9 Jan 2009

တာဝန်သိသူမှာ တာဝန်ရှိသည်…

လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ ရွှေတုငွေတု ပေါ်သောအခါကျမှသာလျှင် ရွှေစစ်ငွေစစ်သည် ကွယ်ပျောက်သကဲ့သို့ ထို့အတူ လောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ် မပေါ်သေးသမျှ သူတော်ကောင်းတို့၏ တရားစစ် တည်းဟူသော သာသနာတော်သည်မကွယ်ပျောက်နိုင်ပေ။ ၎င်းတို့ပေါ်ပေါက်လာသောအခါကျ မှသာလျှင် သူတော်ကောင်းတို့၏ တရားစစ်တည်းဟူသော သာသနာတော်သည် ကွယ်ပျောက် လေတော့၏။ ရုပ်ဝတ္ထုစသော ဓာတ်ကြီးလေးပါးတို့သည်ကား သာသနာတော်ကို မကွယ် ပျောက်စေနိုင်။ သာသနာတွင်းမှ ပုဂ္ဂိုလ်များသည်သာလျှင် သာသနာတော်ကို ကွယ်ပျောက် စေနိုင်သည်ဟု နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ်၌ လာတော်မူပါသည်။


အထက်ပါ ဗုဒ္ဓဟောကြားချက်ကိုထောက်ထား၍ ဗုဒ္ဓ၏အဆုံးအမ သာသနာတော်ကို မကွယ်ပ စေလိုသော သူတော်ကောင်းမှန်သမျှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်၊ ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်တို့ကို သေချာကျနစွာသိရှိရန် လွန်စွာမှ အရေးကြီးလှပါသည်။ အဘယ့်ကြောင့်ဆိုသော် တရားတု၊ တရားယောင်များသည် သိသိသာသာတစ်မျိုး၊ မသိမသာ တစ်မျိုးဖြင့် နည်းမျိုးစုံ ပေါ်ပေါက်နေသောကြောင့် ဖြစ်ပါသည်။ သာသနာတွင်းက ပုဂ္ဂိုလ်များ သည်သာ သာသနာတော်ကြီးကို ကွယ်ပျောက်စေနိုင်သည်ဟူသော ဗုဒ္ဓ၏ဟောကြားချက်ကို လည်း သတိရှိစွာဖြင့် မိမိကိုယ်ကို ဦးစွာစစ်ဆေးသင့်သည်။ မိမိကိုယ်တိုင် ထေရ၀ါဒဗုဒ္ဓ ဘာသာနှင့် မကိုက်ညီသောကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင် သာသနာ ကွယ်ပျောက်အောင် ဖန်တီးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပေသည်။

သြကာသဘုရားရှိခိုးဖြင့် ဘုရား၊ တရား၊ သံဃာတော်တို့အား ရှိခိုးပူဇော်ပြီး အပြစ်တို့ကို ၀န်ချ တောင်းပန်ကာ အပါယ်လေးပါး၊ ကပ်သုံးပါးမှစပြီး ဗျသနတရားငါးပါးစသည်ဖြင့် ကင်းလွတ်ပါ စေကြောင်း ဆုတောင်းတတ်ကြ၏။ မိမိဖောက်မိသော အပြစ်တို့ကို ၀န်ချတောင်းပန်ခြင်းဖြင့် ကျေနိုင်သောအပြစ်တို့ရှိသော်လည်း အပြစ်လုပ်ပြီးတိုင်း ၀န်ချတောင်းပန်လိုက်ရုံဖြင့် ပျောက် သွားတာပဲဆိုပြီး အပြစ်ရှိသော အလုပ်တို့ကို မရှောင်ကြဉ်ဘဲ လုပ်ပြီးတိုင်း တောင်းပန်လိုက် ပြီးရောဟူ၍ ပေါ့ပေါ့လျော့လျော့ဖြင့်နေလျှင်ကား တရားတော်ကို စော်ကားမိသလို ဗုဒ္ဓကို လည်း ဆန့်ကျင်သလိုဖြစ်နေပေမည်။ ကပ်သုံးပါးမှာလည်း ဆုတောင်းပြီးယူနေရမှာမဟုတ်။ ကပ်သုံးပါးမဖြစ်အောင် ကိုယ်တိုင်ကျင့်ကြံရမည်ဖြစ်ပါသည်။ မိမိကိုယ်တိုင် ကပ်သုံးပါးကို ဖန်တီးသူတစ်ယောက်ဖြစ်နေတတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓက သမမျှတမှုမရှိ၊ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဆိုကာ ငါစားရပြီးရောဟူ၍ ငါကိုသာရှေ့တန်းတင် တတ်သော ၀ိသမလောဘဓာတ်အားကြီးလျှင် ဒုဗ္ဘိက္ခန္တရကပ်- အငတ်ဘေးဆိုက်မည်၊ လွန်စွာ ခက်ထန်ကာ သည်းခံခြင်းတရားမှာ ဗလာ၊ ကိုယ်ချင်းမစာ ညှာတာမှုကင်းမဲ့ သားရဲတိရစ္ဆာန်တို့ ကဲ့သို့ အချင်းချင်းညှင်းပန်းနှိပ်စက်တတ်သော ဒေါသဓာတ်အားကြီးလျှင် သတ္တန္တရကပ်- လက် နက်ဘေးဆိုက်မည်၊ သိသင့်သည်တို့ကိုတော့ သိခြင်းနတ္ထိ၊ မသိသင့်သည်တို့ကိုကျတော့ အကုန်သိ၊ မှန်မှားမသိ လူ့တုံးတိ၊ ဆင်ခြင်ဉာဏ်ကင်းမဲ့လှသည့် မောဟဓာတ်အားကြီးလျှင် ရောဂန္တရကပ်- ရောဂါဘယထူပြောသည့်ဘေးဆိုက်မည်ဟူ၍ ဟောကြားတော်မူထားရာ လောဘ၊ ဒေါသ၊ မောဟတရားများ ကြီးမားနေသမျှ ကပ်သုံးပါးကို ဖန်တီးသူစာရင်းထဲတွင် မိမိကိုယ်တိုင် ပါဝင်နေသကဲ့သို့ ထေရ၀ါဒသာသနာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံးနေကြခြင်းသည် သာသနာတော် ကွယ်ပျောက်အောင်လုပ်နေသကဲ့သို့ ဖြစ်နေပေ မည်။

ကလေးငယ်တို့အား ဘုရားအဆုံးအမ တည်ပေးမထားလျှင်လည်း ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့ကို ကြည်ညိုမတတ် ဖြစ်နေကြမည်။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များ ပြောပြဆုံးမ မထားလျှင် အားကိုးမှားပြီး လမ်းမှားလိုက်ကြမည်။ ကြည် ညိုမှားသည့်အတွက် အတုခိုးမှားကြမည်။ အမှတ်မှားတော့ အသိမှားမည်၊ အသိမှားတော့ အယူမှားမည်ဖြစ်သောကြောင့် အမှတ်မှန်ဖြစ်အောင် ငယ်ရွယ်သူတို့အား သင်ကြားပေးကြရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည့် ဗုဒ္ဓဆင်းတုတော်ကြီးသည် အင်ဒိုနီးရှား နိုင်ငံတွင်ရှိ၏။ သို့သော် ထိုနိုင်ငံ၌ ဘုရားသာသနာ နေလိုလလို ထွန်းပခဲ့ရကား ယခု ဘာကြောင့် ကွယ်ပျောက်သွားရသနည်း။ ဆင်းတုတော်ကြီးကလည်း သာသနာ မကွယ် ပျောက်အောင် တတ်နိုင်ခဲ့ပါသလော။ မတတ်နိုင်ခဲ့ပါပေ။ ငယ်ရွယ်သူတို့၏ နှလုံးသားမှာ ဘုရားသာသနာ တည်ပေးမထားခဲ့မှုကြောင့် အယူဝါဒမှားသူတို့၏ စည်းရုံးသိမ်းသွင်းခံခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံ၌ ဘုရားသာသနာတော်ကြီး ကွယ်ပခဲ့ရခြင်းကို သင်ခန်းစာယူကြကုန်လော့။

အမျိုးမျိုးသောဆရာတို့ကို ပေါင်းမိခြင်းသည် ဘေးရောက်တတ်၏။ သာသနာလည်း ညစ်နွမ်း ၏။ ဆရာပေါင်းမှားလို့ အယူဝါဒမှားလျှင်ကား သာသနာတော် ပျောက်ကွယ်သည်အထိ ဖြစ် စေတော့သည်။ အိန္ဒိယနိုင်ငံကိုပဲကြည့်။ ခရစ် (၅)ရာစုနောက်ပိုင်းမှစ၍ ဘုရင်နှင့်သူဌေးများ က ခမ်းနားသောကျောင်းဆောင်များဆောက်လုပ်ကာ အလှူအတန်းများ ရက်ရောလာကြရာ အရည်အချင်း မမှီသောအညံ့စားပုဂ္ဂိုလ်များ သာသနာဘောင်သို့ ၀င်ရောက်လာကြသည်။ ၎င်း တို့က ရဟန်းတော်တို့၏ အဓိကတာဝန်ကြီးနှစ်ရပ်ဖြစ်သော ဂန္ထဓုရ- ပိဋကတ်စာပေများ ပို့ချ သင်ကြားပေးခြင်း၊ ၀ိပဿနာဓုရ- ၀ိပဿနာတရား ပွားများအားထုတ်ခြင်းဟူသော တာဝန်များ ကိုကား မလိုက်နာ၊ မကျင့်သုံးကြဘဲ စားကာသောက်ကာနေကာမျှဖြင့် မန္တာန်စုပ်ခြင်း၊ အင်းချ၊ မှော်ဝင်၊ ဆေးကုခြင်း၊ သမထအာရုံပြုခြင်းစသော လောကီကစ္စ သိဒ္ဓိများကိုပြကာ လူပြိန်းများအား သိမ်းသွင်းဆွဲဆောင်ကြ၏။ ရဟန်းတော်များ၌ အတွင်းသာသနာ အင်အားလျော့ညံ့လာ သောအခါ အချို့ရဟန်းများ ဂန္ဓာရီဝိဇ္ဇာလမ်းများဆီသို့ အာရုံစိုက်သွားကြသည်။ နောက်ဆုံး၌ ၀ိဇ္ဇာဇော်ဂျီဂိုဏ်းကြီး ပေါ်ထွန်းလာပြီး ရဟန်းတော်များ၌ အတွင်းသာသနာ အင်အားပျက်ပြား ခြင်းသည် အိန္ဒိယနိုင်ငံတွင် သာသနာတော်ကွယ်ပရခြင်း၏ အဓိကအကြောင်းကြီးပေတည်း။

ဆေး၊ ဗေဒင်၊ လက္ခဏာ၊ နက္ခတ်နှင့်တကွ လောကီထွက်ရပ် ၀ိဇ္ဇာဂိုဏ်းဘုန်းကြီးများကို မဟာယာနဘုန်းကြီးများက မွေးဖွားပေးခဲ့ခြင်းဖြစ်ပေသည်။ မဟာယာနမှာလည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းတစ်ရာတွင် ပေါ်ထွန်းလာသော မဟာသံဃိကဂိုဏ်းကြီးက မွေးဖွားလာသော အနွယ်ဝင်များဖြစ်ကြသည်။ ထိုဂိုဏ်းကြီးသည် ရဟန်း တော်များ လိုက်နာရသော သိက္ခာတော် (၂၂၇)ပါးမှ (၁၀)ပါးကို လျှော့ချခဲ့ပြီး ဖွဲ့စည်းတည် ထောင်ခဲ့ကြခြင်းဖြစ်သည်။ ယခုဆိုလျှင် ပြင်ဆင်လိုက်၊ ဖြည့်စွက်လိုက်ဖြင့် ပြုပြင်ခဲ့ကြရာ ဗုဒ္ဓဟောကြားတော်မူခဲ့သော အနတ္တသဘော တရားစစ်တရားမှန်ကြီးကွယ်ပျောက်ကာ အတ္တ လမ်းစဉ် ကျင်သုံးနေကြသော ဂိုဏ်းကြီးတစ်ခုပင်ဖြစ်ပေသည်။

အရှင်မဟာကဿပကိုယ်တော်မြတ်ကြီးဦးစီး၍ ရဟန္တာမထေရ်မြတ်ငါးရာတို့ ပထမသင်္ဂါယနာ ၌ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုတော်မူခဲ့ကြသည်မှာကား-
“(၁) သံဃော အပ္ပညတ္တံ နပ္ပညပေတိ-
သံဃာတော်များသည် မြတ်စွာဘုရား မပညတ်ခဲ့သည် ကို အသစ်တိုးချဲ့ ပညတ်ခြင်း မပြုအံ့။
(၂) ပညတ္တံန သမုစ္ဆိန္ဒတိ-
မြတ်စွာဘုရား ပညတ်တော်မူခဲ့သည်ကို ဖြုတ်ပယ်ဖျက်ဆီးခြင်း မပြုအံ့။
(၃) ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ၀တ္တတိ-
မြတ်စွာဘုရား ပညတ်တော်မူခဲ့ သော သိက္ခာပုဒ်(စည်းကမ်းဥပဒေ)များကို ရိုသေစွာလိုက်နာ ကျင့်သုံးပါအံ့။”ဟူ၍ဖြစ်ပေသည်။ ထိုသုံးချက်အတိုင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုံးဝမပြုဘဲ ယခုဆိုလျှင် သင်္ဂါယနာ(၆)ကြိမ်တိုင်တိုင် တညီတညွတ်တည်း ထပ်မံအတည်ပြု လိုက်နာကျင့် သုံးတော်မူခဲ့ကြသောဝါဒအား ထေရ၀ါဒဟု သမုတ်ပေသည်။ ထိုမှတပါး ကျင့်သုံးကြပြီး ဆရာ ကောင်းများရှားလာကာ ဆရာပေါင်းမှားသူ များနေခြင်းသည်လည်း သာသနာတော်ကွယ်ခြင်း၏ အကြောင်းပင်ဖြစ်ပေသည်။

ဗေဒင်နက္ခတ် အတောမသတ် အထပ်ထပ်မေးပြီး အမှန်ယုံကြည်ရမည့် ကံ၊ ဉာဏ်၊ ၀ီရိယကို အားမထုတ်ကြဘဲ တလွဲတခြား အယူမှားနေလျှင်လည်း သာသနာတော်ကွယ်စေသော အကြောင်းပင်ဖြစ်ပေသည်။ ကံနှင့်ကံ၏အကျိုးကို မယုံကြည်ခြင်းသည် တရားတော်အား မရိုသေခြင်းပင်ဖြစ်၏။ ရက်ရာဇာ၊ ပြဿဒါး မည်သူကသတ်မှတ်ကြသနည်း။ လူတို့က သတ်မှတ်ကြ သည် မဟုတ်ပါလော။ ကိုယ်သတ်မှတ်သည့်ရက်ဖြင့် ကိုယ်အနေခက်ဖြစ်နေဘို့ မတော်ပြီ။ ပါရမီကုသိုလ်မှန်လျှင်မြန်မြန်လုပ်၊ မြန်မြန်အားထုတ်လေ ကောင်း၏။ ပြဿဒါးနေ့မလို့ ရှောင်နေက အလုပ်နောက်ကျပြီး မလုပ်လိုက်ရဘဲ သေသွားလျှင် လူ့ဘ၀ရကျိုးမနပ်ဖြစ်မည်။ ရက်ရာဇာ၌ အကုသိုလ်လုပ်လျှင်လည်း အကုသိုလ်အကျိုးပေးက မလွဲမသွေလာမည်။ ရက်ရာဇာ ကတော့ ကယ်တင်လိမ့်မည်မဟုတ်။ “မွေးနေ့၊ သောကြာ၊ တနင်္လာ ကေသာဆံသ မပြုရ” ဆို တော့ တစ်ပတ်အတွက် (၃)ရက် လွတ်လပ်ချိန် လျော့ရုံပဲရှိမည်။ ရှောင်ကလည်း ဘာမျှအကျိုး ဖြစ်ထွန်းမည်မဟုတ်ပေ။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့သား စစ်သားများမှာ သောကြာ၊ စနေ၊ တနင်္ဂနွေသာ ဆံသချိန်ရသောကြောင့် ထိုနေ့များမှာသာ အားလပ်ချိန်ရှိသဖြင့် ဆံသခြင်းပြုကြ ရသည်။ ရှောင်နေလျှင် အကျိုးရမည်က ဘယ်ဆီမှန်းမသိ၊ သေချာတာကတော့ တနင်္လာနေ့ ၀တ်စားဆင်ယင်မှု စစ်ဆေးချက်မှာ အပြစ်ဖြစ်မှာသေချာပေသည်။ ကိုယ်လွတ်လပ်မှု ကိုယ့်အယူဝါဒအမှားတွေက အချုပ်အခြယ်မခံသင့်ပါပေ။

ကျွန်ုပ်ခံယူထားသော ဗုဒ္ဓ၏ တစ်သက်စာဗေဒင်အား စာရှုသူပရိတ်သတ်တို့အား မျှဝေချင်၏။ ပုဗ္ဗဏှသုတ်ပါဠိတော်၌လာသော “သုနက္ခတ္တံ သုမင်္ဂလံ”- ကောင်းတာလုပ်သည့်အချိန်သည် ကောင်းသည့်နက္ခတ်ဖြစ်၏။ ဆန့်ကျင်ဘက်ကား မကောင်းတာလုပ်သည့်အချိန်မှာ မကောင်းသည့်နက္ခတ်ပင်ဖြစ်ပါသည်။ ရက်ရာဇာနေ့ လူသတ်လျှင် သေချာပေါက် ထောင်ကျမည်။ အဖမ်းမခံရလို့ ထောင်မကျလျှင် အကုသိုလ်အကျိုးပေး မလွဲမသွေလာမည်။ ရက်ရာဇာက ကယ်တင်ပေးမည်မဟုတ်ပါပေ။ ပြဿဒါးနေ့ ခန္ဓာဉာဏ်ရောက် တရားနာလျှင် သေချာပေါက် နိဗ္ဗာန်ရောက်မည်။ နိဗ္ဗာန်ကို ချက်ချင်းမမြင်သေးလျှင်လည်း နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ် ထူးများ သေချာပေါက်ရသွားပေမည်။ ပြဿဒါးက မည်သို့မျှမတားဆီးနိုင်ပါပေ။

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။ နတ်နဂါးများမဟုတ်။ ဘုရားစင်ပေါ် မဟုတ်တယုတ်များ ရောက်လာတော့ သာသနာကွယ်ကြောင်းသာဖြစ်နေမည်။ သာသနာတော်ကြီးအား စောင့် ရှောက်လာခဲ့ကြသည်ကား အရှင်မဟာကဿပကိုယ်တော်မြတ်များ အစပြု၍ ထေရ၀ါဒလမ်း စဉ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လာကြသော သံဃာတော်အရှင်သူမြတ်များ ဖြစ်ကြပေသည်။ သူရဿရီ နတ်မဟေဒီတစ်ပါးက ဘယ်ကလာပြီး ဘယ်လိုများ ပိဋကတ်တော်များကို စောင့်ရှောက်ခဲ့ပါသနည်း။ ဘုရားနှင့်တစ်တန်းတည်းထားရအောင် ဘယ်လိုအကျင့်သီလ၊ သမာဓိ၊ ပညာတွေနှင့် ပြည့်စုံနေသနည်း။ အားကိုးမှား၊ ကိုးကွယ်မှားနေကြလျှင်ဖြင့် ကြာလျှင် ဒုက္ခရောက်ပြီး သာသနာတော်ကို အဖျက်အမှောက်လုပ်မိသလို ဖြစ်နေကြပေမည်။

“အိမ်ရှိလျှင် အုန်းရှိမှ”ဟုဆိုကာ အိမ်အတွင်းမှာလည်း ကိုတင့်တယ်အစဖြာသည့် (၃၇)မင်းနတ်များကို ကိုးကွယ်နေလို့ ဘာအကျိုးထူးများ ရကြသနည်း။ ရှေးကစကားမှာလည်း ဤသို့မဟုတ်၊ မအုန်းက အိမ်တွင်းအလုပ် နိုင်နင်းသေသပ်သည့် အိမ်ဖော်အငှါးမလေးဖြစ်သောကြောင့် အိမ်ရှိလျှင် မအုန်းရှိမှ စသည်ဖြင့် နှုတ်ဖျားမှရေပန်းစားရင်းဖြင့် အိမ်တွင်းအုန်းရှိရမည်ဟုဆိုကာ မှားယွင်းနေကြသည်သာဖြစ်ပေသည်။ ကိုတင့်တယ်တို့ မိသားစုက ဘယ်ဘုံဘ၀ ရောက်နေလို့ရောက်နေမှန်းမသိ။ ကျန်ခဲ့သည့်မိသားစုတွေကတော့ အားကိုးမှားမိသောကြောင့် ကိုယ့်မှာရှိသည့် ၀င်ငွေများမှာ အုန်းခြောက်လို့ ခဏခဏလဲပေး နေရသဖြင့် အပိုငွေများ တဖွဲဖွဲထွက်နေပေတော့သည်။ နောက်ပြီး မရှိကို အရှိလုပ် ကိုး ကွယ်နေလျှင်လည်း အဿာဒဒိဋ္ဌိဖြင့် သေလျှင်အပါယ်ကျမည်သာဖြစ်ပြီး လက်ရှိမှာလည်း ကိုးကွယ်မှားနေခြင်းဖြင့် နောင်လာနောက်သားများ အတုယူမှားအောင်၊ သာသနာတော် ညစ် နွမ်းအောင် လုပ်နေခြင်းသာ ဖြစ်နေပါသည်။

သာသနာတော်အစစ်အမှန်ကို သေချာသိမှသာလျှင် အတုအယောင်ကိုပယ်ထုတ်၍ ရပါလိမ့် မည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် သာသနာတော် နေလိုလလို ထွန်းကားနေချိန်တွင် တိတ္ထိ၊ တက္ကတွန်းပေါင်းများစွာတို့သည် ဘယာ ပဗ္ဗဇိတသဘောမျိုးဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်လာကြရာ ရဟန်းအတုနှင့် အစစ် ခွဲခြားမရအောင် ရောနှောနေသောကြောင့် အတု နှင့်အစစ် ခွဲခြားရနိုင်အောင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သီရိဓမ္မာသောကမင်းကြီးအား သာသနာတော်အစစ် ရဟန်းတို့၏ အယူဝါဒကား ၀ိဘဇ္ဇ- ဝေဖန်ပိုင်းခြားတတ်သော ၀ါဒသာဖြစ်သည်ဟု သင်ကြားပြသပေးလိုက်ရာ မင်းကြီးကိုယ်တိုင် ၎င်းနည်းဖြင့် သုတ်သင်ရှင်း လင်းသဖြင့် သာသနာတော်ကြီး ပြန်လည်စည်ပင်ခဲ့ရပါသည်။

ထို့ကြောင့် ဘုရားသာသနာတော်ကြီး အဓွန့်ရှည်စွာတည်တံ့နိုင်ရန်အတွက် “တာဝန်သိသူမှာ တာဝန်ရှိသည်”ဟု ခံယူကြပြီး ရဟန်းရှင်လူအားလုံး မိမိကိုယ်တိုင်လည်း သာသနာတော်အား ရိုသေလေးစား လိုက်နာကျင့်ကြံနေထိုင်ကြပြီးလျှင် သူတစ်ပါးတို့အားလည်း တိုက်တွန်းနှိုးဆော်ကာ နိဗ္ဗာန်သို့သွားသော ကလျာဏမိတ္တများအဖြစ် အချင်းချင်းဖွဲ့နိုင်ကြပါကုန်။

အပြည့်အစုံသို့