25 Dec 2012

ပုရိသ ကံဆိုးပေါက်ကြီးများ(ဒုတိယပိုင်း)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

အမှတ်(၁)ပုရိဿကံဆိုးပေါက်ကြီးသည် သေရည်သေရက်များ မှီဝဲသုံးဆောင်ခြင်းဖြစ်ကြောင်း ဆောင်ပါး (ပထမပိုင်း) တွင် ရေးသားတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပုရိသ-အမျိုးသားများ ကံဆိုးစေသောအကြောင်း၊ ဘ၀မှာ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်စေသည့်အကြောင်းများ၊ လမ်းမှားနေသည့် စရိုက်လက္ခဏာ အမူအကျင့်ဆိုးများကို ဖော်ပြအကြံပြုကာ လမ်းမှန်လျှောက် ၍ ကြီးပွါးတိုးတက်အောင်မြင်နိုင်ကြစေရန် ရည်ရွယ်အကြံပြု ရေးသားဖော်ပြသွားပါမည်။ (ငါသာလျှင်သိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ ဟန်ဆောင်မာန၊ မမူရပါ၊ စိတ်ကောင်း မေတ္တာ၊ ရှေးရှုကာလျှင်၊ ကမ္ဘာမြန်မာ့၊ ပုရိသများ၊ သုခချမ်းသာ၊ ကြီးပါစေကြောင်း၊ အကျင့် ကောင်းနှင့်၊ လမ်းကြောင်းမှန်ပြ၊ သတိရဖို့၊ သုတဝေစည်၊ မျှဝေသည်။)

အန္ဓပုထုဇဉ်-ပုရိသအမျိုးသားတို့သည် “”နှင့်ပတ်သက်ပါလျှင် ကိလေသာတောင်းသမျှ ခန္ဓာကြီး ကို ကျောင်းနေကြရာ စိတ်ပျိုကာ ကိုယ်နုသူဟု ကိုယ့်ကိုယ်ကို မှတ်ယူကြလေသည်။ ကာယနှင့်ဝစီ နှစ်ပါးညီ ထိုသီလကို မနောက ခ၀ါချ၍ ဘီလူးက,ကဖို့ရန်သာ မနောက ခိုင်းရှာရာ မနောတီးသည့် ဘီလူးဆိုင်းကြောင့် ကိုယ်နှင့်နှုတ် ရိုင်းရကာ ဟိုအပျို၊ သည်အပျို နောက်ကပိုး၍ ဖြိုတော့၏။ သူ့သမီး သူ့မယားကို နောက်က ကျားလိုလိုက်တော့၏။ သပြာတောင်းရှာ ပြည့်တန်ဆာလည်း နေ့မနား၊ ညမအား ငှါးလေသည်။ ယုယုယယ ခ၀ါမထံ ခေါင်းလျှော်ဆံသ ခံကြသည်။ စင်တင်ဂီတ ဆိုဟန်ပြသည့် သွယ်သွယ်လျှလျှ ကညာလှကို မျက်လုံးအဟောင်း နားမညောင်းဘဲ ညဥ့်နက်သန်းခေါင် ငေးငေါင်သည်။ အိမ်ကမယား မယ်အိုထား၍ အတွေ့ကာမ နုယွပြသည့် မာဆက်မနှင့် ပျော်ကြ၏။ ကာလာအိုကေ မိန်းမထွေ နှင့် လုံးလားထွေးလား ပျော်ပါးကြသည်မှာ အန္ဓပုရိသတို့၏ ကျင့်စဉ် ဖြစ်ပေသည်။ 

အို…ပုရိသ အမျိုးသားအပေါင်းတို့ ဘ၀မှာ မတောက်ပြောင်၊ အောင်မြင်မှုတွေနှေးကွေးစေသည့် အလှမျိုးစုံ ဣတ္ထိယကာမဂုဏ်ကို မှီဝဲသုံးဆောင်နေကြခြင်းသည် အမှတ်(၂)ပုရိသကံဆိုးပေါက် ကြီးတစ်ခုပင် ဖြစ်ပါ သည်။ ငွေကုန်အချိန်ကုန်၊ ကုသိုလ်တွေကုန်နေကြသည်မှာ မိန်းမလိုက်စား ခြင်းကြောင့်ဖြစ်၏။ မ-ဘက် လိုက်နေကြသောကြောင့် မိုက်-ဘက်သို့ ပါနေကြရခြင်းဖြစ်ပေသည်။ ပုရိသတို့ပြောသည့် “အလန်းလေးတွေ”ဆိုသည်မှာ ရောယှက်မိုက်မှားမိပါလျှင် ကဿဖဘုရားလက်ထက်က သူဌေး သားလေးဦးလို လောဟကုမ္ဘီငရဲသို့ “တန်းတန်းမတ်မတ်” ရောက်စေနိုင်သည့်အတွက် “ဒု၊ သ၊ န၊ သော” ဆိုသော ထို့သူဌေးသားလေးဦးပြောချင်သည့် စကားများကို အမှတ်ရကြပါလေ။ ထိုစကား တို့ ပေါ်ပေါက် လာပုံမှာ ဂေါတမမြတ်စွာဘုရားလက်ထက် တစ်နေ့သ၌ ကောသလ မင်းကြီးသည် တိုင်းခန်း လှည့်လည်ရာတွင် အလွန်တရာ ချောမောလှပသော မိန်းမ တစ်ယောက်ကို မြင်တော်မူလိုက်ရာ အစွဲ လန်းကြီး စွဲလန်းသွားကာ ကိလေသာပိုး ရွပိုးထိုးတော့၏။ မင်းကြီးသည် ထိုလုံမအကြောင်း စုံစမ်းမေးမြန်း ရာတွင် သူတစ်ပါးမယား ဖြစ်နေသောကြောင့် အိမ်ယာတွင် တုံးလုံးလဲကာ မရလျှင် သေရတော့မည့်အလား ခံစားနေရင်း သူ့ယောက်ျားကိုပင် ပရိယာယ်ဖြင့်သတ်ရန် အကောက်ဉာဏ် ထုတ်မိလေတော့သည်။ မင်းကြီးသည် မအိပ်နိုင် မစားနိုင်ဖြစ်ရင်း သန်းခေါင်ချဉ်းသည့်အခါတွင် “ဒု၊ သ၊ န၊ သော”ဟူသော အသံနက်ကြီးများကို ကြောင်မက်ဖွယ်ကောင်းစွာ ကြားလိုက်ရသဖြင့် တုန်လှုပ် ချောက်ချားသွားကာ တစ်ညလုံး မအိပ်နိုင်ခဲ့ရပေ။ နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးသည် ညတုန်းက သူကြားခဲ့ရသည့် အသံကျယ်ကြီးများကို မူးမတ်တို့ကို မိန့်ကြားကာ အကြောင်းကို မေးမြန်းလေသည်။ မိစ္ဆာဒိဋ္ဌိအယူရှိသော မူးမတ်တို့သည် ဘုရင်ကြီးကံတော်ကုန်နိုင်သဖြင့် ယစ်နတ်ပူဇော်ရမည်ဖြစ်ကြောင်း အကောက် ဉာဏ်ဖြင့် လျှောက်ထားကြရာ မင်းကြီးက လက်ခံယုံကြည်ပြီး ယစ်နတ်ပူဇော်ရမည့် လူ၊ တိရစ္ဆာန် စသည်တို့ကို ဖမ်းဆီးချုပ်နှောင်စေ လေသည်။ ထိုအကြောင်းကို မလ္လိကာမိဖုရားခေါင်ကြီး ကြားသိချိန်တွင် ပညာဉာဏ်ရှိသော မိဖုရားကြီးဖြစ်သည့်အားလျော်စွာ ကောသလမင်းကြီးထံ အလျင်အမြန် လျှောက်ထား ရာမှာ- “ကုန်စင်ခပင်း သိမြင်တော်မူသော မြတ်စွာဘုရား ထံ မေးလျှောက်မှသာ အဖြေမှန် သိနိုင် ပါ ကြောင်း” သံတော်ဦး တင်လေသည်။ ဤတွင်မှ “ဒု၊ သ၊ န၊ သော”ဟူသော စကားအကျယ်နှင့် ၀တ္ထု ဇာတ်ကြောင်းကို အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားခဲ့သဖြင့် ကောသလ မင်းကြီးလည်း ကာမဂုဏ်မမှား၊ ယစ်နတ်ပူဇော်ခံရမည့် လူ၊ တိရစ္ဆာန်များလည်း အသက်ဘေးမှ လွတ်မြောက်သွားလေ သည်။ 

ဂေါတမမြတ်စွာဘုရားရှေ့၌ ပွင့်တော်မူခဲ့သော ကဿပမြတ်စွာဘုရားလက်ထက်တွင် အလွန်တရာ ချမ်းသာကြွယ်ဝသော သူဌေးသားလေးဦးတို့သည် တစ်သက်စားလို့ မကုန်နိုင် သော သူတို့၏စည်းစိမ်ဥစ္စာ တို့ကို မည်သို့ဖြုန်းကာ ဇိမ်ခံရပါ့မလဲဟူ၍ စဉ်းစားရာတွင် ပုရိသအချို့တို့ အထင်ကြီးသည့် (Master Key)များလုပ်ရန် လေးဦးလုံး သဘောတူခဲ့ကာ အပျို အလှ၊ အိုလည်းလှသည့် မိန်းမမျိုးစုံတို့ကို ဥစ္စာဖြင့် ဖျားယောင်း၍ ကာမေသုမိစ္ဆာစာရကံကို ပျော်ရွှင်စွာ ကျူးလွန်ခဲ့ကြလေသည်။ သူဌေးသားလေးဦးသည် ကာမဂုဏ်အမှားကြောင့် ထိုဘ၀မှ သေသောအခါ လောဟကုမ္ဘီ(သံရည်ပူငရဲ)သို့ ကျရောက်ခဲ့ခြင်းဖြစ် ၏။ ဂေါတမ မြတ်စွာဘုရားလက်ထက်ရောက်ချိန်တွင် ငရဲအိုးမှ ပြန်ပေါ်လာသည့် အချိန်လေးတွင် သူတို့ အနေဖြင့် လူ့ပြည်က လူသားတွေကို ပြောပြချင်သည့် စကားများ ထုတ်ဟအော်ဟစ်လိုက်ရာ ပထမဆုံး စကားလုံးလေး အော်ပြီးချိန်တွင် ငရဲအိုးထဲသို့ ပြန်လည်နစ်မြုပ် သွားပြန်လေသည်။ ကောသလ မင်းကြီးက ဂေါတမမြတ်စွာဘုရားထံ လျှောက်ထားမေးမြန်းချိန်တွင် အထက်ပါ သူဌေးသားလေးဦး၏ အတိတ်ဇာတ်ကြောင်းကို ဟောကြားခဲ့ပြီး မင်းကြီးကြားခဲ့သော စကားများမှာလည်း ထိုသူဌေးသားလေးဦး တို့က လူ့ပြည်က လူသားများကို ပြောချင်၍ အော်ဟစ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ပြောချင်သည့် စကားအကျယ်တို့ကို အောက်ပါ အတိုင်း ဟောကြားခဲ့လေသည်- 

-“ဒုဇ္ဇီဝိတမဇီဝိမှ ယေသန္တေ န ဒဒမှသေ၊ ၀ိဇ္ဇမာနေသု ဘောဂေသု ဒီပံ နာကမှ အတ္တနော။”- 
(ငါတို့ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်။ စည်းစိမ်ဥစ္စာနဲ့ အလှူခံပုဂ္ဂိုလ်ရှိပါလျက် မပေးလှူ ခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့ကြဘူး။) 
-“သဋ္ဌိ ၀ဿ သဟဿာနိ ပရိပုဏ္ဏာနိ သဗ္ဗသော၊ နိရယေ ပစ္စမာနာနံ ကဒါ အန္တော ဘ၀ိဿတိ။”-
(ငရဲရောက်တဲ့အခါမှာ အနှစ် ၆ သောင်းရှိသွားပြီ၊ ခုပြန်ပြီးတော့ ကျသွားပြန်ပြီ၊ ဘယ်တော့များ ဆုံးမယ်လို့တော့ မသိဘူး။) 
-“နတ္ထိ အန္တော ကုတော အန္တော န အန္တော ပဋိဒိဿတိ၊ တဒါ ဟိ ပကတံ ပါပံ မမ တုယှဉ္စ မာရိသာ။”- 
(ဆုံးတော့မှာ မဟုတ်တော့ပါဘူး၊ တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်မိတာ၊ မိတ်ဆွေတို့ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။) 
-“သောဟံ နူန ဣတော ဂန္တာ ယောနိံ လဒ္ဓါန မာနုသိံ၊ ၀ဒညူ သီလသမ္ပန္နော ကာဟာမိ ကုသလံ ဗဟုံ။”- 
(ဒီတစ်ခါ လူ့ဘ၀ ရရင်တော့ ဘာဆိုဘာမှ မလုပ်တော့ဘူး၊ ကုသိုလ်ချည်း လုပ်တော့မယ်။) ဟူ၍ဖြစ်လေသည်။ 

လူငယ်တို့သဘာဝ ပျော်ကြပါးကြတာ ဘာကြောင့် အပြစ်ဖြစ်ရမှာလဲ၊ သူကြည်ဖြူလို့ ကိုယ်-ကလူတာ ဘယ်အရာက အရေးယူမှာလဲ၊ ဒါ ငရဲနဲ့ကြောက်အောင်ခြောက်တာ”ဟူ၍ အပြစ်ပြ ဆုံးမသည့် ဘာသာအယူကို လူငယ်အချို့တို့ မကြည်ဖြူတတ်ကြပေ။ ဘုရားအဆုံးအမတော် တို့သည် အယူဝါဒတွေ မဟုတ်ပေ။ သဘာဝဖြစ်စဉ်အမှန်တို့ကို အကြောင်းအကျိုးပြ၍ ဆုံးမတော်မူထားသည့် သစ္စာတရား ဓမ္မတို့ပင်ဖြစ်၏။ ရှောင်ကြဉ်ရန်ဟောထားသည့် ၀ါရိတ္တ သီလသည် ရှောင်ကြဉ်သူအတွက် အကျိုးစီးပွါးရရှိမည်ဖြစ်ပြီး ဆောင်ရွက်ရန်ဟောထားသော စာရိတ္တသီလသည်လည်း ဆောင်ရွက်သူအတွက် အကျိုးစီးပွါး ဖြစ်ထွန်းမည်ဖြစ်၏။ ဘာသာတရားက လူတို့ကို အနေကြပ်အောင် ဘောင်ခတ်နေခြင်းမျိုး မဟုတ်ပေ။ မြတ်စွာဘုရား၏ သစ္စာတရားတို့သည် ဥပမာအားဖြင့် “ငရုပ်သီးစားလျှင် စပ်သည်၊ ထန်းလျက် စားလျှင် ချိုသည်”ဟူ၍ ဟေားထားသည့်သဘောမျိုးဖြစ်၏။ ငရုပ်သီးကို မြန်မာစားလျှင် စပ်သည်၊ တရုတ်စားလျှင် မစပ်၊ ထန်းလျက်ကို မြန်မာစားလျှင် ချိုသည်၊ ကုလားစာလျှင် မချို ဟူ၍ မဟုတ်။ ငရုပ်သီးကို ဘယ်သူစားစား စပ်သည်၊ ထန်းလျက်ကို ဘယ်သူစားစား ချိုသည် ဟူသော သဘာဝဖြစ်စဉ်အမှန်အတိုင်းသာလျှင် လမ်းညွှန်သည့်တရားတော်ဖြစ်၏။ မြတ်စွာဘုရား တရားစကား ကိုထောက်၍ မြန်မာပညာရှိကြီးများက နိုင်ငံယဉ်ကျေးမှုအဖြစ်ယူကာ “တစ်လင် တစ်မယားစနစ်၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းရမည်ဟူသော စနစ်၊ ရည်းစားထားတာတောင် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာရှိကာ တစ်သက်လုံး ပေါင်းရမည်ဖြစ်သောကြောင့် သုံးနှစ် သုံးမိုး တစ်ယောက်အကြောင်း တစ်ယောက်သိအောင် မိတ်ဆွေလို မောင်နှမလို စုံစမ်းအကဲခတ်ရမည် ဟူသော တိုက်တွန်းမှု၊ ဟဲ့- ကောင်မလေး၊ ရည်စားတစ်ထောက် လင်ကောင်တစ်ယောက် လျှောက် လုပ်မနေနဲ့၊ မိန်းကလေးဆိုတာ ဣနြေ္ဒရှိမှ၊ သိက္ခာရှိမှ၊ မလော်လီမှ တန်ဘိုးရှိတယ်၊ ဟဲ့-ကောင်ကလေး၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုပြီး အကုန်လုံးကို လိုက်ချိုင်နေရင် ဘယ်မှာ ယောက်ျားကောင်း တို့၏ ကိုယ်ကျင့်သိက္ခာ ရှိပါ့မလဲ၊ ယောက်ျားတို့ ကာမကို နှိုးဆွသည့် ထမီ ဟကွဲ၊ ဘောင်းဘီတို စကပ်တို၊ အပေါ်က မလုံ၊ အောက်က ဟောင်းလောင်း အ၀တ်အစားတွေ မိန်းကလေးတို့ မ၀တ်ကြနဲ့၊ တို့ မြန်မာမိန်းကလေးဆိုတာ လုံလုံခြုံခြုံရှိသည့် အ၀တ်အစားလေး တွေ ၀တ်ရတယ်၊ ကောင် ကလေး ကောင်မလေးတို့ အချိန်အခါ မတော် တရုန်းရုန်းနဲ့ သွားလာ နေကြတာ မသင့်တော်ဘူး ကွဲ့”အစရှိသည့် လူငယ်အချို့တို့အတွက် နားကြားပင်းကပ်နေတတ် သည့် မြန်မာ့ယဉ်ကျေးမှု အခြေခံသော လူကြီးသူမတို့၏ အဆုံးအမတို့သည် ကာမေသုမိစ္ဆာ စာရကံတည်းဟူသော အပါယ်လားကြောင်း မကောင်းမှု အကုသိုလ် မဖြစ်ပွါးရအောင် အလျဉ်းသင့်သည့်အခါတိုင်း ကြိုတင်ကာ တားမြစ်နေ ကြခြင်းဖြစ်၏။ 

အို…ပုရိသ အမျိုးသားအပေါင်းတို့ အနောက်တိုင်း မယဉ်ကျေးမှုမှ စီးဆင်းလာသည့် Living Together ဆိုသော လင်မယားမဟုတ်ဘဲ အတူတကွနေထိုင်ခြင်းသည် မြန်မာတို့ ယဉ်ကျေးမှု မဟုတ်ပေ။ ထို မကောင်းသည့် အကျင့်စရိုက်တို့သည် မြန်မာတို့အတွက် ယဉ်ကျေးမှု မဟုတ်သလို အနောက်တိုင်း အရှေ့တိုင်းအတွက်လည်း ယဉ်ကျေးမှု မဟုတ်ပေ။ ကမ္ဘာ့ လူသားအားလုံးအတွက် ယဉ်ကျေးမှု မဟုတ်ချေ။ လော်လီဖောက်ပြားသူတို့၏ စရိုက်လက္ခဏာ အမူအကျင့်ဆိုးများသာ ဖြစ်ကြကုန်၏။ တရားဝင် ဇနီးမယားမှတစ်ပါး အခြားဘယ်မိန်းကလေးနှင့်မှ Living Together မလုပ်ကြလေ နှင့်။ အပြစ်များက အလွန်တရာ ကြောက်စရာ ကောင်းလှပါသည်။ အရှင်အာနန္ဒာကဲ့သို့သော ဘွဲ့လေးခု ဧတဒဂ်ရခဲ့သည့် အလောင်းတော်ကြီးပင် တစ်ခုသောဘ၀ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိုက်မှားမိခဲ့၍ ရောရုဝငရဲ၌ ကျရောက်ခဲ့ရပြီး ငရဲမှလွန်သောအခါတွင်လည်း စတုတ္ထဘ၀၌ ဝှေးစေ့ကို ထုတ်ပြီး ၀န်ကို ထမ်းရန် အခိုင်းခံ ရသော ဆိတ်သိုးကြီး ဖြစ်ခဲ့ရခြင်း၊ ပဉ္စမဘ၀ မျောက်ဘ၀ ဖြစ်ခဲ့စဉ်မှာလည်း အုပ်ချုပ် သော မျောက် မင်းကြီးက ဝှေးစေ့ကို ကိုက်ဖောက်စားခံခဲ့ရခြင်း၊ ဆဋ္ဌမမြောက် ဘ၀ နွားဘ၀ဖြစ်ခဲ့ စဉ်မှာလည်း သန်မာ ထွားကျိုင်းသော နွားကြီးဖြစ်တာကြောင့် ဝှေးစေ့ကို ထုတ်ခံရကာ အခိုင်းခံခဲ့ရခြင်း၊ သတ္တမ ဘ၀ ၀ဇ္ဇီတိုင်း ၌ ယောက်ျားမဟုတ်၊ မိန်းမ မဟုတ်သည့် နပုံးပဏ္ဍုပ်ဖြစ်ခဲ့ရခြင်း၊ ထို့နောက် သိကြားမင်း၏ မိဖုရားအဖြစ် လေးဘ၀၊ ဇ၀နနတ်သား၏ မိဖုရား နတ်သမီးဘ၀၊ အင်္ဂတိမင်းကြီး ၏သမီး ရုစာမင်းသမီးဘ၀ စသည်ဖြင့်ကာမေသုမိစ္ဆာစာကံအကျိုးပေးဘ၀တို့ကို ရရှိခဲ့ရပေသည်။ လောကီကောင်းကျိုးတွေ ဝေး၊ လော ကုတ္တ ရာ အသိအမြင်တွေလည်း ဆွေးစေသော သဘော ကို လေးနက်စွာတွေးတောစေ ချင်ပါကြောင်း အကြံပြုရင်း ဤဓမ္မဆောင်းပါး(ဒုတိယ ပိုင်း)ကို မြတ်စွာ ဘုရားဟောကြားခဲ့သည့် ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်းကြောင့် ရရှိမည့် ဆိုးကျိုးများနှင့် မန်လည်ဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော မဃဒေ၀လင်္ကာတို့ဖြင့် နိဂုံးချုပ်အပ်ပါသည်။ 

ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းကြောင့် ရရှိမည့်ဆိုးကျိုးများကို လင်္ကာဖြင့် မှတ်သားရန်- “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ် ၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့ သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။” 

မဃဒေ၀လင်္ကာ- “ကိလေရုတ်မာ၊ ဓမ္မတာ၌၊ အာသာငတ်ငတ်၊ ကြီးရမ္မက်နှင့်၊ ကလက်ကလိန်း၊ ဉာဏ်မထိန်းဘဲ၊ မိန်းမနိုင်ငံ၊ ဆက်ဆံယစ်မူး၊ အလိုက်ကျူးက၊ ညစ်ညူးဆိုးဝါး၊ အပြစ်များ၏။” 

ကာမရောဂါ၊ ၀မ်းတွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်ဆွ၏။” 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့