18 Oct 2007

စိတ်သွားတိုင်း ကိုယ်မပါကြနှင့်

ပါပသမိံ ရမတိ မနော (မနော- သတ္တ၀ါတို့၏စိတ်သည်၊ ပါပသမိံ- မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။)ဟူသည့် ဘုရားရှင်မိန့်ဆိုခဲ့တဲ့အတိုင်း စိတ်သည် မကောင်း မှု အာရုံတို့၌ မွေ့လျော်တတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါနေခဲ့သော်ခန္ဓာကိုယ်မှာ လည်း နားရတော့မည်ပင် မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။

စိတ်သည် လက်တစ်ဖျစ်အတွင်း၌ ကုဋေတစ်သိန်း ဖြစ်ပျက်ရာ လက်တစ်ဖျစ်တိုင်း လက်တစ်ဖျစ်တိုင်းမှာ အကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား?ကုသိုလ် စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား? စဉ်းစားသင့်၏။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည်လည်း ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက်လည်းသမ္မာဒိဋ္ဌိနှင့်ယှဉ် သည့် ၀ိပဿနာဥာဏ်ဖြစ်လျှင်တော့ မွှေးပြီးသား ငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့လည်း တဖြည်းဖြည်း နီးနေလေ၏။

ထို့ကြောင့် (လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့ပညာရှိ သည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။) ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ် ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ (ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီး လျှင် အပါယ်သို့ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ် သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက် သေသောသူနှင့်သာ တူပေ၏။)ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟော ကြားတော်မူခဲ့လေ၏။ ထိုကြောင့် ရခဲလှတဲ့ လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ သီလကိုဆောက်တည်၊ သမထကို အားထုတ်၊ ပညာကိုပွားများရင်း မသေရာမြတ်နိဗ္ဗာန်ကိုရအောင် ကြိုးစား အားထုတ်ကြပါကုန်။

စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားအားထုတ်နိုင် ကြပါစေ။

အပြည့်အစုံသို့

17 Oct 2007

ကံအကျိုးပေး မတူညီခြင်းအကြောင်း

လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို သိနေခြင်းကို ဆိုလို၏။ တဏှာကတော့ တွေ့ကြုံနေသမျှ ကာမဂုဏ်တို့အပေါ်၌ လိုချင်တပ်မက်နေခြင်းပင်ဖြစ်၏။

ထိုသို့ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှု တို့ကြောင့် ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ကို ရရှိနေသလို ယခုလက်ရှိ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှုတို့ အတော မသတ် အထပ်ထပ် ဖြစ်နေပြန်လျှင်လည်း နောက်ထပ် ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို ရရှိကြပေဦးမည်ဆိုတာ သတိပြုသင့်လှပေသည်။ ထိုဒုက္ခသစ္စာခန္ဓာတို့ကို ဘုံအား ဖြင့် ခွဲပြရလျှင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံဟူ၍ရှိ၏။ ဤ မတူညီသော ဘုံဘ၀တို့သည်လည်း မိမိပြုမူခဲ့သော ကံတရားတို့ကြောင့်ပင်ဖြစ်၏။ တဖန်လည်း ထိုဘုံဘ၀တွေမှာပင် ရရှိသောဆင်းရဲချမ်းသာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ လူတို့၌ လူချမ်းသာ၊ လူဆင်းရဲတို့ရှိသလို နတ်၌လည်း နတ်ချမ်း သာ၊ နတ်ဆင်းရဲဟူ၍ ကွာခြားနေပေသေးသည်။ တိရစ္ဆာန်တို့မှာလည်း ဤသို့ပင် ဖြစ်နေကြပေသည်။ ထိုသို့ ကံ ကံ၏အကျိုးကြောင့် မတူညီသောအချက်တို့ကို ကြည့်ပြီး မိမိရသမျှနှင့် ရောင့်ရဲသင့်လှပေသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်တို့နှင့် တွေ့ကြုံခဲ့သည်ထားဦး မွန်မြတ်သော တရားတော်နှင့်ကား လွဲသွေခဲ့ရလေပြီ။ ထို့ကြောင့် စာဖတ်သူတို့အား ကျွန်ုပ်အကြံပေးလိုသည်မှာ ကျန်ရှိသောအချိန်တို့ကို မေ့လျော့နေမှုတို့ဖြင့် ဖြုန်းတီးမနေတော့ဘဲ တန်ဘိုးရှိသောလူ့ဘ၀မှာ တန်ဘိုးရှိသော ဗုဒ္ဓဟောကြား ခဲ့သည့် တရားတော်များအတိုင်း ကျင့်ကြံနေထိုင်ကြမှ တော်ပေမည်။

ထိုသို့ စကားချီး ဆိုပြီးနောက် လူတို့၏ကံအကျိုးပေး တစ်ယောက်နှင့်တစ်ယောက် မတူညီသောအကြောင်းတို့ကို ပြောပြပါအံ့။ ထိုအကြောင်းတို့ကို မပြောသေးခင် မတူညီသောအချက်တို့ကို အရင်ဦးဆုံး ဆိုရပေဦးမည်။
(၁) တချို့ အသက်ရှည်၏၊ တချို့အသက်တိုကြ၏။
(၂) တချို့ ဝေဒနာများ၏၊ တချို့ဝေဒနာမများကြ။
(၃) တချို့ ရုပ်အဆင်းလှပ၏၊ တချို့ ရုပ်ဆိုးကြ၏။
(၄) တချို့ ဘုန်းကံကြီး၏၊ တချို့ ဘုန်းကံနည်းကြ၏။
(၅) တချို့ စီပွားရေးအောင်မြင်ကြ၏၊ တချို့ စီပွားရေးမအောင်မြင်ကြ။
(၆) တချို့ အမျိုးမြတ်၏၊ တချို့ အမျိုးမမြတ်ကြ။
(၇) တချို့ ဥာဏ်ပညာထက်မျက်ကြ၏၊ တချို့ ဥာဏ်ပညာမထက်မျက်ကြ။

ဤ ပြဆိုခဲ့သော ကံအကျိုးပေး မတူညီကြခြင်းမှာ အဘယ်ကြောင့်နည်း။ အတိတ် ကံတို့၏အကြောင်းများ မတူညီခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ (၁) အကြင်သူသည် ထိုထို ဘ၀တို့၌ သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဘ၀၌ အသက်တိုရ၏။ ထိုသို့မပြုဘဲ တစ်ပါးသောသူတို့၏အသက်တို့ကို ကြင်နာသနားတတ်ပြီး မသတ်မဖြတ်ခဲ့သူတို့မှာကား အသက်ရှည်ကြပေ၏။ (၂) သူတစ်ပါးတို့အား ညှင်းဆဲခဲ့သူတို့မှာ ယခုဘ၀၌ ရောဂါဝေဒနာ ထူပြော ကြပြီး မညှင်းဆဲဘဲ ကြင်နာတတ်သူတို့မှာကား အနာရောဂါမထူပြောဘဲ ကိုယ်ချမ်း သာခြင်းနှင့် ပြည့်စုံကြရပေသည်။ (၃) သူတစ်ပါးတို့အား မေတ္တာတရားထားခဲ့ကြ သူတို့မှာ ရုပ်အဆင်းလှကြပြီး ဒေါသစရိုက်ကြီးခဲ့သူတို့မှာကား ရုပ်အဆင်းဆိုးကြ ပေသည်။ (၄) ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခဲ့ကြသူတို့မှာ ယခု ဘ၀ ဘုန်းကံကြီးမားကြပြီး ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေခဲ့ကြသူတို့မှာကား ဘုန်းကံနည်းပါးကြရပေသည်။ (၅) နှမျောတွန့်တိုခြင်း(မစ္ဆရိယ)ကို နှင်ထုတ်ပြီး သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုလုပ်ခဲ့ကြသူတို့မှာ စီပွားရေး အောင်မြင်တိုးတက်ကြပြီး မိမိရှိတဲ့ဥစ္စာပစ္စည်းတို့ကို မပေးရက်မလှူရက် နှမျှော တွန့်တိုသူတို့မှာကား စီးပွားရေး မအောင်မြင်၊ မတိုးတက်ခြင်းဖြစ်ရပေသည်။(၆) မာန်မာန ထောင်လွှားတက်ကြွပြီး သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံတတ်သူတို့မှာ နိမ့်ကျသောအမျိုး၌ လူလာဖြစ်ကြရပြီး ထိုသို့ မပြုမူခဲ့သူတို့မှာကား မြင့်မြတ်သော အမျိုး၌ လူလာဖြစ်ကြရပေသည်။ (၇) တစ်ပါးသောသူတို့အား ကောင်းမွန်သော အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်း၊ ကိုယ်ကိုယ် တိုင်လေ့လာသင်ယူခြင်းစသော ပညာပါရမီတို့ကို ပြုလုပ်ခဲ့ကြသူတို့မှာ ယခုဘ၀ ပညာဥာဏ်ထက်မျက်ကြပြီး မိမိ၏အတတ်ပညာ၊ အသိပညာတို့ကို အကြောင်းပြု ၍ သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံခဲ့ခြင်း၊ မိမိကိုယ်တိုင် ပညာဆည်းပူးလေ့လာမှု မပြုခဲ့ကြသူတို့မှာကား ယခုဘ၀ ဥာဏ်နည်းကြရပေသည်။

ထိုသို့သော အကြောင်းတရားများကြောင့် ရရှိနေကြသော အကျိုးတရားတို့မှာ မတူနေကြခြင်းဖြစ်ပေ၏။ မိမိပြုလုပ်ခဲ့သော ကံအကြောင်းတရားများအတိုင်း ရရိ နေကြသည်ကို လက်ရှိကိုယ်ပိုင်ဆိုင်ထားသော အခွင့်အရေးအား မကျေမနပ် ဖြစ်ပြီး မရောင့်မရဲမရှိကြလေနှင့်။ ရရှိထားသောအခွင့်အရေးကို မကျေနပ်၍လည်း လမ်းမှားကို မကျင့်ကြလေနှင့်။ ကျင့်ကြံနေကြမည်ဆိုလျှင် အကုသိုလ်ကံအသစ် တို့ကိုသာ ပြုလုပ်နေသလိုဖြစ်ပေမည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ယခုဘ၀၌ ကောင်းမှုတို့ကိုသာ များများပြုလုပ်ကြဘို့ လိုအပ်ပါသည်။ နောက်ဘ၀ ကောင်းစားဘို့အရေး ဆိုလိုနေခြင်းလည်း မဟုတ်ပါပေ။ ယခုရရှိထားသော ခန္ဓာငါး ပါး ဒုက္ခသစ္စာကြီးမရှိရာ နိရောဓသစ္စာ(နိဗာန်)ကိုသာမျှော်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတရားများ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

အပြည့်အစုံသို့

14 Oct 2007

မြန်မာတို့ ရှိခိုးနေကျ သြကာသဘုရားရှိခိုး

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက် အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။

ကန်တော့ရသော အကျိုးအား ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏အရှင် ဘုရား။

အနက် ။ ။သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃)ကြိမ်။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်း ကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊နှစ်ကြိမ် ၊ သုံးကြိမ်မြောက်အောင်-ပထမက ဒုတိယ၊ ဒုတိယ က တတိယ၊ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင်၊ ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကိုအရိုအသေ အလေး အမြတ် လက်အုပ်မိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေး အမြတ်ပြုအပ်သော ၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံ ရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော “ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊သံဃာအမြတ်ဆုံး ရတနာ”ဟု ဆိုအပ်သော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ် နိုး လက်အုပ်မိုး၍၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျောကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ ၏အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်- ဤကန်တော့ရသော ကုသိုလ်အကျိုးအား အစွမ်းကြောင့်၊ အပါယ်လေးပါး- (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသောသိဉ္စိုးငရဲ၊ (ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊ (ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသောသံဃာတငရဲ ၊ (ဃ) မီးတောက်တို့သည် တ၀ုန်းဝုန့်း ထလျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံနေ ကြရသောရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွှမ်းနေပြီး ငရဲသို့ကျရောက် သူတို့ကို မီးခိုးတို့က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊ (စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊(ဆ)မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင် ခြေ၌ ရှိသောတံကျင်ပေါ်ရောက်အောင်တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ “သံရည်မြစ်ငရဲ” တို့က တံတိုင်းခတ် သကဲ့သို့ ရံပတ်၍နေသောငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက် ရခြင်းလည်းကောင်း၊ ကပ်သုံးပါး- (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် ) ၊(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း (ဒုဗ္ဘိက္ကန္တရကပ် )တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း၊ ရပ်ပြစ်ရှစ်ပါး- မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့် (၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ်(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊ (၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊ (၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိ နားလည်လောက် သောဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊ ရန်သူမျိုးငါးပါး- (၁) ရေ၊(၂) မီး၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊ ၀ိပတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁)မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလ၀ိပတ္တိ ၊(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ဂတိဝိပတ္တိ၊(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိဝိပတ္တိ၊ (၄)အသိအလိမ္မာဥာဏ်ပညာသတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို၊ကြံစည် မူပယောဂ၀ိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊ ဗျဿန တရားငါးပါးတို့မှ- (၁) ဆွေမျိုးပျက်စီးခြင်း - ဥာတိဗျဿန၊(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျဿန၊(၃)အနာရောဂါဖြစ်ခြင်းရောဂဗျဿန၊(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊ (၅)သီလပျက်ခြင်းသီလဗျဿန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊ အခါခပ်သိမ်းကင်း လွတ်ငြိမ်း သည်ဖြစ်၍- ဤမကောင်း သောတရားတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍၊ မဂ်တရား- သောတာ ပတ္တိမဂ်၊ သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ်၊ ဖိုလ်တရား- သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်၊ နိဗ္ဗာန်ချမ်းသာ- ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ၊ သေခြင်းသဘောလည်းမရှိရာ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့်နိဗ္ဗာန်စသော၊ တရားတော်မြတ်ကိုရပါလို၏ အရှင် ဘုရား- တရားတော်မြတ်တို့ကိုသံသရာ၌ ကြာရှည်စွာမကျင်လည်ရတော့ပဲ အမြန်ဆုံးရရပါလို၏ အရှင်ဘုရား။

ဒုတိယအပိုဒ်တွင် ဆုတောင်းများပါရှိပါသည်။ထိုသို့ဆုတောင်းနေရုံတစ်ခုတည်းဖြင့် ကောင်းကျိုးတရားတို့သည် အလိုလိုရရှိခြင်းသည်လည်းကောင်း၊ ဆိုးကျိုးတို့ လွဲသွေရခြင်းလည်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါပေ။ မိမိ၏ ကိုယ်ကျင့် သီလတို့ကို အပျက်မခံဘဲ “တရားအားထုတ်၊ ကုသိုလ်လုပ်၊ အဟုတ်မပျင်းနှင့်” ဆိုသည့်အတိုင်း ဆုတောင်းနေရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်ကြံသွားမှသာလျှင် မိမိတို့အလိုရှိသော ကောင်းကျိုးတရားတို့သည် ထပ်ချပ်မကွာ ရောက်ရှိလာပေ မည်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားဘာဝနာ၌ မွေ့လျော်နိုင်ကြပါစေ။

အပြည့်အစုံသို့