18 Oct 2007

စိတ်သွားတိုင်း ကိုယ်မပါကြနှင့်

ပါပသမိံ ရမတိ မနော (မနော- သတ္တ၀ါတို့၏စိတ်သည်၊ ပါပသမိံ- မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။)ဟူသည့် ဘုရားရှင်မိန့်ဆိုခဲ့တဲ့အတိုင်း စိတ်သည် မကောင်း မှု အာရုံတို့၌ မွေ့လျော်တတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါနေခဲ့သော်ခန္ဓာကိုယ်မှာ လည်း နားရတော့မည်ပင် မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။

စိတ်သည် လက်တစ်ဖျစ်အတွင်း၌ ကုဋေတစ်သိန်း ဖြစ်ပျက်ရာ လက်တစ်ဖျစ်တိုင်း လက်တစ်ဖျစ်တိုင်းမှာ အကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား?ကုသိုလ် စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား? စဉ်းစားသင့်၏။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည်လည်း ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက်လည်းသမ္မာဒိဋ္ဌိနှင့်ယှဉ် သည့် ၀ိပဿနာဥာဏ်ဖြစ်လျှင်တော့ မွှေးပြီးသား ငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့လည်း တဖြည်းဖြည်း နီးနေလေ၏။

ထို့ကြောင့် (လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့ပညာရှိ သည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။) ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ် ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ (ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီး လျှင် အပါယ်သို့ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ် သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက် သေသောသူနှင့်သာ တူပေ၏။)ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟော ကြားတော်မူခဲ့လေ၏။ ထိုကြောင့် ရခဲလှတဲ့ လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ သီလကိုဆောက်တည်၊ သမထကို အားထုတ်၊ ပညာကိုပွားများရင်း မသေရာမြတ်နိဗ္ဗာန်ကိုရအောင် ကြိုးစား အားထုတ်ကြပါကုန်။

စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားအားထုတ်နိုင် ကြပါစေ။

အပြည့်အစုံသို့