11 Dec 2008

ရတနာမြတ် မြန်ဆည်းကပ်

လူတို့သည် ကျောက်တို့အား ၎င်းတို့၏မာကျောမှုအဆင့်အလိုက် အရည်အသွေးကို သတ်မှတ် ကြသည်။ မာကျောမှုအမြင့်ဆုံးဖြစ်သောစိန်သည် လူ့ဘောင်လောက၌ တန်ဘိုးအကြီးမားဆုံး အဖြစ် မြတ်နိုးခြင်းခံရပေသည်။ ထိုသို့မြတ်နိုးခြင်းမှာလည်း စိန်ကိုစိန်မှန်းသိသောသူများက သာ မြတ်နိုးတန်ဘိုးထားကြမည်ဖြစ်၏။ စိန်ကိုစိန်မှန်းမသိသူများမှာကား ကျောက်ခဲသလဲ ထင်ကာ အသုံးဝင်မည်မဟုတ်ဟု ကျော်သွားတတ်ကြ၊ တချိျု့မှာ ခြေဖြင့်ပင်ကန်သွားတတ်ကြ ပေမည်။ ထို့အပြင် စိန်ကို အပေါ်ယံလောက်သာသိသောသူထက် စိန်၏အရည်အသွေး အဆင့်အတန်းကို သေချာသိသောသူမှာ ပို၍ပင်မြတ်နိုးတန်ဘိုးထားကြပေသည်။ “မသိသူ ကျော်သွား၊ သိသူ ဖော်စား” ဟူသော စကားပုံမှာ ထိုသို့အဓိပ္ပါယ်ရောက်ပေသည်။

ထိုသို့ပင် အမြတ်ဆုံးရတနာဟုဆိုအပ်သော ပညာဓိကဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိကဖြင့် ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ ၀ီရိယဓိကဖြင့် ဆယ့်ခြောက်အသင်္ချေနှင့်ကမ္ဘာ တစ်သိန်းအရေအတွက်မျှ ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဟူသောပါရမီ(၁၀)ပါးတို့အား ပကတိအတိုင်းအားဖြင့်လည်းကောင်း၊ ခြေလက်အင်္ဂါ တို့ကိုစွန့်ခြင်းဖြင့်(ဥပပါရမီ)အားဖြင့်လည်းကောင်း၊ အသက်ကိုစွန့်ခြင်းဖြင့်(ပရမတ္ထပါရမီ) အား ဖြင့်လည်းကောင်း ပါရမီ(၁၀)ပါးအပြား(၃၀)၊ စည်းစိမ်ဥစ္စာကိုစွန့်ခြင်း၊ ခြေလက်မျက်စိစသော အင်္ဂါကြီးငယ်တို့ကိုစွန့်ခြင်း၊ သားသမီးတို့ကိုစွန့်ခြင်း၊ မယားကိုစွန့်ခြင်း၊ အသက်ကိုစွန့်ခြင်း စသည့် စွန့်ခြင်းကြီး(၅)ပါးဖြင့်လည်းကောင်း သတ္တ၀ါအပေါင်း ဘေးခငြောင်းအောင်သာ ကယ်တင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖြည့်ကျင့်သည့်ပါရမီ ကမ္ဘာချီ် ရေမရ၊ ကျေးဇူးတော် အနန္တ ရှိတော်မူသော လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာသခင်လည်းဖြစ်တော်မူ သော ဘုရားအမြတ်တည်းဟူသောရတနာ၊ မြတ်ဗုဒ္ဓဟောညွှန်မှုကြောင့် အ၀ိဇ္ဇာပိတ်ဖုံး သစ္စာဥာဏ် ဆိတ်သုဉ်း၍ အို၊ နာ၊ သေ ဒုက္ခ၀ဲရဟတ် အထပ်ထပ်လည်ပတ်နေရာမှ သစ္စာဥာဏ်အမှန်လမ်းဖြင့် ခေမာသောင်နိဗ္ဗာန်နန်းဆီသို့ ဖောင်ကူးတို့ကဲ့သို့ ပို့ဆောင်တော်မူ တတ်သော၊ ရောက်ပြီးကလည်း ချမ်းသာတို့၏ထွဋ်ခေါင် မဖောက်ပြန်သော ချမ်းသာလည်း ဖြစ်တော်မူထသော တရားအမြတ်တည်းဟူသောရတနာ၊ ဘုရား၏စကားတော်တို့ကို ကိုယ် တိုင်ရိုသေဖြောင့်မတ်စွာ ကျင့်ကြံကြပြီး ဘုရားညွှန်ပြတော်မူသောလမ်းမှန်အတိုင်း သတ္တ၀ါ အပေါင်း ကျင့်ကြံနိုင်ကြောင်းကို ရည်သန်ဦးတည်ပြီး လယ်ယာမြေကောင်းသဖွယ် စိုက်ပျိုးသူအပေါင်း ခူးဆွတ်စားသုံးနိုင်သကဲ့သို့ ကောင်းကျိုးဆောင်တာများ ဗုဒ္ဓကိုယ်စား ဆက်လက်ညွှန်ပြဆုံးမ တော်မူတတ်သော သံဃာအမြတ်တည်းဟူသောရတနာတို့ကို တွေ့ကြုံ ခဲလှ၊ သစ္စာတရားများ ပေါ်ထွန်းခဲလှဟူ၍ မသိသောကြောင့် စိန်မှန်းမသိသောသူများကဲ့သို့ပင် တွေ့လျက်သားနှင့်လည်း ကောက်ယူဘို့ရန် နေနေသာသာ တစ်ချို့မှာ ကန်ကျောက်၍ပင် သွားတတ်သကဲ့သို့ ဘုရား၊ တရား၊ သံဃာဟူသည့် ရတနာမြတ်(၃)ပါးတို့အား မယုံကြည်၊ မမြတ်နိုး၊ မကိုးကွယ်တတ်ကြသည့်အပြင် စော်ကားမော်ကားပြုမိတတ်ကြသောကြောင့် သံသရာမွဲ မဂ်ဖိုလ်လွဲ၍ အပါယ်ငရဲမှာ ကမ္ဘာစွဲအောင် ကျင်လည်ကာ ခံစားကြရပြန်သည်။

ထိုဓမ္မအန္တရာယ်ကို လူအများသိရှိနိုင်ရန် “အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲလူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန်ဓမ္မအန္တရာယ်တည်း။”ဟူ၍ ရှေးပညာရှိက သတိပေးစပ်ဆိုထားခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် ယခုလို ဗုဒ္ဓ၏တရားတော်များ နေလပမာ လင်းဖြာနေဆဲတွင် သေခြင်းဟူသော ဆင်းရဲဆုံးဒုက္ခမှ ကင်းလွတ်ရာလမ်းမှန် ကျင့်ကြံနိုင်ချိန်တွင် သတိတရားလက်ကိုင်ထားဘို့ အရေးကြီးပါသည်။ နေ့၊ ရက်၊ လတွေဖြုန်း၊ ငေးနေလို့ မတော်ပြီ။ အချိန်သည် လူ၏တန်ဘိုး၊ အချိန်သည် လူကိုမစောင့်ခြင်းကြောင့် ကိုယ့်ဘ၀ကို တန်ဘိုးထားလျှင် အချိန်ကို တန်ဘိုးထား ရမည်ဖြစ်၏်။ လူဖြစ်ရကျိုးကား တော်သင့်ရုံလောက်ပါရမီမဟုတ်၊ ရခဲလှသည့် ဒုလ္လဘတရား ဖြစ်၏။ လူဖြစ်လာသော်လည်း ပါရမီချင်းမတူ၊ ဘုရားသာသနာနှင့် တွေ့ခွင့်ရရှိကြသူများမှာ ပို၍ပင် ရခဲသည့်ပါရမီအကျိုးထူးဖြစ်၏။

လူခန္ဓာကိုယ်ကြီးသည် ကုန်ကြမ်းကြီးသဖွယ်ဖြစ်သည်။ ကုန်ကြမ်းကို ကုန်ချောဖြစ်လာအောင် မထုတ်လျှင် တန်ဘိုးနည်းမည်သာဖြစ်သည်။ ကုန်ချောဖြစ်အောင် ပြုလုပ်နေမှ တန်ဘိုး ကြီးမားမည်ဖြစ်ပါသည်။ ကုန်ချောဖြစ်အောင် ပြုလုပ်ခြင်းကား အချိန်ကို တရားဘာဝနာဖြင့် ကုန်လွန်စေခြင်းကို ဆိုလိုပါသည်။ လူ့ဘ၀ရောက်လာသည့် အကျိုးပေးပါရမီထူးကို အိပ်၊ စား၊ ကာမဖြင့်သာ အချိန်ကို ကုန်လွန်နေလို့ မသင့်တော်ပေ။ စိန်၊ ရွှေ၊ ငွေရတနာတို့ထက် အမြတ်ကြီးမြတ်တော်မူသော ဘုရား၊ တရား၊ သံဃာရတနာတို့နှင့် တွေ့ကြုံနေခိုက်တွင် မသေရာလမ်းကို မလျှောက်လှမ်းပဲ သံသရာခရီးရှည် ဆက်လက်၍နှင်နေသော် စိန်မှန်းမသိသူ များကဲ့သို့ဖြစ်နေပေမည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း “ရန်သူဝိုင်းထား၊ ထိုယောက်ျား ကား၊ ပြေးသွားဘို့ရန်၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။”ဟူ၍ ဆုံးမ ခဲ့ပါသည်။ အို၊ နာ၊ သေ ဒုက္ခဘေးတို့သာရှိသော ခန္ဓာကိုယ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ၏ အမြဲမပြတ်စောင့်ရှောက်မှုဖြင့် ရပ်တည်နေရပြီး ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယောဟူ သည့် မြွေကြီး(၄)ကောင်သဖွယ် ရန်သူတို့ဖြင့် ၀ိုင်းထားခံနေရသည့် သဘောကိုမသိ၊ သိသော် လည်း သတိကင်းကွာ၍နေသောကြောင့် ပြေးသွားဘို့ရန် မသေရာလမ်းကလည်း ကိုယ့်ရှေ့မှာ ရောက်နေငြားသော်လည်း ပြေးမသွားမိခြင်းမှာ လမ်း၏အပြစ်မဟုတ်၊ ပြေးမသွားသူ၏ အပြစ် သာ လျှင်ဖြစ်ပေမည်။ ဘုရားသာသနာ နေ၀ါထွန်းခိုက် ကိုယ့်သန္တာန်၌ မှောင်မိုက်နေမည် ဆိုလျှင် နိဗ္ဗာန်သို့သွား သစ္စာတရား၏ အပြစ်မဟုတ်၊ ဆုံးမသင်ယူ မကျင့်ကြံသူ၏ အပြစ်သာ လျှင်ဖြစ်ပါမည်။

သာသနာသက်တမ်း မည်မျှကျန်သည်ဟု တွက်စစ်သော် ၂၄၀၀ ကျော်ပင် ကျန်သေးသည်ဟု ရေတွက်လို့မနေပါနှင့်။ ယခုလူ့သက်တမ်းက ဤမျှရှည်သည်မဟုတ်၊ ကိုယ်နှင့်လည်း မဆိုင်ပါ ပေ။ မြတ်ဘုရားကလည်း သတ္တ၀ါအကျိုး ဤမျှသာ ထားနိုင်မည်ဟု ပိုင်းစစ်လို့ မချန်ရစ်ပါ။ ရှည်နိုင်သမျှရှည်အောင်သာ သုံးသပ်ပြီး စနစ်ကျအောင်ထားခဲ့သည်သာဖြစ်၏။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်(၃)ပါးတို့ နှလုံးးသားမှာကိန်းဝပ်၍ နိဗ္ဗာန်အရေး မျှော် ထောက်တွေးလို့ မကျင့်ကြံ မပွားများ သီလ၊ သမာဓိ၊ ပညာတရားများ မတိုးပွားသော် ကိုယ့်သန္တာန် သာသနာ ကွယ်နေသည်သာဖြစ်သည်။ မေ့လျော့၍ နေနေသမျှ ကာလပတ်လုံး နှလုံးသားမှာ သာသနာမတည်၊ ကမ္ဘာချီအောင် နိဗ္ဗာန်နှင့် ဝေးနေဦးမည်သာဖြစ်သည်။ ဒိဋ္ဌိ၊ တဏှာ၊ မာန ဤသုံးပါးတရားကား သံသရာနယ်ချဲ့များဖြစ်သောကြောင့် ထိုတရားတို့ အစဉ်လိုက်ကုန်အောင် ပွားရမည့်အစား အစဉ်လိုက်သာ ဆထက်တိုးနေသော် လမ်းလျှောက် ရင်းဖြင့် လမ်းပျှောက်နေသော မျက်စေ့လည်လမ်းမှားသူပမာ၊ လမ်းသွားရင်း စိန်ကိုတွေ့ သော်လည် စိန်မှန်းမသိလို့ မကောက်မိသူပမာ သာသနာနှင့်တွေ့ရကား ကိုယ့်သန္တာန် သာသနာကွယ်နေသောကြောင့် လူ့ဘ၀ရသော်လည်း နိဗ္ဗာန်နှင့် လွဲဦးမည်သာဖြစ်တော့သည်။

ထို့ကြောင့် သတိသမ္ပဇဉ် မပြတ်မှီး၍ ကျင့်ကြံရန်အချိန်ရှိနေချိန်တွင် နောက်ကျပြီလို့ လက်မှိုင် ချနေရန်မသင့်၊ ပါရမီသည် မိုးကျရွှေကိုယ်မဟုတ် လုပ်ယူမှသာ ရသောအရာဖြစ်သောကြောင့် ပျက်အစဉ် ပြင်ခဏ၊ အချိန်ရှိခိုက် လုံ့လစိုက်ရမည်ဖြစ်ပါသည်။ စိန်မှန်းမသိသူ စိန်ကိုတွေ့ သော်လည်း မကောက်မိသကဲ့သို့ မဖြစ်ရအောင် မြတ်သုံးမြတ်ရတနာ လျှင်မြန်စွာဆည်းကပ်၍ အငြိမ်းဓါတ်ကိန်းအောင် အားထုတ်နိုင်ကြပါစေ။

အပြည့်အစုံသို့