8 Oct 2010

မေတ္တာထား၍ ဥပေက္ခာပွါးပါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မေတ္တာထား၍
မေတ္တာ(အဒေါသ)တရားသည် လောကတွင် ငြိမ်းချမ်းခြင်းကိုဆောင်သော တရားပင်ဖြစ်၏။ မေတ္တာတရားဖြင့် လွှမ်းခြုံထားလျှင် (မေတ္တာစိတ်ဖြင့် နေထိုင်ကျင့်ကြံနေလျှင်) ကမ္ဘာလောက ၌လည်းကောင်း၊ မိမိသန္တာန်ရှိ တစ်လံမျှသော ခန္ဓာလောက၌လည်းကောင်း အေးချမ်းမှုကို ဖြစ်စေ၏။ ဒေါသတရားသည် ပူလောင်ခြင်းကိုပေးပြီး မေတ္တာ၏ ဆန့်ကျင်ဘက်တရားဖြစ်၏။ ဒေါသတရားတွေ ပွါးနေပြီဆိုလျှင် မိမိ၌လည်းကောင်း၊ သူတစ်ပါးတို့၌လည်းကောင်း ပူလောင် ပြင်းပြသော ဆင်းရဲခြင်းတရားတို့ကို စိတ်အစဉ်မှာရော၊ ကိုယ်အစဉ်မှာရော ခံစားရတော့၏။ ဒေါသကြောင့် အမြင်မှန်တရားတို့ကိုလည်း ကင်းပျောက်စေပေသည်။

လိုတာမရလျှင် မကျေနပ်သည့်အတွက် ဆင်းရဲရ၏။ ရ,ထားတာကို မကျေနပ်ပြန်တော့လည်း ဆင်းရဲရပေသည်။ “ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော၊ အပိယေဟိ သမ္ပယောကော ဒုက္ခော- လိုချင်နှစ်သက်တာတွေ မရရှိတော့ ဆင်းရဲရ၏။ မလိုချင် မနှစ်သက်တာတွေနှင့် ကြုံတွေ့နေရ ပြန်တော့လည်း ဆင်းရဲရပေသည်။” အကြောင်းမှာ ရရှိထားသည့် ဘ၀ကိုက ဒုက္ခသစ္စာတရား ဖြစ်နေပေသည်။ ရတာမလို၊ လိုတာမရခြင်းကိုက ဒုက္ခသစ္စာနယ်တွင် ဖြစ်နေသည့် ဓမ္မသဘော တရားပင်ဖြစ်သည်။ ၎င်းကို ရချင်တာမရလို့ ငိုကြွေး၊ မရချင်တာတွေရလို့ ပူဆွေးနေက ဒုက္ခသစ္စာနယ်၏ နှိပ်စက်ဒဏ် မနားတမ်းပင်ခံစားရတော့မည်။ ဤသို့ပူဆွေးနေလျှင် ခံစားရင်း သေသွားလိုက်ဖြင့် ဘယ်တော့များမှ အသေရပ်နိုင်တော့ပါမည်နည်း။

မကျေနပ်မှု(ဒေါမနဿ)တို့သည် တရားကိုယ်အားဖြင့် ဒေါသဖြစ်၏။ ဘ၀မှာ မရနိုင်သည့် အရာကို ကိုယ်ရပိုင်ခွင့်မရှိလို့ဟု ဆင်ခြင်နိုင်ပြီး ကိုယ့်ရပိုင်ခွင့်ရှိတာလေး ကျေနပ်ရောင့်ရဲနိုင် အောင် ကျင့်ကြံပွါးများခြင်းဖြင့် အေးချမ်းမှုကို ရယူနိုင်ပါသည်။ အေးချမ်းမှုကိုရရှိဖို့် မေတ္တာစိတ် အစဉ်ဖြစ်နေအောင် နှလုံးသွင်းကျင့်ကြံရမည်။ မေတ္တာတရားသည် ကျယ်ဝန်းနက်ရှိုင်းလှ၏။ အကန့်အသတ်၊ အပိုင်းအခြားဟူသော နယ်နိမိတ်များ မရှိပေ။ ထိုသို့ ပိုင်းခြားကန့်သတ်ထား သော နယ်နိမိတ်မရှိဘဲ မေတ္တာတရား ပွါးများအားထုတ်နိုင်လျှင် နောက်ဆုံး၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်ပြီး ထာဝရအေးချမ်းမှုသဘော မသေရာ အမြိုက်ချမ်းသာကို ရရှိခံစားနိုင် ကြောင်း မေတ္တသုတ်ပရိတ်တော်၌ ဘုရားရှင် ဟောကြားဆုံးမထားပေသည်။

မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိ မာဏံ။
မာတာ- အမိသည်၊ နိယံပုတ္တ- မိမိကို မှီ၍ဖြစ်သော၊ ဧကပုတ္တံ- တစ်ယောက်တည်းသောသား ကို၊ အာယုသာ- အသက်ကြောင့်၊ မနုရက္ခေ ယထာ- အဖန်တလဲလဲ စောင့်သကဲ့သို့၊ ဧ၀မ္ပိ- ထို့ အတူလျှင်၊ သဗ္ဗဘူတေသု- ခပ်သိမ်းသောသတ္တ၀ါတို့၌၊ အပရိမာဏံ- အတိုင်းမသိသော၊ မာနသံ- မေတ္တာစိတ်ကို၊ ဘာဝယေ- ပွါးစေရာ၏။ (မိခင်က မိမိ၏ရင်၌လွယ်၍ဖွားပြီး တစ်ဦး တစ်ယောက်တည်းရှိသောသားကို အသက်တမျှ ချစ်ခင်ကာ ထာဝစဉ်ပြုစုစောင့်ရှောက်နိုင် သော မေတ္တာစိတ် ထားသကဲ့သို့ အခြားသောသူတို့ကိုလည်း အတိုင်းမသိသောမေတ္တာစိတ် ထားရာ၏။)

မေတ္တာစိတ်ထား အစဉ်မွေးမြူနိုင်အောင် တစိုက်မတ်မတ် ကျင့်ယူရမည်။ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် အာရုံတရားတွေကြောင့် ဖြစ်ပေါ်လာသော ဒေါသတရားတွေကို ထိန်းရ ပါမည်။ ယောနိသော မနသိကာရ- အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်းနိုင်အောင် ကြိုးစားရပေမည်။ ကိုယ်က အခြားသူတို့လို ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မစားနိုင်၊ အဆင့်အတန်းမြင့်မြင့်မနေနိုင်ခြင်းကို အကြောင်းအရင်း အမှန်မမြင်နိုင်ဘဲ သည်းမခံ နိုင်ခြင်းကြောင့် “အူမ,တောင့်မှ သီလစောင့်နိုင်တာ”ဟု တလွဲတွေး အယူမှားပြီး သီလပျက်၍ စီးပွါးမရှာသင့်။ မိမိ သီလမရှိခြင်းကို အပြစ်ကိုဖုံးကွယ်သည့် အ၀ိဇ္ဇာ (မောဟ)ကြောင့် သီလ ရှိသူတို့အား စော်ကားမောက်မာတတ်သည့် ဒေါသတရားတွေ၊ လုပ်ငန်းဆောင်တာ၊ ရည်ရွယ် ထားတာတွေက မအောင်မြင်၊ မှန်းထားသည့်အတိုင်း ဖြစ်မလာသည့်အခါ (နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရတာတွေက ကိုယ်စိတ်အလိုကျ မဖြစ်သည့်အခါ) ပေါက်ကွဲထွက်လာတတ်သည့် ဒေါသတရားတွေ၊ နေပူပြန်တော့ နေကြီးနဲ့ပူလိုက်တာ၊ ပူလိုက်အိုက်လိုက်တာ လွန်ပါရော၊ မိုးရွာတော့လည်း ဒီမိုးနဲ့ အချိန်အခါမဟုတ်၊ ရွာပဲရွာနိုင်လွန်း၊ သွားလို့မကောင်း၊ လာလို့ မကောင်းလိုက်တာ၊ အနံ့အသက် မကောင်းသည့်လေကို ရှူမိတော့လည်း အနံ့ကြီးနဲ့ ဆိုးလိုက် တာ၊ အံတောင်အံချင်တယ်ဟူ၍ ပေါက်ကွဲထွက်ပေါ်လာသော ဒေါသတရားတွေ၊ တစ်ခါလာ လည်း ဒီဟင်း၊ တစ်ခါလာလည်း ဒီထမင်းဟူ၍ ဟင်းကောင်းကောင်း ချက်မထားလို့ ဟင်းချက်သည့် မိခင်ကိုပင် ဆူအောက်၊ ချက်ပြုတ်ကျွေးသောဇနီးသည်ကို ငေါက်ငန်းတတ်ပြီး အရသာရှိအောင် ဆောင်ရွက်မထားသည့် အိမ်ဖော်ကျေးကျွန်တို့ကိုလည်း အော်ဟစ် မောင်းထုတ်တတ်သော ဒေါသတရားတွေသည် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူတို့ကို လည်းကောင်း ပူလောင်ရတော့၏။ ထိုသို့ မကျေနပ်ဖွယ်ဟု နှလုံးသွင်းနေလျှင် ကံ၊ စိတ်၊ ဥတု၊ အာဟာရစသော တရားလေးပါးတို့နှင့် နေ့စဉ်ရန်ဖြစ်၍သာ နေရတော့မည်။

ထိုသို့ ဒေါသစိတ်များ မဖြစ်ပေါ်အောင် စိတ်ကို စောင့်ရှောက်ရပေသည်။ အမှန်အတိုင်းမြင် နိုင်အောင်၊ အကောင်းဘက်ကမြင်နိုင်အောင် ပညာဖြင့် ဆင်ခြင်ရပေသည်။ အာရုံတရားတို့ အပေါ်တွင် မနှစ်သက်စရာ၊ မကြိုက်သည့်အရာဟု မြင်နေခြင်းသည် ဒေါသကိလေသာကြောင့် ဖြစ်ပေါ်လာသောအမြင်ဖြစ်၏။ အာရုံကို အာရုံဟုသာသိလိုက်လျှင် ဒေါသဖြစ်စရာလည်း မဟုတ်၊ လောဘဖြစ်စရာလည်း မဟုတ်တော့ပေ။ “သဘာဝဟာ သဘာဝပါ”ဟု မှတ်ယူ နိုင်လျှင် အမှန်မြင်ခြင်းကြောင့် စိတ်အေးချမ်းနိုင်ပေသည်။ ထိုသို့ မေတ္တာစိတ်လေးဖြစ်အောင် ကျင့်ကြံနိုင်လျှင် အခြားသူတို့ကို ထိခိုက်မိခြင်း၊ မိမိကိုယ်ကို ပူလောင်ခြင်းမျိုး မရှိတော့ပေ။

နေ့စဉ်ကြုံတွေ့နေရသည့် လာဘ်ရ မရ၊ ရှုံ့ချ မြှောက်စား၊ နည်းများ ခြံရံ၊ သုခံ ဒုက္ခာ စသော လောကဓံတရားတို့ကို ရန်သူကြီးသဖွယ် သဘောထားပြီး နပန်းလုံး သတ်ပုတ်မည်ဆိုပါက လည်း သူက အားကောင်းမောင်းသန်သည့် ခွန်အားအပြည့်နှင့် လူသတ်ယောက်ျားရှစ်ဦး၊ ကိုယ်က တစ်ယောက်တည်း- ခွန်အားမရှိ၊ အစားမစားရဘဲ ချုပ်နှောင်ခံထားရသည့် ရာဇ၀တ်သား ယောက်ျားပမာ မည်သို့မျှ အောင်နိုင်လိမ့်မည်မဟုတ်ပေ။ လောကဓံတရား တို့ကို မကျေနပ်လို့ ဒေါသဖြင့် နပန်းလုံးသတ်ပုတ်နေတိုင်း ကိုယ်ကချည်း အရှုံးဖြစ်နေသည်ကို သတိရှိရမည်။ ထို့ကြောင့် လောကဓံတရားတွေကြောင့် ဒေါသမဖြစ်ပေါ်နိုင်အောင် နှလုံးသွင်း ကျင့်ကြံရမည့်နည်းမှာ- “လာဘ်ရ မရ၊ ရှုံ့ချ မြှောက်စား၊ နည်းများ ခြံရံ၊ သုခံ ဒုက္ခာ ဤရှစ်ဖြာကြောင့် ဒေါသတည်းမြူ မရှိမူ မှတ်ယူ မင်္ဂလာ။” ဟူ၍ဖြစ်၏။

ကိုယ်နှင့်ပတ်သက်သည့် အခြားသူတို့ကိုပါ ထိခိုက်မှုဖြစ်စေသည့် ၀ီတိက္ကမဒေါသတွေ၊ ကိုယ်စိတ်အလိုမကျတိုင်း စိတ်ထဲမှာသောင်းကျန်းနေတတ်သည့် ပရိယုဋ္ဌာနဒေါသတွေ၊ အခါအခွင့်သင့်သလို မကျေနပ်မှုလေးတွေပေါ်လာသည့် အနုသယဒေါသတွေက တစ်လည့်ပြီး တစ်လှည့်၊ တစ်မျိုးပြီးတစ်မျိုး နှိပ်စက်နေတတ်ပေသည်။ ထိုသို့ ဖြစ်ပေါ်လာသည့် ကိလေသာ ဒေါသသူခိုးကို အိမ်ရှင် သတိပညာဖြင့် မြင်အောင်ကြည့်ပေးရာ၏။ သူခိုးသည် အိမ်ရှင်မြင်လျှင် ကြောက်အားလန့်အားနှင့် ပြေးသကဲ့သို့ ဒေါသဖြစ်မှန်း သတိပညာဖြင့် မြင်အောင်ကြည့်လိုက် ပါက အပြီးတိုင် မပယ်သတ်နိုင်သေးတောင်မှ တဒင်္ဂ ပယ်သတ်ငြိမ်းအေးနိုင်၏။ အနုသယ ဒေါသကိလေသာကို အပြီးတိုင်ပယ်ထုတ်နိုင်ဖို့ကလည်း အနာဂါမိမဂ်ဖိုလ်သို့ ဆိုက်ရောက်မှ ပယ်သတ်နိုင်ပေသည်။

ဒေါသတရားသည် စိတ်ဓာတ်ကို ကျဉ်းမြောင်းကြပ်တည်းစေ၏။ ဒေါသဓာတ်ခံ အားကြီးသူ သည် အပေါ်ယံကြည့်၍ စိတ်ဆိုးတတ်၏။ ဥပမာအားဖြင့် လူတစ်ဦးသည် ရေကန်ကို တွေ့သည့်အခါ ရေပေါ်တွင်မြင်နေရသော ရေညှိရေမှော်တို့ကိုကြည့်၍ စိတ်ဆိုးပေသည်။ ရေဆာလို့ ရေကို မသောက်နိုင်ဖြစ်၏။ အခြားသူတစ်ဦးကတော့ ရေပေါ်က ရေညှိရေမှော်တို့ကို ဖယ်၍ အောက်တွင်ရှိသော ရေကြည်ကိုမြင်အောင်ကြည့်တတ်သောကြောင့် ရေမှော်ကိုဖယ်၍ အောက်၌ရှိသောရေကြည်ကို သောက်သုံးပြီး အမောကိုပြေစေ၏။

ထိုသူနှစ်ဦး၏ ခြားနားခြင်းမှာ အမြင်မတူညီခြင်းပင်ဖြစ်၏။ မနာပ ဘာဝ ဒဿန- အကောင်း ဘက်က ကြည့်ခြင်းနှင့် အမနာပ ဘာဝ ဒဿန- အဆိုးဘက်ကကြည့်ခြင်းဟူသော အမြင် မတူညီမှုပင်ဖြစ်သည်။ မနာပ ဘာဝ ဒဿန ရှိသူက အပြောဆိုးပြီး အလုပ်ကောင်းသူကို မြင်လျှင် “ဒီလူကတော့ဟေ၊ အပြောသာဆိုးတာ အလုပ်ကတော့ တော်တော်လေး ကောင်းတယ်”ဟူ၍ ချီးကျူးပြီး ကျေးဇူးတင်နိုင်၏။ အလုပ်ဆိုးပေမယ့် အပြောကောင်းသူကို တွေ့ပြန်တော့လည်း “အင်း ဒီလူကျပြန်တော့လည်း အလုပ်သာဆိုးတာ အပြောတော့ ကောင်းပါတယ်”ဟူ၍ ချီးမွမ်းပြီး ကျေးဇူးတင်နိုင်ပေသည်။ ထို့ကြောင့် မေတ္တာစိတ်ကလေး ဖြစ်နေအောင် ကျင့်ကြံရမည်မှာ-
နှစ်သက်စရာ ရွေးရှာ မေတ္တာ၊
ကျေနပ်စရာ ရွေးရှာ မေတ္တာ၊
ကြည်နူးစရာ ရွေးရှာ မေတ္တာ
အစဉ်ဖြစ်နေအောင် မနာပ ဘာဝ ဒဿနဖြင့် ဒေါသမဖြစ်ပေါ်အောင် ကျင့်ကြံရပေသည်။

ဤနေရာတွင် ဘာသာခြားတို့အား မေတ္တာစိတ်ထားပြီး ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ဆုံးမထားသော ဆုံးမစကားလေးကို ဖော်ပြချင်ပါသည်။ “ရောဂါတစ်ခုခု ဖြစ်နေသူသည် သူ့လူမျိုးဖော်စပ်သော ဆေးမဟုတ်သောကြောင့် အခြားလူမျိုးဖော်စပ်သော ဆေးကောင်းကိုတွေ့သော်လည်း မသောက်ဘူးဆိုလျှင် ရောဂါမပျော်ရုံသာရှိ၏။ ထို့အတူ ၀ိပဿနာတရားကို မိမိတို့ကိုးကွယ်သောဘုရားကပြသော တရားမဟုတ်၍ 'မကျင့်နိုင်' ဟုဆိုလျှင် ကိလေသာရောဂါ မပျောက်ရုံသာရှိ၏။” ၀ိပဿနာတရားအားထုတ်နည်းသည် ဘုရားရှင်တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်မှသာ နားကြားသိရှိခွင့်ရသည့်နည်းဖြစ်ခြင်းကြောင့် သာသနာတွင်း လူဖြစ်တုန်းလေး ကြုံတွေ့ခွင့်ရခြင်းဖြစ်သည်။ ကြံသကာအရသာသည် တရုတ် စားလည်းချိုသည်။ မြန်မာစားလည်းချိုသည်။ ကုလားစားလည်းချိုသည်။ မည်သည့်လူမျိုး စားစား ချိုသောအရသာကိုသာ ခံစားရ၏။ ထို့အတူ ၀ိပဿနာတရားကျင့်စဉ်၊ မေတ္တသုတ် ပရိတ်တော်လာ အားထုတ်နည်းတို့သည် ဗုဒ္ဓဘာသာကို ခံယူထားသူတို့အတွက်သာ ဘုရားရှင် ဟောထားခဲ့ခြင်းမဟုတ်ပေ။ ဘုရားတရားမှန်သမျှတို့သည် သတ္တ၀ါအားလုံးအတွက် ဟောကြားခဲ့ခြင်းသာဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်ဟောကြားထားသောနည်းများကို မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်စေ လိုက်နာကျင့်ကြံသူအားလုံး စိတ်အေးချမ်းမှုကို ဖြစ်စေပြီး အို နာ သေ ကင်းသည့် အမတဓာတ်မြတ်ကို ရရှိခံစားနိုင်ကြမည်ကို ယုံကြည်စွာ ကျင့်ကြံအားထုတ်သင့်ပေသည်။

မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းမည့်ယောဂီသည် အမြဲကျင့်ကြံနေရမည်မှာ-
(၁) သက္ကော စ- ကောင်းစွာပြုခြင်းငှါ တတ်သည်လည်းကောင်း၊
(၂) ဥဇု စ- ဖြောင့်မတ်သည်လည်းကောင်း၊
(၃) သုဟုဇု စ- လွန်စွာဖြောင့်မတ်သည်လည်းကောင်း
(၄) သုဝစော စ- ပညာရှိတို့ ဆိုဆုံးမလွယ်သည်လည်းကောင်း၊
(၅) မုဒု စ- နူးညံ့သည်လည်းကောင်း၊
(၆) အနတိမာနိ စ- ထောင်လွှားတက်ကြွသော မာန်မာန မရှိသည်လည်းကောင်း၊
(၇) သန္တုဿကော စ- ရောင့်ရဲလွယ်သည်လည်းကောင်း၊
(၈) သုဘရော စ- မွေးမြူလွယ်သည်လည်းကောင်း၊
(၉) အပ္ပ ကိစ္စော စ- နည်းသောအမှုကိစ္စ ရှိသည်လည်းကောင်း၊
(၁၀) သလ္လဟုက၀ုတ္တိ စ- ပေါ့ပါးသောအသက်မွေးခြင်း ရှိသည်လည်းကောင်း၊
(၁၁) သန္တိန္ဒြိယော စ- ငြိမ်သက်သော ဣနြေ္ဒရှိသည်လည်းကောင်း၊
(၁၀) နိပကော စ- ရင့်ကျက်သောပညာရှိသည်လည်းကောင်း၊
(၁၁) န အပ္ပ ဂဗ္ဘော စ- မကြမ်းတမ်းသည်လည်းကောင်း၊
(၁၂) ကုလေသွ အနနုဂိဒ္ဓေါ စ- ချစ်ခြင်းမုန်းခြင်းအစွဲကင်းခြင်းသည်လည်းကောင်း၊
အမြဲရှိနေရမည်ဖြစ်သည်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသည့်သူသည် ထိုသို့သော စိတ်နေသဘော ထားများ ရှိနှင့်နေရမည်ဖြစ်သလို မေတ္တာစိတ်များဖြင့် ထုံမွှမ်းနေပြီဆိုလျှင်လည်း ထိုသို့သော စိတ်နေသဘောထားများ လွယ်ကူစွာမွေးမြူနိုင်သွားပြီဖြစ်၏။

တဖန် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းမည့်သူသည် “နစ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ ၀ရေယျုံ- ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့အပ်သော အမှုမှန်သမျှတို့ကို အနည်းငယ်လေးမျှ မပြုကျင့်အပ်ပေ။” မပြုလုပ်အပ်ပေ။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာဟူ၍ မရှိ။ မိမိကိုယ်ကို မိမိသိ၏။ သူတစ်ပါးအား ညာလိုရသည်၊ မိမိကိုယ်ကိုတော့ ဘယ်လိုမှ ညာ၍မရနိုင်ပေ။ မကောင်းမှု မှန်သမျှတို့ကို နည်းနည်းလေးပဲဟူ၍ မထီမဲ့မြင် မပြုမိစေရာ။ အကြီးဆုံးသော အရာတို့သည် နည်းနည်းလေးများ ပေါင်းစုထားခြင်းသည်သာဖြစ်၏။ အကြီးမားဆုံးသော အဆောက်အအုံကြီးသည် အက်တမ်စသော အမှုန်ကလေးများဖြင့် ပေါင်းစုထားသည့် ဒြပ်ဝတ္ထုကြီးသာဖြစ်သည်။

မေတ္တာစိတ်ဖြစ်အောင် အားထုတ်ရာ၌ (၃)မျိုးရှိ၏။ ပို့မေတ္တာ၊ ပွါးမေတ္တာ၊ ထားမေတ္တာတို့ ဖြစ်ကြ၏။ “သတ္တ၀ါအားလုံး ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိ၏ ခန္ဓာဝန်ကို ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာဖြင့် ထမ်းဆောင်နိုင်ပါစေ၊ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာရှိ သတ္တ၀ါတို့ကို ချမ်းသာကြစေပါစေ၊ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ၊ မြင်အပ်မမြင်အပ်အစရှိသည့် သတ္တ၀ါများ ချမ်းသာကြပါ စေ အစရှိသည်ဖြင့် နှုတ်ဖြင့် အာရုံပြုရွတ်ဆိုပို့သနေခြင်း”သည် ပို့မေတ္တာ၊ တစ်စိတ် တစ်အာရုံ ဖြင့်တည်ပြီး စိတ်ဖြင့်သာ အာရုံပြု၍ သမ္မထကမ္မဋ္ဌာန်းစီးဖြန်းနေခြင်းသည် ပွါးမေတ္တာ၊ အခြား သတ္တ၀ါတို့၏အကျိုးကို လိုလားပြီး၊ အခြားသောသတ္တ၀ါတို့၏ချမ်းသာကို အလိုရှိပြီး ကာယကံ မြောက် ပြုမူဆက်ဆံနေထိုင်ခြင်း၊ သတ္တ၀ါအများ ချမ်းသာကြောင်းအလုပ်တို့ကို ကာယ၊ ဉာဏ၊ ၀ီရိယတို့ဖြင့် အားထုတ်ခြင်းသည် ထားမေတ္တာဖြစ်၏။

ထားမေတ္တာရှိဖို့မှာ အခက်ခဲဆုံးဖြစ်သည်။ သတ္တ၀ါတို့အား မေတ္တာပို့သခြင်း၊ မေတ္တာစိတ် တွေဖြစ်နေအောင် ပွါးများနေခြင်းကို လူတိုင်းလုပ်နိုင်ကြသော်လည်း အချင်းချင်း မေတ္တာထား ပြီး ဆက်ဆံဖို့၊ ပြုမူဖို့၊ မေတ္တာထားပြီး သူတစ်ပါးအကျိုးကို လုပ်ကိုင်ဆောင်ရွက်ပေးဖို့အတွက် မှာ ခန္တီစ- သည်းခံခြင်းတရားဖြင့် အမြဲယှဉ်တွဲထားနိုင်မှ မေတ္တာထားနိုင်ပေသည်။ သတ္တ၀ါ အများ၏အကျိုးကို ကာယကံမေတ္တာထားနိုင်ဖို့အတွက် မိမိ၏အချိန်ကိုလည်းပေးနိုင်ရမည်။ မိမိ၏ဥစ္စာကိုလည်း စွန့်လွှတ်နိုင်ရမည်။ ရသမျှနှင့်လည်း ရောင့်ရဲနိုင်ရမည်။ လောကဓံအမျိုးမျိုး ကိုလည်း ကြံ့ကြံ့ခံနိုင်ရပါမည်။

ထားမေတ္တာ ကျင့်ကြံနိုင်ဖို့ မိမိ၏အကျိုးတစ်စုံတစ်ရာကို သူတစ်ဦးက ဖျက်ဆီးလိုက်လျှင် ထိုသူ့အပေါ်၌ မေတ္တာထားပြီး သူ့ကောင်းကျိုးအတွက် ဆောင်ရွက်ပေးဖို့၊ ပြုမူနေထိုင်ပေးဖို့ စွမ်းနိုင်ရပါမည်။ မနာလို၊ ၀န်တိုသောစိတ်များ မည်သူ့အပေါ်မျှ မထားရပေ။ “သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ။”ဆိုလျှင် “သင်ဆိုးလျှင် ကျွန်ုပ်လည်း ဆိုးရပါလိမ့်မည်။”ဟူ၍ ဖြစ်သွားပါမည်။ ထိုသို့တုန့်ပြန်လျှင် ထားမေတ္တာ ပျက်သွားပေသည်။ ထားမေတ္တာကျင့်နိုင်ဖို့အတွက် “သူက ကောင်းကောင်း၊ မကောင်းကောင်း၊ ကိုယ်ကကောင်းအောင် ကျင့်ရမည်။ သူကတော်တော်၊ မတော်တော် ကိုယ်က တော်အောင်ကျင့်ရပေမည်။” ထိုကဲ့သို့ ဘုရားအလောင်းတော်တို့၏ မေတ္တာစိတ်မျိုး၊ ပါရမီရှင်ကြီးများ၏ မေတ္တာစိတ်ထားမျိုး မွေးမြူနိုင်အောင် ကျင့်ကြံရပေမည်။

ဥပေက္ခာပွါးပါ
မေတ္တာစိတ်မရှိဘဲ ဥပေက္ခာပွါးလို့ မရနိုင်ပေ။ ဥပေက္ခာပွါးနိုင်ခြင်းကိုက မေတ္တာစိတ်ထားရှိမှ ပွါးနိုင်ပေသည်။ ဥပေက္ခာဆိုသည်မှာ အာရုံတရားတို့်အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ အစွန်းမထွက် ညီမျှစေခြင်းသဘောဖြစ်သည်။ ဥပေက္ခာပြုခြင်းကို လစ်လျူရှုခြင်းဟုလည်း ပြောဆိုကြ၏။ မိမိနှင့် သဟဇာတမဖြစ်လို့၊ မိမိနှင့်မသင့်မြတ်သည့် တစ်စုံတစ်ဦးကို “ဒီကောင့်အကြောင်း ပြောမနေပါနဲ့ကွာ၊ ဒီကောင့်အကြောင်း မေ့ထားလိုက်စမ်းပါ။ ငါတို့စကား နားမထောင်လို့ တစ်နေ့ သူဒုက္ခ ရောက်ပါလိမ့်မယ်”ဟူ၍ မကျေနပ်သည့် ဒေါသစိတ်ဖြင့် လစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခပွါးခြင်း မဟုတ်ပေ။ ဥပေက္ခာပွါးခြင်းဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့အပေါ်၌ ချစ်ခြင်းဟူသောအစွန်း၊ မုန်းခြင်းဟူသောအစွန်းမရှိဘဲ ကံ,ကံ၏အကျိုး၊ အကြောင်းအကျိုးကို မှန်မှန်ကန်ကန်ဆင်ခြင်နိုင်ပြီး စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေရပါမည်။ ထိုသို့ မဆင်ခြင်ဘဲ ကြုံတွေ့နေသည့် အာရုံတရားတို့အပေါ်တွင် နှစ်သက်မိသည့်(လောဘ)၊ စိတ်ပျက်ခြင်း၊ မကျေနပ်ခြင်း(ဒေါသ) ဖြစ်ခြင်းသည် ဥပေက္ခာမဟုတ်ပေ။

လမ်းဘေး၌ ခွေးတစ်ကောင် ကားတိုက်သေနေသည်ကိုမြင်လျှင် မိမိခွေးမဟုတ်ပါက မကျေနပ်သည့် ဒေါသမဖြစ်ပေ။ မိမိအိမ်ကခွေးဖြစ်လျှင် ထိုအချိန်၌ ဒေါသူပုန် ထတော့၏။ ခွေးကိုတိုက်သွားသော ကားမောင်းသူကို မိုးမွှန်နေအောင် ဆဲရေးမိတော့၏။ ထိုသို့ ဒေါသ အစွန်းသို့ ရောက်သွားသည်နှင့် ဥပေက္ခာပျက်သွားပေသည်။ မိမိရှေ့မှောက်ရှိ သတ္တ၀ါတစ်ခုကို မကယ်နိုင်လိုက်လို့ သေဆုံးသွားခြင်းကို ၀မ်းနည်း ပူဆွေးခြင်းမျိုး၊ မိမိအား အင်အားကြီးသူက ပြုမူစော်ကားခြင်းကို အင်အားနည်းလို့ လက်တုန့်မပြန်နိုင်ဘဲ မိမိအင်အားကြီးသည့်အချိန်ကျမှ လက်တုန့်ပြန် ကလဲ့စားချေမည်ဟု နှလုံးသွင်းနေခြင်းမျိုးသည် ဥပေက္ခာပွါးခြင်း မဟုတ်ပေ။

ဥပေက္ခာပြုခြင်းသည် အကြောင်းအကျိုးကို မှန်မှန်ကန်ကန် ဆင်ခြင်နိုင်ပြီး သူတစ်ဦး၏ အကျိုး ဆုတ်ယုတ်ခြင်းကို လိုလားသောကြောင့် လစ်လျူရှုထားခြင်းမျိုးမဟုတ်ပေ။ ထိုသို့ လစ်လျူရှု ပြီးနေမှ သင့်တော်မည်ဟု ဆင်ခြင်မိသောကြောင့် လစ်လျူရှုခြင်းမျိုးသာဖြစ်ပေသည်။ ဘုရားရှင်က အရှင်ဒေ၀ဒတ်ကို ပကာသနိယကံပြုခြင်းသည် ဆုံးမစကားတွေကို နားမထောင် ဘဲ အာခံလို့၊ အရှင်ဒေ၀ဒတ်ကို မကျေနပ်မုန်းတီးလို့မဟုတ်ပေ။ အကျိုးကိုလိုလား၍ ထိုကံကို ပြုခြင်းဖြစ်ပေသည်။ ထိုသို့ပြုမူခြင်း၌ ဘုရားရှင်၌ ဒေ၀ဒတ်အပေါ် မေတ္တာတရား စိုးစဉ်းမျှပင် ပျက်မသွားပေ။ သားတော်ရာဟုလာအပေါ် ထားသကဲ့သို့သာ အားလုံးအပေါ် ထားတော်မူ၏။

ဥပေက္ခာသဘောသည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောစသော အာရုံခြောက်ပါးတို့အပေါ်တွင် အကောင်းအဆိုး မှန်သမျှကို ကိလေသာအစွန်းမထွက်ဘဲ သိရုံလေး သိနေသည့်သဘောဖြစ်၏။ မိမိမှာ ငွေမရှိလို့၊ ဆင်းရဲနွမ်းပါးလို့ သူများတွေလို မစားနိုင်၊ မသောက်နိုင်လို့ ရှိတာလေးဖြင့် ရောင့်ရဲတင်းတိမ်နိုင်ကာ ကိုယ်ကျင့်သီလတွေ စောင့်ထိန်းနိုင်သော်လည်း မိမိ၌ ချမ်းသာကြွယ်ဝလာသည့်အခါတွင် စည်းစိမ်ယစ်မူးပြီး ကိုယ်ကျင့်သီလတရားတွေ ပျက်ယွင်းကာ အာရုံတရားတွေခေါ်ရာနောက် လိုက်နေလျှင် ဥပေက္ခာတရား ပျက်ယွင်းသွားတော့၏။ မည့်သည့် လောကဓံကိုပဲတွေ့တွေ့ အမှန်အတိုင်း သိမြင်ပြီး အကြောင်းအကျိုးသဘောဆင်ခြင်ကာ ၀မ်းနည်းမှုလည်းမဖြစ်၊ မြောက်ကြွမှုလည်း မဖြစ်ဘဲ မည့်သည့်လောကဓံတွေ့တွေ့ ပုံမှန်အတိုင်း ခံနိုင်ခြင်းသည် ဥပေက္ခာသဘောဖြစ်၏။

ဥပေက္ခာသဘောသည် အကျိုးမရှိကြောင်းကိုသိလျှင် ထိုအမှုကိစ္စအတွက် ဆင်းရဲမခံပေ။ အကျိုး မရှိကြောင်းသိ၍ အချိန်ကုန်ခံ အားမထုတ်ပေ။ ဘုရားရှင်သည် ကျွတ်ထိုက်သူကိုသာ ဟောကြားဆုံးမခြင်းသည် ထိုဥပေက္ခာပါရမီကြောင့်ဖြစ်၏။ ထို့သူအား ဒီတရားနှင့်မထိုက်တန် လို့ ပစ်ပယ်ထားခြင်းမျိုး မဟုတ်ပေ။ ဤနေရာတွင် ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ ဘ၀နောက်ကြောင်းတစ်ခုကို သာဓကပြချင်ပါသည်။ ထိုအခါက သာသနာပကာလဖြစ်ပြီး အရှင်သာရိပုတ္တရာအလောင်းတော်က ရသေ့ငါးရာကို ဦးဆောင်သည့် ခေါင်းဆောင်ရသေ့ ကြီးဖြစ်ပြီး ဘုရားအလောင်းတော်ကြီးက တပည့်ရသေ့တစ်ပါးဖြစ်ခဲ့လေသည်။

အရှင်သာရိပုတ္တရာအလောင်း ရသေ့ခေါင်းဆောင်ကြီးသည် တပည့်ရသေ့တွေကိုရော၊ ဆည်းကပ် ကိုးကွယ်ကြသည့် တပည့် ဒကာ ဒကာမအားလုံးတို့ကိုရော သီလပေးသည့်အခါ အမြဲတမ်း ရှစ်ပါးသီလကိုသာပေးလေ၏။ ရှစ်ပါးသီလစောင့်ထိန်းကြဖို့သာ အားလုံးကို တရား ဟောလေ့ရှိ၏။ ထိုအချင်းအရာကို ဘုရားအလောင်းတော် တပည့်ရသေ့က ဆရာရသေ့ကြီး အား ပြန်ပြီးသတိပေး ဆုံးမလိုသောကြောင့် ရသေ့အားလုံး ခရီးတစ်ခုမှ ကျောင်းသို့ အပြန်လမ်း၌ တစ်ပါးတည်းနေရစ်ခဲ့၏။ အကြောင်းမှာ တောင်ကမ်းပါးရံတစ်ခုကို ဖြိုပြီး ဘေးနားရှိ အလွန်တရာနက်လှသည့် ချောက်တစ်ခုကို သဲတို့ဖြင့်ဖို့ကာ မြေကိုညီအောင် ညှိနေလေ၏။ ပင်းပန်းကြီးစွာဖြင့် တကုတ်ကုတ် အားထုတ်နေလေသည်။

ဆရာရသေ့ကြီးက ထိုကဲ့သို့ပြုလုပ်နေကြောင်းကိုသိသောကြောင့် တပည့်ထံလာ၍ ဆုံးမသည် မှာ “ငါ့တပည့်၊ မညီနိုင်လောက်သည့်အရာနှစ်ခုကို ညီအောင် အဘယ့်ကြောင့် ပင်ပန်းကြီးစွာအားထုတ်နေဘိသနည်း”ဟု မေးလေ၏။ ထိုအခါ ဘုရားအလောင်းတော်တပည့်က “အရှင်ဘုရား၊ တပည့်တော်က ထို အလွန်တရာနက်လှသည့် ချောက်ကြီးကို သဲတို့ဖြင့်ဖို့ပြီးလျှင် မြေသားနှစ်ခု ညီသွားစေလိုတဲ့ ရည်ရွယ်ချက်က အောင်မြင်နိုင်ပါသည်ဘုရား။ အရှင်ဘုရားက ဘယ်သူ လာလာ ရှစ်ပါးသီလ ဆောက်တည်ဖို့သာ ဟောကြားဆုံးမပြီး လူအားလုံး ရှစ်ပါးသီလလုံစေ လိုတဲ့ ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်နေခြင်းကတော့ မည်သို့မျှ အကျိုးမရှိနိုင်ပါ ဘုရား၊ အရှင်ဘုရားအတွက် အချိန်ကုန်လူပန်းသာ ဖြစ်ပါလိမ့်မယ်ဘုရား”ဟူ၍ ပြန်လည်ဖြေကြား သောအခါ ဆရာရသေ့ကြီးက “မညီနိုင်သည့်အရာကို လိုက်ညှိနေခြင်းသည် အချိန်တွေ အချည်းနှီး အလဟဿဆုံးရှုံးပြီး အကျိုးမရှိလှဘူး”ဟူ၍ သဘောပေါက်နားလည်သွားတော့ ၏။

ထိုသာဓကသည် ဘုရားအလောင်းတော်၏ ဥပေက္ခာပါရမီ ရင့်သန်မှုကို ဥပမာပြဆိုခြင်း ဖြစ်ပါ သည်။ လူတိုင်းလူတိုင်း တစ်ပြေးညီ အကျိုးခံစားခွင့်ရအောင် ဆောင်ရွက်ဖို့၊ ယုံကြည်ချက်၊ အကျင့်သီလတွေ တစ်ပြေးညီ တစ်သားတည်းညီအောင်လုပ်ပေးဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင် ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦးတို့၏ အတွေးအမြင်တွေ၊ အယူအဆတွေ၊ နှလုံးသွင်းဆင်ခြင်မှုတွေ၊ ပြုလုပ်သည့် ကံတရားတွေ၊ ဘ၀ါဘ၀တွေက ၀ါသနာအကျင့်စရိုက် တို့ မတူညီကြသည့်အတွက် ရရှိသည့်ရလာဘ်လည်း မည်သို့မျှ မတူညီနိုင်ပေ။ တစ်နည်း အားဖြင့်ဆိုရလျှင် တစ်ဦးနှင့်တစ်ဦးတို့၏ အကြောင်းကံပါရမီတရားတွေ မတူညီကြသည့် အတွက် အကျိုးတရားတွေလည်း မည်သို့မျှ တူညီနိုင်မည်မဟုတ်ပေ။ ထိုသို့ ဆင်ခြင်ခြင်းသည် ဥပေက္ခာသဘောဖြစ်၏။

စာရှုသူ ဓမ္မချစ်ခင်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး မေတ္တာထား၍ ဥပေက္ခာပွါးနိုင်ကြကာ အလိုရှိအပ်၊ တောင့်တအပ်သည့် မသေရာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ယခုဘ၀မျက်မှောက်တွင် ရရှိခံစားနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာဝသက္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

3 Aug 2010

အချိန်ရှိခိုက် လုံ့လစိုက်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။


မိမိကိုယ်တိုင် တရားနှင့်နေခြင်းဖြင့် သူတစ်ပါးတို့ ချမ်းသာပွါးနိုင်ကြကုန်၏။ သူတစ်ပါးတို့ ကောင်းကျိုးချမ်းသားပွါးအောင် နေနေခြင်းသည်လည်း တရားအားထုတ်နေခြင်း ဖြစ်သည်။ အပြန်အလှန် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အချင်းချင်း ကူညီနေကြခြင်းဖြင့် အပြန်အလှန် ကျေးဇူးဆပ်ကြရာ၏။ တစ်နည်းအားဖြင့် မိမိ၏ ကိလေသာအကြွေးတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျောက်နိုင်ကြပါလျှင် မိမိအပေါ် တင်ခဲ့ဖူး သမျှသော မိဘကျေးဇူးလည်းကျေပြီ၊ ဆရာ့ကျေးဇူးလည်းကျေပြီ၊ ဘုရားရှင်၏ အလိုတော် လည်း ပြည့်စုံပြီဖြစ်ခြင်းကြောင့် ဘုရားရှင်၏ကျေးဇူးကိုလည်း ပေးဆပ်နိုင်ပေပြီ။ ထိုသို့ အားထုတ်နိုင်ပြီးပါက “မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက် လွန်ချမ်းမြ” နိုင်ကြပေသည်။

ဘ၀တွင် အချိန်သည် လူတိုင်းရရှိကြသည့် တူမျှသောအခွင့်အရေးတစ်ခုပင်။ အချိန်ကို မိမိတို့ ၏အသုံးချမှုအလိုက် ရရှိသည့်အကျိုးကျေးဇူးများ မတူကြပေ။ “အချိန်ရှိခိုက် လုံ့လစိုက်” နိုင်ကြရန်အတွက် အချိန်ကို မည်သို့အသုံးချကြရမည်ကို သိရှိပြီး လိုက်နာကျင့်ကြံနိုင်ကြရန် ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတ ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် တရားတော်ကို ကိုးကား၍ ဤဓမ္မဆောင်းပါးဖြင့် ကျေးဇူးဆပ် ရေးသားဖော်ပြလိုက်ပါသည်။

တစ်နေ့တာတွင် ရရှိအောင်ကြိုးစားအားထုတ်ရမည့် တရားငါးမျိုးတို့ကို မှတ်သားရလွယ်ကူ အောင် အောက်ပါလင်္ကာလေးကို ကျက်မှတ်ထားပါလေ။

ကုသိုလ်ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ အမျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက်၊ သက်သက် အချည်နှီးတည်း။” တစ်နေ့တာအတွက်-
(၁) ကုသိုလ်ရအောင်၊
(၂) ဥစ္စာရအောင်၊
(၃) ကျန်းမာအောင်၊
(၄) ပညာရအောင်၊
(၅) ဘုန်းတန်ခိုးရှိအောင် နေ့စဉ်နေ့တိုင်း ကြိုးစားကြရမည်ဖြစ်၏။

တစ်နေ့တာအတွက် လူတစ်ယောက်၏အိပ်ချိန်သည် (၈)နာရီထားလျှင် ရှစ်သုံးလီ နှစ်ဆယ့် လေး (တစ်နေ့ ၂၄ နာရီမှ သုံးပုံပုံ တစ်ပုံ)မှာ အိပ်ခြင်းဖြင့်ကုန်၏။ အသက်ခြောက်ဆယ် နေရမည့်သူအတွက် အနှစ်(၂၀) အိပ်ချိန်ဖြစ်သည်။ တစ်နေ့အတွက် ကျန်ရှိနေသော (၁၆)နာရီသည် ဖော်ပြပါအကျိုးငါးမျိုးရရှိအောင် ကြိုးစားအားထုတ်ခွင့်ရှိသော အချိန်တို့ဖြစ်၏။ သတိတရားကင်းလွတ်ခြင်းဖြင့်- ထမင်းဟင်းချက်၊ ရေချိုးအ၀တ်လျှော်၊ အ၀တ်အစားလဲ၊ အလှအပပြင်၊ ဟိုရောက်သည်ရောက် စကားလက်စုံကျ၊ ပျော်ပွဲစားထွက်၊ အချင်းချင်း မပြေလည်ကြသည့်အခါ အပြန်အလှန်ဖြေရှင်းပြကြ၊ မကျေနပ်တော့ ရုံးရောက်ဂတ်ရောက်၊ ရန်ဖြစ်လို့ ထိခိုက်ရင် ဆေးရုံတက်ဆေးကုသ၊ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် သူ့အကြောင်း အပုပ်ချ၊ သူများထက် ကိုယ်ကသာသွားရင် ငါလိုလူ ဇမ္ဗူမရှိဟု မော်ကြွားကြ၊ ထင်သလို မဖြစ်လို့ အောင်မြင်မှုတွေ မရသည့်အခါမှာလည်း ရေစုံမျှောပြီး ကိုယ့်ဘ၀ကိုယ်ဖျက်သည့် အရက်သေစာဖြင့်သာ ခံစားမှုတို့ကို ဖြေဖျောက်ကြ၊ ကိုယ့်အပေါ် မှားဖူးလျှင် သူတစ်ပါးကို နာကျင်အောင်လည်း ကလဲ့စားချေကြ၊ ထိုကဲ့သို့ပင် လူ့ဘ၀ဆိုတာက “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတော့ ကြုံတွေ့ရ” ဆိုသလို ပြဿနာပေါင်း သောင်းခြောက်ထောင် စုံနေအောင် ကြုံတွေ့ရသည်တွင် သံသရာနယ်ချဲ့တရား “ဒိဋ္ဌိ၊ တဏှာ၊ မာန” ဟူသော ပပဉ္စတရားတို့ဖြင့် နေကုန်အောင် ဖြေရှင်းနေကြပါလျှင် (၁၆) နာရီထဲက နှုတ်လိုက်ပါက တစ်နေ့တာအတွက် အချိန်ကို အကျိုးရှိအောင် အသုံးချသော နာရီမှာ သုညသာ အကြွင်းရှိတော့၏။ ထိုသို့ဆိုလျှင် လူ့ဘ၀ရခြင်းကား တန်ဖိုးမဲ့လှ၏။

ကျန်ရှိသည့်အချိန်တို့တွင် သတိသံဝေဂ,တရား အခါခါပွါးပြီး အချိန်ရှိခိုက် လုံ့လစိုက်မှ သင့်တော်ပေမည်။ ယီးတီးယောင်တောင် ယခုတိုင်အောင်နေနေလျှင်ကား စိတ်ချတော့ ဒုန်းဒုန်း သေမင်းက မြင်တိုင်းမုန်းတော့မည်။ သံသရာအဆက်ဆက် ဖွင့်နေကျ ဖြစ်ခဲ့သည့် ထို တဏှာဇာတ် ဓာတ်ပြားဟောင်းကြီးကိုသာ မငြီးမညူ မနားတမ်းဖွင့်နေခဲ့ကြသည်မှာ ယခုဖြင့် ငြီးငွေဖို့ သင့်လှချေပြီ။ ပြန်ပေးပါလို့ တောင်းမရတာက အချိန်၊ မကုန်ဆုံးရန် တားမရတာက လည်း အချိန်၊ ထို့ကြောင့် သတိပညာဖြင့်ချင့်ချိန်၍ အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်မှ သင့်တော့မည်။

တစ်နေ့တာအတွက် ဖော်ပြပါတရားငါးမျိုးမှ တစ်ခုနှစ်ခုရလျှင် တော်သေးသည်၊ သုံးလေးခု ရလျှင် မဆိုးသေး၊ အားလုံးရရှိပါက ကျေနပ်စရာဖြစ်ပါသည်။ ထိုငါးမျိုး တစ်မျိုးမျိုးမှ တစ်နေ့တာအတွက် မရရှိလိုက်ပါလျှင် ထိုနေ့အတွက် သက်သက်အချည်းနှီးသော နေ့တစ်နေ့ သာဖြစ်သည်။ အကျိုးမရှိဘဲ ကုန်ဆုံးသွားသော နေ့တစ်နေ့ဖြစ်၏။ သေဖို့အတွက် စာရင်းသောက်ရင်း အိပ်ရင်းပျော်ပါးရင်းဖြင့် စောင့်နေရသည့် အလောင်းကောင်သက်သက် မဖြစ်စေ သင့်။ အလောင်းကောင်ကို အသုံးချ၍ အချိန်၏ ၀ါးမျိုးမှု အောက်မှ ရုံးထွက်ကြရမည်ဖြစ်၏။

ဘုန်းတန်ခိုးရှိအောင်ကျင့်
ကိုယ်ကျင့်သီလသည် လူ့ဘ၀တွင် ဂုဏ်သိက္ခာကို မြှင့်တင်ပေး၏။ ကြီးမြတ်ခြင်း၏အကြောင်း ဖြစ်သည်။ “သီလ၊ သမာဓိ၊ ပညာ”စသော သာသနာတော်သိက္ခာသုံးရပ်တွင် အစအဦး အခြေခံထားရမည့် တရားလည်းဖြစ်သည်။ အစ၏ကောင်းခြင်းရှိမှသာ အဆုံး၏ ကောင်းခြင်း သို့ ရောက်စေနိုင်မည့် တရားလည်းဖြစ်ပေသည်။

ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နှင့်”ဆိုသည့်အတိုင်း အပြောနှင့်အလုပ် မညီဘဲ ကျင့်ကြံ နေထိုင်ခြင်းသည် ဘုန်းတန်ခိုးကို မှေးမှိန်စေ၏။ ဘုရားရှင်ကဲ့သို့ ငါပြောသလိုလုပ်၊ ငါလုပ် သလိုလည်းလုပ် ဖြစ်အောင် ကျင့်ရမည်ဖြစ်သည်။ ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ တပည့်သားမြေးအဖြစ် ခံယူပြီး အတုယူ ကျင့်ကြံရာ၏။

ဒါနအမှု ပြုကြရာ၌ နာမည်ကြီးချင်လို့၊ အချီးမွမ်းခံချင်လို့၊ လူအထင်ကြီးစေချင်လိုလို့၊ ပေးလျှင် ပြန်ရနိုင်သည့်လာဘ်ကိုမြင်လို့ မလှူဒါန်းသင့်ပေ။ ထိုသို့သောဒါနသည် ဘုန်းတန်ခိုး မှိန်ကြောင်းဖြစ်၏။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ပစ္စည်းတို့ကို ရိုသေစွာ ပေးလှူရာ၏။ ရိုသေစွာ လှူဒါန်းတတ်သော ဘုရားရှင်လက်ထက်က အနာထပိဏ်သူဌေးကြီးတို့၊ ၀ိသာခါကျောင်း အစ်မကြီးတို့သည် ယခုထက်တိုင် အတုယူမှတ်သားဖွယ် ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမကြီးများအဖြစ်၊ လေးစားစရာပုဂ္ဂိုလ်များအဖြစ်၊ စံပြုထိုက်သူများ အဖြစ် သတ်မှတ်ခံရပြီး ဘုန်းကံလည်း လွန်စွာကြီးမားခဲ့ကြသူများ ဖြစ်ခဲ့ပေသည်။ အလှူခံ ပုဂ္ဂိုလ်အပေါ်၊ လှူဖွယ်ပစ္စည်းအပေါ်တွင် ရိုရိုသေသေလှူဒါန်းတတ်သောအမှုတွင် သူဌေးကြီး အနာထပိဏ်နှင့် ၀ိသာခါတို့အား ဥပမာပြ စံထားရမည့်အပြင် အတုယူပြီးလည်း ကျင့်ကြံထိုက် လှ၏။

နာမည်ကြီးလိုရုံသက်သက်ဖြင့် ကောင်းမှုပြုခဲ့ခြင်းကြောင့် နာမည်ကောင်းမထွက်ဘဲ နာမည် ဆိုးသာထွက်ခဲ့သည့် ဦးသာဒွန်းအကြောင်း ပြောပြချင်ပါသည်။ ဦးသာဒွန်းနှင့်ဒေါ်ပုတို့ ဇနီးမောင်နှံတွင် ကောင်းမှုပြုတိုင်း ဒေါ်ပုသာ နာမည်ကြီးပြီး ဦးသာဒွန်းအမည်မှာ တိမ်မြုပ် လို့နေ၏။ သံဃာတော်များအတွက် ကျောင်းဆောက်လှူရာတွင် ထိုကျောင်းကို ဒေါ်ပုကျောင်း ဟု လူသိများကြသည်။ ၎င်းကို ဦးသာဒွန်းကြီး မကျေနပ်ပေ။ အုတ်တံတိုင်းဆောက်လှူရာ တွင်လည်း ဦးသာဒွန်း+ဒေါ်ပုကောင်းမှုဟု ကမ္ဗည်းထိုးထားပါသော်လည်း ဒေါ်ပုအုတ်တံတိုင်း လို့သာ အပြောများကြ၏။ ၎င်းကိုလည်း ဦးသာဒွန်းကြီး အခံရခက်နေသည်။ တစ်ဖန် ဦးသာဒွန်းက လူအများ တည်းခို၊ အနားယူ၊ အပန်းဖြေတတ်သည့်နေရာတွင် ဇရပ်တစ်ဆောင် ဆောက်ပြီး သူ့နာမည်ကို ဆိုင်းဘုတ်မှာ အကြီးကြီးရေးကာ ဒေါ်ပု အမည်ကိုတော့ သေးသေးလေးရေးပြီး လူအများ ကွင်းကွင်းကွက်ကွက် မြင်သာနိုင်အောင် ဇရပ်၏နဖူးစီးမှာ ချိတ်ထားလေ၏။ ထိုတွင်လည်း လူအများက ဒေါ်ပုဇရပ်လို့သာ အသိများကြပြီး ဒေါ်ပုဇရပ်ကြီး ရှိတာ ကောင်းလိုက်တာလို့သာ ချီးကျူးစကား ပြောကြားကြပေသည်။

နောက်ဆုံးတွင် ဦးသာဒွန်းကြီးက လုံးဝ မခံမရပ်နိုင်ကာ ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး ဒေါ်ပု မပါဘဲ ပြုလို့ရသည့် ကုသိုလ်ကောင်းမှုတစ်ခုခုကို စဉ်းစားခန်းထုတ်ပြန်၏။ အကြံရသွား သည်မှာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းဝတ်တော့၏။ ရဟန်းဝတ်ဖြင့် ဆွမ်းခံကြွသည်တွင် လူအများ ဆီးကြိုစကားဖြင့် ပြောကြသည်မှာ “ဒေါ်ပုဘုန်းကြီးကြီး ကြွလာပြီ၊ ဒေါ်ပု ဘုန်းတော်ကြီး ကြွလာပြီ” ဟုသာ ဖြစ်ပြီး ဦးသာဒွန်းမှာ အမည်မက ဘုန်းကြီးဘွဲ့ပါ ကင်းပျောက်သွားသောကြောင့် ဒေါ်ပုကို လက်မြှောက်အရှုံးပေးကာ ဆွမ်းခံ ဆက်မကြွတော့ ဘဲ လူထွက်ရန် ကျောင်းအမြန်ပြေးလေတော့သည်။

လူထွက်ပြီးနောက် အရက်သောက်၊ ဘိန်းစားကာမှ နာမည်အရင်း ပေါ်ထွက်လာလေ၏။ ကလေးလူကြီး ပါးစပ်ဖျားတွင် ရေပန်းစားတော့၏။ “အရက်သမားသာဒွန်း၊ ဘိန်းစားသာဒွန်း” ဟူ၍ မသိသူ မရှိလောက်အောင် လူသိများပြီး အမှားသရုပ် စံပြအဖြစ် ပြောစမှတ် တွင်ရစ်ခဲ့ တော့၏။ နာမည်ကြီးတိုင်း၊ လူသိများတိုင်း ဘုန်းကံကြီးနေခြင်းမဟုတ်ကြောင်း သိထားသင့် ပေသည်။

နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ဘုန်းကံကြီးကြောင်း ကျင့်စဉ်ကောင်းများမှာ-
(၁) ကိုယ်ကျင့်သီလကောင်းရှိခြင်း၊
(၂) ကောင်းတာပြော၊ ကောင်းတာလုပ်တတ်သည့် အပြောနှင့်အလုပ်ညီခြင်း၊
(၃) ဒါနအမှုပြုရာ၌ သက္ကစ္စ- ရိုရိုသေသေလှူဒါန်းတတ်ခြင်းတို့ ဖြစ်ကြပေသည်။ ဘုန်းကြီးလို သော လောဘစော၍ ကြိုးစားအားထုတ်ရမည်မျိုးမဟုတ်၊ ပါရမီအကျင့်ကောင်းဟု သိရှိနား လည်ပြီး ကျင့်ကြံကြိုးစား ပွါးများအားထုတ်ရမည်ဖြစ်၏။

ပညာရအောင်ဆည်းပူး
ပညာရှိဖြစ်ချင်လျှင် ပညာရှိသူကို ပေါင်းရ၏။ ပညာရှိထံ မှီဝဲဆည်းကပ် နည်းယူရပေသည်။ အစဦးစွာ ပညာရှိဖြစ်ချင်စိတ် ရှိရမည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုရှိမှ သူက ကိုယ့်ဆီရောက် မည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုမရှိလျှင် သူက ကိုယ့်ဆီ မရောက်နိုင်သည့်သဘောဖြစ်သည်။

ဘ၀တစ်ခု အစပြုလာသည့်အတွက် စားဝတ်နေရေးအတွက် လုံးပန်းရတော့သည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သူမဆို သင်ကြရပေသည်။ ချမ်းချမ်းသာသာ နေထိုင် စားသောက်၊ ၀တ်စားဆင်ယင်နိုင်ဖို့အတွက် အတတ်ပညာများကို သင်ယူကြရသည်။ လေ့လာ ကြရသည်။ ဆည်းပူးကြရသည်။ ကျွမ်းကျင်မှုရှိအောင်လည်း ကြိုးစားကြရပေသည်။ သို့မှသာ ဘ၀မှာ ချမ်းသာစွာ နေထိုင်နိုင်ကြမည်။ သူတစ်ပါးကို အားကိုးနေရခြင်းထက် ကိုယ့်အားကို ကိုယ်ကိုးနိုင်ခြင်းက ပို၍ ချမ်းသာသည်ဖြစ်ခြင်းကြောင့် မိမိကိုယ်တိုင် တတ်မြောက်အောင် အကျိုးဖြစ်စေသည့် ပညာတို့ကို သင်ယူကြရပေမည်။

ရသမျှပညာတို့ကို သင်ယူတတ်မြောက်ထားသောကြောင့် ဘ၀ကို ဘယ်ပညာရပ်ဖြင့် ဖြစ်စေ ဖြတ်သန်းနေလို့ကလည်း မသင့်တော်သေးပေ။ ငါးမျှားတတ်လို့ တံငှါသည်ဘ၀၊ လေးပစ် ကောင်းလို့ မုဆိုးဘ၀၊ ဖဲရိုက်ကျွမ်းလို့ အလောင်းကစားသမားဘ၀ အဖြစ်ဖြင့်တော့ စားဝတ်နေ ရေး ပြေလည်ပြီးရောလည်း ဘ၀ကို ဖြတ်သန်းဖို့ မသင့်တော်သေးပေ။ သူတစ်ပါးဆင်းရဲပြီးမှ ကိုယ်ချမ်းသာရေးအတွက်တော့ မတောင့်တအပ်ပေ။ မလိုလားအပ်ပေ။ ထို့ကြောင့် ဘ၀ကို ထိန်းကြောင်းတတ်စေရန် လိုအပ်ခြင်းကြောင့် ဘ၀ထိန်းကြောင်းပညာတို့ကိုလည်း ဆည်းပူးရ ပါမည်။ ရှာဖွေရပါမည်။ သတိလက်လွှတ်၍ အချိန်ကို ကုန်မသွားသင့်ပေ။

လောကော သတ္တာန မာစေတော- လောကော= လောကကမ္ဘာကြီးသည်၊ သတ္တာန= သတ္တ၀ါတို့အတွက်၊ အာစေတော= ဆရာသမား ဖြစ်၏။ မိမိပတ်ဝန်းကျင်ရှိ မြင်ရသမျှ၊ ကြားသမျှ၊ ကြုံတွေ့ရသမျှတို့ကို မိမိ၏ဆရာလို့ မှတ်ယူရ၏။ သူတော်ကောင်းများကို တွေ့သည့် အခါတွင် ထိုသို့နေထိုင်ကျင့်ကြံရန်၊ ထိုသို့ အားထုတ်ရန် မိမိအား သင်ပေးနေသည်ဟု မှတ်ယူပြီး လိုက်နာကျင့်ကြံရမည်။ သူယုတ်မာတို့ကို တွေ့သည့်အခါတွင်လည်း ထိုသူတို့သည် မိမိအား ထိုသို့ မပြုလုပ်ရန် သင်ပေးနေသည်ဟု မှတ်ယူကြရမည်။ ၎င်းတို့၏ အကျင့်ဆိုးများ သည် သံသရာ၌ လွန်စွာဒုက္ခရောက်ကြရလိမ့်ဦးမည်ဟု သံဝေဂပွါးပြီး ဆင်ခြင်ရ၏။ လူမိုက်တို့ ၏အလုပ်တို့ကို ရှောင်ကြဉ်ရပေသည်။ ထိုသို့ဖြင့် ဘ၀ကို ထိန်းကြောင်း ပြုပြင်နေထိုင်ရပေ သည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဆုံးမထားသည်မှာ- “လူဟာ ဘယ်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်နည်းဟူမူ အသက် ဆုံးသည့်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်” ဟူ၍ ဆုံးမ ခဲ့ပါသည်။

ဒါန၊ သီလစသော ကံလမ်းဖြင့် လူ၊ နတ်ချမ်းသာသို့လည်းကောင်း၊ ဈာန်ရရှိသော သမာဓိ စွမ်းအားဖြင့် ဗြဟ္မာချမ်းသာသို့လည်းကောင်း ကောင်းရာသုဂတိသို့ ရောက်ရှိခံစားကြရ၏။ ၎င်းမှာ သာသနာပကာလ၌လည်း ရရှိနိုင်ကြသော အခွင့်အရေးတို့ဖြစ်သည်။ ၀ိပဿနာပညာ ကား ဘုရားရှင်တစ်ဆူဆူ ပွင့်ထွန်းပေါ်ပေါက်ချိန်နှင့်ကြုံမှ တတ်မြောက်နိုင်သော ကြုံတောင့် ကြုံခဲသည့်ပညာဖြစ်၏။ ၀ိပဿနာပညာဖြင့် အားထုတ်မှ နိဗ္ဗာန်က ထိုးထွင်း သိမြင်နိုင်မည် ဖြစ်သည်။ ၀ိပဿနာ- ၀ိ= အထူးထူး၊ အပြားပြား၊ အဖန်တလဲလဲ၊ ပဿနာ= ရှုမှတ်ပွါးများ ခြင်းဖြစ်သည်။ မျက်စိဖြင့် ကြည့်လျှင် မောင်ဖြူ၊ မောင်နီ၊ မောင်ညို၊ ငါ့ဒူး၊ ငါ့ပေါင်၊ ငါ့ခြေ၊ ငါ့လက်ဟူ၍ မြင်ရ၏။ ဉာဏ်ဖြင့် ဆင်ခြင်လိုက်လျှင် ရုပ်တရားတို့ ပေါင်းစုထားသော ရုပ်အစု၊ နာမ်တရားတို့ ပေါင်းစုထားသော နာမ်အစုဟု မြင်ရ၏။ ပညာဖြင့်မြင်ရသည့်အခါတွင် ရုပ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘော၊ နာမ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘောသာ ရှိသော ကြောင့် လောကဓမ္မတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သောသဘောသာလျှင် ရှိကြ၏။ ထိုသို့ မမြဲခြင်းကြောင့် ဆင်းရဲလှ၏၊ ထိုတရားတို့သည် မိမိအလိုသို့လည်းမလိုက်၊ မည်သူ တစ်စုံတစ်ဦးက ခိုင်းနေလို့ လုပ်နေခြင်းမျိုးလည်း မဟုတ်၊ ငါပိုင်ငါးစိုးလည်း မရသည် ဖြစ်ခြင်းကြောင့် အတ္တမဟုတ် အနတ္တသဘောတရားတို့သာ ဖြစ်ကြကုန်၏”ဟူ၍ အဖန်တလဲလဲ ရှုမှတ်ပွါးများနေခြင်းသည် ၀ိပဿနာ အားထုတ်ခြင်းပင် ဖြစ်ပေသည်။

ထိုသို့အားထုတ်ရန်အတွက် နေရာရွေးရန်မလို၊ အချိန်ရွေးရန်မလိုပေ။ သတိတရားသာ အမြဲရှိနေရန် လိုအပ်၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးဣရိယာပုတ်ရှိရာတွင် မိမိနှင့် သပ္ပါယမျှအောင်နေပြီး သတိတရားရှိစွာဖြင့် ၀ိပဿနာအားထုတ်ပါလျှင် နိဗ္ဗာန်ကို လျောင်းရင်း ဖြင့်လည်း မြင်ကြရမည်။ ထိုင်ရင်းဖြင့်လည်း မြင်ကြရမည်။ ရပ်ရင်းဖြင့်လည်း မြင်ကြရမည်။ သွားနေရင်းဖြင့်လည်း မြင်ကြရမည်ကို ယုံကြည်စွာအားထုတ်ကြပါကုန်။

နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ပညာသုံးမျိုးမှာ-
(၁) သင်ယူရမည့်အတတ်ပညာ၊
(၂) ဘ၀ကို လမ်းမှန်အောင် ဘ၀ထိန်းကြောင်းရေးပညာ၊
(၃) နိဗ္ဗာန်ရောက်ကြောင်း မဖြစ်မနေအားထုတ်ရမည့် ၀ိပဿနာပညာ တို့ ဖြစ်ကြပေသည်။

ကျန်းမာအောင်နေ
အာရောဂျ ပရမ လာဘ- ကျန်းမာခြင်းသည် မြတ်သော လာဘ်တစ်ပါးဖြစ်၏။ ကျန်းမာမှ တခြားချမ်းသာတို့ကို ရရှိနိုင်မည်ဖြစ်သည်။ မကျန်းမာလျှင် လောကီချမ်းသာရော၊ လောကုတ္တ ရာချမ်းသာပါ ဆုံးရှုံးနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာအောင်နေနည်းပညာ၊ ကျန်းမာရေး ကောင်းကြောင်းအကျင့်တို့ နေ့စဉ် ရရှိအောင် အားထုတ်ရပါမည်။ မနက်တိုင်း ရေသောက်ပြီး သည်နှင့် ဆီး၊ ၀မ်းက,အစ ပုံမှန်ရှိမရှိ သတိထားရပါမည်။ ကျန်းမာရေးကောင်းရန်အတွက် ဆီး၊ ၀မ်း၊ သွေး၊ လေများ ညီညွတ်မှုရှိနေရမည်။

တရားအားထုတ်ရာတွင် ထိုင်မှတရား ထင်နေကြသူများ ရှိကြ၏။ ထိုင်ပြီး နေကုန်အောင် အားထုတ်ခြင်းဖြင့် သွေးလေများ မညီမညွတ်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စင်္ကြံလျှောက်ပေး ရမည်။ တရားအမှတ် မပြတ်ဖို့သာလို၏။ ထိုင်ခြင်းပြတ်သွားလျှင် တရားအားထုတ်ခြင်း ရပ်သွားသည်ဟူသော အစွဲရှိနေလျှင် ဖြုတ်သင့်ပေသည်။ ဘုရားရှင်က နှမ်းတစ်စေ့မျှလောက် သော အစာကိုဝင်လျှင်ပင် အသက်ရှင်နေနိုင်သော ပါရမီထောက်ပံ့သည့် ကိုယ်ခံအားရှိသူ ဖြစ်၏။ ထို့ကြောင့် ဒုက္ကရစရိယအကျင့်ကို ခြောက်နှစ်ကြာကျင့်နိုင်ပေသည်။ ဘုရားအလောင်း တော်တို့မှတစ်ပါး မည်သူမျှ မစွမ်းနိုင်ပေ။ မိမိတို့က တစ်ရက်လောက် ထမင်းမစားလိုက်ရ လျှင်ပင် အားပြတ်ပြီး တရားဆက်အားမထုတ်နိုင်ဘဲဖြစ်နိုင်၏။ “ထမင်းအသက် ခုနစ်ရက်” ဆိုသည့်အတိုင်း ခုနစ်ရက်ထက် အစာငတ်ပါလျှင် အသက်သေသွားနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် မျှတအောင်စားပေးဖို့ လိုအပ်၏။

ဝိပဿနာအားထုတ်ရာတွင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခံပြီး အားထုတ်ရမည် မဟုတ်၊ ဉာဏ်တော့ ဆင်းရဲသည့် အားထုတ်နည်းဖြစ်ပေသည်။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင် နေတတ်ရပါမည်။ စိတ်ချမ်းသာအောင် မနေတတ်လျှင်လည်း ကျန်းမာရေးအတွက် ထိခိုက် နိုင်၏။ ကျန်ဖန်ပြီး စိတ်ပူတတ်သူများ နှလုံးရောဂါရတတ်သောကြောင့် စိတ်အေးချမ်းအောင် နေခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ရမည်ဖြစ်သည်။

မြတ်ဗုဒ္ဓဟောကြားထားသော အောက်ပါအသက်ရှည်ကျန်းမာကြောင်း နည်းလမ်းကောင်းများ ကို ကျင့်ကြံပြီး နေ့စဉ် ကျန်းမာရေးအတွက် အားထုတ်ကြပါလေ-

(၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ၊ အစားအသောက်၊ အနေအထိုင် တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း၊
(၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း၊
(၃) ကြေလွယ်ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း၊
(၄) ငါးပါးသီလမြဲခြင်း၊
(၅) ကလျာဏမိတ္တ-အဆွေခင်ပွန်းကောင်းရှိခြင်း တို့ ဖြစ်ကြပေသည်။

ဥစ္စာရအောင်ရှာ
ဘုရားရှင်က စီးပွါးမရှာရန် တားမြစ်ထားခြင်းမရှိပေ။ စီးပွါးရှာနေလျှင် တရား,မရနိုင်လို့ ဟောကြားမထားပေ။ ထို့ကြောင့် စီးပွါးလည်းရှာ တရားလည်းအားထုတ်ရပေမည်။ သမ္မ လောဘနှင့် ၀ိသမ္မလောဘဟူ၍ နှစ်မျိုးရှိရာတွင် သမ္မလောဘဖြင့် စီးပွါးရှာထိုက်ပေသည်။ ၀ိသမ္မလောဘဖြင့် စီးပွါးမရှာထိုက်ပေ။ သမ္မလောဘဆိုသည်မှာ သူ့ဘက်ကိုလည်းကြည့်တတ်၊ ကိုယ်ဘက်ကိုယ်လည်း ကြည့်တတ်သော စီးပွါးရှာခြင်းမျိုး ဖြစ်၏။ ၀ိဝမ္မလောဘဆိုသည်မှာ ကိုယ်ချမ်းသာပြီးရော၊ သူ ဘာဖြစ်ဖြစ်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူး ရောက်ရောက်ဟူသော ငါတကော, ကောတတ်သည့် ငါကောင်းစားရေးကိုသာ အဓိက ထားပြီး သူတစ်ပါးပျက်စီးကြောင်းကို ထည့်မတွက်ဘဲ ကိုယ်ချင်းစာတရား ခေါင်းပါးသူတို့၏ စီးပွါးရှာခြင်းမျိုးကို ခေါ်ပေသည်။

ထိုနှစ်မျိုးတွင် သမ္မလောဘဖြင့် စီးပွါးရှာရမည်။ ဘုရားရှင်လက်ထက်က အနာထပိဏ် သူဌေးကြီးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။ စီးပွါးဥစ္စာကို ရှာဖွေပါသည်။ တရားရသွားလျှင် ဘာစီးပွါးမှ မရှာတော့ဘဲနေခြင်းမျိုး မဟုတ်ပေ။ သာသနာတော်ကြီးပွါးကြောင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးအား ထောက်ပံ့နိုင်ရန်အတွက် စီးပွါးဥစ္စာမရှိဘဲ လက်ချည်းသက်သက်ဖြင့် သာသနာတော်စည်ပင်ပါစေဟု ဆုတောင်းနေရုံဖြင့် ဖြစ်လာ လိမ့်မည့်မဟုတ်ပေ။ အနာထပိဏ်သူဌေးကြီးကဲ့သို့ အားထုတ်ကြိုးပမ်းသွားရပါမည်။ ယခု ခေတ်ဆိုလျှင် ဦးအောင်မြင့်(လူပျံတော်ပတ္တမြား)သည်လည်း သာသနာတော်အတွက်ရည်စူးပြီး စီးပွါးရှာခဲ့သူတစ်ဦးဖြစ်ပေသည်။ မန္တလေး မစိုးရိမ်စာသင်တိုက်ကြီးအား တည်ထောင်ခဲ့သော သားအဖနှစ်ဦးသည်လည်း ဆင်းရဲနွမ်းပါးသူများဖြစ်လင့်ကစား သာသနာတော်အတွက် ရည်စူးပြီး စီးပွါးရှာခဲ့ခြင်းကြောင့် သာသနာ့အာဇာနည်များ မွေးထုတ်ပေးသည့် ထိုကဲ့သို့သော ကျောင်းတိုက်ကြီးကို တည်ထောင်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။

စီးပွါးရှာရာတွင် သူတစ်ပါးကိုလည်း ကြည့်တတ်ရမည်။ ကိုယ့်အကျိုးလည်း ကြည့်တတ်ရမည်။ အတ္တနှင့်ပရဆိုသော မိမိသူတစ်ပါး အကျိုးကိုကြည့်ပြီး မျှတအောင် ရှာတတ်ရမည်ဖြစ်သည်။ “ဘာပဲလုပ်လုပ် စေတနာကောင်းလေးထည့်လုပ်၊ ဘာပဲရောင်းရောင်း စေတနာကောင်းလေး ထည့်ရောင်း” ဆိုသော အဆုံးအမလေးကို အမြဲနှလုံးသွင်းကာ စီးပွါးဥစ္စာရှာဖွေကြ၍ သာသနာတော် အတွက်လည်း ထောက်ပံ့လှူဒါန်းကြပါက ယခုဘ၀ ချမ်းသာရုံတင်မက နောင်သံသရာလည်း ချမ်းသာပြီး နောက်ဆုံး နိဗ္ဗာန်သို့ အကျိုးပြုသော ပါရမီကုသိုလ်ထူးများ ရရှိသွားကြမည် ဖြစ်ပါသည်။

ကုသိုလ်ရအောင် အားထုတ်
ရေဗူးနှင့် ဖိနပ် မပါလျှင် နွေခါမှ သိမည်၊ ဒါနနှင့်သီလ မပါလျှင် သေခါကျ သိမည်။”ဟူသော ဆောင်ပုဒ်လေးမှာ ဒါန၊ သီလအားထုတ်ဖို့ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။ ရှေးက ဒါနပြုလုပ်ခဲ့သူတို့မှာ ယခုဘ၀ ချမ်းချမ်းသာသာနေနိုင်ကြ၏။ စား၊ ၀တ်၊ နေရေးအတွက် နေကုန်အောင် ပင်းပန်းကြီးစွာ မရှာဖွေရပေ။ သက်သက်သာသာဖြင့် ရရှိသုံးဆောင်နိုင်ကြ၏။ ၎င်းမှာ မိမိတို့ဘေးတွင် မြင်သာသောဥပမာများ ဖြစ်ပါသည်။ သို့သော် မမြင်သာနိုင်သော အချက်တစ်ချက်ရှိ၏။ တချို့ အကုသိုလ်အလုပ်ဖြင့် စီးပွါးရှာသော်လည်း ချမ်းသာနေကြပြီး တချို့ ကုသိုလ်တရားပွါးများပြီး ကောင်းရာကောင်းကြောင်း လုပ်ကိုင်စားသောက်ပါသော် လည်း ဆင်းရဲနွမ်းပါးနေကြ၏။ ထိုကွာခြားချက်ကိုမြင်လျှင် ကံ,ကံ၏အကျိုးကို မယုံကြည်ဘဲ ရှိတတ်ပေသည်။

ဘုရားရှင်ဟောကြားထားသော ကံလေးမျိုးရှိ၏။ (၁) အဖြူကံ၊ (၂) အမည်းကံ၊ (၃) အဖြူ အမည်း ရောသည့်ကံ၊ (၄) အဖြူအမည်း မရောသည့်ကံတို့ ဖြစ်ကြသည်။ အဖြူကံသည် ကုသိုလ်ကောင်းမှု လုပ်ခဲ့သောကြောင့် ကောင်းကျိုးသက်သက်ပေးခြင်း၊ အမည်းကံသည် မကောင်းသည့် အကုသိုလ်လုပ်ခဲ့သောကြောင့် ဆိုးကျိုးသက်သက်ပေးခြင်း၊ အဖြူအမည်း ရောသည့်ကံသည့် ကောင်းသည့် ကုသိုလ်အလုပ်ရော၊ မကောင်းသည့် အကုသိုလ်အလုပ်ရော ဒွန်တွဲလုပ်ခဲ့သောကြောင့် ကောင်းကျိုးဆိုးကျိုး ရောနှောပေးခြင်း၊ အဖြူအမည်း မရောသည့် ကံမှာ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ် ၀ိပဿနာကုသိုလ်ကို ဆိုလိုခြင်းဖြစ်၏။ အဟတ္တမဂ်ဖိုလ်ကုသိုလ်ပင်ဖြစ်သည်။ သံသရာ၌ အဖြူအမည်း ရောသည့်ကံများ ပြုလုပ်ခဲ့ သောကြောင့် ယခုဘ၀တွင် ကောင်းမှုဖြင့်လုပ်စားသော်လည်း အတိတ်က အကုသိုလ် အကျိုးပေးနေချိန်တွင် ကောင်းကျိုးချမ်းသာများ မရရှိမခံစားရပေ။ မကောင်းမှု အကုသိုလ် အလုပ်တို့ဖြင့် စီးပွါးရှာသော်လည်း ကြီးပွါးတိုးတက်အောင်မြင်နေပြီး ချမ်းသာကြွယ်ဝ နေကြခြင်းမှာ အတိတ်က ကုသိုလ်အကျိုးပေးနေချိန် ဖြစ်သောကြောင့် ရရှိခံစားနေရခြင်း ဖြစ်ပေသည်။

ဒါနပြုရာတွင် ဒါန၏အကျိုးကို သိထားခြင်းသာဖြစ်ပြီး အကျိုးကိုမျှော်ပြီးလှူခြင်းမျိုး မဟုတ်ပေ။ သူတစ်ပါးချမ်းသာရေးအတွက် မေတ္တာစိတ်သက်သက်ဖြင့် ပေးကမ်းခြင်းဖြစ်၏။ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် ပေးလှူရပေသည်။ ထိုသို့ရည်စူးပြီး ဒါနပြုရာတွင် “တစ်ယာ ကွမ်းဆေး၊ ရေအေးတစ်ခွက်၊ ဆီတစ်စက်နှင့်၊ လက္ဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမှု၊ ရရာပြုလော့။” ဟူသော မာဃဒေ၀လင်္ကာအတိုင်း ကျင့်ကြံအား ထုတ်ကြပါကုန်။

ဒါနသာပြုခဲ့ပြီး သီလမပါခဲ့သူများမှာ အသက်ကြာရှည် မနေရဘဲရှိ၏။ တချို့ အမိဝမ်းထဲမှာပင် သေကြရ၏။ တချို့ မွေးပြီးချင်း သေကြရ၏။ တချို့ အရွယ်ငယ်စဉ်မှာ သေကြရ၏။ ထိုသို့ အသက်တိုခြင်း၊ အနာရောဂါထူပြောခြင်း၊ အင်္ဂါမပြည့်စုံခြင်းစသည်တို့မှာ သံသရာက သီလ နည်းခဲ့သောကြောင့် ဖြစ်သည်။ ပစ္စည်းဥစ္စာပေါကြွယ်ဝသော်လည်း သီလနည်းခဲ့သောကြောင့် ထိုသို့သော ဆိုးကျိုးများနှင့် ရင်ဆိုင်ရကာ စိတ်မချမ်းမသာဖြစ်ကြရပေ၏။ ဒါန၏အကျိုးတရား တို့မှာ သီလပါမှ ပိုပြီး ပြည့်စုံကောင်းမွန်စွာ အကျိုးခံစားနိုင်ပေသည်။ ထို့ကြောင့် ဒါနလည်းပြု သီလလည်းဆောက်တည်ကြရန် အားထုတ်ကြရပါမည်။

စိတ်ချမ်းချမ်းသာသာဖြင့် နေနိုင်ရန်အတွက် သမထဘာဝနာ ပွါးများအားထုတ်ကြရ၏။ စိတ်၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ပညာရရန်လည်း လွယ်ကူ၏။ စိတ်ငြိမ်သည့်အတွက် အာရုံတရားများနောက်သို့ စိတ်ဗျာမများတော့ဘဲ ငြိမ်ငြိမ်းချမ်းချမ်း နေနိုင်၏။ တရား အားထုတ်ရာတွင် အစောင့်အရှောက် သမထကမ္မဋ္ဌာန်များဖြစ်သည့် မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ မရဏာနုဿတိကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ရ ပေသည်။ မေတ္တာပွါးခြင်းဖြင့် စိတ်အေးချမ်းမှု ရရှိ၏။ ဘေးရန်လည်းကင်း၏။ တရား အားထုတ်ရာတွင် အနှောင့်အယှက်များ နည်းပါးသဖြင့် စိတ်ချမ်းသာနိုင်ပေသည်။ ဘုရား ဂုဏ်တော်များ အခါခါပွါးခြင်းဖြင့် ဘုရားကို ကြည်ညိုသော သဒ္ဓါတရားများ ထက်မြက် စေသည်။ အကြွင်းမဲ့ ယုံကြည်စိတ်များ ရောက်ရှိလာ၏။ ထို့ကြောင့် ဘုရားဆုံးမသည့်အတိုင်း ကျင့်ကြံအားထုတ်မှုများ ပို၍ပို၍ ယုံကြည်စွာ လုပ်ဆောင်လာနိုင်ပေသည်။ မရဏာနုဿတိပွါး များခြင်းဖြင့် သတိတရားကို ဖြစ်စေ၏။ သေခြင်းတရားကို အမှတ်ရနေသည်ဖြစ်ခြင်းကြောင့် ကောင်းမှုတို့ကို မမေ့မလျော့ ပွါးများအားထုတ်လိုစိတ်များ ထက်သန်စေပေသည်။ အသုဘ ကမ္မဋ္ဌာန်းပွါးခြင်းသည် လောဘကို အမြန်ကုန်စေသောကမ္မဋ္ဌာန်းဖြစ်၏။ သံသရာအဆက်ဆက် ဒုက္ခဖြစ်ကြောင်း ထိုလောဘတရားကြောင့် ရှည်ကြာစွာ ကျင်လည်ခဲ့ရပေပြီ။ ခင်တွယ်စရာ၊ တက်မက်စရာဟူ၍ အခါခါပွါးနေသူ၌ လောဘတရား တိုးပွါးကြပြီး ရွံရှာစရာ၊ မတင့်တယ် ဖွယ်ရာကို အခါခါပွါးများသူတို့တွင် လောဘကို အမြန်ကုန်စေ၏။ တရားအားထုတ်ရာတွင် ထို အစောင့်အရှောက် ကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ပေးကြရပါမည်။

နက်နဲခက်ခဲသည့်တရားတို့ကို ပညာကြီးသူတို့သည် လျင်မြန်လွယ်ကူစွာ သိနိုင်၏။ ၀ိပဿနာ တရား အားထုတ်ခြင်းဖြင့် ပါရမီမပြည့်သေး၍ ယခုဘ၀ နိဗ္ဗာန် မမြင်ရသေးတောင်မှ နောင်ဘ၀ အဆက်ဆက် ပညာကြီးရင့်ကြောင်း ကုသိုလ်ဖြစ်၏။ ဘုရားရှင်လက်ထက်တော်၌ တရားတော် ကို တခဏမျှဟောကြားလိုက်ရုံဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိသူတို့မှာ သံသရာက ၀ိပဿနာတရား ပွါးများခဲ့ကြသူများဖြစ်၏။ “၀ိပဿနာ တရား အခါခါ ပွါးများပါသော်လည်း တရားမရသေး”ဟူ၍ စိတ်ပျက်အားငယ်ရန် မနေသင့်ပေ။ ပါရမီတရား မပြည့်မခြင်း ဖြည့်ကျင့် ဆည်းပူးရသည်ဖြစ်ခြင်းကြောင့် စိတ်ရှည်ဇွဲသန်သည်းခံပြီး ပွါးများအားထုတ်ကြရမည်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသလို ပြောရလျှင် သတိတရားမပြတ်မလပ်ဘဲ အားထုတ်နိုင်ပါက မနက်အားထုတ် ညနေ တရားရနိုင်ပေသည်။ သေခါနီးအထိ အားထုတ် နောက်ဘ၀ သောတာပန် အရင်ဖြစ်နှင့်မည်။ နောက်ဘ၀ သောတာပန် မဖြစ်နှင့်သေးလျှင် လည်း ဓမ္မကထိကနတ်သားက ဘုရားတရား ဟောကြားပေးလိုက်သည်နှင့် ချက်ချင်း တရားရသွားနိုင်ပေသည်။

နေ့စဉ် ကုသိုလ်ရအောင်အားထုတ်ရမည်မှာ ဒါနပြု၊ သီလဆောက်တည်၊ သမထအားထုတ်၊ ၀ိပဿနာပွါးများခြင်းဖြင့် ကျင့်ကြံရပေမည်။ ငါတို့ဖြင့် ၀ိပဿနာမှ ၀ိပဿနာဟူ၍ ဒါန၊ သမထ တို့ကို ပစ်ပယ်၍လည်း မနေသင့်ပေ။ တချို့ရှိတတ်လို့ သတိပေးခြင်းဖြစ်၏။ ဒါနသည် သံသရာရှည်သည်ဟု ဟောကြားသူများရှိကြပေသည်။ ဒါနသည် လောဘကိုသတ်ခြင်း ဖြစ်၏။ ကိုယ့်မှာရှိနေသည့် ပစ္စည်းဥစ္စာတို့ကို ခင်တွယ်သည့် လောဘတဏှာကို ပယ်သတ်နိုင်မှ ဒါနကို ပြုနိုင်ခြင်းဖြစ်သည်။ ဆရာကြီး ဦးရွှေအောင်ရေးသားခဲ့သည့် “တစ်စတစ်စ၊ စွန်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏။”ဆိုသည့်အတိုင်း လောဘကို တစ်စတစ်စ စွန့်နိုင်ပြီး နောက်ဆုံး ကုန်ခန်းသွားပြီး ဘ၀နိဂုံး အဆုံးသတ်နိုင်ကြမည် ဖြစ်သည်။

နေ့စဉ်နေ့တိုင်း ရရှိအောင် ပွါးများအားထုတ်ရမည့် (၁) ကုသိုလ်၊ (၂) ဥစ္စာ၊ (၃) ကျန်းမာရေး၊ (၄) ပညာ (၅) ဘုန်းတန်ခိုး စသည်တို့ကို အနှစ်ထပ်ထုတ်လိုက်လျှင်
(၁) ကျန်းမာရေးကို အထူးဂရုစိုက်ပြီး
(၂) နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တရားအားလုံးတို့ကို ပွါးများအားထုတ်ရမည် ဖြစ်ပါသည်။

နေ့စဉ် ထိုငါးမျိုး ရရှိအောင် အားထုတ်ဖို့ သတိဖြစ်စေရန်အတွက် “ငါးမျိုး = ယနေ့ ဘာရပြီးပြီလဲ?” ဟူသော မေးခွန်းလေးကို မိမိကိုယ်ကို နေ့စဉ် မေးသင့်ပေသည်။ ည အိပ်ယာ ၀င်ချိန် မအိပ်ခင် မေးမိလိုက်လို့ ဘုရားရှိခိုးပြီးမှအိပ်လိုက်လျှင်ပင် လွန်စွာအကျိုးများသွားပါ မည်။ ဘုရားရှင်လက်ထက်က စဏ္ဍာလီဟူသော မိန်းမကြမ်းကြီးသည် သာသနာတွင်း လူဖြစ် ခွင့်ရသော်လည်း တောင်မွေးကို အဖော်ပြုချိန်အထိ ဘုရား၊ တရား၊ သံဃာကိုပင် ကိုးကွယ်ရ ကောင်းမှန်း မသိခဲ့သူဖြစ်၏။ တစ်နေ့ မြတ်စွာဘုရားရှင်က ထို အမျိုးသမီးကြီးသည် သေပြီးနောက် ငရဲသို့ လားရတော့မည်ကို မြင်လေသည်။ ဘုရားရှင်က ချီးမြှောက်တော်မူလို သောကြောင့် ထို အမျိုးသမီးကြီး သေရမည့်လမ်းမှ ဆီးကြို၍ ကြွချီတော်မူ၏။ လမ်း၌ ဆုံသော အခါ ဘုရားရှင်က ရပ်တော်မူပြီး အရှင်အာနန္ဒာအား ကြည့်တော်မူလေသည်။ အရှင်အာနန္ဒာ လည်း ထိုအမျိုးသမီးကို ဘုရားရှင် ချီးမြှောက်တော်မူလိုကြောင်းသိပြီး “လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် အသင့်အား ချီးမြှောက်ရန် လာခဲ့ခြင်းဖြစ် သည်” ဟုဆိုပြီး ဘုရားရှင်အား ရှိခိုးရန် တိုက်တွန်းလေ၏။

စဏ္ဍာလီအဘွားအိုကြီးသည် ဘုရားရှင်၏ မဟာကရုဏာတော်ဖြင့် ကြည့်ရှုနေသည်ကို မြင်လျှင် လောက၌ အမြတ်ဆုံး ဘုရားရှင်အား ယခုမှ သိခွင့်ရတယ်၊ ငါ့လိုလူကိုတောင် ကရုဏာထားတော် မူပေတယ်ဟူ၍ သတိသံဝေဂဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ခြေဖမိုးတော်ကို အားရပါးရ ရှိခိုးလေ၏။ ဘုရားရှင်လည်း အထောက်အပံ့ကောင်း ရသွားသည်ဖြစ်ခြင်းကြောင့် ဆက်လက်၍ ကြွချီတော်မူလေသည်။ အမျိုးသမီးကြီးသည် ဘုရားရှင်အား ကြည်ညိုရင်း ကျန်ရစ်ခဲ့ပြီး ခရီးဆက်လေသော် နွားခွေ့ခံရကာ ထိုလမ်းမှာပင် သေဆုံးပြီး ဘုရားရှင်အား ကြည်ညိုစိတ်ကြောင့် နတ်ပြည်၌ စန္ဒာလီနတ်သမီးအဖြစ် ထင်ရှားဖြစ်ခဲ့လေသည်။

စာရှုသူဓမ္မမိတ်ဆွေအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ပါရမီကုသိုလ်တရားများ ပွါးများ အားထုတ်နိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

30 Jun 2010

ရှောင်ကွယ် ဓမ္မ အန္တရာယ်များ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကျွန်ုပ်တို့သည် အ၀ိဇ္ဇာ အမှောင်ထုကြောင့် ၀ိဇ္ဇာဉာဏ်ကင်းပျောက်ကာ နိဗ္ဗာန်သို့ မျက်မှောက် မပြုနိုင်ဘဲ ရှိခဲ့သည်မှာ ဂင်္ဂါဝါလု သဲစုမကအောင် ဘုရားအဆူဆူလည်း ပွင့်တော်မူခဲ့ပြီ၊ အသင်္ချေအနန္တ ဒုက္ခသည် ဘ၀တွေလည်း စုံခဲ့ပြီ၊ မာနတံခွန် အလံထူပြီး လူ့ချမ်းသာ စကြာမင်း၊ နတ်ချမ်းသာ သိကြားမင်းနှင့် ကမ္ဘာများစွာ သက်တန်းရှည်ကြာ ဈာန်ချမ်းသာ ခံစားပြီး ဗြဟ္မာမင်းကြီး အဖြစ်နှင့်လည်း ဘ၀များစွာ ခံစားခဲ့ချေပြီ။ ရရှိထားသည့် ချမ်းသာလေး အစဉ်မြဲနေသည် အထင်တစ်လုံးနှင့် ရကျိုးမနပ်ခဲ့သည့်အဖြစ်တို့နှင့်သာ စုံခဲ့လှပေပြီ။


သာသနာနှင့်လည်းကြုံ၊ သာသနာကိုလည်း ကြိုက်နှစ်သက်ကာမှ မြတ်ဗုဒ္ဓ ဒေသနာတော်က နားထဲသို့ ရောက်ခွင့်ရကာ နှလုံးသားမှာ ဘုရားတည်နိုင်ကြ၏သာသနာနှင့်လည်း မကြုံ၊ ကြုံဆုံပင်ငြားသော်လည်း သာသနာတော်ကိုမကြိုက်တော့ အမှားနောက် ကောက်ကောက် ပါအောင် တောက်လျှောက်လိုက်နေရသည်နှင့် ဘုရားစကား နားမချမ်းသာ ကုလားမည်း မြက်ထမ်းသမားလို တရားနာရာ၌ ခါးလည်းပူ နာလည်းပူတွင် ခါးကိုသာအပူခံနိုင်၊ နားကိုတော့ အပူမခံနိုင်သကဲ့သို့ဖြစ်ပြီး နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာကို ပယ်ခွင်းကြကုန်၏

အ၀ိဇ္ဇာ- မသိမှုကြောင့် “ပေါက်တတ်ကရတွေ အတော်လုပ်တတ်တဲ့ကောင်”ဟူ၍ လောကီ အလုပ်တို့တွင် အသုံးမကျမှုတို့ကို အချင်းချင်း ကဲ့ရဲ့ခြင်းပြုကြ၏။ လောကုတ္တရာပညာရဖို့ အ၀ိဇ္ဇာ အဓိပ္ပါယ်မှာ-
- သိသင့်တာတွေကို မသိတာ အ၀ိဇ္ဇာ
- မသိသင့်တာတွေကို သိနေတာ သည်လည်း အ၀ိဇ္ဇာပင်ဖြစ်၏။”
သိသင့်တာတွေကို သိမထားတော့ ကိုယ်ထင်ရာ လျှောက်လုပ်တော့၏။ မသိသင့်တာ တွေကိုသာ သိထားပြန်တော့လည်း ကိုယ်လုပ်တာ အမှန်ထင်ပြီး လျှောက်လုပ်ပြန်ပါသည်။ ဘုရားစကားကို ပယ်ခွင်းမိလို့ ထိုထိုသော အမှားတွေရင်းပြီး ရရှိခဲ့သည့်အမြတ်တို့မှာ ဘ၀၏ ဒုက္ခဇာတ်လမ်း၌ ဆက်လက်ကာ သရုပ်ဆောင်နေကြရသည့်အဖြစ်နှင့် အာမငြောင်းတမ်း ဆို၊ မျက်ရည်မခန်းစတမ်း ငိုကြရပြီး ကွေးနေအောင် က၊ ဆွေးနေအောင် လွမ်းပြကြရင်း မငြီးငွေ့စတမ်း နေခဲ့ကြသည်မှာ ကမ္ဘာအသင်္ချေအနန္တ ရှိခဲ့လေပြီ။

ဒုက္ခ၏အဆုံး၊ ချမ်းသာခြင်း၏အမွန်မြတ်ဆုံးဖြစ်သည့် သန္တိသုခ(နိဗ္ဗာန်)သို့ အလျှင်မြန်ဆုံး မျက်မှောက်မပြုနိုင်အောင် တားဆီးတတ်သည့် ဓမ္မအန္တရာယ်များကို လွန်ကျူးလွန်မိခဲ့ခြင်း ကြောင့် ပါရမီတော်ဆည်းပူးခဲ့သည့် အလောင်းတော်ကြီးများပင် အာသဝေါကုန်ခန်းအောင် ကျင့်ကြံပြီးသော်လည်း လောကဓံဒုက္ခဆိုးတို့ဖြင့် ပရိနိဗ္ဗာန်ပြုကြရသည့်အဖြစ်တို့ ရှိခဲ့ကြပေ သည်။ လောကတွင် ပြောကြသည့် “အသေဆိုးလိုက်တာ”ဟူ၍ဖြစ်၏။ အသေဆိုးခြင်း၊ လှခြင်းကို ခန္ဓာကိုယ်ပျက်ယွင်းမှုနှင့် လောကလူတို့ တိုင်းတာကြခြင်းဖြစ်ပါသည်။ အမှန်မှာ ဘုရားရှင်အလိုတော်အရ ဘ၀မှန်က ဘယ်ဘ၀မှ မကောင်း၊ ဘ၀ဆုံးသည့် နိဗ္ဗာန်သာလျှင် အမွန်မြတ်ဆုံးအဖြစ် ဘုရားရှင် ဆုံးမတော်မူသောကြောင့် အာသဝေါကုန်ခန်းပြီးလျှင် ပုံစံမျိုးစုံ ဖြင့် သေ၊ ထိုသူ အသေလှသူဖြစ်၏။ သေပြီးနောက် ဘ၀ရှိနေသေးလျှင် ထိုသူ အသေမလှ သေးပေ။

အသေလှခြင်း မလှခြင်းက နောင်၊ မသေခင်ရှောင်ကြရမည့် ဓမ္မအန္တရာယ်များကိုကား နိဗ္ဗာန်မရခင် ကြားကာလ၌ သိထားကြရမည့် အချက်များဖြစ်သောကြောင့် ရှောင်သင့် သည်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်နိုင်ကြရအောင် ဤဓမ္မဆောင်းပါးဖြင့် သံသရာတစ်လျှောက် မတော်စပ်ခဲ့ဘူးသော ဆွေမျိုး၊ မတင်ခဲ့ဘူးသော ကျေးဇူးမည်သည် မရှိရိုး အမှန်ပင်ဖြစ်ခြင်းကြောင့် ထို ကျေးဇူးတရားတို့ကို ဦးညွှတ်ပြီး ကျေးဇူးဆပ် ရေးသား တင်ပြလိုက်ပါသည်။

အမှတ်(၁) ဓမ္မ အန္တရာယ်- “ကံမန္တရာယ်”
ကောင်းတာလုပ်က ကောင်းကျိုးရ၊ မကောင်းတာလုပ်က ဆိုးကျိုးရ”သည်မှာ ဗုဒ္ဓဘာသာဝင် တိုင်း သိရှိထားကြသည့် အခြေခံသမ္မာဒိဋ္ဌိ အစဦးဆုံး အမြင်မှန်တရားဖြစ်၏။ ထိုအမြင်မှန် တရား စဦးဖြာ၍ ယုံကြည်လက်ခံမှု မရှိကြသူများမှာ အမှန်(၁)ဓမ္မအန္တရာယ်များကို ကျူးလွန် မိတတ်သည်မှာ မလွဲဧကန်သာဖြစ်ပါသည်။ ထို့ကြောင့် သာသာနာပ ကာလတို့၌ ထိုကံကို ကျူးလွန်မိကြသောကြောင့် ဘ၀အသေင်္ချေ အပါယ်ဆင်းရဲတွင် ခံစားကြရ၏။ ဘုရားရှင်တရား နာကြားခွင့် မရရှိလို့ ကံ,ကံ၏အကျိုးကို သိခွင့်မရဘဲ ကျူးလွန်မိကြသည်ကို အသာထား၊ ဘုရားရှင် ပွင့်ထွန်းချိန်တွင် သစ္စာလေးပါးတရားတွေ တသွင်သွင်ဟောကြားနေစဉ်ကာလ၌ ဘုရားရှင်ကို ကန့်လန့်တိုက်သည့် အရှင်ဒေ၀ဒတ်လို ပစ္စေကဗုဒ္ဓအလောင်းအလျာသည်ပင် ဘုရားနားကပ်၍ မိုက်ခဲ့မိလို့ ယခု အ၀ီစိတွင် ခံစားလို့ နေရချေပြီ။

မဂ်ဖိုလ်ကို တားမြစ်သည့် ထို အမှတ်(၁) ဓမ္မအန္တရာယ်တို့မှာ ပဉ္စာနန္တရိယကံ (၅)ပါးတို့ ဖြစ်ကြ၏။ ၎င်းတို့မှာ-
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) ရဟန္တဃာတက = ရဟန္တာအရှင်မြတ်ကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမိသောကံနှင့်
(၅) သံဃဘေဒက = ဘုရားသား သံဃာတော်များအား အချင်းချင်း ညီညွတ်မှုမရှိအောင် သံဃာဂိုဏ်းခွဲသောကံ တို့ဖြစ်ကြ၏။

ထိုငါးပါးသောကံတို့တွင် သံဃာဂိုဏ်းခွဲသောကံကို လူတို့မကျူးလွန်နိုင်၊ ဘုရားသားတော်များ ချင်းသာ ကျူးလွန်နိုင်သောကံဟု မှတ်သားသိရှိရပါသည်။ အကြောင်းမှာ သံဃာတော်များ သိမ်တော်အတွင်း ဒေသနာကြား၊ ဥပုသ်ပြုကြရာ၌ ကျောင်းရှိ သံဃာတော်များ အညီအညွတ် ပြုလုပ်ကြသည်တွင် ညီညွတ်မှုမရှိဘဲ သံဃာအချင်းချင်း ဂိုဏ်းကွဲအောင် လုပ်ခြင်းမျိုး ဖြစ်ကြောင်း ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏တရားမှ မှတ်ချက်စကား နာကြားခဲ့ရပါသည်။ ဆရာ့စကားလည်း ထောက်ခံ၊ လွန်ပို၍နာခံတတ်ကြစေရန် အကြံပြုလိုသည်မှာ လူတို့လုပ်က ထိုကံ မဟုတ်ဟု မမှတ်ယူမိကြစေရာ၊ မကျူးလွန်မိဖို့သာ သတိတရား လက်ကိုင်ထား၍ ရှောင်ရှားသင့်ပါပေသည်။

ပဉ္စာနန္တရိယကံ ကျူးလွန်မိ၍ ဒုက္ခတွေ အလူးအလဲ ခံ၊ မဂ်ဖိုလ်ကို တော်လှန်မိကြသည့် ပုဂ္ဂိုလ်တို့၏ သာဓကများမှ ပမာတစ်ခု ပြရပါလျှင် ဘုရားရှင်လက်ထက်က အဖသတ်သား မင်းတရား အဇာတသတ်မင်းကြီးကို ပြဆိုပါမည်။ မင်းကြီးသည် “သာမညဖလသုတ်”- ရဟန်းပြုရခြင်း၏ အကျိုးတရားတွေကိုပြဆိုသော တရားတော်ကြီးကို နာကြားပြီးမှ အမြင်မှန်ရရှိကာ သူတော်ကောင်းဘ၀ ရောက်ရှိခဲ့သူဖြစ်ပြီး သာသနာတော်စည်ပင်ကြောင်း အတွက် ပထမသင်္ဂါယနာတင်ရန် ထောက်ပံ့ပေးနိုင်ခဲ့သော မင်းတရားကြီးဖြစ်ခဲ့၏။ သာမည ဖလသုတ် တရားတော်ကို နာကြားပြီးနောက် ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ဘုရားရှင်အား ကြည်ညိုကြ သော ဒကာ ဒကာမတို့တွင် အမြတ်ဆုံး၊ အသာဆုံးသူ ဖြစ်ခဲ့၏။ အဖကို နန်းချ၍ မင်းအဖြစ် အတင်းလုပ်ကာ အဖခြေဖ၀ါးကို ဓားဖြင့်ခွဲ၊ အစာငတ်အောင်ထားပြီး ရက်ရက်စက်စက် သတ်ခဲ့ခြင်း ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်မိခဲ့သောကြောင့် သာမညဖလသုတ် နားကြားပြီး လျှင် သောတာပန်တည်နိုင်လောက်သည့် ပါရမီရှိထားသော်လည်း မဂ်ဖိုလ်နှင့် လက်တစ်ကမ်းအလိုတွင် ထို ပဉ္စာနန္တရိယကံ မဟာတံတိုင်းကြီး ကာဆီးထားခြင်းကြောင့် မဂ်ဖိုလ်နှင့်ဝေးကာ သေပြီးနောက် အပါယ်ဘုံဒုက္ခဘေးသို့ ကျရောက်ရ ရှာလေသည်။

မြတ်စွာဘုရားရှင်က ကယ်တင်ရှင်လည်း မဟုတ်သော၊ ဖန်ဆင်းရှင်လည်း မဟုတ်သော၊ ကိုယ့်အလုပ် ကိုယ်ပြီးအောင်လုပ်တတ်ဖို့သာ လမ်းညွှန်ပေးတော်မူသော အရှင်ဖြစ်၏။ ဘုရားရှင်၏ဆုံးမစကားအတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်းကြောင့် ပဉ္စနန္တရိယကံ ကျူးလွန်မိသူဖြစ်လျှင် မည်သူမဆို ထိုအတိုင်း အကျိုးပေးခြင်းဖြစ်၏။ ထိုအတိုင်း ခံစားရမည်သာဖြစ်၏။ ဤကဲ့သို့ မဂ်ဖိုလ်ကိုလည်း တားမြစ်၊ အပါယ်သို့လည်း ချပစ်တတ်သည့် အမှတ်(၁) ဓမ္မ အန္တရာယ်ကြီးကို ပမာထုံး နှလုံးမူပြီး လူ့အဖြစ် မရှုံးရအောင် ရှောင်ကြဉ်နိုင်ကြ သည့်အပြင် မိဘကျေးဇူးကိုလည်း ဆပ်၊ သံဃာတော်အရှင်သူမြတ်တို့ကိုလည်း ထောက်ပံ့ ကြပြီး အိမ်တွင်း၌ ဘုရားရှင်ကြွရောက်နေသလို ဆွမ်း ပန်း ရေချမ်း၊ ဆီမီး ခဲဖွယ် အသွယ်သွယ်တို့ဖြင့် သူ့အချိန်နှင့်သူ လှူဒါန်းဆက်ကပ်ပြီး အထူးထူးသော ကုသိုလ်မြတ် တို့ကို လက်မလွတ်စတမ်းအရယူကာ သာသနာနှင့် တွေ့ကြုံကျိုးနပ်သူများဖြစ်အောင် ကျင့်ဆောင်ကြပါလေ။

အမှတ် (၂) ဓမ္မ အန္တရာယ်- “ကိလေသန္တရာယ်”
ကိလေသ ရန်စွယ် ခပင်းမကျန်အောင် ပယ်ခွင်းပြီးမှ ဇာတိဇာတ်က ရပ်တန့်မည်ဖြစ်၏။ ကိလေသာဆယ်ပါးမှ မဂ်ဖိုလ်ကို အဓိကတားဆီးသည့် အမှတ်(၂) ဓမ္မ အန္တရာယ်ကြီးမှာ အယူမှားသည့် ဒိဋ္ဌိကိလေသာတရားပင်ဖြစ်၏။ ဒိဋ္ဌိ (၃၂) မျိုးရှိရာတွင် ခြုံငုံ၍သိထားသင့်သည့် ဒိဋ္ဌိတို့ကိုသာ ဖော်ပြပေးပါမည်။ ၎င်းတို့မှာ-
(၁) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်သော ရုပ်၊ နာမ်တရားတို့ကို “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ဒူး၊ ပေါင်၊ ခါး၊ ခြေ၊ လက်၊ သား၊ သမီး၊ မြေး၊ မြစ်”ဟု အမြင်မှားခြင်း။
(၂) သဿတဒိဋ္ဌိ = ခိုင်သည်၊ မြဲသည်၊ တည်သည်၊ တန့်သည်၊ ဘ၀ကူးသည်၊ ဘ၀ဆက် သည်၊ အသက်ဆက်သည်၊ လိပ်ပြာခွဲသည်၊ လိပ်ပြာခေါ်သည်၊ လိပ်ပြာစင်သည်၊ ကူးတို့ခ ထည့်သည်ဟု အယူဝါဒရှိခြင်း။
(၃) ဥစ္ဆေဒဒိဋ္ဌိ = ပြတ်သည်၊ စဲသည်၊ ယခုဘ၀ သေပြီးလျှင် နောင် ဘာမှ မဖြစ်တော့ဘူးဟူ၍ အယူမှားခြင်း။
(၄) နိယတမိစ္ဆာဒိဋ္ဌိ = စွဲစွဲမြဲမြဲ သေသည်အထိ ယူထားသော အယူရှိသည့် နိယတမိစ္ဆာဒိဋ္ဌိ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ-
(က) နတ္ထိကဒိဋ္ဌိ = ဘာလုပ်လုပ် အကျိုးတရားမရှိဟု ယူဆခြင်း (ကောင်းကျိုး၊ ဆိုးကျိုး တစ်စုံတစ်ရာ မရှိဟူ၍ ယူခြင်း)။
(ခ) အဟေတုကဒိဋ္ဌိ = အကြောင်းတရားလည်း မရှိ၊ ကံတရားလည်း မရှိဟု ယူဆခြင်း (အကြောင်းကံကို ပယ်သောအယူ)။
(ဂ) အကိရိယဒိဋ္ဌိ = ကုသိုလ်၊ အကုသိုလ်မရှိဟု ယူဆခြင်း (ကောင်းမှုပြုသော်လည်း ပြုသည် မမည်၊ မကောင်းမှုပြုသော်လည်း ပြုရာမရောက်ဟု ယူသောအယူ) တို့ ဖြစ်ကြပါသည်။

ထို အမြင်မှား၊ အယူမှား ဒိဋ္ဌိတရားများက မဂ်ဖိုလ်ကို တားဆီးကြ၏။ ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “တရား နောက်မှ အားထုတ်၊ ဒိဋ္ဌိ အရင်ဖြုတ်”ဟူ၍ ကရုဏာတရား ရှေ့ထား၍ ဆုံးမထားခဲ့ခြင်းဖြစ်၏။ မဟာကရုဏာရှင် မြတ်စွာဘုရားကလည်း ဒိဋ္ဌိကို အရင်ဦးစွာဖြုတ်ကြရန် ဥပမာပြ ဆုံးမတော်မူပုံမှာ- “ချစ်သား ချစ်သမီးတို့၏ ဦးခေါင်းထက်၌ မီးလောင်စွဲနေသည်ရှိသော် ထိုမီးသည် အဘယ်အရပ်၊ အဘယ်နေရာက ကူးစက်လောင်စွဲသည်ကို ခဏအသာထား၊ အရင်ဦးစွာ မီးကိုသာ ငြိမ်သတ်ဖို့ အားထုတ်ရ မည်” ဟူ၍လည်းကောင်း၊ “ချစ်သား ချစ်သမီးတို့၏ရင်ဝ၌ လှံစူးဝင်သည်ရှိသော် အဘယ် အရပ်၊ အဘယ်နေရာကလာပြီး စိုက်ဝင်လာသည်ကို စုံစမ်းရန် အသာထား၊ ဦးစွာ ရင်ဝတွင် စိုက်နေသော လှံကိုနှုတ်ပြီး ကုသရမည်”ဟူ၍ဖြစ်၏။

အမှတ် (၃) ဓမ္မ အန္တရာယ်- “၀ိပါကန္တရာယ်”
ဝိပါက၀ဋ်သည် အကျိုးပေး ဒုက္ခသစ္စာဖြစ်၏။ နိဗ္ဗာန် မရောက်မခြင်း နောက်ကနေ ထက်ကြပ်လိုက်နေပြီး အခါအခွင့်သင့်တိုင်း အကျိုးပေးနေတတ်သည့်သဘော ဖြစ်ပါသည်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကြောင့် အကျိုးပေးဒုက္ခသစ္စာရရှိခြင်းသည် အခြားသူ မဆိုထားနှင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် “၀ိပါက်ကြမ္မာ မနေသာ”နိုင်ဘဲ ၀ိပါက်တော် (၁၂)ပါး အကြွေးကို တစ်ခုချင်း ကျေအောင် ပေးဆပ်တော်မူရလေသည်။

ထိုသို့ သံသာရ ၀ဋ်ဒုက္ခ နိဗ္ဗာန်မရမခြင်း လည်ကြရသည့် ထိုဒုက္ခ စက်ရဟတ်ကြီးသည် လောင်စာမီး တဏှာငြိမ်းမှ ဘ၀ဇာတ် အပြီးတိုင်သိမ်းပြီး ချုပ်ငြိမ်းကြရမည်ဖြစ်၏။ ထို့ကြောင့် ဘ၀ဇာတ် မသိမ်းသေးခင်မှာတော့ ၀ိပါက၀ဋ် နောက်ကပါနေဦးမည်သာ။ ဘုရား၊ ရဟန္တာ အရှင်မြတ်များ၌ ကိလေသာ အာသဝေါတရား ကုန်ခန်းသော်လည်း ၀ိပါက၀ဋ် မကုန်သေးခြင်းမှာ ခန္ဓာကိုယ် အကြွင်းရှိနေသေးသောကြောင့် ဖြစ်ပါသည်။ စာလိုအားဖြင့် သဥပါဓိသေသ နိဗ္ဗာန် (ခန္ဓာကိုယ်အကြွင်းရှိသောနိဗ္ဗာန်)သာ ရရှိထားသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ် အကြွင်းမရှိတော့သော(အဏုပါဓိသေသနိဗ္ဗာန်) ရရှိမှသာ ဒုက္ခအားလုံးရပ်ပြီး အငြိမ်းကြီး ငြိမ်းတော်မူနိုင်ကြလေကုန်၏။ ခန္ဓာရှိနေသေးလျှင် ၀ဋ်ဒုက္ခရှိနေသေး၏။ ဘုရား၊ ရဟန္တာတို့ သည် ကိလေသာမရှိခြင်းကြောင့် နောင်ခန္ဓာ မလာနိုင်တော့ပေ။ ထိုသို့ ပရိနိဗ္ဗာန်ပြုပြီးမှ အငြိမ်းဓာတ် ကိန်းနိုင်ကြသော်လည်း ပရိနိဗ္ဗာန်မပြုခင်၌ ကိုယ်သာနာ၍ စိတ်မနာကြတော့ဘဲ ကျန်ရှိသည့် ၀ိပါက၀ဋ်ကို ခန္ဓာဖြင့် ၀ဋ်ကြွေးဆပ်ရ၏။

ဝိပါက၀ဋ်တို့၌ ယခုဘ၀ တရားမရနိုင်သည့် အမှတ် (၃) ဓမ္မ အန္တရာယ်ကြီးမှာ မိခင်ဝမ်း၌ သန္ဓေတည်ကတည်းက ပညာဉာဏ်- အမောဟဟိတ် မပါခဲ့ခြင်းပင်ဖြစ်သည်။ ထို အန္တရာယ် ကြီးမှာ ယခုဘ၀ နိဗ္ဗာန်ရရေး ရှောင်ရှားလို့ ရနိုင်သည့်အရာ မဟုတ်ပါပေ။ စာလိုအားဖြင့် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါသည်။ ၎င်း၌ အလောဘဟိတ်နှင့် အဒေါသဟိတ်များရှိပြီး သာမန်အား ဖြင့် လောကီပညာအရာတွင် တိဟိတ်ပုဂ္ဂိုလ်နှင့် သိပ်မကွာလှဘဲ လောကုတ္တရာပညာအရာ၌ ပရမတ္ထသဘောတရားတွေကို ဒွိဟိတ်ပုဂ္ဂိုလ်တို့က နားမလည်နိုင်ကြောင်း မှတ်သားသိရှိရ ပါသည်။ စာရေးသူအနေအားဖြင့် ဒွိဟိတ်နှင့် တိဟိတ် ခွဲခြားကာပြဖို့အရေး အလွန်ပင် ၀န်လေး လှသည့်အတွက် ခွဲခြားကာ မပြတော့ပြီ။

ဆောင်ရမည့်အရေးတို့ကိုသာ အတိုးချကာ ကြိုးစားသင့်ကြောင်း အကြံပြုလိုသည်မှာ မိမိသည် ဒွိဟိတ် တိဟိတ် ဘယ်ဟိတ်များဖြစ်ပါလိမ့်ဟု ကိုယ့်ကိုယ်ကို မေးမနေသင့်။ ငါတော့ဖြင့် ဒွိဟိတ် ပုဂ္ဂိုလ်ဖြစ်လို့ တရားအားထုတ်လည်း အလကား၊ မရဖို့သာ များသည်ဟူ၍ လက်မှိုင်ချ ငေးမောနေရန်လည်း မနေသင့်။ လုပ်သင့်သည်မှန်သမျှတို့ကို ပညာရှိတို့ မှာကြားသည့်အတိုင်း တစ်တပ်တစ်အား ကြိုးစားကာ ကျင့်ကြံကြရပါမည်။ တစ်နည်းအားဖြင့် ဥပမာပြရပါလျှင် သစ်တုံးကြီးကို လွှဲဖြင့် ပိုင်းဖြတ်ရာ၌ “ပြတ်တာက သူ့အလုပ်၊ ဖြတ်ရမှာက ကိုယ့်အလုပ်”၊ ထိုနှစ်လုပ် ကွဲကွဲပြားပြားသိရှိကာ ကိလေသာပါးပြီးကင်းအောင် ဒါနကိုလည်း ပြု၊ သီလကို လည်း ဆောက်တည်၊ သမထ ၀ိပဿနာ ဘာဝနာတရားတို့ကိုလည်း ကြိုးကြိုးစားစား ကျင့်ကြံပွါးများ အားထုတ်ပါလျှင် အနာဂတ် မဝေးသောကာလတွင် နိရောဓသစ္စာကြီးကို အမှန်ပင် မြင်ရလိမ့်မည်ဟု ယုံကြည်စွာအားထုတ်ကြရပေမည်။

အမှတ် (၄) ဓမ္မ အန္တရာယ်- “အရိယူပ၀ါဒန္တရာယ်”
အရိယာပုဂ္ဂိုလ် မဆိုထားနှင့်၊ မည်သူ့ကိုမျှ ပြစ်မှားစော်ကားလိုသောစိတ်များ မဖြစ်အောင် နေထိုင်ကျင့်ကြံသင့်၏။ နှုတ်ဖြင့်လည်း မပြုနှင့်၊ ကိုယ်ဖြင့်လည်း မပြုလေနှင့်။ ရန်ကိုရန်ချင်း မတုံ့ပြန် မိကြစေနှင့်။ ရန်စတွေ ပျိုးနေကြလို့ ငြိမ်းခွင့်မရသည့် ဒုက္ခတရားတွေကို သံဝေဂ ဉာဏ်ဖြင့်ကြည့်ရှုကာ အမြဲဆင်ခြင်သင့်လှ၏။ ရန်မလိုမှ ရန်ပြိုမည်၊ ရန်ပြိုမှ အေးချမ်းမည်ဖြစ် သည်။

မာနဖြင့် ထောင်လွှား၊ ဒိဋ္ဌိဖြင့် မိုက်မှားကာ အချင်းချင်း ပြစ်မှားကြခြင်းတွေနှင့် တစ်ဖက်က ရန်မခင် တစ်ဖက်သတ် ရန်ဆင်မိခြင်းတွေကြောင့် ကိုယ့်ကာယကံ ကိုယ့်ထံပြန်၊ ကိုယ်ဝစီကံ ကိုယ်ထံပြန်၊ ကိုယ့်မနောကံ ကိုယ်ထံပြန်သည့် ဒုက္ခတွေသာ ရရှိနေကြရ၏။ ထိုကဲ့သို့ တစ်ဖက်သားကို ပြစ်မှားမိကြရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုများ ပြစ်မှားစော်ကားမိလိုက်လျှင်ဖြင့် တောင်းပန်ခွင့်မရလိုက်ပါက ကြီးလေးလှသည့် အမှတ် (၄) ဓမ္မ အန္တရာယ်ကို လွန်ကျူးမိတော့၏။ အရိယာပုဂ္ဂိုလ်တို့ကို ပြစ်မှားမိခြင်း ထို အရိယူပ၀ါဒကံကလည်း မဂ်ဖိုလ်ကို တားမြစ်သည့် ကံကြီးပင်ဖြစ်တော့၏။ သို့သော် အရိယာသူတော်စင်အား ပြစ်မှားမိလို့ တောင်းပန်လျှင်ကား ကျေအေးကင်းပျောက် မဂ်ဖိုလ်ကို ရခွင့်ရှိနိုင်ပေသည်။

အရိယာပုဂ္ဂိုလ်ရယ်မှ မဟုတ်၊ မည်သူ့ကိုမျှ မပြစ်မှားမိအောင် နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပါသည်။ တရားစခန်းများတွင် လေ့ကျင့်ပေးသည့် ကျေးဇူးရှင်ကြီးများအား ပြစ်မှားမိခဲ့သော အပြစ်တို့ ရှိနေပါလျှင် မဂ်ဖိုလ်ကို တားဆီးနေမည် စိုးသောကြောင့် တရားမရှုမှတ်ခင်တို့၌ အရင်ဦးစွာ ဦးခိုက်တောင်းပန်ကြသည့် အလေ့အကျင့်မှာ မွန်မြတ်လှပေ၏။ ည အိပ်ယာ ၀င်ခါနီးတိုင်း ထိုအတိုင်း ပြုကျင့်နိုင်က ပို၍ ကောင်းပေသည်။ နေ့စဉ်ဝတ်ပြု၍ သံသရာက တွေ့ကြုံခဲ့ရသော ဘုရား၊ ရဟန္တာအစဖြာသော ကျေးဇူးရှင်ခင်ပွန်းကြီးဆယ်ပါးတို့နှင့် ယခုဘ၀ တွေ့ကြုံရသည့် ထိုကျေးဇူးရှင်ကြီးတို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှားစော်ကားမိခြင်းများ ရှိနိုင်သည်ဖြစ်ခြင်းကြောင့် လက်ဆယ်ဖြာမိုး မာန်ကိုချိုး၍ ဦးညွှတ်ကန်တော့ကြရာ၏။

အရိယာသူတော်စင်တို့ကို ပြစ်မှားမိခြင်းကြောင့် ရရှိသောဆိုးကျိုးတို့မှာ လွန်စွာကြီးမားလှ၏။ စိဉ္စမာန အမျိုးသမီးသည် အမှန်မဟုတ် ပုံသဏ္ဌာန်လုပ်၍ ဘုရားနှင့် ကိုယ်လေးလက်ဝန်ဖြစ်ရ ပါသည်ဟု လူဘုံအလယ်ထဲတွင် ဘုရားရှင်အား အရှက်ခွဲခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ အရှင် ဒေ၀ဒတ်သည် ဘုရားရှင်အား ကျောက်မောင်းဆင် သတ်ခဲ့ရာ၌ ကွဲအက်သည့် ကျောက်စ မှန်ကာ ဘုရားရှင်၏ခြေမ,တော် သွေးစိမ်းတည်ခဲ့ခြင်းကြောင့် မြေမျိုခံရခြင်း၊ ဘုရားရှင်၏ ယောက္ခမတော်ဟောင်း သုဗ္ဗဗုဒ္ဓသာကီဝင်မင်းကြီးသည် ဘုရားရှင် ဆွမ်းခံကြွရာ အ၀င်လမ်း တို့တွင် သေသောက်ကျူး ငမိုက်သားတို့ကို ဘုရားရှင်အား မူးရစ်ရမ်းကားစွာ ဆဲရေးတိုင်ထွာ ခြင်းပြုရန် ခိုင်းခဲ့သောကြောင့် မြေမျိုခံရခြင်း၊ နန္ဒကဘီလူးသည် လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖလသမာပတ် ၀င်စားတော်မူနေချိန်တွင် ဦးခေါင်းကို လက်ဖြင့်ရိုက်ပုတ်မိခြင်းကြောင့် မြေမျိုခံရခြင်း၊ နန္ဒလုလင်သည် ရဟန္တာဘိက္ခုနီအရှင်မ ဥပလ၀ဏ်ကို ရာဂစိတ်ဖြင့် မိစ္ဆာစာရ ကျူးလွန်ပြစ်မှားမိခြင်းကြောင့် မြေမျိုခံရခြင်းတို့သည် အရိယာပုဂ္ဂိုလ်မြတ်တို့အား ပြစ်မှာမိခြင်းကြောင့် ဘုရားရှင်လက်ထက်တော်၌ အထင်အရှား ဖြစ်ခဲ့သော အရှင်လတ်လတ် မြေမျိုခံခဲ့ကြရသည့် သာဓကတို့ပင်ဖြစ်၏။

အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားမိခြင်းကြောင့် ရရှိသော ဆိုးကျိုးဆယ်မျိုးကိုလည်း အောက်ဖော်ပြပါလင်္ကာဖြင့် မှတ်သားကြပါလေ-

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ပြောတတ်ပြစ်ဆို၊ အညစ်ပို၍၊ မလိုရန်ငြှိုး၊ ထိုသူမျိုး၌၊ ဆယ်မျိုးပြစ်ဒဏ်၊ ရမြဲမှန်ခဲ့၊ သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ ရူးကြဖောက်ပြန်၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခဘောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကမလွဲ၊ ပါယ်ငရဲဝယ်၊ ကမ္ဘာစွဲခဲ့၊ ရောက်ဆဲ လူ့ပြည်၊ တက်ပြန်လေသော်၊ ကျက်သရေမွဲ၊ မဂ်ဖိုလ်လွဲ၍၊ အမြဲကြမ္မာ၊ ၀ဋ်ကြောင်းပါသည်၊ ရှောင်ရန် ဓမ္မ အန္တရာယ်တည်း။

အမှတ် (၅) ဓမ္မ အန္တရာယ်- “အာဏာ ၀ီတိက္ကမန္တရာယ်”
မြတ်စွာဘုရားရှင်၏ အာဏာစက်သည် အနန္တစကြာဝဠာသို့တိုင် တည်တော်မူပေသည်။ ဘုရား သားတော်များအနေဖြင့် ဘုရားရှင်က ၀ိနည်းတော်ကို ဒီအတိုင်း စောင့်ထိန်းကြရမည်ဆိုလျှင် ဒီအတိုင်းသာ လိုက်နာကြ၏။ ဟိုလိုလေး လုပ်ခွင့်ပေးပါလို့ အတွန့်မတက်ကြပေ။ အတွန့်တက်ခဲ့သော ရဟန်းဆိုးများ ရှိခဲ့ခြင်းကြောင့် သာသနာတော် ထက်ခြမ်းကွဲခဲ့သည့် ဖြစ်ရပ်မှန်ကြီးကလည်း ယခုထက်တိုင် ဂယက်ရိုက်ခတ်နေပေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်တစ်ရာ အကြာတွင် သံဃာတော်တစ်သောင်း စုပေါင်း၍ သိက္ခာတော် ၂၂၇ သွယ်မှ လျှော့ပါရန် အဓမ္မ၀ါဒ(၁၀)ချက်တို့ကို တင်ပြကာ တောင်းဆို လာကြရာ အရှင်မဟာယသ ကိုယ်တော်ကြီးဦးဆောင်၍ ရဟန္တာတစ်သိန်းတို့ဖြင့် ဒုတိယ သင်္ဂါယနာတင်တော်မူခဲ့ကြပြီး ထိုအရှင်ဆိုးများစွာတို့ကို မောင်းထုတ်ကာ ပြည်နှင်လိုက်ကြ ပေသည်။ ထိုအချိန်၌ အဓမ္မ၀ါဒအယူ သံဃာတို့က သူ့ဘာသူ မဟာသံဃိကဂိုဏ်းဟူ၍ အမည်သမုတ် ဂုဏ်ရောင်ထုတ်ပြီး ၀ိနည်းတော်(၁၀)ချက်တို့ကို ပယ်ဖြုတ်ကြကာ ယခုအခါ မဟာယာနဗုဒ္ဓဘာသာဟူ၍ ထင်ရှားစွာတည်ရှိနေလေသည်။

ဗုဒ္ဓဘာသာ နှစ်ဘာသာမရှိ၊ ဘုရားသား ဧကန်မှန်လျှင် တစ်သားတည်းသာ ရှိနေရပေမည်။ ဘုရားစကားတော်တို့အား ပြင်လို ပြင်၊ စွက်လို စွက်၊ ဖြည့်လိုလျှင် ဖြည့် လုပ်နေကြပါလျှင် ငါလည်းပဲဘုရားလုပ်ချင်နေကြသည့်သဘောသာ ဖြစ်နေပေသည်။ တုနှိုင်းမဲ့ဘုရားရှင်၏ သားတော်အစစ်ဖြစ်ပါလျှင်ကား ဘုရားမှာရာ တသွေမတိမ်း စောင့်ထိန်းကာနေကြရမည်ဖြစ် သည်။ သို့မှသာ မဂ်ဖိုလ်အရေးက တွေးလေတိုင်း မဝေးနိုင်တော့ဘဲ ကျင့်နိုင်သလောက် ခရီးပေါက်ကာ လူတို့ထက် အမြန်ဆုံးရောက်မည်ဖြစ်၏။

ဘုရားသားတော်များအနေဖြင့် အမှတ် (၅) ဓမ္မ အန္တရာယ်ကြီးကို ကျော်ဖြတ်ကာ ခရီးနှင်နိုင် ရပါမည်။ ဘုရားသား သံဃာတော်များသည် ကျူးလွန်လိုသောစေတနာဖြင့် ဘုရားတားမြစ် ထားသည့် ၀ိနည်းတော်(စည်းကမ်း)တို့ကို ဖောက်ဖျက်မိကြခြင်း၊ ကျူးလွန်မိသော အပြစ်(အာပတ်)တို့ကို ဒေသနာကြားခြင်း(အာပတ်ဖြေခြင်း) မပြုလုပ်ဘဲနေခြင်းတို့ကြောင့် မဂ်ဖိုလ်ကို တားမြစ်ခံကြရခြင်းဖြစ်၏။ ရဟန်းတော်များသည် လူတို့ထက် မဂ်ဖိုလ်နှင့်နီးကြောင်း သိက္ခာတော်မြတ်တို့ဖြင့် ပါရမီဖြည့်ခွင့် ရရှိကြသလို မဂ်ဖိုလ်နှင့်ဝေးကြောင်း အပြစ်တို့ကို လွန်ကျူးမိ၍ အာပတ်မဖြေနိုင်ကြပါလျှင်လည်း လူတို့ထက်ပင် မဂ်ဖိုလ်နှင့် ဝေးလှ၏။

ကျူးလွန်လိုသောစေတနာဖြင့်မဟုတ်ဘဲ ခေတ်အခါအခြေအနေသဘောအရ ရှေးကလို ခြေလျင်ကြွမြန်းကြကာ လိုရာခရီးသွားကြတာမဟုတ်တော့ ယာဉ်စီး၍သာ သွားကြရာ၌ ၀တ္ထုငွေ ကိုင်ကြရ၏။ ထိုသို့သောအာပတ်တို့ကို သေးငယ်သည် မထီသဘောဖြင့် ဒေသနာ ကြားရန်မလိုဟု သဘောထားကာ မနေကြရပါဘုရား။ မြို့ထဲသို့ ကြွကြရာ၌ ဟကွဲကာ ၀တ်ဆင်ထားသည့် မြန်မာမ, ကပြားတို့ကိုမြင်လျှင် သံဝေဂ,သာ နိုင်နိုင်ပွါးကြပါကုန်ဘုရား။ မာတုဂါ မှန်သာမှန်လျှင် ခရီးအတူ မသွားကြရန်နှင့် တစ်မိုးအတူ မအိပ်ကြစေရာ။ လူတို့ အကြိုက်သာ လိုက်နေရလျှင်ဖြင့် ၀ိနည်းတော်အဖော်မထားသလိုဖြစ်ပြီး ကြာလာလျှင် အာပတ်တွေ တစ်ပုံတစ်ပင် မဖြစ်ရအောင် နေ့စဉ်သာဒေသနာကြားကြပါကုန်ဘုရား။

ဆရာနှင့်ဒကာဆိုသည်မှာ မဂ်ဖိုလ်ကို အတူရကြဖို့အရေး “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသလို အပြန်အလှန် မှီနေကြရသည်ဖြစ်ခြင်းကြောင့် သတိတရား အခါခါပွါးနိုင်ပါမှ မဂ်ဖိုလ်ကို အတူတက်လှမ်းနိုင်ကြမှာပါဘုရား။ ခေတ်လူတွေ ပြောမရ,ဆိုမရဟူ၍ လစ်လျူရှု ပစ်မထားကြဘဲ ဘုရားဆုံးမ,ထားသည့်အတိုင်းသာ အားမနာတမ်းဆုံးမ၍ မကြိုက်လျှင်လည်း မတတ်နိုင်၊ သာသနာတော်အရေးအတွက်မို့ အမှန်အတိုင်း မည်သူ့မျှ မငဲ့ကွက်ဘဲ ခတ်ပြတ်ပြတ် ဟောတော်မူကြပါဘုရား။ သည့်အပြင် ထိုအရေးမှာ ဆရာဒကာတို့၏ ကျင့်နှစ်ဖြာညီမျှကြမှ အချင်းချင်းမှီနိုင်ကြမည်ဖြစ်ခြင်းကြောင့် တွဲလက်ချင်း မဖြုတ်တမ်း ခိုင်အောင် မြဲမြံစွာ ရှိထားကြရပါမည်။

နိဗ္ဗာန်သို့တူရူ မကွေ့မကောက် ဖြောင့်တန်းစွာလျှောက်နိုင်ကြအောင် မဂ်ဖိုလ်အား ထားဆီးကြ မည့် ဆိုခဲ့သည့် ဓမ္မ အန္တရာယ်ကြီးတို့ကို သတိဝီရိယကြီးစွာရှောင်ရှားကြ၍ ဆောင်ထားရမည် တို့ကိုလည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယာ၊ ပညာ ဗိုလ်ငါးဖြာတို့ဖြင့် ကျင့်ဆောင်ကာနေကြပါ ကုန်။ သို့မှသာ မကြာခင်၌ ရည်မှန်းရာနိဗ္ဗာန်ကြီးကို ကြည်ရှင်းစွာမဂ်ဖိုလ်အလင်းဖြင့် တွေ့မြင်နိုင်ကြရပြီး သံသရာတစ်လျှောက်လုံး မတွေ့ကြုံမခံစားခဲ့ရသည့် အမွန်မြတ်ဆုံး ချမ်းသာကြီးကို တွေ့မြင်ခံစားကြရမည်မှာ မလွဲဧကန်သာဖြစ်တော့၏။

စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းနှင့် အနန္တသတ္တ၀ါအားလုံးတို့၌ ဘေးရန်ကင်းပ၍ ကိုယ်နှင့်စိတ် ညီမျှကြကာ ချမ်းသာစွာတရားအားထုတ်နိုင်ကြပါစေ။
(ဣ ဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု။)

အပြည့်အစုံသို့

21 May 2010

စိတ်ကောင်းရှိဖို့ ပထမ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အခြေခံပညာစာသင်ကျောင်းတိုင်းတွင် ကျောင်းဝန်းအတွင်း၌ ရေးသားထားသည့် “စိတ် ဓာတ်၊ စည်းကမ်း၊ ပညာ”ဟူသော ဆောင်ပုဒ်ကို ငယ်စဉ်အခါကပင် ဖတ်မှတ်ခဲ့ကြရပါသည်။ စာတိုသလောက် အဓိပ္ပါယ်က လေးနက်လှ၏။ ကျယ်ဝန်းနက်ရှိုင်းလှ၏။ အစဉ်အမြဲ အလေးအနက်ထားကာ လိုက်နာကျင့်ကြံသင့်လှ၏။ စိတ်ထားကောင်းလေး ထားရှိရန် အရေးအကြီးဆုံးအဖြစ် ထိပ်ဆုံးက ဖော်ပြထားသည်ပင်။ ဆောင်ရွက်လုပ်ကိုင်သမျှတို့တွင် “စိတ်ကောင်းရှိဖို့ ပထမ”ထားရှိရန် အရေးကြီးပေသည်။


စိတ်ကောင်းလေးရှိပြီဆိုမှ စည်းကမ်းကိုလည်း စနစ်တကျလိုက်နာချင်မည်။ ပညာကိုလည်း ကြိုးစားရှာဖွေချင်မည်။ ဆရာသမားတို့က “စည်းကမ်းနဲ့နေကြ၊ ပညာတွေ ကြိုးစားရှာကြ” ဟူသော ဆုံးမသွန်သင်ပေးမှုကို နာခံလိုက်နာချင်မည်။ ကုသိုလ်တရားတို့လည်း အစဉ်အမြဲ တိုးပွါးမည်ဖြစ်၏။ ကျေးဇူးတော်ရှင် တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ဆုံးမစကား မြွက်ကြားတော်မူဖူးပါသည်။ “ကုသိုလ်ရဖို့ အချိန်ကိုလည်း မတောင်း၊ ငွေကိုလည်း မတောင်း၊ စိတ်ကောင်းကိုသာ တောင်းပါသည်” ဆိုသည့်အတိုင်း ကုသိုလ်တရားတွေ တိုးပွါးရန်အတွက် အချိန်ကိုလည်း စောင့်နေရန် မလို၊ ငွေ လက်ထဲရှိနေရန်လည်း မလိုပါပေ။ မိမိသန္တာန်၌ အမြဲတမ်း စိတ်ကောင်းလေးထားကာ ပြုမူဆက်ဆံနေထိုင် ကျင့်ကြံနေခြင်းဖြင့် အချိန်တိုင်း ကုသိုလ်တွေ တိုးပွါးနေမည်ဖြစ်၏။

စိတ်ကောင်းပျောက်၍ စိတ်ဆိုးစိတ်ညစ်များ ၀င်လာပြီဆိုလျှင်ဖြင့် ကုသိုလ်တရားတို့ ဝေးကွာ၊ အကုသိုလ်တရားတို့သာ အစဉ်တောက်လျှောက် ဖြစ်ပွါးတော့၏။ အရာရာ အဆိုးမြင်ဝါဒဖြင့် ကြည့်မြင်သုံးသပ်တတ်၏။ “စည်းကမ်းဆိုတာ အလကား၊ လွတ်လွတ်လပ်လပ် နေခွင့် မရအောင် ထုတ်ပြန်ထားတာတွေပါ။ ပညာဆိုတာလည်း တတ်ဖို့လည်းမလိုဘူး၊ သိဖို့လည်း မလိုဘူး၊ လောကမှာ ငွေရှိလျှင် အရာရာပြည့်စုံတယ်၊ ကိုယ်လိုချင်တာ အလွယ်တကူရတယ်၊ ငွေရှိဖို့သာ အဓိက အကျဆုံး”ဟူ၍ မြင်လာတတ်၏။ ထိုသို့ အဓိကနှင့် သာမည မခွဲခြားတတ် သမျှ မောဟမျက်နှာဖုံး အသက်ဆုံးတိုင် မခွါနိုင် ဖြစ်တော့မည်။

စိတ်ကောင်းမရှိသည့်အချိန်၌ ဆုံသမျှအာရုံ၊ ကြုံသမျှလောကဓံတို့ကို အဆိုးဖြင့်မြင်သည့် အတွက် “သည်းခံလျှင် နိဗ္ဗာန်”ဟူသော ရှေးမြန်မာပညာရှိတို့၏ ဆုံးမစကားအတိုင်း လိုက်နာကျင့်ကြံရမည့် သည်းခံခြင်းတရားတွေ ကင်းပျောက်၊ ဒေါသမီးတွေသာ တဟုန်းဟုန်း တောက်လောင်ပါတော့၏။ အာရုံတရားတို့ကို စိတ်ကောင်းလေးဖြင့် သည်းခံနိုင်ရန် ကျေးဇူးရှင် ဓမ္မဒူတအရှင်ဆေကိန္ဒ၏ သတိပေးဆုံးမစကားမှာ “စိတ်ကလေး နောက်ကျိနေတော့ အာရုံတွေကို ရှုပ်ရှုပ်ပွေပွေ မြင်တွေ့ရတယ်၊ စိတ်ကလေး ကြည်လင်နေတော့ အာရုံတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်”ဟူ၍ဖြစ်၏။ ထို့ကြောင့် သဘောတရားအမှန်ကို မြင်နိုင်ဖို့ စိတ်ကလေး အမြဲကောင်းမွန်နေအောင် ထားရှိရမည်ဖြစ်၏။

ဘာပဲလုပ်လုပ် စေတနာကောင်းလေး ထည့်လုပ်၊ ဘာပဲရောင်းရောင်း စေတနာကောင်းလေး ထည့်ရောင်း” ဆိုသည့်အတိုင်း မိမိလုပ်သည့်အလုပ်၌ စေတနာကောင်းလေး၊ စိတ်ကောင်းလေးဖြင့် လုပ်တတ်မှသာ ကောာင်းကျိုးတရား ဖြစ်ပါမည်။ စိတ်ဆိုး စေတနာဆိုး ဖြင့် ဦးတည်ပြီး ဟန်ဆောင်ကောင်းကာ မည်မျှကြီးမားသည့်အလုပ်ပင် ကြိုးစားအားထုတ် သည်ဖြစ်စေ “ဓမ္မတို့၌ စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အထည်ကိုယ် ရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက လှည်းဘီးသည် နွား၏နောက်သို့ အစဉ်တစိုက်လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်နေလေ၏” ဆိုသော ဓမ္မပဒပါဠိတော် အဆုံးအမအတိုင်း ဆိုးကျိုးတရား တို့သာ မကောင်းသောစိတ်ဖြင့်လုပ်သူနောက်သို့ ရောက်ရှိဖြစ်ပွါးနေမည်ဖြစ်သည်။ စိတ်ကောင်းဖြင့်လုပ်မှသာ ချမ်းသာခြင်းတရား အစဉ်တိုးပွါးကာ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ချမ်းသာကြီးကို မလွဲဧကန် အမှန်သိမြင် ခံစားရမည်ဖြစ်၏။

သူတော်ကောင်းတို့ ထားရှိသည့်စိတ်မျိုးလေး မွေးမြူရ၏။ “သူက ကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကကောင်းအောင် နေရမည်။ သူကတော်တော် မတော်တော် ကိုယ်က တော်အောင် နေရမည်။” ဖြစ်သည်။ ကိုယ်က မည်မျှသဘောထားပြည့်ဝကာ စိတ်ကောင်းထားနေသော်လည်း တစ်ဖက်က ဆိုးနေသည်ကိုလည်း ကြုံတွေ့ရတတ်၏။ “ဂျင်းစိမ်းနဲ့ မိဿလင်၊ သူကြင်မှကိုယ်ကြင်” ဆိုသလို အချင်းချင်း ရန်ထောင်နေလျှင် ရန်မီးတို့မငြိမ်းအေးဘဲ အပူမီးသာ ထပ်ဆင့်ဆူပွက်တော့မည်။ လုပ်ခဲ့သမျှ အကြောင်းတရား တွေကြောင့် အကျိုးပေးဒုက္ခသစ္စာတရားတွေသာ မလိုချင်၍မရ၊ မရပ်မနား တရစပ် အထပ်ထပ် လာနေမည်ဖြစ်၏။ ထိုသို့ ကြုံတွေ့ရသမျှသော လောကဓံတရားတို့၏ သဘောသည် လိုချင်သည့်အရာတွေက မရ, မလိုချင်သည့် အရာတွေသာ ရနေတတ်သည့် အလိုသို့မလိုက်ဘဲ သူ့သဘောသူ ဆောင်နေခြင်းကို စိတ်ဆိုးစိတ်ညစ်တို့ဖြင့် မတုန့်ပြန် မိစေရာ။ ထိုသို့တုန့်ပြန်လိုက်ခြင်းသည် “မီးလောင်ရာလေပင့်” သလို ဒုက္ခတွေထပ်တိုးဖို့သာ ရှိလိမ့်မည်။

ဘ၀ရှိလျှင် ဒုက္ခရှိမည်။ ဘ၀ရပ်လျှင် ဒုက္ခရပ်မည်။ ဘ၀နှင့်ဒုက္ခကား တစ်သားတည်းသာ ဖြစ်သည့်အတွက် ခွဲခြားလို့မရ၊ ယှဉ်တွဲလို့သာ ရှိနေမည်ဖြစ်သည်။ ထိုသို့ ယှဉ်တွဲနေသော သဘောကို စိတ်ထားကောင်းကောင်းဖြင့်သာ အေးချမ်းစေရာ၏။ “ယခင်မကောင်းခဲ့လို့ ယခုမကောင်း၊ ယခု ထပ်မကောင်းလျှင် နောင် သည့်ထက်ဆိုးမည်သာ” ဖြစ်သောကြောင့် ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် ကျင့်ကြံရတော့မည်ဖြစ်သည်။ ယခင်က မည်သို့ မကောင်းခဲ့သနည်း။ သစ္စာတရားတွေမသိခဲ့လို့ ဘ၀ပင်လယ်ကြောမှာ မျောရင်း ယခုလည်း ဘ၀ဆိုသည့် အကျိုးပေးဒုက္ခသစ္စာ ခန္ဓာကြီးက ဘွားခနဲ ပေါ်လာခဲ့ချေပြီ။ အကြောင်းတွေ မကောင်းခဲ့လို့ ရရှိသောအကျိုးတရားတွေ မကောင်းသည်ကို မကျေနပ်လို့ စိတ်ထားတွေ ဆိုးနေပါလျှင် စိတ်ဆိုးနေသည့် ယခုအကြောင်း ထောင်သောင်းမကသည့် အနာဂတ်၌ ဆိုးကျိုးတွေကို အကြောင်းအကျိုးသဘောကိုချင့်၍ လှန်းမျှော်၍ ကြည့်ရှုသင့်လှပေသည်။

ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်း နောင် ကောင်းပါလိမ့်မည်။”ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း စိတ်ကောင်းလေး စဉ်ဆက် မွေးသွားပါလျှင် ကြံစည်သမျှ၊ ပြောဆိုသမျှ၊ လုပ်ဆောင်သမျှ ကိစ္စအ၀၀တို့လည်း စဉ်ဆက် ကောင်းမွန်ပြီး အကောင်းတကာ့ အကောင်းဆုံး ဒုက္ခဆုံးသည့် နိဗ္ဗာန်ချမ်းသာကြီးကို အမြန်ဆုံး ရရှိနိုင်မည်ဖြစ်သည်။ ပြည်တန်သော ပတ္တမြားကြီးကို ဖွဲတစ်ဆုတ်ခန့်သော အရာဖြင့် ၀ယ်ယူ၍ မရနိုင်သလို အချမ်းသာဆုံးနိဗ္ဗာန်ကြီးကိုလည်း ဘုရားသွား၊ ကျောင်းတက် ခဏတဖြုတ်သောစိတ်ကောင်းထားနိုင်ရုံမျှဖြင့် အမြန်ဆုံးရနိုင်မည်မဟုတ်ပေ။ နေ့စဉ်မပြတ် ဆိုသည်ထက် နေစဉ်မပြတ် အချိန်တိုင်းမှာ စိတ်ကောင်းထားပြီး ဟန်ဆောင်မှုတွေကင်း သစ္စာအလင်း အမြန်ဆုံးပွင့်နိုင်အောင် ကျင့်ကြံကြိုစား ပွါးများအားထုတ်ကြပါကုန်။

စာရှုသူ ဓမ္မမိတ်ဆွေအားလုံး ချမ်းသာသုခ ပြည့်ဝကြပါစေ။ လုပ်ဆောင်သမျှ ကိစ္စအ၀၀တို့တွင် “စိတ်ကောင်းရှိဖို့ ပထမ”ထားပြီး နှလုံးသွင်းဆောင်ရွက်နိုင်ကြပါစေ။ (ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

19 Mar 2010

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။


ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံ တို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော
တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-
(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊
ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊
ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊
သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊
အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)
သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)
(နတ္ထိ ဘန္တေ- မရှိပါဘုရား)

(၂) မနုဿာ အတ္ထ
မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)

(၃) ပုရိသာ အတ္ထ
ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)


(၄) ဘုဇိသာ အတ္ထ
ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)
(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)

(၅) အဏဏ အတ္ထ
အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)
(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)

(၆) နတ္ထ ရာဇာဘဋာ
ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)
(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)
မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ
နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)
(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)

(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ
ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)
(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)

(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ
တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။
(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)

(၁၀) ကိံနာမာ အတ္ထ
ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-
[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)
ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-
[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)


ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။

ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နား မလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။

သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။

ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။

ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။
(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”)

ကျောင်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။
(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဆွမ်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။
(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ဆေးပစ္စည်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။
(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ
ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ-
(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။

အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌ မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင် ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင်ခြင်သင့်လှပေသည်။

ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။ ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသောအခြေအနေများကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သောသီလတော်မြတ်များ ကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။

ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာတွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ်တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ
ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား)
ကြီး။ သာဓု အာဟုသော သာဓု သာဓု။
(ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ)
ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား)
ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်)
ငယ်။ အာမ ဘန္တေ ပဿာမိ။
(မှန်ပါ၊ ရှုပါသည်ဘုရား)
ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။
(နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်)
ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
(ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား)
ကြီး။ သာဓု အာဝုသော သာဓု သာဓု။
(ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ)

သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ
ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)
ကြီး။ အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်)
ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား)
ကြီး။ အာမ အာဝုသော ပဿာမိ။
(ရှုပါသည် ငါ့ရှင်)
ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။
(နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား)
ကြီး။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
(ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)

ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။ သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေ
ကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိလျက်နှင့် တရားအားထုတ်က မည်မျှ ပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအားထုတ်ပါလေ။

ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။ ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာ ရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ်ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့်အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့်လှ၏။ သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေသည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။

လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန်ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ်လာတတ်ကြ၏။ စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ရသည့် ဒုလ္လဘ ရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်းညူရှာလေ၏။ မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။

ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။ မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ်မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။ ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။

ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေး စဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာတော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။ မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာမှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန် ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစား များဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံသရာတွင် လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သိက္ခာတော်များကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။

ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။ လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာတော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

အပြည့်အစုံသို့

19 Feb 2010

သတ္တ၀ါဘာကြောင့် ဆင်းရဲသနည်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။ ထို ခန္ဓာငါးပါးတို့သည်သာလျှင် ပရမတ္ထသဘော တကယ့်အရှိတရားတို့ ဖြစ်ကြပေသည်။


ထိုခန္ဓာငါးပါးတို့၏ သဘောတရားများသည် မည်သူ့အလိုသို့မျှမလိုက်၊ သူ့သဘော၊ သူ့အလုပ်၊ သူ့ဘာသူလုပ်နေခြင်းသာလျှင်ဖြစ်၏။ ထိုသို့ သူ့သဘောသူဆောင်နေသော ဖြစ်ခြင်းပျက်ခြင်း သဘောတို့ကို သတိပညာ ကင်းကွာသည့်အခါ ထိုတရားတို့အပေါ်၌ “ငါ”ဟူ၍ အယူမှား ခြင်း“ဒိဋ္ဌိ” ၊ တပ်မက်ခြင်း “တဏှာ” ၊ ထောင်လွှားခြင်း “မာန”တို့ ဖြစ်ကြ၏။ “မြင်တဲ့အခါ ငါမြင်တယ်၊ ကြားတဲ့အခါ ငါကြားတယ်၊ နံတဲ့အခါ ငါနံတယ်၊ စားတဲ့အခါ ငါစားတယ်၊ ထိတဲ့ အခါ ငါထိတယ်၊ သိတဲ့အခါ ငါသိတယ်” စသဖြင့် “ငါ” ဟူ၍သာ “ဒိဋ္ဌိ” ဖြင့်မြင်၏။

ခံစားရာ၌ “ငါ” ခံစားနေသည် ထင်နေခြင်းကြောင့် တပ်မက်ခြင်း “တဏှာ”ကနေ စွဲလန်းခြင်း “ဥပါဒါန်” သို့ ရောက်သွား၏။ မမြင်ရ၊ မကြားရ၊ မစားရလျှင် မနေနိုင် ဖြစ်လာပြီး အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တို့အပေါ်၌ စွဲစွဲလန်းလန်း တမ်းတမ်တတ ဖြစ်နေခြင်း သဘောသည် ဥပါဒါန်စိတ်ကြောင့်ပင်ဖြစ်သည်။ အကျိုးပေးခန္ဓာက အကြောင်းကောင်းခဲ့လျှင် ကောင်း၏၊ မကောင်းခဲ့လျှင် ညံ့၏။ အကျိုးပေးခန္ဓာတရား ကောင်းသည်ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ ထောင်လွှားခြင်း “မာန” သည် ဖြစ်၏။ “မာန” ကိလေသာမှာလည်း ရဟန္တာဖြစ်မှ ကုန်သွားသည်ဖြစ်ခြင်းကြောင့် အနုအရင့်အလိုက် ပုထုဇဉ်မှ အနာဂါမ်ပုဂ္ဂိုလ်အထိ ရှိနေကြပေ သည်။ ခန္ဓာငါးပါးရရှိထားခြင်းကြောင့် ထို ပပဉ္စသညာတရားသုံးပါးဖြစ်သည့် ဒိဋ္ဌိ၊ တဏှာ၊ မာန တို့ ဖြစ်ကြရပေသည်။

ထိုပပဉ္စသညာသုံးပါးတို့ရှိခြင်းကြောင့် လိုအင်ဆန္ဒသည်ဖြစ်ပေါ်၏။ ဘယ်အရာတွေကို လိုချင် သလဲဆိုတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စသည့် ကာမဂုဏ်တရားတို့ကို လိုချင်၏။ လိုချင်သည့်အတွက် ရှာဖွေရသည်။ ရှာလို့ ရလာသည့်အခါတွင့် သိမ်းထားချင်သည်။ မရှိတဲ့အချိန်မှာလည်း မရှိလို့ လိုချင်နေခြင်း၊ ရှာဖွေနေရခြင်းတို့ကြောင့် ဆင်းရဲရ၏။ ရလာသည့်အခါတွင်လည်း ပြန်လည်ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ရပြန်၏။ ထိုသို့ ကာမဂုဏ်တရားတို့ကို ခံစားသုံးဆောင်နိုင်ရန်အတွက် ဆထက်တိုးပွါးအောင်သာ ကြံဆောင် ပြုမူတော့၏။ တိုးပွါးသည်ထက် တိုးပွါးအောင်၊ ခံစားသုံးဆောင်နိုင်သည်ထက် သုံးဆောင်နိုင် အောင် ကြိုးစားနေရသည်ကိုပင် အားမရနိုင်ပေ။ သိမ်းဆည်းထားရသည်ကိုလည်း မငြီးငွေ့နိုင် တော့ဘဲ တိုးချဲ့ရင်းသာ တိုးချဲ့ပြီး လိုအင်ဆန္ဒတွေ ဖြစ်နေတော့သည်။

ထို လိုအင်ဆန္ဒကြောင့် ချစ်ခြင်း၊ မုန်းခြင်းသည် ဖြစ်ရ၏။ လိုချင်တာရတော့ နှစ်သက်မြတ်နိုး ၏။ ချစ်ခင်၏။ မလိုချင်တာတွေရတော့ မကြိုက်နှစ်သက်။ မုန်းတီး၏။ လိုချင်တောတွေပေး လျှင် ချစ်စရာကောင်းသူ၊ မလိုချင်တာတွေပေးလျှင် မုန်းစရာကောင်းသူဟူ၍ ခွဲခြားတော့၏။ ထိုသို့ ခွဲခြားထားပြီး လိုချင်တာတွေကျတော့ နှစ်သက်မြတ်နိုးမိခြင်းကြောင့် မရ,အရ လိုက်ယူပြီး မလိုချင်တာတွေကျတော့ စက်ဆုပ်ရွံရှာသည့်အတွက် အတင်းတွန်းဖယ်ခြင်း ပြုတော့၏။ လိုက်ယူ တွန်းဖယ်မှုတွေ ပြုနေသော်လည်း မလိုချင်တာတွေသာ ကြုံတွေနေရ သည့်အခါ ဗုဒ္ဓဟောကြားထားသော တရားတော်အတိုင်း “ပိယေဟိ ၀ိပယောကော ဒုက္ခော- ချစ်ခင်နှစ်သက်သည့်အရာတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲရ၏။ အပိယေဟိ သမ္ပယောကော ဒုက္ခော- မချင်ခင် မမြတ်နိုးသည့်အရာတို့နှင့် ပေါင်းဖော်ယှဉ်တွဲနေရ ခြင်းသည်လည်း ဆင်းရဲရ၏” ဆိုသည့်အတိုင်း ပူပင်သောက ဗျာပါဒတို့သာ အစဉ်တိုးပွါးကာ ဖြစ်ကြရကုန်၏။

ထိုသို့ ချစ်ခြင်းမုန်းခြင်းအစွဲတို့ကြောင့် မနာလိုခြင်း(ဣဿာ)၊ ၀န်တိုခြင်း (မစ္ဆရိယ) ကိလေသာ တရားတို့ ဆက်လက်ဖြစ်ပွါးတော့သည်။ မိမိ မချစ်ခင်၊ မနှစ်သက်သူတို့ မိမိထက် ချမ်းသာနေ ရလျှင်၊ အမွန်အမြတ်တို့ ရရှိသွားလျှင် မနာလိုပေ။ ထို မိမိ မနှစ်သက်သူကို မိမိက ပေးရမည် ဆိုလျှင်၊ သူ့အတွက် မိမိက ပြုဖွယ်ကိစ္စတို့ ဆောင်ရွက်ပေးရန်အတွက် ၀န်တိုခြင်း (မစ္တရိယ စိတ်) ကြောင့် လုပ်မပေးနိုင်ပေ။ မိမိလုပ်ပေးဖို့မဆိုထားနှင့် ထို မိမိ မုန်းနေသူကို သူတစ်ပါးတို့ က ဆောင်ရွက်ပေးနေလျှင်၊ ချမ်းသားကြီးပွါးအောင် ပြုလုပ်ပေးနေသည်ကို မြင်တွေ့ကြားသိရ လျှင်ပင် ထိုဣဿာ၊ မစ္ဆရိယစိတ်တို့ကြောင့် နေရင်းထိုင်ရင်းပင် ဆင်းရဲကြီးစွာ ဖြစ်နေရတော့ ၏။

ဣဿာ၊ မစ္ဆရိယတရားနှင့်ပတ်သက်၍ ဆရာတော်ကြီးတစ်ပါး၏ ဆုံးမစကားမှာ မှတ်သားဖွယ် ကောင်းလှ၏။ “အိမ်မှာ ကြက်၊ ဘဲ တို့ကို မွေးထားလျှင် နောင်ခဏထား၊ ယခုလက်ရှိတော့ ကြက်ဥ၊ ဘဲဥတော့ စားရသေး၏။ သူတစ်ပါး ချမ်းသာသည်ကို မနာလို၊ ၀န်တိုခြင်း ဣဿာ၊ မစ္ဆရိယကိလေသာများ မွေးထားမိလျှင်တော့ လက်ရှိလည်း ပူပင်သောက ဗျာပါဒတို့နဲ့ ဆင်းရဲနေရသလို နောင်တမလွန်မှာလည်း အပါယ်သို့လားပြီး ဆင်းရဲရဦးမည်။” ဟူ၍ဖြစ် ပေသည်။

ထိုသို့သော ဣဿာ၊ မစ္ဆရိယစိတ်တို့ကြောင့် သတ္တ၀ါတို့သည် ချမ်းသာစွာနေလိုကြပါသော် လည်း ဆင်းရဲ၍သာ နေနေရကြောင်း သတ္တပဉ္စသုတ်၌ ဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့ပေ သတည်း။

ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျှက်၊ အေးမြချမ်းသာ၊ နေလိုပါ လည်း၊ ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍၊ ထင်ခြေမကျ၊ ဆင်းရဲရတည့်၊ မူလဇစ်မြစ်၊ သူ့ကြောင်းစစ် သော်၊ မုန်းချစ်အပ်သား၊ အာရုံများနှင့်၊ လိုလားတစ်လီ၊ ကြံစည်တစ်တန်း၊ ချဲ့ရန်မှတ်စွဲ၊ ခြေတည်လွဲ၍၊ ဆင့်ကဲဆင့်ကာ၊ ဖြစ်ရိုးပါတည့်။

စာရှုသူပရိတ်အပေါင်းနှင့် သတ္တ၀ါအနန္တတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်းပြီး အလိုရှိရာ နိဗ္ဗုတာသို့ ရောက်နိုင်,ရနိုင်ကြပါစေ။

အပြည့်အစုံသို့