဃာတို့ကို့ ကိုးကွယ်ဆည်းကပ်ခြင်း သရဂုံသုံးပါးဆောက်တည်ပြီး ငါးပါးသော သီလတော်မြတ်တို့ကို မကျိုးမပေါက် အောင် ထိန်းသိမ်းစောင့်ရှောက်ကြကာ အလိုရှိအပ်တောင့်တ အပ်တဲ့ မြတ်နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်၊ မျက်မှောက်ပြုလွယ်တဲ့ သူတော်ကောင်း၊ သူတော်မြတ် များ ဖြစ်ကြပါစေ။”

တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

အပြည့်အစုံသို့

22 Jul 2011

လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။

ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။

လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။

၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း ကစားတွေလုပ်မိလျှင် တဖြည်းဖြည်းလုံးပါးပါးပြီး နောက်ဆုံး မွဲပြာကျ ဆင်းရဲသွားသူတွေ(အထည်ကြီးပျက်တွေ) ဖြစ်သွားနိုင်တယ် ဆိုတာ အမြဲသတိရှိကြရပါမယ်။

၃) ကလျာဏမိတ္တသမ္ပဒါ(မိတ်ဆွေကောင်းများနှင့်ပေါင်းဖော်ခြင်း)။ ။ မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။

၎) သမဇီဝိတသမ္ပဒါ(ဥစ္စာအင်အားနှင့်တိုင်းထွာ၍ ညီမျှစွာအသက်မွေးခြင်း)။ ။ ရတာက တစ်ပဲ၊ သုံးတာက တစ်ပိဿာ ဆိုရင်တော့ အကြွေးက နောက်ဘ၀ထိတောင် ဆပ်လို့ မကျေနိုင်ဖြစ်နေမယ်။ ရတာကနည်းနည်း စားချင်တာကများများ၊ သုံးချင်တာက သူ့ထက်တော့ အောက်မကျချင်ဖြစ်နေတော့ ရတာနဲ့ သုံးတာ မမျှတဲ့အတွက် ဘယ်လိုမှ စီးပွါးဥစ္စာက စုနိုင်မှာမဟုတ်ဘူး။ “ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့အတိုင်း ကိုယ့်ဝင်ငွေနဲ့ထွက်ငွေ နှိုင်းနှိုင်းချိန်ချိန်နဲ့ သုံးစွဲရမယ်။ ပြီးတော့ အသုံးနဲ့အဖြုန်း ကွဲကွဲပြားပြား နားလည်ကြရပါမယ်။ ၀င်ငွေ ထွက်ငွေကို သေချာစိစစ်တွက်ချက်ပြီး ရတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင်ဝတ် ဆိုတဲ့အတိုင်း မျှမျှတတဖြစ်အောင် အသုံးပြု တတ်မှ ဥစ္စာစီးပွါးတွေဟာ လိုတာထက်ပိုအကုန်တဲ့အတွက်၊ ဖြုန်းတဲ့သဘော မဖြစ်တော့တဲ့အတွက် တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ တိုးပွါး စည်ပင်နေမှာပဲ ဖြစ်ပါတယ်။

လောကုတ္တရာချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) သဒ္ဓါသမ္ပဒါ(ရတနာသုံးပါးဂုဏ်နှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်း)။ ။လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ရတနာတို့သည် ဘုရား၊ တရား၊ သံဃာတို့ဖြစ်ကြတယ်။ ရတနာသုံးပါးဂုဏ်တွေက ဘာတွေလဲ၊ ထိုဂုဏ်တော်တို့ ရှိတော်မူကြတဲ့အတွက် ကိုးကွယ်ထိုက်တယ်၊ အလေးအမြတ်ပြုအပ်တယ်၊ သံသရာဝဲဒုက္ခမှလွတ်အောင် လမ်းပြတော်မူကြတဲ့ ရတနာမြတ်သုံးပါးတို့ဟာ လောကီရတနာမျိုးစုံတို့ထက် သာလွန်မြင့်မြတ်တော်မူတယ် စသဖြင့် ယုံကြည်မှု သဒ္ဓါသမ္ပဒါ ရှိကြရမယ်။ ရတနာမြတ်သုံးပါး ဂုဏ်တော်တွေကို ယုံကြည်မှ ဘုရားရှင် အဆုံး အမတွေကို လိုက်နာနိုင်မယ်။ တရားတော်ကို သက်ဝင်ယုံကြည်မှ တရားအဆုံးအမစာပေတွေကို အလေးဂရုပြုပြီး ကျင့်ကြံပွါးများအားထုတ်နိုင်မယ်။ ဘုရားသားတော်ရဟန်းသံဃာတော် အရှင်သူမြတ်တွေဟာ လည်း ဘုရားရှင်တော်ကိုစား လက်ဆင့်ကမ်းဆုံးမတော်မူကြတယ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့မြင့်မြတ်တဲ့အတွက် လောကရဲ့ သစ္စာတရားတွေကို ဟောပြောဆုံးမတော်မူနိုင်ကြတယ် စသဖြင့် ကြည်ညိုသဒ္ဓါတရားရှိမှ မိမိတို့အနေနဲ့ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အကြီးဆုံးဘေးတွေက လွတ်မြောက်နိုင်မှာပဲဖြစ်တယ်။ “သဒ္ဓါတရားက လက်နဲ့တူတယ်”လို့ ဘုရားရှင်က ဥပမာဆောင်ပြပါတယ်။ လက်မပါတဲ့သူတွေဟာ ကိုယ့်ရှေ့မှာ ရွှေငွေဥစ္စာရတနာတွေကို တွေ့နေသော်လည်း ကောက်မယူနိုင်၊ သယ်မသွားနိုင်သလိုဘဲ ရတနာမြတ်သုံးပါးအပေါ်မှာ သဒ္ဓါတရားနဲ့ မပြည့်စုံတော့ အဆုံးအမတွေကို မလိုက်နာနိုင်၊ သံသရာမှ မလွတ်မြောက်နိုင်ဘဲ သံသရာထဲမှာ အဖန်ဖန်ကျင်လည်နေကြရတယ်။ သာသနာတော်နဲ့ ကြုံသော်လည်း သာသနာတော်ကိုမကြိုက်တဲ့ အတွက် သာသနာတော်အဆုံးအမအတိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သံသရာက လွတ်မြောက်ဖို့ ဝေးနေပါတယ်။ ဒါကြောင့် သံသရာမှလွတ်မြောက်အောင်၊ မလွတ်မြောက်သေးခင်ကြားကာလမှာလည်း ချမ်းသာကြီးပွါးနိုင်ဖို့ရန်အတွက် သဒ္ဓါသမ္ပတ္တိ ဖြစ်နေရပါမယ်။

၂) သီလသမ္ပဒါ(လူတို့စောင့်ရှောက်ကျင့်သုံးသော ငါးပါးသီလနှင့်ပြည့်စုံခြင်း)။ ။ သီလနဲ့မပြည့်စုံလျှင် ခြေမပါတဲ့သူနဲ့တူတယ်။ ခရီးမတွင် နိုင်ဘူး။ သံသရာအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာ သိထားရပါမယ်။ သီလဆိုတာက ကိုယ်က ကျင့်မှ ရနိုင်တဲ့ တရားဖြစ် တဲ့အတွက် တခြားသူတွေဆီက တောင်းယူလို့လည်းမရ၊ ငှါးသုံးလို့လည်းမရ၊ ခိုးယူလို့လည်းမရနိုင်ဘူး။ တခြားသူကို အငှါးစောင့်ခိုင်းလို့လည်း မရနိုင်ဘူးလေ။ သီလနဲ့မပြည့်စုံတော့ ဘယ်လေက်ပဲချမ်းသာကြွယ်ဝနေသူဖြစ်ပါစေ ပညာရှိတို့ မချီးမွမ်းဘူး။ ရနံ့ကင်းနေတဲ့ ပေါက်ပွင့်နဲ့တူနေ တယ်။ ပါဏာတိပါတကံကို မစောင့်ထိန်းခဲ့တော့ သက်တမ်းစေ့မနေရဘူး။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲဖြစ်ကြရတယ်။ ဥပဓိရုပ်လည်း မတင့်တယ်တာကြောင့် လူတောမတိုးနိုင်ဘဲ ရှိနေတတ်တယ်။ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)ကံတွေကို မစောင့်ထိန်းခဲ့တော့ ဘ၀တိုင်း ဆင်းရဲနုံချာ တဲ့ဘ၀ကို ရရှိရတယ်။ သူတစ်ပါးတွေလို ကောင်းကောင်းမစားနိုင်၊ ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မသုံးနိုင်တော့ဘူး။ စည်းစိမ်ဥစ္စာ နဲ့ ကြွယ်ဝတဲ့မိဘတွေဆီမှာ လူလာဖြစ်လာသော်လည်း မီးဘေးနဲ့ကြုံလို့ ကိုယ်မွေးလာမှ မိဘတွေ ဆင်းရဲ့သားဘ၀ ပြန်ရောက်ရတယ်။ ကိုယ် ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်လို့ ချမ်းသာကြွယ်ဝလာသော်လည်း အတိတ်ကံက မကောင်းခဲ့တဲ့အတွက် ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးသွား ရတာမျိုးတွေ ကြုံတွေ့ရတတ်တယ်။ ကာမေသုမိစ္ဆာစာရ(သူတစ်ပါးအိမ်ယာပြစ်မှားခြင်း)ကံတွေ ကျူးလွန်ခဲ့မိ တော့ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်တဲ့အဖြစ်တွေကိုရကြတယ်။ မိန်းမဘ၀တွေကိုသာ အကြိမ်ကြိမ် ရရှိကြရတယ်။ လင်ကောင်းသားကောင်းမရနိုင်ဘဲ “လင်းဆိုးမယား တဖားဖား”ဆိုသလို ဒုက္ခပင်လယ်ဝေရ တတ်တယ်။ မုသာဝါဒ(လိမ်ညာလှည့်ဖြားခြင်း)ကံတွေကို ကျူးလွန်ခဲ့မိတော့ စကားမပီသ၊ သွားကမညီ၊ လူကြားထဲကျတော့ သိက္ခာရှိရှိမနေနိုင်၊ အသားအရေတွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်ရတတ်တယ်။ သုရာမေရယ(သေရည်သေရက်၊ မူးယစ်ဆေးဝါသုံးခြင်း)ကဲတွေကို ကျူးလွန်ခဲ့တော့ အရူးဘ၀၊ ကျပ်မပြည့်တဲ့အဖြစ်၊ စိတ်မငြိမ်ဘဲ ဂယောက်ဂယက်ဖြစ်နေတဲ့ လူ့အဖြစ်တွေကို ရကြရတယ်။ တချို့အရက်သောက်လွန်းသူတွေ စိတ်ဂယောင်ချောက်ချားဖြစ်တာတွေ တွေ့မြင်ကြပါမယ်။ ဒါကြောင့် သံသရာမှာလည်း ဆင်းရဲ၊ နိဗ္ဗာန်နဲ့လည်း ဝေးသထက်ဝေးနေတာမျိုးတွေ မဖြစ်ရအောင် သီလနဲ့ပြည့်စုံအောင် ကျင့်ကြံရမှာပဲဖြစ်တယ်။ ဒါမှ သံသရာမှာလည်း ချမ်းသာကြီးပွါးမယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောင်ပြုနိုင်မှာ ဖြစ်ပါတယ်။

၃) စာဂသမ္ပဒါ(သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း)။ ။ “ဆုပ်လျှင်ယုတ်၊ ဖြန့်လျှင်မြတ်”ဆိုသလိုပဲ မိမိမှာရှိထားသမျှ စည်းစိမ်ဥစ္စာ တွေကို မပေးရက်၊ မကမ်းရက် ဆုပ်ကိုင်ထားလျှင် သံသရာမှာ ဆင်းရဲကြောင်းလည်းဖြစ်၊ နိဗ္ဗာန်နဲ့မနီးနိုင်တော့ဘူး။ စွန့်ကြဲပေးကမ်းတာဟာ တစ်နည်းအားဖြင့် လောဘကိုသတ်တာပါပဲ။ ဥစ္စာပစ္စည်းတွေအပေါ်မှာ ခင်တွယ်နေတဲ့ တဏှာလောဘတွေမစွန့်နိုင်လျှင်၊ ဒီဥစ္စာပစ္စည်းတွေကို ခင်တွယ်နေလျှင် “လောဘနဲ့သေ ပြိတ္တာပြည်၊ မသွေရောက်တတ်တယ်”ဆိုတဲ့အတိုင်း သေခါနီးမှာ ဥစ္စာပစ္စည်းတွေခင်တွယ်ပြီးသေလို့ ဘေးနားမှာ ပြိတ္တာသွားဖြစ်တာ၊ ဥစ္စာစောင့်ဘ၀တွေ သွားဖြစ်တဲ့အကြောင်းတွေ ဗုဒ္ဓဘာသာအဆုံးအမစကားတွေကို နာကြားမှတ်သား ဖူးကြပါမယ်။ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏”ဆိုတဲ့ အဆုံးအမအတိုင်း ရှာထားတဲ့ဥစ္စာတွေအပေါ်မှာ သူတစ်ပါးတို့ကိုလည်းပေးကမ်းစွန့်ကြဲနိုင်ရပါမယ်။ ဒါမှ သံသရာမှာကျင်လည်နေရဦးမယ်ဆိုလျှင် ချမ်းချမ်းသာသာနေရမယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်နိုင်ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရသေ့ဘ၀ ကုဋေ ၁၆၀ ကို နှစ်ဖက်မိဘဘိုးဘွားများက တစ်ဖက် ကုဋေ ၈၀ စီ အမွေတွေ ထားရစ်ခဲ့တယ်။ ဘုရားအလောင်းတော်က စဉ်းစားပါတယ်။ “အဘိုးအဘွား၊ အဖေအမေတွေဟာ ဥစ္စာပစ္စည်းတွေကို ရှာဖွေစုဆောင်းတာကိုသာ လုပ်နိုင်ကြတယ်။ ကိုယ့်နောက်ပါအောင်တော့ မလုပ်နိုင်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် သယ်ဆောင်သွားမယ်”လို့ တွေးတောပါတယ်။ လိုချင်တာလာရောက်ယူနိုင်ကြောင်း တိုင်းသူပြည်သားအားလုံးကို မောင်းတီးပြီးကြေငြာပါတယ်။ ပေးလို့မကုန်နိုင်တာကြောင့် ယူချင်တဲ့သူယူကြ စေဆိုပြီး ဥစ္စာပစ္စည်းအားလုံးကိုထားခဲ့ကာ ရသေ့ဘောင် အမြန်ဝင်ရောက်ခဲ့ကာ အဲဒီဘ၀မှာ ဘုရားဖြစ်ရန် ဗျာဒိတ်ရရှိခဲ့ပါတယ်။ ပါရမီ ၁၀ ပါးမှာ စာဂ-စွန့်ကြဲပေးကမ်းခြင်းနဲ့ စတင်ဖြည့်ခဲ့ပါတယ်။ သံသရာဘ၀တွေမှာ ဥစ္စာကြွယ်ဝရတာ၊ ချမ်းချမ်းသာသာနေရတာ၊ မရှိဆိုတဲ့စကား မကြားရတဲ့ဘ၀တွေရရှိတာတွေဟာ စာဂသမ္ပဒါနဲ့ ပြည့်စုံမှသာ ရရှိနိုင်တဲ့အကျိုး တရားတွေပဲဖြစ်တယ်။ နောက်ဆုံး နိဗ္ဗာန်အထိ ချမ်းချမ်းသာသာ ပေးဆောင်နိုင် ပါတယ်။

၎) ပညာသမ္ပဒါ(အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သောအသိပညာနှင့်ပြည့်စုံခြင်း)။ ။ပညာဆိုတာ အမှောင်ထဲမှာ အလင်းရောင်ထွန်းပြီး မမြင်နိုင်တာတွေကို မြင်ရသလို၊ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာလောကတစ်ခုလုံးကို ထွန်းလင်းတောက်ပနေသလို၊ မှောက်ထား တဲ့အရာတစ်ခုကို လှန်ပြလိုက်တဲ့အခါ ဘာလဲဆိုတာကို သိမြင်ပြီး သံသယတွေကင်းပျောက်သွားသလို ပညာဟာလည်း အမှားကို အမှားမှန်း သိသွားတဲ့အခါ၊ ယုံမှားသံသယစိတ်အညစ်အကြေးတွေ ကင်းစင်လွင့်ပျောက်ပြီး စိတ်တွေ ကြည်လင်မှု ရရှိသွားတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေကို အာရုံကိုအာရုံမှန်းသိတာကြောင့် ငြိတွယ်မှုမရှိဘဲ တဏှာကင်းတဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်ဖြစ်စေတာလည်း ပညာပဲဖြစ်တယ်။ မဖောက်မပြန် မှန်မှန်ကန်ကန်နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လိုက်ပြီဆိုရင်တော့ သံသရာမှလွတ်မြောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံသွားပါပြီ။ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားတတ်တဲ့ပညာမရှိရင် အမှားကိုလည်း အမှန်ထင်၊ အမှန်တရားကိုလည်း အမှားလို့ မြင်နေတတ်တဲ့ အတွက် မှားပြီးရင်းမှားကာ အ၀ိဇ္ဇာအမှောင်ဖုံးပြီး တဏှာကြောင့် ဘ၀ဒုက္ခတွေ အကြိမ်ကြိမ် အဖန်တလဲလဲကူးပြောင်းနေပြီး ခန္ဓာပြောင်း သေနေရတော့တာပါပဲ။ ဒါကြောင့်မို့ ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။

တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

အပြည့်အစုံသို့

31 Jan 2011

ကရုဏာထား၍ မုဒိတာပွါးပါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကရုဏာထား၍
ကရုဏာတရားသည် စာနာထောက်ထားခြင်း၊ သနားငဲ့ညှာခြင်း၊ ကြီးနိုင်ငယ်ညှင်းမပြုခြင်းဟူ၍ နားလည်နိုင်ပါသည်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို နိုင့်ထက်စီးနင်းမပြုဘဲ အကျိုးစီးပွါး ဖြစ်အောင် ကူညီစောင့်ရှောက်ပေးခြင်းတရားပင်ဖြစ်၏။ ခွန်အားဆိုရာ၌ ကာယ၊ ဉာဏ၊ ၀ီရိယ၊ ဘုန်းကံပါရမီများ အစရှိသည်ဖြင့် ကြီးသူ၊ ငယ်သူဟူ၍ ရှိပေသည်

ကာယဗလကြီးသူတို့က ကိုယ်ကာယနည်းသူတို့ကို နိုင်ထက်ကလူ ပြုတတ်ကြ၏။ ဉာဏ်ပညာ ကြီးသူတို့က ဉာဏ်ပညာနည်းသူတို့ကို နှိမ်တတ်ကြ၏။ ဘုန်းကံကြီးသူတို့ကလည်း ဘုန်းကံ နည်းသူတို့အပေါ် အထင်သေး အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ ကရုဏာဓာတ် နည်းပါးမှုကြောင့်ဖြစ်၏။ ကရုဏာဓာတ်ခေါင်းပါးသောအရပ်၌ ခွန်အား နည်းသူတို့အတွက် နေစရာလည်း,မရ၊ စားစရာလည်း,မ၀၊ ၀တ်စရာလည်း,မလှမပ ဖြစ်ကြရ ပေသည်။ ကျားက သမင်ကို စား၏။ ကျားကို မုဆိုးက မြှားဖြင့်ခွင်း၏။ ကရုဏာတရား ခေါင်းပါးမှု၏မြင်ကွင်း အလွန်ပင် အရုပ်ဆိုးလှပေသည်။ ကရုဏာတရားခေါင်းပါး၍ အချင်းချင်း ရက်စက်ကြမ်းကြုတ်နေသမျှ ရန်မီးမငြိမ်း ကိလေသာအပူမီးသာ ဖောင်းပွစေတော့၏။ သံသရာတစ်ဖက်ကမ်း ဘယ်ဆီတွင် လှမ်းမမြင်နိုင်တော့ပြီ။ သတ္တ၀ါတို့အား ကရုဏာထားနိုင် ကြကုန်သော ရဟန္တာအရှင်မြတ်တို့ကား ဒုက္ခအပေါင်းမှကင်းလွတ်ရာ နိဗ္ဗာန်သောင်ကမ်းသို့ လှမ်းကြွရောက်ရှိတော်မူကြကုန်ပြီ။

ထိုသို့ပင် မကသေး၊ အခြားသော သတ္တ၀ါတို့ကိုလည်း သူတို့ကဲ့သို့ အမြိုက်ချမ်းသာ ခံစား နိုင်အောင် လမ်းပြပေးတော်မူကြကုန်၏။ ဘုရားအလောင်းတော်ကြီး၏ ဘုရားဖြစ်ရန် ဆုပန်ခဲ့ ခြင်းသည် အခြားသောသတ္တ၀ါတို့ကို သနားငဲ့ညှာတော်မူသော ကရုဏာတရားကြောင့်ပင် ဖြစ်၏။ ငါကောင်းစားရေးကို ရှေ့တန်းမတင်၊ သူတစ်ပါးကောင်းစားရေးကိုသာ ရှေ့တန်းတင် တတ်သော မြင့်မြတ်သည့်စိတ်ကြောင့်ဖြစ်၏။ ဘုရားဆုပန်သည့် သုမေဓာရှင်ရသေ့ဘ၀တွင် အရဟတ္တမဂ်ဉာဏ်ရဖို့ ပါရမီရင့်ကျက်နေပြီဖြစ်သော်လည်း ငါတစ်ပါးတည်း ကိုယ်လွတ်မရုန်း၊ သူတစ်ပါးတို့ကိုပါ လမ်းပြကယ်တင်တော်မူဦးမည်ဟု ကြီးစွာသောကရုဏာတရား ဖြစ်တော်မူ သောကြောင့် သစ္စာလေးပါးမြတ်တရားအား ထူးကဲစွာဟောကြားနိုင်သည့် သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိရေးအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတ်ပတ်လုံး အပင်ပန်း အဆင်းရဲခံကာ အနစ်နာခံခဲ့တော်မူလေ၏။

တစ်ခုသောဘ၀တွင် ဘုရားအလောင်းတော်ကြီးသည် သမင်တို့ကိုအုပ်စိုးသည့် ရွှေသမင်မင်း ဖြစ်ခဲ့သောကာလ၌ သမင်အသားကို နှစ်သက်စွာစားသောက်တတ်သော ဘုရင်ကြီး၏ အမိန့်ကြောင့် သမင်အပေါင်း ခြံတစ်ဝန်းတည်းတွင် ချုပ်နှောင်ခံခဲ့ရလေသည်။ မင်းချင်းတို့က တစ်နေ့လျှင် သမင်တစ်ကောင်ကျ ဖမ်းဆီးသတ်ဖြတ်၍ ဘုရင်ထံ သမင်ဟင်း ဆက်သကြရ ပေသည်။ သမင်တို့မှာလည်း မိမိအသက်အရေးထက် ဘယ်အရေးမှ မယှဉ်နိုင်တာကြောင့် ကြောက်အားလန့်အားနှင့် ပြေးလွှားခုန်ပေါက်ကာ အသက်ဘေးမှရုန်းထွက်ကြရာတွင် အချင်း ချင်းတိုက်ခိုက်မိ၍ သေဘေးသို့ပင် မရောက်ချင်ဘဲ ဆိုက်ရောက်ကြရကုန်၏။ ထိုအရေးကို မြင်တွေ့နေရသည့် ဘုရားအလောင်း ရွှေသမင်မင်းကြီးက ကြံစည်စဉ်းစားတော်မူရာတွင် ထို ကဲ့သို့ ပြေးလွှားမှုမပြုဘဲ တစ်နေ့လျှင် တစ်ကောင်ကျ၊ အလှည့်ကျ လည်စင်းပြီး အသေခံ ပေးရန် သမင်အပေါင်းတို့ကို အကြံပြုတော်မူရာ သမင်းအပေါင်းကလည်း လက်ခံကြလေ သည်။

သမင်အုပ်စုနှစ်စုရှိကြရာ တစ်ဖက်အုပ်စုကိုအုပ်စိုးသည်က အရှင်ဒေ၀ဒတ်အလောင်း သမင် မင်းဖြစ်လေ၏။ အုပ်စုနှစ်စုမှ တစ်ဖက်တစ်ကောင် အလှည့်ကျဖြင့် စဉ်းတီတုံးတွင် နေ့စဉ် လည်းစင်းခံ သေပွဲဝင်ကြရင်း တစ်နေ့၌ အရှင်ဒေ၀ဒတ်အလောင်း သမင်မင်းအုပ်စုမှ ကိုယ်ဝန် ဆောင် သမင်မတစ်ကောင်အလှည့်သို့ ရောက်ချိန်တွင် ခေါင်းဆောင်သမင်ကြီးထံ အသနား ခံတော်မူလေ၏။ ဒေ၀ဒတ်အလောင်းသမင်မင်းက အယူခံပယ်ချလိုက်သဖြင့် ဘုရား အလောင်းတော် ရွှေသမင်းကြီးထံ တစ်ဖန် အသနားခံလေ၏။ အလောင်းတော်ကြီးသည် ပါရမီဖြည့်ကျင့်နေသည်ကိုက မိမိအတွက် မဟုတ်ခဲ့။ သူတစ်ပါးတို့အတွက်သာ ရှေ့တန်းတင် ထားခဲ့သည်ဖြစ်ခြင်းကြောင့် သူတစ်ပါးအတွက် အသက်ကိုပေးဖို့ မနှေးအမြန် မိမိသာ သေပွဲ ၀င်မည်ဟု ထိုသမင်မလေးအစား မိမိအသက်ကိုပေးရန် စဉ်းတီတုံး၌ လည်းစင်းခံခဲ့တော် မူလေ၏။ ထိုမြင့်မြတ်မှုသဘောကို မြင်တွေ့ကြရသည့် မင်းချင်းတို့က ရှင်ဘုရင်ကြီးထံ လျှောက်ကြားကြသဖြင့် ဘုရင်ကြီးက အလွန်လေးစားတော်မူကာ ဘုရားအလောင်း ရွှေသမင် ကြီး၏ သတ္တ၀ါတို့၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရေး တရားစကားကို နာကြားခဲ့ရ ပြီးနောက် သမင်အပေါင်းတို့ကို ဘေးမဲ့ပေး ချမ်းသာခွင့်ပြုခဲ့လေသည်။ ဘုရားအလောင်း တော်ကြီး၏ ကရုဏာဓာတ် အလွန်ကြီးမြတ်မှုမှာ ကြည်ညိုစရာအလွန်ကောင်းလှပါသည်။

ကရုဏာတရား ကြီးမားကြသောသူတော်ကောင်းတို့သည် ဘေးဒုက္ခအခက်အခဲများ ကြုံတွေ့ နေကြသူ၊ မိမိထက်ပိုပြီး ဆင်းရဲဒုက္ခရောက်သူတို့ကိုတွေ့လျှင် သနားကြင်နာစိတ်များဖြစ်ကာ “သူတို့ကို ငါဘာများကူညီ ပေးနိုင်ပါမည်နည်း”ဟု တွေးကြပေသည်။ ကူညီနိုင်သလောက် ကူညီချင်စိတ်များ တဖွားဖွားဖြစ်ကြပြီး ထိုဒုက္ခရောက်နေသူအပေါင်းတို့အား လှူဒါန်းပေးကမ်း ခြင်းအမှုများကိုလည်း လွန်စွာနှစ်သက်တော်မူကြပေ သည်။ လာဘ်လာဘပေါခြင်း၊ လာဘ်လာဘနည်းခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံ နည်းခြင်း၊ ချမ်းသာခြင်းနှင့်ပြည့်စုံခြင်း၊ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရခြင်းစသည့် လောကဓံတရား တို့သည် တစ်ပြေးတည်းရှိနေသည်မဟုတ်၊ အနိမ့်အမြင့်ရှိတတ်သည့်သဘောသာလျှင် လောကဓမ္မတာဖြစ်သည့် အတွက် ဒုက္ခဆင်းရဲနှင့် လူတိုင်းတွေ့ကြုံကြရ၏။ ထိုအချိန်၌ အချင်းချင်းကူညီဖေးမခြင်းအမှုသည် သူတော်တို့၏အလုပ်ပင်ဖြစ်သည်။ မိမိ၌ရှိသော အခွင့် အရေးကောင်းတို့ကို မိမိတစ်ယောက်တည်းမခံစား၊ သူတစ်ပါးတို့ကိုလည်း ဝေမျှခံစား သုံးဆောင်မည်ဟူသောစိတ်ထားသည် သူတော်ကောင်းတို့၏ ကရုဏာစိတ်ထားပင်တည်း။ သည့်ထက် မြင့်မြတ်သည့်စိတ် မွေးမြူနိုင်သည့်အခါ မိမိရထားသည့် အခွင့်အရေးကိုပင် မိမိ မသုံးဆောင်တော့ဘဲ သူတစ်ပါးအတွက် စွန့်လွှတ်နိုင်ပေသည်။ ဘုရားအလောင်းတော် ကြီးများသည် ပါရမီဖြည့်ကျင့်ရာ၌ သူတစ်ပါးအတွက် မိမိအသက်ကိုပင် စွန့်လွှတ်နိုင်ခြင်းမှာ ကြီးစွာသောကရုဏာစိတ်ကြောင့်ပင်ဖြစ်၏။

ဘုရားရှင်သည် လောကကို တစ်နေ့လျှင် ခြောက်ကြိမ်ကြည့်ရှုတော်မူပါသည်။ ကရုဏာသမာ ပတ်ဝင်စားတော်မူခြင်းဟုလည်းခေါ်၏။ ထိုသို့ကရုဏာသမာပတ်ဝင်စားရာ၌ စတုတ္ထဈာန်အထိ ပင်ရောက်တော်မူကြောင်း မှတ်သားသိရှိရပါသည်။ ထိုသို့ နေ့စဉ်ကြည့်ရှုတော်မူပြီး သတ္တ၀ါ တို့ကို ကယ်တင်နိုင်ခြင်းရှိ/မရှိဆင်ခြင်ပြီး ကယ်တင်နိုင်သည့်သတ္တ၀ါဖြစ်က သံသရာမှ လွတ်မြောက်ကြောင်း၊ ဘေးဒုက္ခမှ ကင်းလွတ်ကြောင်း တရားဟောကြားဆုံးမပြီး လမ်းမှန်ပြ ကယ်တင်ပေးတော်မူ၏။ ထိုသို့ ကယ်တင်ရာ၌ တန်ခိုးတော်ဖြင့် ချမ်းသာစေဟူ၍ ဖန်ဆင်း ပေးခြင်းမျိုးမဟုတ်။ သတ္တ၀ါတို့သည် “အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုသာ အားကိုးအားထားရာ”ဖြစ်ခြင်းကြောင့် မိမိပြုလုပ်သော မနောကံအမှု၊ ၀စီကံအမှု၊ ကာယကံ အမှုတို့သာလျှင် မိမိအကျိုးကိုဖြစ်ထွန်းစေသည်ဖြစ်ခြင်းကြောင့် သတ္တ၀ါတို့၏ ထိုအမှုတို့ ကောင်းအောင် ဆုံးမပေးခြင်း၊ ဆောင်ရွက်ပေးခြင်းကို ဘုရားရှင်က ကယ်တင်တော်မူခြင်းဟု ဆိုလိုခြင်းဖြစ်ပါသည်။

မြန်မာစကားပုံ၌ “လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ”ဆိုသောစကားများသည် အချင်းချင်း ကရုဏာထားကြရန်အတွက် နှိုးဆော်ထားသောပညာရှိတို့စကားဖြစ်၏။ ယခုခေတ် မိဘမဲ့ ကလေးဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်စောင့်ရှောက်ရေးကျောင်း၊ အခမဲ့ ဆေးကုခန်း၊ ဆေးပေးခန်းများ၊ နားမကြားသူများကျောင်း၊ အနာကြီးရောဂါသည်စခန်း အစရှိသည်ဖြင့် ဘ၀အကျိုးပေးမကောင်းသူ၊ အိုမင်းမစွမ်းကြသူတို့ကို ၀ိုင်းဝန်းပြီး ကူညီဖေးမ စောင့်ရှောက်ကြသည်မှာ ကရုဏာစိတ်ရှိသူတို့၏ မွန်မြတ်သောဆောင်ရွက်မှုတို့ဖြစ်ပေသည်။

ကရုဏာဘာဝနာပွါးများရာ၌ ဆင်းရဲဒုက္ခရောက်နေသူတို့ကိုအာရုံပြု၍ ဆင်းရဲဒုက္ခရောက်နေ ခြင်းမှ လွတ်မြောက်ကြပါစေ၊ ဘေးရန်တွေ့နေကြသူတို့ကိုအာရုံပြု၍ ဘေးရန်အပေါင်းမှ လွန် မြောက်ကြပါစေ၊ စိုးရိမ်သောကတို့ဖြင့် ပူဆွေးနေသူတို့ကိုအာရုံပြု၍ စိုးရိမ်သောကရောက်နေ ခြင်းမှ ကျော်လွှားနိုင်ကြပါစေဟူ၍ ပွါးများရပေသည်။ ကရုဏာအစား သောက၀င်လာတတ် သောကြောင့် သတိရှိရပေမည်။ ဒုက္ခရောက်နေသူကို မြင်တွေ့ရသည့်အခါ သနားကရုဏာ ဖြစ်မိခြင်းမှ သောကသို့ရောက်ပြီး ငိုးကြွေးမိတတ်၏။ တစ်ခါတစ်ရံ သနားစရာဟု နှလုံးသွင်းမိ ခြင်းကနေ နှလုံးမသာမယာဖြစ်ရခြင်းတို့မှာ ကရုဏာစိတ်မှ သတိဉာဏ်ကင်းလွတ်၍ သောက သို့ရောက်သွားခြင်းပင်ဖြစ်၏။ ထို့ကြောင့် အကြောင်းအကျိုးဆက်စပ်မှုကို ဆင်ခြင်ခြင်း သတိဉာဏ် ရှေ့သွားရှိရန်မှာ အချိန်တိုင်းလိုအပ်လှပေသည်။

မုဒိတာပွါးပါ
စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။”ဟူသော မန်လည်ဆရာ တော်ဘုရားကြီး၏ မဃဒေ၀လင်္ကာသည် အချင်းချင်း မနာလို၊ ၀န်တိုစိတ်များ မထားဘဲ သူတစ်ပါးချမ်းသာခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ မုဒိတာပွါးရန် ဆုံးမထားပါသည်။ ဘုရားရှင်ကလည်း သတ္တ၀ါတွေ ချမ်းသာချင်လျက် မချမ်းသာဘဲ ဆင်းရဲနေလျက်သာ ရှိနေကြ ခြင်းမှာ ဣဿာ၊ မစ္ဆရိယစိတ်များကြောင့်ပင်ဖြစ်သည်ဟူ၍ နတ်သားတစ်ပါး၏ မေးလျှောက် ခြင်းကို ဖြေကြားတော်မူခဲ့ပေသည်။

နှလုံးသွင်းနေရုံဖြင့် အကုသိုလ်ရနေသည့်အလုပ်မှာ သူတစ်ပါးချမ်းသာအား ဣဿာမစ္ဆရိယ ပွါးနေသောအလုပ်ဖြစ်သလို နှလုံးသွင်းနေရုံဖြင့် ကုသိုလ်တရားဖြစ်နေသောအလုပ်မှာလည်း သူတစ်ပါးတို့၏ချမ်းသာအား မုဒိတာပွါးနေသည့်အလုပ်ပင်ဖြစ်၏။ ကောင်းမှုပြုတတ်သူကိုမြင် လျှင် “မွန်မြတ်လိုက်တာ၊ ဂုဏ်ယူစရာ ကောင်းလိုက်တာ”ဟူ၍ မုဒိတာပွါးလိုက်လျှင် ကိုယ်ပါ သူကောင်းမှုပြုသလို ကုသိုလ်တွေဖြစ်နိုင်သော်လည်း သူတစ်ပါးကုသိုလ်လုပ်နေသည့်အလုပ် ကို ၀မ်းမြောက်ဝမ်းသာ မုဒိတာမပွါးနိုင်ဘဲ မဲ့ရွဲ့စောင်းမြောင်းတတ်သောသူတို့မှာကား နေရင်းထိုင်ရင်ပင် မိမိအတွက် ငရဲမီးများကို မိမိကိုယ်တိုင်မွှေးနေသလိုဖြစ်တော့၏။

ပညာဉာဏ်အလင်းမရသူတို့မှာ သာသနာတွင်းလူဖြစ်ရသော်လည်း ရခဲလှသည့်ဒုလ္လဘတရား ကို ကြုံတောင့်ကြုံခဲ၊ ရတောင့်ရခဲဟူ၍ သတိမရှိနိုင်တော့ဘဲ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ဖြင့် နေကုန်အောင် အချိန်ကိုအသုံးချကြပေသည်။ သောက်မယ်၊ စားမယ်၊ ပျော်မယ်၊ ပါးမယ်ဟူ၍ အချိန်ကို အသုံးချနေကြတော့၏။ ထိုသို့မြင်တွေရလျှင်လည်း ကရုဏာ ထား၍ သံဝေဂပွါးရမည်ဖြစ်ပါသည်။ “မင်းတို့မလို့ ငွေရှိလို့ အရက်ကောင်းကောင်း ၀ယ်သောက်နိုင်တယ်၊ တို့ဖြင့် ငွေမရှိလို့ ထန်းရေခါးလေးတောင် မသောက်နိုင်ဘူး”ဟူ၍ သူတစ်ပါးမကောင်းမှုကို ၀မ်းမြောက်ဝမ်းသာအားပေးခြင်းမျိုးကို မုဒိတာပွါးခြင်းဟု မဆိုလိုပေ။

သူ၏ချမ်းသာကြွယ်ဝနေခြင်းကို မုဒိတာပွါးပေးရသော်လည်း မကောင်းမှုလုပ်ခြင်းကိုကား အားပေးအားမြှောက် မလုပ်မိရန် သတိရှိသင့်ပေသည်။ တချို့လူကြီးများသည် လူငယ်များ အရက်သောက် မိန်းမရှုပ်သည်ကို မည်သို့ခွင့်လွှတ်ပြီး တလွဲမုဒိတာပွါးကြသနည်းဆိုရလျှင် “လူငယ်ပဲ ဒီလောက်တော့ ရှိမှာပဲ။ ငယ်တုန်း ပျော်ထားကြကွ။ ကြီးလာလျှင် သားတွေသမီးတွေနဲ့ ငယ်ငယ်ကလို ရှုပ်လို့ပွေလို့ မကောင်းဘူးဟ။ မင်းတို့ခေတ်မင်းတို့ခါမှာ နည်းစနစ်တွေက ကောင်းတော့ အကာအကွယ်တွေက ပေါသနဲ့ ဟန်ကျသကွာ”ဟူ၍ ဖြစ်၏။

မြတ်ဗုဒ္ဓ၏အဆုံးအမကား “အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ်သဘောတည်း”ဟူ၍ ဖြစ်ပေသည်။ အပြစ်မကင်းသော စိတ်ချမ်းသာခြင်းမျိုးမှန်သမျှ မိမိ၏နှလုံးသွင်း၊ အပြော၊ အလုပ်တို့သည် စိတ်ချမ်းသာနေသော်လည်း ကုသိုလ်တရားမဖြစ်နိုင်ပေ။ အပြစ်ကင်းအောင် နေမှ စိတ်ချမ်းသာမှုအစစ်ရသလို ကုသိုလ်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မုဒိတာပွါးများ ရာတွင် သူတစ်ပါးတို့၏ကောင်းကျိုးရရှိခြင်း၊ ကောင်းသောအမှု ဆောင်ရွက်နိုင်ခြင်းတို့ကို ၀မ်းမြောက်ဝမ်းသာဖြစ်ရပေမည်။

ဗုဒ္ဓဘာသာသူတော်စင်များ ကောင်းမှုပြုပြီးတိုင်း အမျှဝေကာ ကြေးစည်ထု၊ ခေါင်းလောင်းထိုး ကြသည်မှာ မိမိ၏ကောင်းမှုအဖို့ဘာဂကို သူတစ်ပါးတို့အားလည်း ၀မ်းမြောက်စေလိုသောဆန္ဒ၊ မိမိရသကဲ့သို့ ရနိုင်ကြစေလိုသောဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုသို့ကြားသိရလျှင် “အသင်၏ ပညာနှင့်ယှဉ်သော ကုသိုလ်တို့အား သာဓုခေါ်ပါ၏”ဟူ၍ ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ၎င်း၏ကောင်းမှုပြုနိုင်ခြင်း၊ မိမိထက် သာလွန်မွန်မြတ်သော အားထုတ်နိုင်ခြင်း တရားတို့ကို မုဒိတာပွါးများရပေသည်။

တစ်ခါက သူငယ်ချင်းနှစ်ဦးရှိရာ တစ်နေ့သ၌ တစ်ဦးက မြစ်ချောင်းတစ်ခုဘေးတွင် ငါးမျှား၍ နေ၏။ ကျန်တစ်ဦးက ဥပုသ်သီတင်းဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့သွား၏။ ကျောင်း သိုသွားနေသောသူက ငါးမျှားနေသော သူငယ်ချင်းကို ကျောင်းမရောက်ခင်လမ်း၌ တွေ့ဆုံ စကားပြောနှုတ်ဆက်ခဲ့လေသည်။ ကျောင်းသို့ရောက်ပြီး ရဟန်းတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ ကျောင်းဝန်းတွင်ရှိနေစဉ် စဉ်းစားနေသည်မှာ “ဥပုသ်သီတင်း ဆောက် တည်ရတာ ပျင်းစရာကောင်းလိုက်တာ။ ငါ့သူငယ်ချင်းလို အေးအေးဆေးဆေး ငါးမျှားပြီး နေ တာက အပန်းပြေဦးမယ်”ဟူ၍ဖြစ်၏။ ငါးမျှားနေသောသူငယ်ချင်းက စဉ်းစားနေသည်မှာ “ငါဘ၀ ဆင်းရဲလှ၍ ငါးမျှားပြီး ငါးလေးတွေရောင်းချကာ ၀မ်းရေးကျောင်းနေရတယ်။ ငါ့ သူငယ်ချင်းကျတော့ ဘ၀ပေးကုသိုလ်ကံ ကောင်းလိုက်တာ။ သူ့မိဘတွေကချမ်းသာတော့ ငါ့လို အကုသိုလ် အလုပ်နဲ့လည်း အသက်မွေးစရာမလိုဘူး။ အခုလို ဥပုသ်နေ့တွေမှာလည်း သီတင်းသီလတွေဆောက်တည်ပြီး ကောင်းမှုကုသိုလ်တွေပြုနေလိုက်တာ သာဓုခေါ်ပါတယ်။”ဟူ၍ သူငယ်ချင်း၏ မိမိထက် ကောင်းမှု ဆောင်ရွက်နိုင်ခြင်းအား မုဒိတာပွါး၍ ဂုဏ်ယူဝမ်းမြောက်နေလေသည်။ မကောင်းမှုပြုလုပ်နေ သော်လည်း နှလုံးသွင်းမှန်နေချိန်မှာ ရုတ်တရက်သေသွားလျှင် ငှါးမျှားနေသူက နတ်ပြည်ရောက်နိုင်သော်လည်း ဥပုသ် သီတင်းဆောက်တည်နေသူက မကောင်းမှုအကြောင်းစဉ်းစားနေချိန် သေသွားလျှင် အပါယ်သို့ ကျရောက်နိုင်ပေသည်။

သူတစ်ပါးတို့၏ ကောင်းမြတ်သောအကျိုးတရားရရှိနေခြင်း၊ အခွင့်ထူးခံစားနေရခြင်း၊ မိမိထက် သာလွန်မြင့်မြတ်နေခြင်း၊ မိမိထက် ကောင်းမှုတရားများ ပိုမိုဆောင်ရွက်နိုင်ခြင်း စသည့် အရည်အချင်းကောင်းများနှင့် ကုံလုံကြွယ်ဝနေသူတို့နှင့်တွေ့လျှင် ဣဿာမစ္ဆရိယစိတ်များ မဖြစ်ပွါးဘဲ မုဒိတာပွါး၍ ကုသိုလ်တရားများ တိုးပွါးအောင် နှလုံးသွင်းသင့်ပေသည်။ ထိုသို့ သူတစ်ပါးတို့၏ ချမ်းသာခြင်းအား မုဒိတာပွါးနေခြင်းသည် ငွေကုန်စရာမလို၊ အချိန်ပေးပြီး ဆောင်ရွက်နေစရာမလိုဘဲရရှိသည့် ပါရမီကုသိုလ်ထူးပင်ဖြစ်၏။ ထို့နောက် သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ပေါကြွယ်ဝခြင်းကို မုဒိတာပွါးနေရုံဖြင့် ရောင့်ရဲမနေဘဲ မိမိက စောင့်ရှောက်ပေး နိုင်ပါက စောင့်ရှောက်ပေးခြင်း၊ သည့်ထက်မက တိုးပွါးအောင်အကြံပြုပေးနိုင်က အကြံဉာဏ် ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့၏ကောင်းကျိုးချမ်းသာရရှိရေးအတွက် အားထုတ်ကြိုးပမ်း သင့်ပေသည်။

မေတ္တာထား၍ ဥပေက္ခာပွါးပါ၊ ကရုဏာထား၍ မုဒိတာပွါးပါ”ဟူသော ဓမ္မဆောင်းပါးနှစ်ပုဒ်ဖြင့် တစ်ကန့်စီ ပေါင်းစပ်ရေးသားဖော်ပြလိုက်ရသော်လည်း “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” စသည့် ဗြဟ္မစိုရ်တရားလေးပါးစလုံး အတူညီမျှနေအောင် ပွါးများအားထုတ်နေရမည်ဖြစ်၏။ ထိုတရားလေးပါးတို့သည် ကမ္ဘာကြီးကို စောင့်ကြပ်သောတရားလေးပါးလည်းဖြစ်သလို လူတို့ ၏အသက်ကိုလည်း စောင့်ရှောက်သောတရားတို့ဖြစ်၏။ လူသားတို့ ဗြဟ္မစိုရ်တရားဖြင့် နေထိုင်ကျင့်ကြံသူများသည့်အချိန်တွင် ရာသီဥတုကောင်း၍ လူ့သက်တမ်းမှာလည်း အ သင်္ချေယအထိ ရှိပေသည်။ လူသားတို့ ဗြဟ္မစိုရ်တရားခေါင်းပါး၍ အချင်းချင်း ရက်စက် ကြမ်းကြုတ်ကြသည့်အခါတွင် ကပ်သုံးပါးဆိုက်၍ နောက်ဆုံး ကမ္ဘာကြီးပင်ပျက်ရပါဦးမည်။

ဆောင်းပါးနိဂုံးအနေဖြင့် ပဋ္ဌာန်းဆရာတော်ဦးဝိသုဒ္ဓ ရေးသားဆုံးမထားသော ဗြဟ္မစိုရ်တရား လေးပါးကျင့်ကြံပုံလင်္ကာလေးဖြင့် အဆုံးသပ်ပါမည်-
တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်
ပြိုင်မည့်အစား မေတ္တာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်
နိုင်မည့်အစား ကရုဏာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်
ရွဲ့မည့်အစား မုဒိတာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်
မဲ့မည့်အစား ဥပေက္ခာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မည်။

စာရှုသူ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

အပြည့်အစုံသို့