28 Dec 2009

ကလျာဏမိတ္တ ရှာပေါင်းကြ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လောက၌ “အတုမြင်အတတ်သင်” ဆိုသည့် မြန်မာစကားအတိုင်း အနေနီးရာအလိုက် ပတ်ဝန်းကျင်၏စရိုက်ကိုကြည့်၍ အတုလိုက်၍ နေတတ်ကြပေသည်။ “တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး” ဖြစ်တတ်သည့်သဘောဖြစ်၏။ လူငယ်တို့က လူကြီးတို့ကိုကြည့်၍ လိုက်တု ကြ၏။ တဖန်လူကြီးတို့ကလည်း လူငယ်တို့ကိုကြည့်၍ အတုခိုးနေထိုင်ခြင်းများလည်း ရှိကြ၏။ ကြာလာသည့်အခါ အတုကိုလိုက်ခြင်းဖြင့် တဖြည်းဖြည်း ကိုယ်ပိုင်နေထိုင်တတ်သည့်သဘော သို့ ဖြစ်လာ၏။ ထို့ကြောင့် လူတို့သည် အနေနီးရာအလိုက် စရိုက်လက္ခဏာများ တူလာတတ် ကြပေသည်။


ယခုခေတ်အနေအထားဖြင့်ကြည့်လျှင် မီဒီယာ၏တိုးတက်မှုအဟုန်ကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်စုနှင့်တစ်စုတို့၏ ယဉ်ကျေးမှုများ၊ စရိုက်လက္ခဏာများ၊ အမူအကျင့်များ၊ ၀တ်စားဆင်ယင်မှု စသည်ဖြင့် အတုမြင်အတတ်သင်လာကြပြီး စရိုက်လက္ခဏာများ အချင်းချင်းကူးစက်နေသကဲ့သို့ဖြစ်၏။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ၍ မျောချင်တိုင်း မျောနေကြသူများလည်းရှိ၏။ လိုက်ပါမျောမသွားဘဲ ကန့်လန့်တိုက်သူများလည်း ရှိကြ၏။ မျောပါ၍လည်း မလိုက်၊ ကန့်လန့်လည်း မတိုက် လျစ်လျူရှုနေသူများလည်း ရှိကြသည်။ နောက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်သင့်သည်များကိုလိုက်၍ မလိုက်သင့်သည်များ ကိုမလိုက်ပါဘဲ နေထိုင်ပြီး သူတစ်ပါးတို့ကို ကယ်တင်နိုင်က ကယ်တင်၊ မကယ်တင်နိုင်က ဥပေက္ခာပွား၍ နေထိုင်ကျင့်ကြံကြသူများလည်း ရှိကြပေသည်။

လူအမျိုးမျိုး နတ်အဖုန်ဖုန် ကကြိုးတွေစုံလင်စွာရှိနေကြသော်လည်း ရရှိထားသော ခက်ခဲလှ သည့်လူ့ဘ၀ တစ်ဖန်ရရန် မလွယ်လှ၍ “ရကျိုးနပ်ပါပေစွ”လို့ ပီတိသောမနဿဖြာကြ ရအောင် မြတ်ဗုဒ္ဓဟောမြွက်သည့် ကလျာဏမိတ္တတို့ကို ရှာပေါင်းမှသာ သင့်တော်မည်ဖြစ်၏။ ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏ ဆုံးမစကားအတိုင်း “မိမိကိုယ်တွေ့ ဆရာ့ကိုယ်တွေ့လည်း မယုံနဲ့ဦး၊ ဗုဒ္ဓကိုယ်တွေ့သာ ယုံ” ဆိုသကဲ့သို့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပြီးမှ ရရှိတော်မူရသော တရားလုံးစုံ အကြွင်းမကျန် မြင်တော်မူနိုင်သည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွါး ချမ်းသာကြောင်းကိုသာ ဟောကြားတော်မူသော ရှင်တော်မြတ်ဘုရား၏ တပည့်သားမြေးများအဖြစ် ခံယူကြပြီးလျှင် လိုက်နာကျင့်ကြံကြဖို့ အရေးကြီးလှ၏။

ချမ်းသာစီးပွါး တိုးတက်မြင့်မားရန်အတွက် ပေါင်းဖော်ကြရမည့် လေးမျိုးသောမိတ်ဆွေတို့မှာ-
(၁) ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးတို့ကို ယုံကြည်ခြင်း “သဒ္ဓါတရား” ရှိသော မိတ်ဆွေကောင်း၊
(၂) မွန်မြတ်သောကိုယ်ကျင့်တရား “သီလ”ရှိသော မိတ်ဆွေကောင်း၊
(၃) ပေးကမ်းစွန့်ကြဲခြင်း “စာဂ” ရှိသော မိတ်ဆွေကောင်း၊
(၄) အမှားနှင့်အမှန် ဝေဖန်ခွဲခြားနိုင်သည့် “ပညာ” ရှိသော မိတ်ဆွေကောင်း တို့ဖြစ်ကြ၏။ ထိုမိတ်ဆွေတို့၏အကျင့်ကို အတုလိုက်၍ကျင့်ခြင်းဖြင့် နေထိုင်ကြရာ၏။ ပေါင်းဖော်ကြရာ၏။ နှစ်သက်မြတ်နိုး မှီဝဲဆည်းကပ်ရာ၏။ သို့မှသာလျှင် ရရှိသည့်လူဘ၀ အနေမြတ်အောင် နေထိုင်ကျင့်ကြံတတ်ကြမည်ဖြစ်၏။

သဒ္ဓါတရားနှင့်ပြည့်စုံသော မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းရခြင်းဖြင့် ဘုရားဂုဏ်၊ တရား ဂုဏ်၊ သံဃာဂုဏ်တို့ကို နာကြားရ၏။ သိမှတ်ကြည်ညိုတတ်လာ၏။ တန်ဖိုးထား မြတ်နိုး တတ်လာ၏။ ဘုရားရှင်ကို ရည်မှန်းပူဇော်ထားသည့် ဥဒ္ဓိဿစေတီ၊ ဟောကြားထားခဲ့သော ဘုရား၏စကားတော်များဖြစ်သည့် ဓမ္မစေတီ၊ ဘုရားရှင်၏ အသုံးအဆောင်များဖြစ်ခဲ့သည့် ပရိဘောဂစေတီ၊ ဘုရားရှင်ရုပ်ကလာပ်တော်မှ ကြွင်းကျန်ရစ်ခဲ့သည့် ဓာတုစေတီ အစရှိသည့် စေတီတို့ကို ပူဇော်မြတ်နိုး ရှိခိုးကြရာတွင် ဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်အနန္တတို့ကို စိတ်ဖြင့်ရည်မှန်းကာ ပူဇော်တတ်လာကြ၏။ လောက၌ ဘုရား၊ တရား၊ သံဃာသည်သာလျှင် လောကတစ်ခွင် အနန္တစကြာဝဠာအတွင်း၌ ကိုးကွယ်ရာအမှန် ရတနာအစစ် ဖြစ်တော်မူ၏ဟူ၍ မိတ်ဆွေကောင်းတို့ထံမှ သစ္စာတရားတို့ကို သိခွင့်ရကြ၏။ ပို၍ပို၍ ထူးကဲသော သဒ္ဓါတရား တို့ကိုသာ အခါခါတိုးပွါး၍ နောက်ဆုံး သစ္စာလေးပါးသို့ ထိုးထွင်း၍ သိမြင်နိုင်သည်အထိ သဒ္ဓါတရားရှိသောမိတ်ဆွေကောင်းကို ပေါင်းသင်းရခြင်း၏အကျိုးတရားများ မိမိသန္တာန်၌ ရောက်ရှိလာနိုင်ပေသည်။

သဒ္ဓါတရားမရှိသောသူတို့ကို ပေါင်းသင်းမိသောအခါတွင် ဘုရား၊ တရား၊ သံဃာတို့၏ဂုဏ် တော်တို့ကို သိခွင့်ရဖို့မဆိုထားနှင့် ကန့်လန့်ပင်တိုက်မိတတ်ကြ၏။ စော်ကားမော်ကားပြုတတ် ၏။ မိစ္ဆာဒိဋ္ဌိအယူတို့ကို ယူမိတတ်ပြီး ကမ္ဘာပျက်သည့်တိုင်အောင် မကျွတ်တမ်းအပါယ်မှာ ခံစားရသည့်အဖြစ်သို့ပင် ရောက်ရတော့၏။ ငရဲဆိုသည်မှာ ပုံပြင်ထဲမှာပဲရှိသည်၊ နိဗ္ဗာန်သည် လည်း အမှန်မှာ ရှိဟန်မထင် စသောသံသယတို့ဖြင့် ပြည့်နှက်နေပြီး ကောင်းမှုတရားတို့ကို သတိတရားမေ့လျော့၍ မကောင်းမှုတို့သာ အစဉ်ပျော်မွေ့ကာ ရခဲသည့်လူ့အဖြစ်ကို ဖက်ရွက် ကန်စွန်းရွက်ပမာသာ တန်ဖိုးထားတော့၏။ ယခုခေတ် မဆိုထားနှင့် ဘုရားရှင်လက်ထက် သာသနာတော်ကြီး နေ၀ါထွန်းတောက် အလင်းရောက်နေခဲ့ချိန်မှာပင် ဘုရား၊ တရား၊ သံဃာကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိအယူရှိသူများမှာ သာသနာတော်နှင့် တွေ့ကြုံခွင့်မရကြဘဲ ရရှိသည့်လူ့ဘ၀ကို အပါယ်ကျအောင် အသုံးချမိခဲ့ကြ၍ ယခုဆိုလျှင် အပါယ်၌ ခံစားနေကြ ပေပြီ။

ကိုယ်ကျင့်တရားကောင်းမွန်သည့်မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းနေထိုင်ခြင်းဖြင့်လည်း မိမိ သန္တာန်၌ မိတ်ဆွေကောင်းတို့ထံမှ အကျင့်ကောင်းများ ရှိလာ၏။ မွန်မြတ်သော နေထိုင်နည်းဖြင့် ကျင့်ကြံတတ်လာ၏။ သီလရှိခြင်းဖြင့် အပြစ်ကင်းသောချမ်းသာကို ခံစားရ၏ ဆိုသည့်အတိုင်း အပြစ်တွေကင်းအောင် နေထိုင်တတ်လာသောအခါ နေ့စဉ် ကိုယ်နှင့်စိတ်တို့ ငြိမ်းချမ်းလာ၏။ နူးညံ့သိမ်မွေ့သောလူတစ်ယောက်ဖြစ်လာ၏။ ကောင်းသောအသက်မွေးခြင်း ဖြင့်လည်း နေထိုင်တတ်လာ၏။ ထိုသို့ ကိုယ်ကျင့်သီလကောင်းများရှိလာသည့်အတွက်လည်း မိမိ၏ကိုယ်ကျင့်သီလကောင်းများကို ယုံကြည်လေးစားတန်ဖိုးထားကာ မိမိ၏ ပတ်ဝန်းကျင်ရှိ သူတို့ကလည်း အတုလိုက်နေထိုင်လာကြလျှင် မိမိကြောင့် ပတ်ဝန်းကျင်ရှိ သူတကာတို့ အကျင့်ကောင်းများ အတုလိုက်၍ ကျင့်ကြံနိုင်လာကြပေမည်။ ကိုယ်ကျင့်သီလ ကောင်းသူတို့ အချင်းချင်း ပေါင်းဖော်လုပ်ကိုင်ဆောင်ရွက်ကြရသော မည်သည့်လုပ်ငန်းဖြစ်စေ အောင်မြင် ကြီးပွါး အကျိုးများသည်သာဖြစ်ချေသည်။

သီလပျက်နေသောသူတို့ကို ပေါင်းသင်းမိသောအခါ၌ မိမိလည်း သီလပျက်လာတော့သည်။ အရက်သမားနှင့်ပေါင်းတော့ အရက်သောက်မိမည်၊ ဖဲသမားနှင့်ပေါင်းတော့ ဖဲရိုက်တတ်မည်၊ မကောင်းသောအမျိုးသမီးတို့ကို လိုက်စားပျော်ပါးတတ်သောသူတို့ကိုပေါင်းသင်းမိတော့ မိမိ လည်းပျော်ပါးမိသွားမည်။ မိမိက မလုပ်လျှင်လည်း သီလပျက်စီးနေသောစကားများကို နားထောင်နေရမည်။ လိုက်ပါ ရယ်မောမိမည်။ သီလပျက်သောစကားတို့ကို နာကြားနှစ်ခြိုက် မိလျှင် အလိုတူစာရင်းထဲပါသွားတတ်ပြီး မိမိလည်း သီလတွေပျက်သွားတတ်ပေမည်။

ပေးကမ်းစွန့်ကြဲတတ်သော မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းနေထိုင်ခြင်းဖြင့် မိမိလည်း သူ့ကဲ့ သို့ ပေးလှူဖြစ်လာ၏။ စွန့်လွှတ်တတ်လာ၏။ ပေးကမ်းလှူဒါန်းခြင်းကြောင့်ရရှိသော အကျိုးတရားတို့ကို သိလာ၏။ ပေးကမ်းခြင်း၌ မွေ့လျော်ပျော်ပိုက်လာ၏။ “ပျော်ရွှင်ခြင်း၏ အနှစ်သာရသည် စွန့်လွှတ်ခြင်းဖြစ်သည်” ဆိုသောအဓိပ္ပါယ်ကို သိလာ၏။ ပေးကမ်းခြင်းဖြင့် ကိုယ်စိတ် မဆင်းရဲဘဲ ပို၍ပို၍ပင် ချမ်းသာနေရသည့် အရသာကို ခံစားတတ်လာသည်။ ဆရာကြီးဦးရွှေအောင်ဆုံးမခဲ့သကဲ့သို့ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း ဆက်တိုင်း ကောင်း၏။” ဆိုသော အကျိုးတရားများကို ပိုင်ဆိုင်လာရပေသည်။ နှမြောဝန်တိုခြင်း မစ္ဆရိယစိတ်၏ ကိလောသာအပြစ်တို့ကို မြင်လာရ၏။ နှမြောဝန်တိုသူတို့အား ပေးကမ်းခြင်းဖြင့် မိမိက မြတ်သောအနိုင်ရခြင်းကို နားလည်လာရပေသည်။ မိမိ၏ စီးပွါးဥစ္စာရှာခြင်းတို့သည် လောဘကြောင့်မဟုတ်တော့ဘဲ အများသူငှါအတွက် ပေးကမ်းလှူဒါန်းနိုင်ရန်ဟူသော ဆန္ဒဖြင့် အနစ်နာခံအားထုတ်ခြင်းမျိုး ဖြစ်သောကြောင့် နိဗ္ဗာန် ထုတ်ချောက် ဧကန်ရောက်မည့် ပါရမီမြောက်သည့်ဒါနတို့က မသေရာသို့ ပို့ဆောင်ကြမည်မှာ မလွဲဧကန်သာဖြစ်ပေသည်။

ပေးကမ်းစွန့်ကြဲခြင်းမရှိသော နှမြောတွန့်တိုသည့်သူတို့ကို ပေါင်းသင်းမိသောအခါတွင် လှူ တယ်ဆိုတာ “အ-လို့ လှူတာ၊ လူလည်တွေကသာ ယူသွားတာကွ”ဆိုသော ဒါန၏အကျိုး တရားကို ဖျက်ဆီးသည့်စကားများ ကြားရတတ်သည်။ အသိအမြင်နည်းပါက ဟုတ်လေ ယောင်ထင်သွားမိမည်။ ထိုကဲ့သို့သော သူတို့နှင့် ပေါင်းဖော်လုပ်ကိုင်ရာ၌ အချိန်တိုင်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပေးရတာများလာသောအခါတွင် ပေးကမ်းခြင်းသည် ကောင်းမှုပြု သည်သာဖြစ်၏ဟု နှလုံးသွင်းရမည့်အစား ကိုယ့်အပေါ်တွင် အတင်စီးအနိုင်ယူနေသူသာ ဖြစ်၏ဟူ၍မြင်လာပြီး နှလုံးမသာမယာလည်းဖြစ်တတ်၏။

အမှားနှင့်အမှန် ဝေဖန်ဆန်းစစ် သိမြင်တတ်သည့် ပညာရှိမိတ်ဆွေကောင်းတို့အား ပေါင်းသင်း နေထိုင်ခြင်းဖြင့် ကုသိုလ်အလုပ်၊ အကုသိုလ်အလုပ် ခွဲခြားသိမြင်လာရ၏။ ကုသိုလ်အလုပ်တို့ ကို လုပ်ဆောင်တတ်လာ၏။ အတုမြင်အတတ်သင်ရာ၌လည်း ကောင်းသောလုပ်ဆောင်မှု၊ မှန်ကန်သောဆောင်ရွက်မှုတို့ကိုသာလျှင် အတုယူတတ်လာပြီး မကောင်းသောအမှုတို့ကို အတုမလိုက် ရှောင်ကြဉ်တတ်လာသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်တတ်သည် ဆိုသော်ငြားလည်း အမှားအမှန်ကို ခွဲခြားသိမြင်တတ်အောင် မိတ်ဆွေကောင်းက ညွှန်ပြပေး သောကြောင့် လူမိုက်တွေကြား ရောက်နေငြားလည်း အမှားသို့မလိုက် အမှန်သို့ဆိုက်အောင် သာ “တစ်ယောက်တည်းနေ တစ်စိတ်တည်းထား” ဆိုသော ကျေးဇူးရှင်ဆရာတော် အရှင် ဆန္ဒာဓိက ရေးသားထားသည့် တရားအားထုတ်နည်းလေးအတိုင်း ကျင့်ကြံအားထုတ်တတ် လာပေသည်။

ဒုက္ခဖြစ်ကြောင်းဟူသော သမုဒယသစ္စာ၊ ရရှိထားသော ခန္ဓာငါးပါးတို့သည် သမုဒယသစ္စာ ကြောင့် ရရှိလာခဲ့ရသော ဒုက္ခသစ္စာ၊ ထိုဒုက္ခတရားတို့မှ လွတ်မြောက်ခြင်းသဘောဟူသော နိဗ္ဗာန်သည် နိရောဓသစ္စာ၊ ထိုသို့ သေခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်နိုင်သည့် ကျင့်ကြံအား ထုတ်နည်းများမှာ မဂ္ဂင်ရှစ်ပါး မြတ်သောအကျင့်တရားများဖြစ်သည့် မှန်သောမြင်ခြင်း- သမ္မာဒိဋ္ဌိ၊ မှန်သောကြံစည်တွေးတောခြင်း- သမ္မာသင်္ကပ္ပ၊ မှန်သောပြောခြင်း- သမ္မာဝါစာ၊ မှန်သောပြုလုပ်ခြင်း- သမ္မာကမ္မန္တ၊ မှန်သောအသက်မွေးခြင်း- သမ္မာအာဇီဝ၊ မှန်သောအား ထုတ်ခြင်း- သမ္မာဝါယာမ၊ မှန်သောသတိရှိခြင်း- သမ္မာသတိ၊ မှန်သောတည်ခြင်းခြင်း- သမ္မာ သမာဓိတို့ဖြင့် ကျင့်ကြံပွါးများ အားထုတ်မှသာလျှင် အသေကင်းရာ အမတနိဗ္ဗုတာသို့ ဧကန်ရောက်သည်သာဖြစ်ကြောင်း အမြင်မှန်များ ရှိထားသောကြောင့် လုပ်ဆောင်သမျှ ပညာနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်လာ၏။ ထိုသို့ ပညာဖြင့် ဆောင်ရွက်တတ်လာသောအခါ အနှောင်အဖွဲ့ဟူသော ရစ်ပတ်ခြင်း သံယောဇဉ်တရားတို့ကို အလွယ်တကူ ဖြတ်တောက် နိုင်ပြီး နောက်ဆုံး တဏှာကျော့ကွင်းအတွင်းမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သို့ ရောက်ရှိခံစားနိုင်တော့သည်ဖြစ်၏။

အမြင်မှန်သမ္မာဒိဋ္ဌိမရှိသော ပညာမဲ့ပုဂ္ဂိုလ်တို့ကို ပေါင်းဖော်မှီဝဲမိခြင်းဖြင့် မိစ္ဆာဒိဋ္ဌိစကားတို့ကို ကြားရ၏။ “ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့ကွ” ဟူသည့် မကောင်းတာလုပ်လျှင် မကောင်း ကျိုး ခံစားရသည်ဆိုသော ကံနှင့်ကံ၏အကျိုးကို မယုံကြည်ဘဲ မထီမဲ့မြင်စကားများ ပြောဆို တတ်၏။ “သတ္တ၀ါတွေဆိုတာ လူချွတ်မှ ကျွတ်တာ” ဟူ၍ ထိုသို့ ပါဏာတိပါတကံကို လက်ရဲ ဇက်ရဲပြုလုပ်ခြင်းသည်ပင် ကောင်းမှုပြုနေသယောင်ယောင်ပြောဆိုသော ပညာမဲ့တို့စကားကို ယုံကြည်မိတတ်ပေသည်။ ယောက်ျားမှန်လျှင် အရက်လည်းသောက်တတ်ရမည်၊ မိန်းမလည်း ပွေတတ်ရမည်၊ အလောင်းကစားလည်း လုပ်တတ်ရမည်ဟူ၍ အမြင်မှားကာ ကျင့်ကြံနေသည့် သူတို့ကို အားကျမိတတ်၏။ အတုယူမိတတ်၏။ တချို့အမျိုးသမီးများဆိုလျှင် “ယောက်ျားလေးပဲ အသောက်အစားလေးတော့ရှိမှာပေါ့” ဟူ၍ပင် အမျိုးသားတို့အပေါ် အခွင့်အရေး ပေးကြ၏။ ငွေများများရှာနိုင်ဖို့သာအရေးကြီးသည်၊ မည်သို့ပင်ရခဲ့သည်ဖြစ်စေ လင်ယောက်ျား ၏ ငွေရှာနိုင်ခြင်းကိုသာ တန်ဖိုးထားပြီး အကျင့်သီလကို တန်ဖိုးမထားတတ်ကြပေ။ အိမ်ထောင်သည် ဇနီးမောင်နှံများတွင် နှစ်ဦးစလုံးက ပညာမဲ့နေကြပါလျှင် အမြင်မှန် မရသေးသည့်ကာလပတ်လုံး ထိုသူတို့၏ စီးပွါးဥစ္စာရှာဖွေခြင်း၊ အတူတူ ပြောဆိုနေထိုင်စား သောက်နေရခြင်း၊ ကိစ္စအ၀၀တို့ ကြံစည်စိတ်ကူးကြခြင်းဟူသော ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့၏ အပြစ်များမှာ မည်မျှများပြားလိုက်ပါမည်နည်း။

ပညာရှိအား ချစ်ခင်မြတ်နိုးကြသူတို့သည် ကောင်းမှုပြုပြီးသည့်အခါတွင် “ပညာမဲ့ လူမိုက် တို့နှင့် မပေါင်းဖော် မမှီဝဲ မဆည်းကပ်ရပါလို၊ ပညာရှိသူတော်ကောင်းတို့ကိုသာ ပေါင်းဖော် ယှဉ်တွဲ အမြဲဆည်းကပ်ရပြီး ပညာရှိသူတို့၏အကျင့်ကို လိုက်နာကျင့်ကြံနိုင်ရပါလို၏” ဟူ၍ ဆုတောင်းကြပေသည်။ လူမိုက်ဟူ၍ဆိုခြင်းသည် စာပေမတတ်သူတို့ကို ဆိုခြင်းမဟုတ်။ အသိတရား(အမြင်မှန်သမ္မာဒိဋ္ဌိ) ရှိခြင်းမရှိခြင်းနှင့် ကျင့်ကြံအားထုတ်မှုတရားတို့ကိုကြည့်ပြီး သိနိုင်ပေ၏။ အသိမှား၊ အယူမှားပြီဆိုလျှင် လုပ်ဆောင်သမျှ ပညာနှင့်မယှဉ်နိုင်သောကြောင့် ငါဟူသောအတ္တ၊ မာန်မာနတို့ဖြင့် လက်ဝါးကြီးအုပ်တော့၏။ စီးပွါးရေးလုပ်ရာတွင်လည်း သူတစ်ပါးတို့အပေါ် ကျောနိုင်မှသာ စီပွါးတိုးတက်အောင်မြင်သည်ဟု မြင်တတ်ကြ၏။ အလုပ် ၌ စေတနာထားလုပ်ဆောင်ရမည့်အစား ကိုယ်ရဖို့အတွက်သာ ဦးတည်ဆောင်ရွက်တတ်ကြ သည်။ မှန်ကန်သောအသိ၊ မြင့်မြတ်သောတွေးခေါ်မှုတို့ဖြင့် ရိုးသားကြိုးစားကာ ဆင်းရဲပင်ပန်း စွာ ရုန်းကန်လှုပ်ရှားနေကြသူတွေကိုတော့ အထင်သေး အမြင်သေးပြီး “လူအ”ပင် ထင်တတ် ကြပေသည်။

ပညာရှိဆိုသည်မှာ အသက်ကြီးမှရယ်မဟုတ်၊ ပစ္စည်းဥစ္စာပေါကြွယ်ဝမှဟူ၍ မဆိုလို၊ ခြွေရံသင်းပင်းများမှရယ်လည်း မသတ်မှတ်ပါချေ။ အသက် ကြီးကြီး ငယ်ငယ်၊ ပစ္စည်းဥစ္စာရှိရှိ မရှိရှိ၊ ခြွေရံသင်းပင်း များများ မများများ ထိုသူ၏အသိတရားမြင့်မြတ်မှန်ကန်မှု၊ ထိုအသိ တရားအတိုင်း လိုက်နာကျင့်ကြံပွါးများမှု ရှိသူတို့ကိုဆိုခြင်းဖြစ်၏။ ထိုသို့သောပညာရှိအား မှီဝဲဆည်းကပ်ရခြင်းဖြင့် အကျိုးတရားတို့သာ အစဉ်တိုးပွါးပြီး မိမိသန္တာန်၌ အသိမှန် အမြင် မှန်များ ရောက်ရှိလာပြီး မြတ်သောနေခြင်းဖြင့် အချိန်ကိုအသုံးချတတ်သွားပေတော့၏။

သဒ္ဓါသီလ၊ စာဂပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊ ပေါင်း၍အတု၊ ကိုယ်လည်းပြုမှ၊ ကလျာဏမိတ္တ-ပြည့်စုံသည်။

စာဖတ်သူဓမ္မမိတ်ဆွေအားလုံး ကလျာဏမိတ္တများကို ရှာဖွေပေါင်းသင်းနိုင်ကြ၍ ထိုမိတ်ဆွေ တို့ကို အတုလိုက်၍ကျင့်ကြံကြပြီး နောက်ဆုံးပန်းတိုင်ဖြစ်သည့် မသေရာ “မြတ်နိဗ္ဗာန်” သို့ လွယ်ကူစွာရောက်ရှိနိုင်ကြပါစေ။

အပြည့်အစုံသို့

21 Oct 2009

သံသယဆူးငြောင့်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သဒ္ဓါယ တရတိ သြဃံ”- ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ့်လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင်သည့် နည်းလမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ်ပေ။ မယုံကြည်ဘဲ လုပ်နေလျှင်လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင်လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ်ပါသည်။


ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင်နိုင်သည်ကမှန်၏။ အမှားကို ယုံကြည်နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင်နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြသည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက်လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန်သမျှ ပပျောက်သွားကြမည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာအမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာကြသည်ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချမှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။

မပြောင်းလဲနိုင်သော အမှန်တရားတို့မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော သဘော အမှန်၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ အစရှိသော ပရမတ္ထသစ္စာ သဘောတရားတို့ပင်ဖြစ်၏။ ပညတ်ထားသော အခေါ်မှန်သမျှတို့မှာကား အမြဲပြောင်းလဲ နေကြမည်ဖြစ်သည်။ ထိုသို့ပင် အထင်မှားနေသော အရာအားလုံးတို့သည်လည်း တစ်နေ့၌ အမှန်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အမှန်ကို သိမြင်သွားမှသာလျှင် အမှားသို့ ပြန်လည်၍ မပြောင်းလဲနိုင်တော့ခြင်းဖြစ်သည်။ အမှား၌ ကျင်လည်နေသော သဘောတရားတို့သည်သာ သံသယစက်ကွင်းတွင် ရှိနေသောကြောင့် ဆူးငြောင့်သဖွယ် အနှောင့်အယှက်က အမြဲကာဆီး ထားပြီး အလင်းမရနိုင်ဘဲ အမှောင်သက်သက်ဖြင့်သာ ကျင်လည်နေခြင်း ဖြစ်ပေသည်။

အမှန်တရားသို့ မရောက်သေးသမျှ တည်ငြိမ်မှုသည် အလျှင်းမရှိနိုင်သေးပေ။ ရင့်ကျက်မှု သဘောသည် အမှန်တရား၏အရိပ်ကို ထင်ဟပ်ပြသနေခြင်းသာဖြစ်ပေသည်။ ရဲရင့်ခြင်းသတ္တိ သည် သံသယတည်းဟူသော အမှောင်ကို ဖြိုးခွင်းနိုင်မှသာလျှင် ရရှိနိုင်သည့် ဆုလာဘ် တစ်ခုပင်ဖြစ်၏။ ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသောရတနာ၊ သံဃာတည်းဟူ သောရတနာဟုဆိုအပ်သော ရတနာမြတ်သုံးပါးတို့နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ခြားတစ်ခြား သော လောကီရတနာတို့သည် အချည်းအနှီးမျှသာ တန်ဘိုးရှိတော့၏၊ မြတ်နိုးဖွယ် ရတနာ အစစ်ကား ဘုရား၊ တရား၊ သံဃာ ရတနာတို့သာ အမှန်စင်စစ် ဧကန်ဖြစ်တော့၏ဟု သံသယမရှိတော့သည့်အခါတွင် အနှောင့်အယှက်ဆူးငြောင့်တို့ ကင်းလာသည်။ သစ္စာဉာဏ် ဖြင့် သက်ဝင်ယုံကြည်သွားလျှင် သံသယဆူးငြောင့်မှာ လုံးဝ ကင်းရှင်းသွားပေသည်။ ရဲရင့်ခြင်း ဆုလာဘ်ကို ပိုင်ဆိုင်သွားသည်ဖြစ်ခြင်းကြောင့် သေရမှာပင် မကြောက်မလန့် သေနိုင်တော့ ၏။

ငါဘယ်က လာပါသနည်း။ ငါဘယ်သို့ သွားမည်နည်း။ ငါဆိုသည့် ငါကရော ဘယ်လိုမျိုးကို ခေါ်ဝေါ်သတ်မှတ်ထားသနည်း။ သံသယတို့နှင့် ရောထွေးလို့နေ၏။ ဗုဒ္ဓ၏ သစ္စာတရားအရ ငါဆိုသည်မှာ အခေါ်မျှသာရှိ၏။ အမှန်အားဖြင့် မရှိပေ။ အမှန်အားဖြင့် ရုပ်နာမ်နှစ်ပါး၊ ထိုနှစ်ပါးကို ချဲ့ပြောလျှင် ခန္ဓာငါးပါးတို့သာလျှင်ရှိပေသည်။ ဖောက်ပြန်တတ်သော ရုပ်သဘော တရားတို့က မည်သူ့အလိုကိုမျှမလိုက်ဘဲ သူ့သဘောအတိုင်း ဖောက်ပြန်ပျက်ဆီး၍သာနေကြ ၏။ ခံစားတတ်သော သဘောတရားက ခံစားမှုအလုပ်ကိုသာ သူလုပ်နေသည်။ မည်သူက ခိုင်းလို့ လုပ်နေခြင်းမျိုးမဟုတ်ပေ။ ခံစားမှုအလုပ်သည် သူ့သဘော၊ သူ့အလုပ်ဖြစ်၍ သူ့အလို လို လုပ်နေခြင်းသာဖြစ်သည်။ ကြံစည်တွေးတောတတ်သောသဘောက ကြံစည်တွေးတော ခြင်းအလုပ်၊ မှတ်သားတတ်သောသဘောတရားတို့က မှတ်သားခြင်းအလုပ်၊ သိတတ်သော သဘောတရားတို့က သိတတ်ခြင်းအလုပ် အစရှိသည်ဖြင့် မည်သူ့အလိုမျှမလိုက်၊ သူ့သဘော သူ့အလို သူ့အလုပ်ကိုသာ တသွင်သွင်လုပ်နေခြင်း ဖြစ်သည်ဟု ဉာဏ်ဖြင့်သိမြင်လျှင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမတို့သည်မရှိ၊ ဓမ္မတို့၏သဘောသာလျှင်ဖြစ်၏ဟု သံသယကင်း လျှင် ဆူးငြောင့်လည်းကင်းပါသည်။

သံသယအမှောင်ရှိနေသ၍ ဆူးငြောင့်သဖွယ် အနှောင့်အယှက် ရှိနေပေဦးမည်ပင်။ သံသယ သည် မည်သည့်အောင်မြင်မှုကိုမှ မရနိုင်သည် အနှောင့်အယှက် ဆူးငြောင့်တစ်ခုကဲ့သို့ဖြစ်၏။ မိဘနှင့်သားသမီး၊ ညီနှင့်အစ်ကို၊ မောင်နှင့်နှမ၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ သူငယ်ချင်း မိတ်ဆွေ၊ ခေါင်းဆောင်နှင့်နောက်လိုက် အစရှိသည့် ပေါင်းဖွဲ့ထားသည့် နှစ်ယောက်နှင့် အထက်အရေအတွက်ရှိသည့် အဖွဲ့အစည်းမှန်သမျှ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိ သံသယရှိနေကြလျှင်လည်း ထိုအဖွဲ့အစည်းအတွက် အောင်မြင်မှုတို့ကို မရရှိနိုင် ဘဲ သံသယရှိခြင်းက တိုးတက်အောင်မြင်မှုတို့၏ အတားအဆီးဆူးငြောင့်သဖွယ် အနှောင့် အယှက် ဖြစ်နေပေမည်။ အဖွဲ့ဖြင့်မဟုတ်ဘဲ တစ်ဦးတည်းဖြစ်လင့်ကစား မိမိနှင့် ပတ်သက်နေ သော အလုပ်တို့၌လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း လုပ်မှ လုပ်နိုင်ပါ့မည်လား စသဖြင့် ကိုယ့်ကိုယ်ကို သံသယရှိခြင်း၊ ကိုယ်လုပ်နေသောအလုပ်သည် ကိုယ်အလိုရှိသော ပန်းတိုင်သို့ ရောက်ရှိနိုင်ပါမည်လောဟူသော သို့လောသို့လောဖြင့် သံသယရှိနေသည့်စိတ်က ပင် မိမိ၏အောင်မြင်မှုတို့ကို တားဆီးနေမည်ဖြစ်ပေသည်။

သံသယရှိသည့် အခြေအနေ အရပ်ရပ်တို့သည် တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနိုင်ပါသည်။ တူညီသောသဘောတရားမှာကား သံသယရှိခြင်းသည် ယုံကြည်မှုအပြည့်အ၀ မရှိခြင်းပင်ဖြစ် သည်။ ယုံကြည်မှုမရှိက ရဲရင့်ခြင်းသတ္တိ မရှိနိုင်။ ယုံကြည်ခြင်းကို ထပ်ပြီးချဲ့ပြောလျှင် ယုံမှ ကြည်လင်နိုင်သည့် သဘောဖြစ်၏။ မယုံလျှင် မကြည်လင်နိုင်သေးပေ။ မြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင် သိမြင်သော၊ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဖြစ်သည်ဟု သံသယမရှိပါက ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်းဟူသည့် ဟောကြားခဲ့သော တရားများကို နာကြားခြင်း၊ ဟောကြားထားသော နည်းလမ်းအတိုင်း တရားအားထုတ်ခြင်း အစရှိသော နိဗ္ဗာန်ရောက်ကြောင်းအလုပ်တို့ကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ မယုံ ကြည်လျှင် မလုပ်ဆောင်သေးပေ။

မယုံကြည်ဘဲ လုပ်ဆောင်နေလျှင် သဒ္ဓါဗိုလ် အားနည်းနေသောကြောင့် သတိဗိုလ်၊ သမာဓိ ဗိုလ်၊ ၀ီရိယဗိုလ်၊ ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါးတရားတို့ အားနည်းလာကြမည်။ စစ်ပွဲတွင် စစ်သူကြီးငါးဦးတို့က အဓိကဦးဆောင်တိုက်ခိုက်ရမည့် တာဝန်ဖြစ်လျှင် ထိုစစ်သူကြီး တို့ကိုယ်တိုင်က သတ္တိမရှိ၊ တိုက်လိုခိုက်လိုသည့် အားအင်တွေယုတ်လျော့ပြီး အောင်မြင်နိုင် မည်ဟု ယုံကြည်မှုမရှိလျှင် စစ်မအောင်နိုင်သလို တရားအားထုတ်ရာတွင်လည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ ဗိုလ်ငါးဖြာတို့ အားနည်းနေလျှင်၊ ဘုရားရှင် ဆိုဆုံးမထားသော တရားများအတိုင်း အားထုတ်လျှင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်မှာ မလွဲဧကန်သာဖြစ်၏ဟူ ၍ ယုံကြည်မှုမရှိလျှင် တရားကျင့်ကြံအားထုတ်ခြင်းကို လုပ်မည်မဟုတ်ပေ။ မယုံတယုံ၊ စမ်း တ၀ါးဝါးဖြင့်လုပ်နေလျှင် ဆူးငြောင့်သဖွယ် သံသယစိတ်တို့က စဉ်ဆက်မပြတ် နှောင့်ယှက် နေပေတော့မည်။

ကိုးကွယ်ရာ၌ ကိုးကွယ်ရာအစစ်အမှန်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာတို့ကိုသာ ကိုးကွယ် သော၊ တရားအားထုတ်ရာ၌ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံ ပွါးများအား ထုတ်သော၊ အမှန်သိမြင်ရာတွင်လည်း သစ္စာလေးပါးကို ဉာဏ်ဖြင့် အမှန်စင်စစ် ထိုးထွင်း သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့၌သာ သံသယတည်း ဟူသောဆူးငြောင့် မရှိတော့သော ကြောင့် ခိုင်မြဲသောသီလ၊ တည်ငြိမ်သော သမာဓိ၊ မဖောက်ပြန်သော ပညာတရားတို့ ပြည့်စုံ သွား၏။ စောင့်ရှောင့်နိုင်သည့် သီလ၊ သမာဓိ၊ ပညာတို့အလိုက် အေးချမ်းမှု အရသာတို့ ကိုလည်း ဆထက်တိုး၍ ခံစားနိုင်ပေသည်။ အဆုံး၌ရှိသော သီလ၊ သမာဓိ၊ ပညာတရားတို့နှင့် ပြည့်စုံသွားလျှင် အအေးချမ်းဆုံးသော သန္တိသုခကိုလည်း ရရှိခံစားနိုင်ပေတော့၏။

အဆုံးစွန်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ရန်အတွက် အစဦးဆုံး ရှင်းလင်းရမည့် အနှောင့်အယှက် အမှောင်ထုကြီးမှာ သံသယဆူးငြောင့်ပင်ဖြစ်၏။ သံသယဆူးငြောင့်တို့ကို မည်ကဲ့သို့ ရှင်းလင်းရပါမည်နည်း။ မင်္ဂလသုတ်တရားတော်အတိုင်း ဦးစွာပထမ လူမိုက်တို့ကို ရှောင်ကြဉ်ရ၏။ လူမိုက်တို့နှင့် ပေါင်းဖော်နေရလည်း လူမိုက်တို့တရားကို မနှစ်သက် မမြတ်နိုး မိအောင်နေရမည်။ တရားတို့ကို သံသယကင်းရှင်းစွာသိထားသော သံဃာတော်များ၊ ပညာရှိ များကို ဆည်းကပ်ရပါမည်။ ထိုသံဃာတော်အရှင်သူမြတ် အစဖြာသော ပညာရှိတို့က ဘုရားရှင်၏ တရားနှင့်လျော်ညီအောင် ဟောကြားတော်မူသော တရားတို့ကို လက်တွေ့ ကျင့်ကြံပွါးများ အားထုတ်ရပါမည်။ ဓမ္မတို့အပေါ်၌ သံသယစိတ် များဝင်လာလျှင် ပညာရှိတို့နှင့် တရားဆွေးနွေးမေးမြန်းရပါမည်။

တရားကျင့်ကြံပွါးများ အားထုတ်နေသော ယောဂီသည် နိဗ္ဗာန်ချမ်းသာ ရရှိနိုင်ရေးကိုသာ ဦးတည်ပြီး ပုဂ္ဂလအဓိဋ္ဌာန်ကိုပယ်၊ ဓမ္မအဓိဋ္ဌာန်အတိုင်းသွား၊ အတွင်းရန်သူနှစ်ပါးဖြစ်သည့် ဣဿာ၊ မစ္ဆရိယတရားတို့ကို ဖယ်ရှား၍ အ၀တ်၌ အစွန်းအထင်းထင်တိုင်း ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်သလို စိတ်အညစ်အကြေးကိလေသာတို့ကိုလည်း သတိ၊ ဉာဏ်ပညာတို့ဖြင့် အချိန်တိုင်းလျှော်ဖွတ်နေရပါမည်။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပြီး သံသယဆူးငြောင့်တို့ ကင်းပျောက်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။

အပြည့်အစုံသို့

11 Sep 2009

စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်- `ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။


မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက်စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွား ခြင်းကြောင့် မြင့်မြတ်သူစင်စစ် ဖြစ်သွားတော့၏။ ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲကြောင်းကို မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင်သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့ သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည် မိမိအတွက် သံသရာ ကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ သတ္တ၀ါအများ ချမ်းသာပွါးကြောင်းအတွက်သာ ပြုမူနေထိုင် တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍ နားလည်မိပါသည်။

ဘုရားရှင်မှတစ်ပါး အခြားသော မြင့်မြတ်သူတို့အနေဖြင့် သတ္တ၀ါတို့ချမ်းသာပွါးကြောင်းကို ရည်သန်သောစိတ်ဖြင့် လုပ်သော်လည်း ဘုရားရှင်ကဲ့သို့ အကုန်အစင်သိမြင်တော်မူသည့် သဗ္ဗညုတဉာဏ် မရှိသဖြင့် သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်နှင့် အလေ့အကျက်များသော ပါရမီကို မသိနိုင်၍ ပါရမီရင့်ကျက်ပြီးသူကိုပင် စရိုက်နှင့် ကမ္မဋ္ဌာန်း ညီညွတ်အောင် မပေးနိုင်ခြင်း၊ ဈာန်ဝင်စားနေသည့်အခါ၌သာ တင့်တယ်တောက်ပခြင်း၊ ၀ါသနာနှင့် စရိုက်ကို ဘုရားရှင်ကဲ့သို့ အကြွင်းမကျန် ပယ်သတ်တော် မမူနိုင်ခြင်း အစရှိသည့် ဆိုင်ရာ ပုဂ္ဂိုလ်အလိုက် အားနည်းချက်များ ရှိကြပေသည်။ ဘုရားရှင်မဟုတ်သည် ဖြစ်ခြင်းကြောင့် အကုန်အစင် ဖြောင့်မတ်မှန်ကန်စွာ မသိနိုင်၊ မဆင်ခြင်နိုင်ခြင်းဖြစ်၏။

ရဟန္တာမှန်လျှင် သူတစ်ပါးစိတ်အကြံကို သိနိုင်ခြင်းမျိုး မဟုတ်ပါပေ။ သူတစ်ပါးစိတ်အကြံကို မသိနိုင်သော ရဟန္တာပုဂ္ဂိုလ်များလည်း ရှိကြ၏။ သူတစ်ပါးစိတ်အကြံကို သိခြင်း၊ အသွင် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်နှင့် မပြည့်စုံခြင်း စသဖြင့် အရည်အချင်းအမျိုးမျိုးတို့ ပုဂ္ဂိုလ်တစ်ဦး နှင့်တစ်ဦး မတူညီဘဲ ကွဲပြားနေကြခြင်းမှာ ဖြည့်ကျင့်ခဲ့ကြသည့် ပါရမီချင်း မတူညီ၍ဖြစ်၏။

အလောင်းတော်ကြီးများဖြစ်ကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကလောင်းများသည် ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြပြီးနောက် ပါရမီ ပြည့်သည့်အခါ ကိုယ်လုပ်ခဲ့သည့် အလုပ်တန်ဘိုး ပြန်၍ ကိုယ်အကျိုး ခံစားကြရခြင်းပင်ဖြစ်၏။ ဘုရားရှင်လက်ထက် တစ်နေ့သ၌ ဘုရားရှင်က အဂ္ဂသာဝက လက်ယာရံနှင့် လက်ဝဲရံအဖြစ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ကို ပေးအပ်လိုက်ရာ အခြားသောရဟန်းတော်များအနေဖြင့် ပဉ္စ၀ဂ္ဂီငါးဦးထဲမှ အရှင်မြတ်တွေကို ပေးသင့်ကြောင်း တွေးထင်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ကိုယ်ဖြည့်ထားသည့် ပါရမီတွေအတိုင်း ကိုယ်ရရှိ ကြတာဖြစ်ကြောင်း ဟောကြားရပေသည်။ ပါရမီနောက်ကြောင်းတို့ကိုလည်း ပြန်လည် ဟောကြား၍ မိမိအလိုရှိရာဆုအတိုင်း ဖြည့်ကျင့်ခဲ့ကြပြီးနောက် ပြည့်သည့်အတိုင်း ဧတဒက်ဘွဲ့ များပေးအပ်သည်ကို ရှင်းပြတော်မူပေသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေမိုက်မဲ ခြင်းတည်းဟူသော အဂတိလေးပါး ကင်းစင်တော်မူသော ဘုရားရှင်အနေဖြင့် မည်သူမည်ဝါ ဟူ၍ ဘက်လိုက်ပေးခြင်းမျိုးမဟုတ်ပေ

ထို့ကြောင့် ပါရမီဆိုတာ ကိုယ်လုပ်သည့်လုပ်အားဖြစ်ပြီး လုပ်အားခကိုလည်း ကိုယ်သာလျှင် ပိုင်ဆိုင်ခွင့်ရှိသကဲ့သို့ မြင့်မြတ်သူဖြစ်ကြောင်းအလုပ်ကို နားလည်နိုင်ပါသည်။ မြင့်မြတ်သွား တာက လုပ်အားခ၊ မြင့်မြတ်အောင် ပြုမူကျင့်ကြံနေထိုင်ခဲ့တာက လုပ်အားပင်ဖြစ်သည်။ မိမိ အလိုရှိရာ ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်ကြရခြင်းဖြစ်၏။ လိုချင်ယုံ သက်သက်ဖြင့် ကား မရနိုင်ပေ။ လိုချင်သည့်အတိုင်းလည်း ကြိုးစားအားထုတ်ရမည့် ပါရမီ အလုပ်တို့ကို ဘ၀များစွာ ဉာဏ်၊ ၀ီရိယ အရင်းတည်၍ ကြိုးစားအားထုတ်ကြရပါမည်။

နိဗ္ဗာန်ရောက်ကြောင်း ဖြည့်ကျင့်ရမည့်ပါရမီအလုပ်တို့မှာ (၁၀)ပါးရှိကြ၏။
(၁) ဒါနပါရမီ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၂) သီလပါရမီ = ကိုယ်နှုတ်တို့၌ အပြစ်မဖြစ်ရအောင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၃) နေက္ခမ္မပါရမီ = ကိလေသာတို့ဖြင့် မွေ့လျော်ခြင်းကို စွန့်ခွါပြီး ကိလေသာမဖြစ်အောင် ကျင့်ကြံအားထုတ်ခြင်း(ကိလေသာတောမှ ထွက်ခြင်း)။
(၄) ပညာပါရမီ = အပြစ်ကင်းသော အသိပညာ၊ အတတ်ပညာတို့ကို လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချပေးခြင်း။
(၅) ၀ီရိယပါရမီ = အပြစ်ကင်းသောအလုပ်၊ အများချမ်းသာရေးအလုပ်တို့ကို မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
(၆) ခန္တီပါရမီ = အချမ်းအပူဒဏ်၊ ဆင်းရဲပင်ပန်းဒဏ်နှင့် သူတစ်ပါးတို့က ထိပါးနှိပ်စက်လာ သည်ကို သည်းခံခြင်း။
(၇) သစ္စာပါရမီ = မှန်ကန်ရိုးဖြောင့်စွာ နေထိုင်ကျင့်သုံးပြောဆိုခြင်း။
(၈) အဓိဋ္ဌာန်ပါရမီ = ကောင်းမြတ်သောအလုပ်တို့ကို မည်သည့်အနှောက်အယှက်တို့နှင့် တွေ့တွေ့ နောက်မဆုတ်ဘဲ စိတ်ဓာတ်ခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။
(၉) မေတ္တာပါရမီ = သတ္တ၀ါအားလုံးအပေါ်၌ အကျိုးလိုလားသောစိတ်ရှိခြင်း။
(၁၀) ဥပေက္ခာပါရမီ = အကောင်းအဆိုး လောကဓံအမျိုးမျိုးနှင့်တွေ့သော်လည်း တပ်မက် ခြင်း၊ စိတ်ဆိုးခြင်းမဖြစ်ဘဲ တည်ငြိမ်လေးနက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း။ ဟူ၍ (၁၀)ပါးရှိလေ သည်။

ဗောဓိသတ္တ အလောင်းတော်ကြီးများသည် ထို(၁၀)ပါးတို့တွင် တစ်ပါးတစ်ပါး၌ ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီဟု သုံးမျိုးစီရှိရာ ပေါင်းလျှင် အပါးသုံးဆယ် ဖြည့်ကျင့်တော် မူလေသည်။ ဥပမာ- ဒါနပါရမီ၌

- ရွှေငွေစသော ပြင်ပ ဗဟိဒ္ဓပစ္စည်းများကို လှူဒါန်းလျှင် ဒါနပါရမီ။
- လက်၊ ခြေ၊ မျက်စိစသော အင်္ဂါအစိတ်အပိုင်းတို့ကို လှူဒါန်းလျှင် ဒါနဥပပါရမီ။
- အသက်ကို ပေးလှူလျှင် ဒါနပရမတ္ထပါရမီ။
ဟု သုံးမျိုးရှိသည်။ ဤသို့ဖြင့် ပါရမီ (၁၀)ပါး အပြားသုံးဆယ်အားဖြင့် ဖြည့်ကျင့်တော်မူကြခြင်း ဖြစ်ပါသည်။

သမ္မာသမ္ဗောဓိသတ္တ(ဘုရားအလောင်း)များသည် အချို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (ပညာဓိက ဘုရားအလောင်း)၊ အချို့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သဒ္ဓါဓိက ဘုရား အလောင်း)၊ အချို့ ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း(၀ီရိယဓိက ဘုရားအလောင်း) တိုင်တိုင် ပါရမီဖြည့်ကြရသည်။ ပစ္စေကဗောဓိသတ္တ(ပစ္စေကဗုဒ္ဓအလောင်း) တို့သည် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ ကဲ့သို့သော အဂ္ဂသာဝကအလောင်းတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်မဟာကဿပ စသည်တို့ကဲ့သို့သော မဟာသာဝကအလောင်းတို့သည် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ ဖြည့်ကျင့်ကြရပေသည်။

ပကတိသာဝကများမှာမူ အချိန်ကန့်သတ်ချက်မရှိကြပေ။ ကမ္ဘာပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြရပေသည်။ တစ်ဘ၀၊ နှစ်ဘ၀ ပါရမီဖြည့်ကျင့်ရုံဖြင့်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရနိုင်သေးပေ။ တစ်ဘ၀၊ နှစ်ဘ၀မျှ ပါရမီဖြည့်ကျင့်ရုံဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဆိုသောစကားသည် ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး အဆို အတိုင်း ဖော်ပြရလျှင် `အဖိုးအဆုံးအစမရှိသော စကြာမင်း၏ ပတ္တမြားရတနာကို ဖွဲတစ်ဆုပ် ခန့်ဖြင့်သာ ၀ယ်ယူခြင်းနှင့် တူရာသည်။´ဟု ဆိုရပေမည်။

`နိဗ္ဗာန်ရောက်ဖို့ ပါရမီဆိုတာ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့် ရတာပါလား၊ ဒီတစ်ဘ၀ လောက် ဘုရားသာသနာနဲ့ ကြုံတွေ့ရုံမျှဖြင့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်တန်ရာ´ အစရှိသဖြင့် စိတ်ပျက်အားလျှော့သွားရန် မသင့်ပေ။ မိမိဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်ထူး များ မည်မျှဖြည့်ကျင့်ခဲ့ကြောင်းကို မသိနိုင်သဖြင့် ယခုလို သာသနာတော်ကြီး နှင့်တွေ့တုန်း နိဗ္ဗာန်ရောက်ရန် ပါရမီကုသိုလ်အလုပ်တို့ကို နေ့စဉ်ကြိုးကုတ် အားထုတ်သွားရ မည်ဖြစ်သည်။ ဥပမာဆိုရသော် မိမိက အရင်ဘ၀များစွာ၌ ပါရမီတရားတို့ကို ပြည့်လုနီးပါး ဆည်းပူးခဲ့ပါလျှင် ယခုဆက်လက်ဖြည့်နေပါက စရိုက်နှင့်ကမ္မဋ္ဌာန်း သင့်လျော်သွားချိန်တွင် ချက်ချင်းပြည့်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်၏။

`မိုးရွာတုန်းရေခံ´ဆိုသည့်အတိုင်း ယခုကဲ့သို့ ဘုရားရှင်၏သာသနာတော်ကြီးနှင့် တွေ့ကြုံနေ ခိုက်တွင် တရားမိုးများ ရွာသွန်းနေတုန်း၊ ရေခံဆိုသည့် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်မှန်များ အားထုတ်ကြရန် အရေးကြီးပေသည်။ အားလုံး၌ မိုးဥတုကာလအတွင်း မိုးရေခံရန် အုတ်ကန်ကြီး တစ်ခုစီရှိကြ၏။ ထိုအုတ်ကန်ကြီးအတွင်း ရေများပြည့်ရန်အတွက် ကိုယ်တိုင် ဖြည့်ကြရမည်ဖြစ်သည်။ တစ်ခြားတစ်ယောက်က ဖြည့်ပေးလို့မရပါ။ သို့သော် တစ်ခြားသူများ က `ဟေ့…မိုးတွေရွာနေတယ်၊ မိုးရွာတုန်း ရေခံကြ´ အစရှိသည်ဖြင့် တိုက်တွန်းနှိုးဆော်မှုကို တော့ အချင်းချင်း ကူညီပေးနိုင်ကြပေသည်။

ရွာနေသည့်မိုးကလည်း အားလုံးအတွက် ညီမျှစွာပင်။ မည်သူကိုဖြင့်ပို၍၊ မည်သူ့ကိုဖြင့်လျော့၍ ဘက်မလိုက်။ ရေခံတဲ့သူရနိုင်ရန်အတွက် ရွာနေခြင်းဖြစ်သည်။ ကိုယ်စီရှိကြသော အုတ်ကန် ကြီးတွင် ပြည့်သူတွေလည်း ရှိကြသည်။ မပြည့်သေး၍ ဆက်လက်ခံနေသူများလည်း ရှိကြ သည်။ မခံဘဲ မှောက်ထားသူများလည်း ရှိ၏။ နောက်မိုးကျမှ ခံတော့မယ်ဆိုပြီး လက်ရှိမိုးရေ ကို မခံသေးဘဲ နေနေကြသူတွေများလည်း ရှိကြသည်။

မိုးဥတုသည်ကား သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်နေသည့် ဘုရားသာသနာတော်ကြီးနှင့် တူ၏။ အုတ်ကန်ကိုယ်စီရှိကြသူတွေကတော့ သံသရာခရီးသွား ဝေနေယျသတ္တ၀ါများဖြစ်ကြ ၏။ မိုးရေခံလို့ ပြည့်သွားကြသူတွေကတော့ အရဟတ္တ မဂ်ဖိုလ်သို့တိုင် ကျင့်ကြံအားထုတ်ပြီး သူများကို ဆိုလိုပါသည်။ မိုးရေ မပြည့်သေး၍ ဆက်လက်ခံနေသူများကတော့ သတိ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်တရားများ ဖြည့်ကျင့်နေကြဆဲ (ပါရမီဖြည့်ကျင့် နေကြဆဲ) ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။ မိုးရေမခံဘဲ နေနေကြသူတွေကတော့ သတိမေ့လျော့ ပေါ့ဆဆနှင့် အပျော်အပါးနောက် လိုက်နေကြသူတွေ၊ ဒုစရိုက်အမျိုးမျိုးကို ဂုဏ်ယူစွာ ပြုကျင့်နေကြသူတွေ၊ သေဘို့ရန် မေ့နေကြသူတွေ၊ အလောင်းကစား၊ အရက်သေစာ၊ မိန်းမ၊ မသမ္မာသောငွေရှာခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသူတွေ(ပါရမီဖြည့်ကျင့်ရန် မေ့လျော့နေကြသူ တွေ) ပင်ဖြစ်သည်။ ယခုရွာသည့်မိုးကို သေသေချာချာမခံသေးဘဲ နောက်ထပ်ရွာမည့် မိုးကျမှ အစွမ်းရှိသမျှ အားအင်အပြည့်နဲ့ မိုးရေခံတော့မည်ဟူ၍ စောင့်နေသူများကတော့ မသေချာ မရေရာသည့်အရေး မျှော်တွေးလို့ ငေးမောနေသူများနှင့် တူလှပေသည်။

ဘုရားသာသနာတော်ကြီးသည် သမုဒ္ဒရာရေတစ်ပွက်ခန့်အချိန်မျှသာ ကြာပါသည်။ သာသ နာပကာလများကတော့ ကမ္ဘာကဘေ နှစ်အသင်္ချေအနန္တ ကြားညောင်းလှ၏။ ဘုရားပွင့်ထွန်း ပေါ်ပေါက်သည့် ကမ္ဘာ၌ တစ်ဆူနှင့်တစ်ဆူအကြားကာလသည်ပင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာရှိ၏။ ဘုရားပွင့်သည့် ကမ္ဘာပေါ်ပြီးပြန်လျှင်လည်း ဘုရား မပွင့်သော သုညကမ္ဘာများက များစွာဆက်တိုက်ဖြစ်၏။ ထိုသုညကမ္ဘာအတွင်း၌ နိဗ္ဗာန်ရောက် ရန် အမြန်အားထုတ်နိုင်သည့် မဂ္ဂင်တရား ဟောကြားနိုင်သည့် ဘုရားရှင်မပွင့်ထွန်းသဖြင့် ကိုယ်တိုင် သစ္စာသိမြင်နိုင်သော ပစ္စေကဘုရားငယ်မှတစ်ပါး မည်သူမျှ မကျင့်ကြံ၊ မပွါးများ၊ အားမထုတ် နိုင်ကြပေ။

ဘုရားရှင်သာသနာတော်နှင့် တွေ့ကြုံခိုက် ပါရမီဖြည့်ကျင့်ခြင်းသည် နိဗ္ဗာန်ရောက်ရန် နီးသော အကြောင်းဖြင့် ကျင့်နိုင်၏။ အကြောင်းမူ မဂ္ဂင်ရှစ်ပါး မြတ်တရားကို သိရှိခွင့်ရသော ကြောင့်ဖြစ်၏။ ဒါနပြုကလည်း မဂ္ဂင်တရားနှင့်၊ သီလဆောက်တည်ကလည်း မဂ္ဂင်တရားနှင့် ပါရမီ(၁၀)ပါးလုံးကို မဂ္ဂင်တရားနှင့် တွဲပြီး ကျင့်ကြံနိုင်သောကြောင့် မိုးဥတုအတွင်း ရေဖြည့်ရာ ၌ လွယ်လင့်တကူ အမြန်ပြည့်နိုင်သကဲ့သို့ဖြစ်ပါသည်။ မိုးကုန်မှ ရေရှာရာ၌ လွန်စွာပင်ပန်းခံနိုင် သောအလောင်းတော်ကြီးများကဲ့သို့ ဇွဲလုံ့လ၀ီရိယတရား ပြင်းပြင်းထန်ထန် အားထုတ်နိုင် သူများသာလျှင် ပြင်းထန်သောသဒ္ဓါတရားရှိသောကြောင့် တစိုက်မတ်မတ်၊ စဉ်ဆက်မပြတ် အားထုတ်နိုင်ကြ၏။ သို့ကြောင့်လည်း ကာလသတ်မှတ်ချက်အတိအကျဖြင့် ပန်းတိုင်သို့ ရောက်နိုင်ကြခြင်းဖြစ်ပေမည်။

ပကတိသာဝကဖြည့်ကျင့်သူများကတော့ ပါရမီ ဖြည့်ကျင့်ရန် ကာလ အတိအကျ မရှိကြပေ။ အတိအကျရှိတာမဟုတ်ဟု သိသဖြင့် `ဖြည့်မနေဲ့၊ အချိန်တန်တော့ နိဗ္ဗာန်ရောက် လိမ့်´ဟူ၍ အယူမှားမသွားစေနှင့်။ စဉ်ဆက်မပြတ် အားထုတ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သတိတရားဖြစ်က ဖြည့်ကျင့်လိုက်၊ မေ့လျော့က မဖြည့်ကျင့်မိဘဲ လမ်းလွဲသွားလိုက်ဖြင့် ရှိနေတတ်သောကြောင့် အချိန်ကာလ အတိအကျမရှိခြင်း ဖြစ်နိုင်ပါသည်။ ဘုရားရှင်လက်ထက်က ပကတိသာဝကတို့ ကို ဖော်ပြရလျှင် အရှင်ဗေလဋ္ဌသီသမှာ ကမ္ဘာတစ်သိန်းတိုင်တိုင်လည်းကောင်း၊ ဓမ္မရုစိမထေရ် ဆိုလျှင် ကြားကာလ၌ ပဉ္စာနန္တရိယကံကျူးလွန်မိသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်တိုင်လည်းကောင်း ပါရမီ ဖြည့်ကျင့်ခဲ့ကြရပေသည်။

ပါရမီဖြည့်ကျင့်ရန်အတွက် ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ်ရှိနေကြရန်လိုအပ်ပါသည်။ ဉာဏ်ဖြင့် မဆင်ခြင်ပဲ အမှားလမ်းလည်း မလိုက်မိစေနှင့်၊ ၀ီရိယမထုတ်ဘဲ အပျင်းထူ၍လည်း မနေသင့်။ ဖြည့်နေသူတို့အတွက် ပြည့်ဘို့ရန် ရောက်လာမှာက မလွဲဧကန်ပင်။ သတိဉာဏ်က ပျော့ ၀ီရိယတွေကလျော့နေရင်သာ ပါရမီပြည့်ရန်ဆဲ နိဗ္ဗာန်ဝင်ရန်လွဲနေမည်သာဖြစ်၏။

သင်ခန်းစာယူနိုင်ရန် သာဓကတို့ကို ထုတ်ပြလိုပါသည်။ ဘုရားရှင်လက်ထက်က ကုဋေ ရှစ်ဆယ်ကြွယ်ဝသော သူဌေးသားနှင့် ထိုမျှပင်ချမ်းသာသော သူဌေးသမီးတို့ကို မိဘများက ထိမ်းမြားလက်ဆက် ပေါင်းဖက်ပေးခဲ့ကြသည်။ ထိုသူနှစ်ဦးတို့သည် ရှေးဘ၀များစွာက ပါရမီ ကုသိုလ်တရားတို့ ဆည်းပူးခဲ့ကြသူများ ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုတဖန်လည်း ဘုရားရှင်သာသနာနှင့် ကြုံတွေ့နေခိုက် ပထမအရွယ်မှာ ပါရမီကုသိုလ်အားထုတ်ကြပါလျှင် ယောက်ျားက ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်နိုင်မည့် ပါရမီတို့ ပါခဲ့ကြ၏။ ဒုတိယအရွယ်မှာ အားထုတ်ကြပါလျှင် ယောက်ျားက အနာဂါမ်၊ မိန်းမက သကဒါဂါမ်၊ တတိယအရွယ်မှာ အားထုတ်ကြပါက ယောက်ျားက သကဒါဂါမ်၊ မိန်းမက သောတာပန်တည်ကြမည်ဖြစ်သော် လည်း စတုတ္ထအရွယ်သို့တိုင် ရောက်ခဲ့ချိန်မှာတော့ တောင်မွေးတောင် အနိုင်နိုင်ဆွဲကာ ခွက်လက်ဆွဲ တောင်းစားရသည့် အခြေအနေသို့ ရောက်သွားသောကြောင့် ဉာဏ်ကလည်း မရှိတော့၊ ၀ီရိယကလည်း ခွန်အားတွေ မပြည့်ဝတော့သည့်အတွက် ပါရမီပြည့်အောင် မဖြည့်ဆည်းနိုင်ကြဘဲ မြင့်မြတ်သည့်အဖြစ်ကို လက်လွှတ်ဆုံးရှုံးရရှာလေသည်။

ဘုရားရှင်လက်ထက် ပုဏ္ဏားတစ်ဦးမှာလည်း အနည်းငယ်သောအချိန်ကာလမျှ ဉာဏ်၊ ၀ီရိယ စိုက်ထုတ်လိုက်ပါလျှင် သောတာပန်တည်နိုင်သည့် ပါရမီတွေ ရှိခဲ့ပါသော်လည်း မဖြည့်ဆည်း လိုက်မိသောကြောင့် ပါရမီပြည့်ဘို့ အလှမ်းဝေသွားရရှာခဲ့ပြန်သည်။ အကြောင်းမှာ- ထိုပုဏ္ဏား သည် ဘုရားရှင်ဟောကြားလိုသည့် တရားတော်ကို အကျယ်တ၀င့်နာကြားမှ သောတာပန် တည်နိုင်မည့် ပါရမီရှိသော်လည်း မကျဉ်းမကျယ်မျှသာ နာကြားပြီး အိမ်မှုကိစ္စနောက်ဆန် တင်းကာ ပြန်သွားသည့်အတွက်ကြောင့် မြင့်မြတ်သူဖြစ်ဖို့အရေး ဝေးသွားရရှာလေသည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ် ရှိနေရန် အရေးကြီး ကြောင်း နားလည်မိပါသည်။

နိဗ္ဗာန်ရောက်ရန် ပါရမီဖြည့်ကျင့်ရာ၌ စက္ကန့်ပိုင်းမျှ လိုနေသည် ဖြစ်လင့်ကစား ထိုကာလမျှ သောအချိန်သည် လွန်စွာအရေးကြီးလှ၏။ ထိုအချိန်၌ အားလျှော့မိပါလျှင် နိဗ္ဗာန်နှင့် ဝေးသွား နိုင်ပေသည်။ ပါရမီပြည့်ရန်လိုနေသည့် ကြားကာလအတွင်း၌ မအိပ်မစား မည်မျှပင် အားထုတ်သော်လည်း မရနိုင်ဘဲ ရှိနေတတ်သည်။ ပါရမီ၏သဘောမှာ မည်မျှနက်နဲ ကျယ်ဝန်း လိုက်ပါသနည်း။

ပုဂ္ဂိုလ်တစ်ဦး၏ ပါရမီရင့်ကျက်ချိန်တန်ပြီ၊ ပါရမီရက်ကျက်ချိန် မတန်သေးသည်ကို ဘုရားရှင် သာလျှင် သိတော်မူလေသည်။ ဘုရားရှင်လက်ထက်က ဒါရုစိပုရိဗိုက်ကြီးသည် ဘုရားရှင်အား တွေ့လိုဇောဖြင့် တစ်ညတာခရီးကို မနားတမ်းလာခဲ့ရာ နံနက်မိုးသောက် အလင်းရောက် ချိန်တွင် ဘုရားရှင်ရှိရာကျောင်းသို့ရောက်၏။ ထိုအချိန်တွင် ဘုရားရှင်က နောက်ပါရဟန်း တော်များနှင့်အတူ ဆွမ်းခံကြွနေသောကြောင့် ဒါရုစိပုရိဗိုက်ကြီးက ဘုရားရှင်ဆွမ်းခံသွားရာ နောက်သို့ လိုက်လေ၏။ ဘုရားရှင်ကို တွေ့သောအခါတွင်-
ပုရိဗိုက်။ ။`မြတ်စွာဘုရား၊ တပည့်တော်အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူပါဘုရား။´

ဘုရားရှင်။ ။`ချစ်သား၊ တရားဟောချိန် မတန်သေးပေ၊ ဆိုင်းငံ့ဦး။´

ထိုသို့ သုံးကြိမ်တိုင်အောင် တရားတောင်းရာ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် ဆိုင်းငံ့ ခိုင်းလေသည်။ နောက်ဆုံး၌ ပုရိဗိုက်ကြီးက- `အရှင်ဘုရား၊ တပည့်တော်လည်း ဘယ်အချိန်သေရမည် မသိပါ၊ အရှင်ဘုရားကလည်း ဘယ်အချိန် ပရိနိဗ္ဗာန်စံဝင်မည် မသိနိုင် ပါ။ တပည့်တော်အား သနားငဲ့ညှာတော်မူပြီး တရားဟောကြားပေးတော်မူပါဘုရား´ ဟူ၍ လျှောက်သောအခါတွင် ဗုဒ္ဓမြတ်စွာသည် ပုရိဗိုက်ကြီး၏ ပါရမီရင့်ကျက်ချိန်တန်သည်ကို သိတော်မူသဖြင့် လေးပါဒမျှသာရှိသော တရားတော်ကို ဟောကြားလိုက်ရာ တရားအဆုံးမှာ ပင် ဒါရုစိပုရိဗိုက်ကြီး ရဟန္တာဖြစ်တော်မူလေသည်။

ထိုဝတ္ထု၌ သတ္တ၀ါအပေါင်းတို့ကို မဟာကရုဏာထားတော်မူသော မြတ်စွာဘုရားအနေဖြင့် တရားတောင်းနေသူကို ချက်ချင်းတရားမဟောဘဲ ဆိုင်းငံ့ခိုင်းနေခြင်းသည် တရားမဟောချင်၍ မဟုတ်ပေ။ ၎င်း၏ ပါရမီရင့်ကျက်ချိန်ကို စောင့်နေသည်ဖြစ်ခြင်းကြောင့် ဟောချိန်မတန်သေး ဟူ၍ ပါရမီမရင့်ကျက်သေးမှီ ကြားကာလအတွင်း တားနေခြင်းမျှသာဖြစ်ပေသည်။ ပါရမီ ရင့်ကျက်ချိန်လည်းရောက်ရော ၎င်း၏ ဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်အလေ့နှင့် ကိုက်ညီ သောတရားကို အံဝင်ခွင်ကျဖြစ်အောင် ဟောကြားတော်မူလိုက်သဖြင့် ခဏအတွင်းပင် ဒါရုစိပုရိဗိုက်ကြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူရခြင်းဖြစ်ပေသည်။

မဟာသာဝကကြီးဖြစ်သည့် အရှင်အာနန္ဒာမထေရ်မြတ်သည်လည်း ဘုရားရှင်နှင့် အချိန်တိုင်း အနီးကပ်နေရ၊ ဘုရားရှင် ဟောထားသမျှသော တရားတော်တိုင်းကို ပြန်လည်နာကြားရ၊ နှုတ်၌ပင် တစ်လုံးမကျန် အာဂုံဆောင်နိုင်ရငြားသော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက် နိုင်ဘဲ သောတာပန်အဖြစ်နှင့်သာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသည့်နောက် သုံးလတိုင်ပင် နေခဲ့ရလေသည်။ ဇွဲနပဲကြီးစွာ အားထုတ်သော်လည်း မရခဲ့။ ပထမအကြိမ် သံဃာယနာတင် မည့် တစ်ရက်အလိုကျမှသာ ရဟန္တာဖြစ်တော်မူလေသည်။

ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဖြည့်ကျင့်နေရမည့်အလုပ်က ကိုယ့်အလုပ်၊ ပြည့်သွားမှာက ဓမ္မအလုပ်ဟူ၍ ခွဲခြားစွာသိထားသင့်ပေသည်။ သာဝကဉာဏ်အရာမှာ ပါရမီလိုသည်၊ သာဝက ဉာဏ်အရာမှာ ပါရမီမလိုဘူးဟူ၍ ငြင်းခုန်ပြီးလည်း မနေနှင့်။ သတ္တ၀ါတိုင်းအတွက် နိဗ္ဗာန် ရောက်ရန် ပါရမီကုသိုလ်အားမထုတ်ဘဲ ရောက်ရိုးထုံးစံမရှိဟူ၍သာ တစ်ထစ်ချမှတ်ယူ၊ ဖြည့်ကျင့်သူတို့သာလျှင် အလိုရှိရာရောက်နိုင်ပါမည်။ ဥပမာ- မသွားဘဲထိုင်နေလျှင် ခရီးမတွင် သကဲ့သို့ဖြစ်ချေသည်။ စက္ကန့်တိုင်းသွားနေက စက္ကန့်တိုင်း ခရီးတွင်နေမည်။ ယခုလို ဘုရားသာသနာအတွင်း ဖြည့်ကျင့်ခွင့်ရသည့် ပါရမီကုသိုလ်ထူးများမှာ အချိန်တိုင်း စိန်စီထား သောစက္ကန်းများဟူ၍ တန်ဘိုးထားရမည့် အချိန်တို့ပင် ဖြစ်ပေသည်။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။ စက္ကန့်တိုင်း ပါရမီကုသိုလ်တရားများ ဖြည့်ကျင့်ဆည်းပူး အားထုတ်နိုင်ကြပါစေ။

အပြည့်အစုံသို့

28 Jul 2009

ခန္ဓာငါးပါးအဓိပ္ပါယ်နှင့်သဘောတရားရှင်းတမ်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ခန္ဓာ= အစု
“ခန္ဓာ”သည် “အစုအပုံ”ဟူသော အနက်ကိုရ၏။ တစ်ခုတည်း သီးသန့်ရှိနေသောတရားကို ခန္ဓာဟု မဆိုပါ။ အမည်နာမဖြင့် ပညတ်ထားသော သတ္တ၀ါများ၊ အရာဝတ္ထုများ အစိုင်အခဲများ စုနေခြင်းကိုလည်း ခန္ဓာဟု မခေါ်ပေ။ သဘောသဘာဝအားဖြင့် အမှန်ရှိနေသော၊ အနုစိတ် သဘာဝလေးများ၏ အစု၊ ပရမတ္ထသဘောတရားများ၏ အစုကိုသာလျှင် ခန္ဓာဟုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရူပက္ခန္ဓာ= ရုပ်အစု၊ ဝေဒနာက္ခန္ဓာ= ဝေဒနာအစု စသည်ဖြင့် သိမှတ်ရာ၏။ သို့ရာတွင် “အစုအပုံ” ဟုဆိုသည့်အတွက် စပါးကို စုပုံထားသကဲ့သို့ ခန္ဓာကိုယ်၌ ရုပ်၊ ဝေဒနာများ စုပုံနေသည်ဟု မမှတ်ယူသင့်ပါ။ ရူပက္ခန္ဓာသည် အတိတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ အနာဂတ်ရုပ်ဟူသည့် ရုပ်သုံးမျိုးကို ဉာဏ်ဖြင့် ပေါင်းစုထားသော ရုပ်အစုဖြစ်သည်ဟု သိမြင်ရမည်။


တဖန် သန္တာန်ကိုလိုက်၍ အဇ္ဈတ္တ - ဗဟိဒ္ဓ(အတွင်း - အပြင်)၊ ပုဂ္ဂိုလ်အမျိုးအစားကိုလိုက်၍ ဟီန - ပဏီတ(အယုတ် - အမြတ်)၊ ဌာနအားဖြင့် ဒူရ - သန္တိက(အဝေး - အနီး)တို့နှင့် သြဠာရိက - သုခုမ(အကြမ်း - အနု) စသည့်နည်းတို့ဖြင့် ရုပ်၊ ဝေဒနာစသည်ကို ခွဲခြား၍ ဉာဏ်ဖြင့် ပေါင်းစုရ၏။

သို့ဖြစ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက၊ သြဠာရိက၊ သုခုမ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ကို ငါးပုံငါးစု ပေါင်းစုထားခြင်းကို ခန္ဓာငါးပါးဟုခေါ်ပါသည်။
၁။ ရူပက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ် (၂၈) ပါးတို့၏ အပေါင်းအစု။
၂။ ဝေဒနာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏက္ခန္ဓာ= စိတ်အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါးတို့၏ အပေါင်းအစု။

သို့ဖြစ်၍ ခန္ဓာငါးပါးကိုဖွဲ့ရာ၌ နိဗ္ဗာန်မှတစ်ပါး လောကီ၊ လောကုတ္တရာ စိတ်၊ စေတသိက်၊ ရုပ် အားလုံးကို ဖွဲ့ခြင်းဖြစ်ပေသည်။

ရူပက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ရူပ + ခန္ဓာ
ရူပ = ဖောက်ပြန်တတ်သော သဘောတရား
ခန္ဓာ = အစု
ရူပက္ခခန္ဓာ = ဖောက်ပြန်တတ်သော သဘောတရားအစု။
ရူပက္ခန္ဓာဆိုသည်မှာ ရုပ်တို့၏ အစုအပေါင်းကို ဆိုလိုသည်။ “ရုပ်”ဆိုသည်မှာ ပါဠိစကား “ရူပ” မှ ဆင်းသက်လာသော ပါဠိပျက် အသုံးအနှုန်းပင်ဖြစ်သည်။ အဓိပ္ပါယ်မှာ ဖောက်ပြန်တတ် သော၊ ပြောင်းလဲလှုပ်ရှားတတ်သော၊ မငြိမ်သက်သော သဘောတရားဖြစ်သည်။

ရုပ်များကို ၀ိပဿနာနည်းအရသော်လည်းကောင်း၊ ယခုလို တိုးတက်လာသော သိပ္ပံနည်း ပညာနည်းအရ (ဒေါက်တာမူလာ၏ အဆနှစ်သန်းချဲ့သော မှန်ဘီလူးကဲ့သို့) လည်းကောင်း စစ်ဆေးကြည့်ရှုသော် သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးသည် တဖြတ်ဖြတ်လှုပ်ရှားပြောင်းလဲ ဖောက်ပြန်နေကြောင်း သိရှိနိုင်ပါသည်။ သာမန်မျက်စိဖြင့်ကား မမြင်နိုင်၊ မတွေ့ရှိနိုင်ပေ။ ထိုသို့ လှုပ်ရှားပြောင်းလဲနေသော သဘောတရားများသည် တစ်ခုတည်းမနေဘဲ စုပေါင်း၍နေ၏။ ထို့သို့ လှုပ်ရှားပြောင်းလဲဖောက်ပြန်နေသော ရုပ်သဘောတရားအစုကို ရူပက္ခန္ဓာဟုခေါ်သည်။

မည်သည့် ရုပ်ဓာတ်မဆို တစ်ခုတည်းမနေဘဲ စုပေါင်း၍သာနေသည်။ ရုပ် (၂၈)ပါးရှိရာတွင် နိပ္ဖန္နရုပ်(၁၈)ပါး ပါဝင်၍ အနိပ္ဖန္နရုပ်(၁၀)ပါးပါဝင်သည်။ ထို(၂၈)ပါးထဲက ရုပ်များသည် တစ်မျိုးတည်းက တစ်ခုတည်း သီးသန့်မနေဘဲ အနည်းဆုံး(၈)ခု စုနေသည်။ ထိုရုပ်(၈)ခု စုနေသည်ကို ခွဲခွါ၍မရသော အ၀ိနဗ္ဘောဂရုပ်ဟုလည်းကောင်း၊ အဋ္ဌကလာပ်ရုပ်ဟူ၍ လည်းကောင်း၊ ရူပက္ခန္ဓာဟူ၍လည်းကောင်း ခေါ်ပါသည်။

ဥပမာအားဖြင့် တစ်စုံတစ်ရာအနံ့ကို နှာခေါင်းက နံသည်၊ သိသည်ဟု ဆိုကြသည်။ ဂန္ဓာရုံ ဟူသောအနံ့သည် နှာခေါင်းအတွင်းသို့ တစ်ခုတည်းသာ ၀င်လာသည်မဟုတ်ပေ။ ကျန်သော ရုပ် (၇)ခုသည်လည်း ဂန္ဓာရုံနှင့်ရော၍ ပါဝင်နေခြင်းဖြစ်သည်။ အ၀ိနဗ္ဘောဂရုပ်(၈)ခုတွင် ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာရုပ်တို့ ပါဝင်ရကား ထိုရုပ်(၈)ခုသည် တစ်စုတည်း နှာခေါင်းအတွင်းသို့ ၀င်လာခြင်းဖြစ်သည်။

ဂန္ဓ၏အစွမ်းသည် နှာခေါင်းကို အနံ့ဖြင့် ထိရုံသာထိနိုင်သည်။ နှာခေါင်းအတွင်းသို့ ပူပြင်းစူးရှ သွားစေရန် မတတ်နိုင်ပေ။ ဥပမာ- ဇ၀က်သာကိုရှူသော် နှာခေါင်းအတွင်း၌ ပူးပြင်းစူးရှသွား သည်။ ဇ၀က်သာ အနံ့သက်သက်က နှာခေါင်းကို ပူပြင်းသွားစေသည် မဟုတ်ပေ။ ဇ၀က်သာ အနံ့၌ တေဇောဓာတ်ပါလာသည်။ တေဇောဓာတ်သည် အနံ့နှင့်ရော၍ ပါလာသောကြောင့် နှာခေါင်းကို ပူပြင်းစူရှသွားစေခြင်းဖြစ်သည်။ ထို့အတူ ဂန္ဓရုပ်၌ တေဇောပင်မက ကျန်သောရုပ် (၆)ခုလည်းပါဝင်နေသည်။ တေဇောတစ်ခုတည်းဖြင့် နှာခေါင်းကို မိမိဘာသာ မလောင်နိုင်ပေ။ နောက်က တွန်းပို့သော ၀ါယောဓာတ်ကြောင့်ဖြစ်သည်။ ဂန္ဓဓာတ် ထောက်တည်ရာ၊ တေဇော ဓာတ် ထောက်တည်ရာ၊ ၀ါယောဓာတ် ထောက်တည်ရာ ပထ၀ီဓာတ်လည်း ပါဝင်နေပေသည်။ ဂန္ဓ၊ တေဇော၊ ၀ါယော၊ ပထ၀ီဓာတ်တို့ကို အာပေါဓာတ်က စုစည်းဖွဲ့ထားပေးပါသည်။ ထို့ကြောင့် ဇ၀က်သာရှူဗူးကို နှာခေါင်းဖြင့်ရှူရာတွင် ဂန္ဓနှင့်အတူ တေဇော၊ ၀ါယော၊ ပထ၀ီ၊ အာဘောနှင့် အခြားရုပ်သုံး (၃) ခုလည်း ပါဝင်နေကြပေ၏။

ရူပါရုံနှင့် စက္ခုပသာဒတို့ တွေ့ထိသော် စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်၏။ အဆင်းကို မျက်စိနှင့် မြင်သည်ဟု ဆိုကြသည်။ အရောင်အဆင်းကိုမြင်ရာတွင် တောက်ပြောင်သောအရောင်များကို မြင်ရသော် မျက်စိကျိန်းလာသည်။ ဥပမာ- နေရောင်ခြည် ပြင်းပြင်းကိုလည်းကောင်း၊ အနီရင့်ရောင်၊ အ၀ါရောင် စသည်များကိုလည်းကောင်းကြည့်သော် ကြာရှည်မကြည့်နိုင်ပေ။ မျက်စိကျိန်းစပ်လာသည်။ အကြောင်းမှာကား အရောင်အဆင်းနှင့် ယှဉ်တွဲပါလာသော တေဇောဓာတ်ကြောင့်ဖြစ်သည်။ တေဇောဓာတ်သည် ထက်မြက်၏၊ စူးရှ၏။

တေဇောဓာတ်သည် အရောင်အဆင်းတိုင်းတွင်ပါဝင်သည်။ သို့သော် အခြေအနေခြင်း၊ အားအနည်းအများချင်း မတူညီပေ။ အနီရောင်တွင်ပါသော တေဇောဓာတ်အားသည် အစိမ်းရောင်တွင်ပါသော တေဇောဓာတ်အားထက် ပိုများသည်။ တဖန် နေရောင်ခြည်တွင် ပါသော တေဇောဓာတ်အားသည် အနီရောင်တွင်ပါသော တေဇောဓာတ်အားထက် ပိုများခြင်း ကြောင့် နေရောင်ခြည်ကို ကြာရှည်မကြည့်နိုင်ခြင်းဖြစ်သည်။

သဒ္ဒါရုံနှင့် သောတပသာဒ တွေ့ထိ၍ သောတ၀ိညာဏ်စိတ်ဖြစ်ပေါ်၏။ အသံကို နားဖြင့်ကြား သည်ဟု ဆိုကြပါသည်။ အသံတွင်လည်း တေဇောဓာတ် ပါဝင်ပါသည်။ အသံတိုင်းတွင် တေဇောဓာတ်ရှိရာ အားအနည်းအများသာ ကွာခြားပါသည်။ ကျယ်လောင်စွာ အော်ဟစ်သော အသံ၊ မြေကြီး တုန်ဟီးသောအသံ၊ ဗုန်းပေါက်ကွဲသောအသံ စသည်များတွင် တေဇောဓာတ် ပြင်းစွာပါသောကြောင့် ထိုအသံများကို ကြားရသော် နားထဲသို့ စူးဝင်သွားပြီး နာအူသွားသည် အထိ ခံစားရပေသည်။

ရသာရုံနှင့် ဇိဝှာပသာဒတွေ့ထိရာ ဇိဝှာဝိညာဏ်စိတ်ဖြစ်ပေါ်သည်။ အစားအစာကို လျှာပေါ်တွင် တင်၍စားသည်၊ စားလို့ကောင်းသည်၊ ချဉ်သည်၊ ခါးသည်၊ စပ်သည် စသည်ဖြင့် ပြောဆိုကြသည်။ အရသာများတွင် အချို့သောအရသာများသည် သင့်တော်ရုံဖြစ်၏။ အချို့သည် စူးရှပြင်းထန်နေသည်မှာ တေဇောဓာတ် လွန်ကဲနေသောကြောင့်ဖြစ်ပါသည်။

ဖောဋ္ဌဗ္ဗာရုံနှင့် ကာယပသာဒတို့ တွေ့ထိသော် ကာယ၀ိညာဏ်စိတ်ဖြစ်ပေါ်သည်။ အတွေ့အထိ ခံစားမှုတွင်လည်း တေဇောဓာတ်ပါဝင်ကြောင်း သိရှိနိုင်သည်။ ဥပမာ- မီးခဲတစ်ခဲနှင့် စာအုပ်တစ်အုပ်ကို ကိုင်ကြည့်ရာတွင် မီးခဲသည် အလွန်ပူကြောင်း သိရှိရသည်။ မီးခဲနှင့်စာအုပ် တွင်ပါသော တေဇောဓာတ်ကို နှိုင်းယှဉ်ကြည့်သော် မီးခဲတွင်ပါသော တေဇောဓာတ်သည် ပိုမို၍ ပြင်းထန်လွန်ကဲပြီး စာအုပ်တွင်ကား တေဇောဓာတ် အားနည်းလေသည်။ မီးခဲနှင့် စာအုပ်တွင် တေဇောဓာတ်ပါဝင်သကဲ့သို့ တေဇောဓာတ်ကို တွန်းကန်လှုပ်ရှားပေးသော ၀ါယောဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်၊ ၀ါယောဓာတ်တို့၏ ထောက်တည်ရာ ပထ၀ီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်၊ ၀ါယောဓာတ်၊ ပထ၀ီဓာတ်တို့ကို ဖွဲ့စည်းသော အာဘောဓာတ်သည်လည်းကောင်း ပါဝင်နေကြပေသည်။

အဋ္ဌကလာပ်တွင်ပါဝင်သော တေဇောသည် အားအနည်းအများ၊ အထက်အနုံ့ ကွာခြားသည်။ ဥပမာ- သံသံချင်းတွင် သဘာဝချင်းတူသော်လည်း ထက်သောသံနှင့် မထက်သောသံဟူ၍ ကွဲပြားပါသည်။ ထိုသို့ပင် တေဇောဓာတ်တွင်လည်း အားနည်းသော၊ နုံ့သောတေဇောနှင့် အားများသော၊ ထက်သောတေဇောဓာတ်ဟူ၍ ကွဲပြားသည်။

မည်သည့်နေရာတွင်မဆို တေဇောဓာတ်ပါလျှင်လည်းကောင်း၊ အခြားရုပ်ဓာတ်တစ်ခုခု ပါလာ လျှင်လည်းကောင်း၊ အနည်းဆုံး ရုပ်ကလာပ်(၈)မျိုး၊ အ၀ိနိဗ္ဘောဂရုပ်သည် စုပေါင်းပါဝင် နေသည်။

ရူပက္ခန္ဓာရုပ်အစုသည် အနည်ဆုံး အ၀ိနိဗ္ဘောဂရုပ်(၈)မျိုး စုနေခြင်းဖြစ်သည်။ ထိုရှစ်မျိုးစုများကို များစွာထပ်မံ၍ ပေါင်းစုလိုက်သောအခါ သဘာဝရုပ်အစုမှ အစိုင်အခဲရုပ်အစုအဖြစ် မြင်ရသည်။ တဖန် ထိုအစိုင်အခဲ ရုပ်စုများကို ထပ်ခါထပ်ခါ ပေါင်းစုလိုက်ပြန်သောအခါ အရာဝတ္ထု၊ အထည်ဒြပ်စုကြီးများအဖြစ် မြင်တွေ့ရသည်။ ၎င်းရုပ်စုကြီးများကို သက်ရှိသတ္တ၀ါ၏ ကိုယ်ခန္ဓာရုပ်စုဟူ၍လည်းကောင်း၊ သက်မဲ့အရာဝတ္ထု စားပွဲ၊ ကုလားထိုင်၊ သစ်ပင်၊ တောတောင်အစရှိသော အထည်ဒြပ်ရုပ်စုဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြပါသည်။

ထို့ကြောင့် မည်မျှပင်ကြီးများသော သက်ရှိသတ္တ၀ါ၊ သက်မဲ့အရာဝတ္ထု ဖြစ်စေကာမူ အနည်းဆုံးအားဖြင့် သဘာဝရုပ်(၈)ခုအစုမှ တစ်စတစ်စ စုပေါင်း၍ ကြီးထွားကာ အထည် ဒြပ်ကြီးများအဖြစ် ရောက်ရှိလာခြင်းဖြစ်ပေသည်။

ဝေဒနာက္ခ္ဓန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ဝေဒနာ + ခန္ဓာ
ဝေဒနာ = ခံစားခြင်း
ခန္ဓာ = အစု၊
ဝေဒနာက္ခန္ဓာ = ခံစားမှုအစု၊ (ခံစားတတ်သော သဘောတရားအစု)။
သတ္တ၀ါ တစ်ဦးတစ်ယောက်၏ခန္ဓာကိုယ်တွင် ခံစားရခြင်းသည် အစုကြီး၊ အပုံကြီးဖြစ်သည်ဟု ထင်မှတ်ရသည်။ စင်စစ်ကား ဝေဒနာသည် ဝေဒနာစေတသိက် တစ်ခုတည်းသာဖြစ်၏။ သို့သော် ဝေဒနာ၏ ဖြစ်စဉ်ဖြစ်ရပ်သည် စိတ်ကဲ့သို့ပင် အလွန် လျှင်မြန်၏၊ သွက်လက်၏။ ဥပမာ- ယားယံသည်ဟုဆိုရာ၌ ဤမှာ၊ ထိုမှာ တစ်ကိုယ်လုံးမှာ ယားသကဲ့သို့ ထင်ရ၏။ ပူအိုက်သည့်နေရာကိုရှာသော် နေရာအနှံ့အပြားကို တွေ့ရ၏။ တပြင်ကြီးဖြစ်နေသည်ဟု ထင်ရသည်။ သို့ရာတွင် တစ်နေရာပြီးမှ တစ်နေရာ ယားခြင်း၊ အိုက်ခြင်းဖြစ်သည်။

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသည်ဟုဆိုရာ၌လည်း တစ်နေရာပြီးမှ တစ်နေရာတွင်သာ နာကျင်ခြင်းဖြစ်သည်။ မျက်စိနေရာက၊ နားနေရာက၊ နှာခေါင်းနေရာက စသည်ဖြင့် တစ်ပြိုင်နက် ခံစားရသည်ဟု ထင်ရသည်။ ကုလားထိုင်ပေါ်တွင်ထိုင်၍ ရုပ်ရှင်ကြည့်ရာတွင် မျက်စိက ရုပ်ရှင်ကားအဆင်းကို မြင်နေခိုက် နားက သီချင်ဆိုသံ၊ စကားပြောသံကို မကြားရပေ။ ကုလားထိုင်နှင့် ကိုယ်ကာယတို့ ထိတွေ့နေသည်ကို မသိပေ။ ထိုသို့ပင် နားက သီချင်းဆိုသံ၊ စကားပြောသံ ကြားနေခိုက် မျက်စိက အဆင်းကို မမြင်ပေ။ နှာခေါင်းက အနံ့ကို မရ၊ ကိုယ်ကာယက အထိအတွေ့ကို မသိပေ။ တစ်ခုပြီးတစ်ခု၊ တစ်နေရာပြီးတစ်နေရာက သိသည်။ သို့ရာတွင် ဖြစ်ပျက်ခံစားရသည်မှာ အလွန်လျင်မြန်သောကြောင့် တစ်ချိန်တည်းတွင် အစုလိုက်၊ အပြုံလိုက်ထင်ရသည်။

ဝေဒနာသည် ဝေဒနာတစ်ခုတည်းပင်ဖြစ်သော်လည်း ဝေဒနာက္ခန္ဓာ- ဝေဒနာအစုဟူ၍ ခေါ်ခြင်းမှာ ဝေဒနာ၌ အဇ္ဈတ္တဝေဒနာ၊ ဗဟိဒ္ဓဝေဒနာဟူ၍ရှိသည်။ ဥပမာ- မောင်ဘ၊ မောင်လှ၊ မောင်စ တို့ရှိရာတွင် မောင်ဘ ဘက်မှကြည့်လျှင် မောင်ဘ ခံစားမှုတို့သည် အဇ္ဈတ္တ ဝေဒနာဖြစ်၍ မောင်လှ၊ မောင်စတို့၏ ခံစားမှုများသည် ဗဟိဒ္ဓဝေဒနာဖြစ်သည်။ မောင်လှ ဘက်မှကြည့်လျှင် မောင်လှ ခံစားမှုတို့သည် အဇ္ဈတ္တ ဝေဒနာဖြစ်၍ မောင်ဘ၊ မောင်စတို့၏ ခံစားမှုများသည် ဗဟိဒ္ဓဝေဒနာဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း၌ အတွင်းခံစားမှု(မိမိနှင့် သက်ဆိုင်သောခံစားမှု) နှင့် အပြင်ခံစားမှု(သူတစ်ပါးနှင့် သက်ဆိုင်သောခံစားမှု)ဟူ၍ နှစ်မျိုးရှိ သည်။

ထို့ကြောင့် ဝေဒနာကို အတွင်းအပြင်အားဖြင့်ကြည့်သော် အမျိုးအစားအားဖြင့် (၁)မျိုးသာ ဖြစ်သော်လည်း လူတို့၏ခံစားခြင်း၊ တိရစ္ဆာန်တို့၏ခံစားခြင်း စသည်ဖြင့် ဝေဒနာများစွာရှိသည်။ များပြားလှသော သက်ရှိသတ္တ၀ါတို့၏ ခံစားခြင်းကိုလိုက်၍ ဝေဒနာအစု(ဝေဒနာက္ခန္ဓာ)ဟူ၍ ဖြစ်လေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပိုးကောင်များစွာရှိသည်။ ပိုးကောင် အမျိုးအစား (၁) မျိုးတွင်လည်း ပိုးကောင်ရေများစွာရှိပေသည်။ ထိုပိုးကောင်များတွင်လည်း ခံစားမှုများရှိသည်။ ထို့ကြောင့် ဝေဒနာသည် အစုလိုက်ဖြစ်နေသည်။

ယခင်(အတိတ်)၊ ယခု(ပစ္စုပ္ပန်)၊ နောင်(အနာဂတ်)ဟူ၍ှ ကာလသုံးပါးနှင့်ကြည့်လျှင်လည်း ခံစားမှုကို အစုဟုခေါ်နိုင်သည်။ လူတစ်ယောက်သည် တစ်ခါက ခေါင်းကိုက်ခဲ့ဖူး၏။ ယခင်ကလည်း ခေါင်းကိုက်ခဲ့သည်ကို ယခုကိုက်နေသကဲ့သို့ပင် ပြန်၍ထင်၏။ ပစ္စုပ္ပန်ကာလ၌ လည်း တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရ၏။ နောင်အခါ၌ ခေါင်းကိုက်ဦးမည်ဟု ထင်မှတ်၍လည်း ကြောက်လန့်နေသေးသည်။ ထိုကဲ့သို့ လူတစ်ယောက်၏ ခံစားမှုကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလအားဖြင့် ခြုံကြည်လျှင် ဝေဒနာသည် အစုကြီး အပြုံကြီး သဖွယ် တွေ့ရသည်။

မိုးရေသည် အမျိုးအစားအားဖြင့် တစ်ခုတည်း၊ တစ်မျိုးတည်းသာဖြစ်သော်လည်း မိုးပေါက်အား ဖြင့် အများအပြားဖြစ်သည်။ ထိုကဲ့သို့ပင် ဝေဒနာသည်လည်း သဘောအားဖြင့် ဝေဒနာ စေတသိက်(၁)ပါးပင်ဖြစ်သော်လည်း အဇ္ဈတ္တ၊ ဗဟိဒ္ဓ(အတွင်း၊ အပြင်)အားဖြင့် ကြည့်လျှင် သော်လည်းကောင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအားဖြင့် ကြည့်လျှင်သော် လည်းကောင်း အစုလိုက် အပြုံလိုက် တွေ့ရသောကြောင့် ပေါင်းခြုံ၍ ဝေဒနာအစု (ဝေဒနာက္ခန္ဓာ)ဟု ခေါ်လေသည်။

သညာက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
သညာ = မှတ်သားခြင်း၊ မှတ်သားမှု၊
ခန္ဓာ = အစု၊
သညာက္ခန္ဓာ = မှတ်သားမှု သဘောတရားအစု၊ (မှတ်သားတတသော သဘောတရားအစု)။
သက်ရှိသတ္တ၀ါတို့သည် မွေးဖွားလာသည်မှစ၍ သေသည်အထိ တစ်ဘ၀ဖြစ်စဉ်ကာလအတွင်း တွင် သညာဟူသော မှတ်သားမှုများကို အမြောက်အမြား လက်ခံမှတ်သားကြရသည်။ ကလေးသူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးပိုင်းအရွယ်တို့တွင် တွေ့ကြူံရသောကိစ္စ များနှင့်ပတ်သက်၍ အသုံးအဆောင်ပစ္စည်းများ၊ အခေါ်အဝေါ်များ၊ စကား အသုံးအနှုန်းများကို မှတ်သားရသည်။ ထိုသို့ မှတ်သားခြင်းသည် သညာဖြစ်သည်။ စာတစ်ပိုဒ်ရွတ်ရာတွင်ပင် စာလုံးရေကို တစ်လုံးပြီးတစ်လုံး မှတ်သားရသည်။ ဥပမာ- “သမဂ္ဂါနံ တပေါ သုခေါ”ဟုဆိုရာ၌ “သ”ကို မှတ်မိသော သညာက တစ်ခု၊ “မဂ်”ကို မှတ်မိသော သညာက တစ်ခု၊ “ဂ”ကို မှတ်မိ သော သညာက တစ်ခု စာလုံးရေအလိုက် သညာရှိသည်။ စာလုံးများသည်နှင့်အမျှ သညာလည်း များစွာရှိသည်။ စာလုံးများသည် မြင်ခိုက်တွင်သာရှိ၍ မြင်ပြီးနောက် စိတ်ထဲတွင် မရှိတော့ပေ။ သညာအမှတ်အသားသာလျှင် ရှိနေတော့သည်။

သညာသည် သဘောအားဖြင့် သညာစေတသိက် (၁)ပါးသာဖြစ်သည်။ သို့ရာတွင် မိမိနှင့် သက်ဆိုင်သည့် အမှတ်အသား အဇ္ဈတ္တသညာ၊ သူတစ်ပါး၏အမှတ်အသား ဗဟိဒ္ဓသညာ အားဖြင့်လည်းကောင်း၊ တစ်ဦးတစ်ယောက်ထဲ၌ပင် အတိတ်သညာ၊ ပစ္စုပ္ပန်သညာ၊ အနာဂတ် သညာအားဖြင့်လည်းကောင်း ခဏပစ္စုပ္ပန်တွင်ပင် ဆက်ကာဆက်ကာမှတ်သားနေခြင်းအား ဖြင့်လည်းကောင်း၊ သညာသည် အစုလိုက် အပြုံလိုက် ရှိနေသောကြောင့် သညာက္ခန္ဓာ၊ သညာအစုဟုခေါ်သည်။

မြက်ပင်ကလေးများသည် မိုးတွင်းအခါ၌ အစီအရီ အပင်ပေါက်လာကြသည်။ မိုးကုန်သွားသော် သေသွားကြ၏။ သို့သော် နောက်နှစ် မိုးတွင်းအခါ၌ မြက်ပင်ကလေးများသည် ရှင်သန်စွာ အပင်ပေါက်လာကြပြန်သည်။ သေသွားသောမြက်ပင်က မျိုးစေ့ထားခဲ့သောကြောင့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာသော်လည်း မိုးတွင်းအခါတွင် ထူထပ်စွာ ပေါက်လာ ကြခြင်းဖြစ်သည်။ ထို့ကဲ့သို့ပင် သညာသည်လည်း တစ်ခုပြီးမှတစ်ခု ဖြစ်ပေါ်လာသော်လည်း ကုန်သွားသော၊ ကွယ်သွားသောသညာက နောက်တွင် ထပ်မံပေါ်ပေါက်ရန် သညာမျိုးစေ့ ချသွားသည်။ သညာအဟောင်း ပျောက်သွား၍ သညာအသစ် ပေါ်ပေါက်လာပြန်သည်။ သညာသည် တစ်ချိန်တွင် တစ်မျိုးသာဖြစ်ပေါ်၏။ ဤသို့အားဖြင့် သညာသည် အဟောင်း ပျောက်၍ အသစ်ပေါ်ပေါက်လာသော်၊ အစုကြီးဟုထင်ရသဖြင့် သညာက္ခန္ဓာ၊ သညာအစုဟု ဆိုသည်။

သညာနှင့်သတိ
သတိသည် အရေးပါအရာရောက်သကဲ့သို့ သညာသည်လည်း အရေးပါအရာရောက်သည်။ မှတ်မိခြင်းမှန်သမျှတွင် သညာပါဝင်သော်လည်း အားလုံး၌ သတိပါဝင်သည်ဟူ၍ကား မဆိုနိုင်ချေ။ သတိစေတသိက်သည် သောဘဏသာဓာရဏ စေတသိက်(၁၉)ပါးထဲတွင် ပါဝင်၍ သောဘဏ စိတ်အကျဉ်း (၅၉)ပါး၊ အကျယ် (၉၁)ပါးနှင့် ယှဉ်သည်။ ထို့ကြောင့် ကောင်းမွန်သည့်အရာ၊ ကိစ္စတို့ကို မှတ်မိခြင်း၌သာ သတိပါဝင်သည်။ ဆိုးသည့် အကြောင်းအရာကိစ္စတို့ကို မှတ်မိခြင်းတွင် သတိမပါဝင်ပေ။ သညာစေတသိက်သည်ကား သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇)ပါးတွင် ပါဝင်၍ စိတ်အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁)ပါးနှင့်ယှဉ်သည်။ သညာစေတသိက်သည် အကုသိုလ်စိတ်နှင့်လည်းကောင်း၊ ကုသိုလ်စိတ်နှင့်လည်းကောင်း ယှဉ်သောကြောင့် အဆိုးကိစ္စများကို မှတ်မိခြင်းတွင်လည်း သညာပါ၏။ အကောင်းကိစ္စများကို မှတ်မိခြင်းတွင်လည်း သညာပါ၏။

လွမ်းဆွတ်သည်၊ အောက်မေ့သည်ဟု ဆိုရာ၌ အဘိဓမ္မာသဘောအရ သေချာစွာ စိစစ်သော် သတိမဟုတ်ပေ။ သညာသာဖြစ်သည်။ သတိသည် သန့်စင်သောဓာတ်အားဖြစ်သည်။ သတိတွင် အအေးဓာတ်သာပါ၏။ အပူဓာတ် မပါဝင်ပေ။ စိတ်မကောင်းသော မမေ့ခြင်းတွင် သညာသာပါသည်။ ကောင်းသည်ကိုဖြစ်စေ၊ မကောင်းသည်ကိုဖြစ်စေ၊ မမေ့ခြင်းအားလုံးတွင် ကား သညာပါသည်။

သင်္ခါရက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
သင်္ခါရ + ခန္ဓာ
သင်္ခါရ = ပြုလုပ်ခြင်း [ဝေဒနာနှင့် သညာစေတသိက်မပါသော စေတသိက်(၅၀)]
ခန္ဓာ = အစု၊
သင်္ခါရက္ခန္ဓာ = ပြုလုပ်တတ်သော သဘောတရားအစု။
သင်္ခါရက္ခန္ဓာသည် ပင်ရင်းသဘာဝ(တရားကိုယ်)အားဖြင့် ဝေဒနာစေတသိက်နှင့် သညာ စေတသိက်မပါသော စေတသိက်(၅၀)ပင်ဖြစ်သည်။ ဝေဒနာစေတသိက်နှင့် သညာ စေတသိက်သည် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာဟူ၍ သီးခြား ခွဲခြားထားသည်။

သင်္ခါရက္ခန္ဓာတွင် စေတသိက်(၅၀)ကို အလုပ်သမားအုပ်စုဟူ၍ပင် ခေါ်နိုင်သည်။ လုပ်ငန်းရပ် အသီးသီးကို ဆောင်ရွက်လုပ်ကိုင်ကြသော အလုပ်သမားများ ဖြစ်ကြသည်။ ထိုအလုပ်သမား အုပ်စုတွင် အဖွဲ့ငယ်(၃)ဖွဲ့ ပါဝင်၏။ အကုသိုလ် စေတသိက်များက တစ်ဖွဲ့၊ အညသမာန်း စေတသိက်များက တစ်ဖွဲ့၊ သောဘဏ စေတသိက်များက တစ်ဖွဲ့ဖြစ်သည်။ အကုသိုလ် စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည် အဖျက်လုပ်ငန်းကို ဆောင်ရွက်မည့် အလုပ်သမားများဖြစ်ကြသည်၊ ဥပမာ- လူတစ်ယောက်သည် သူတစ်ပါး၏ ပစ္စည်းကို လိုချင်၍ ခိုးယူ၏။ လက်ဖြင့်ခိုးသည် ဖြစ်သော်လည်း လက်က အကြောင်းအရင်း မဟုတ်သေးပေ။ အဖျားပိုင်းမျှသာဖြစ်သည်။ စိတ်က လိုချင်သောကြောင့် ခိုးသည်ဟုဆိုရာ၌ စိတ်သည်လည်း အကြောင်းအရင်းခံ မဟုတ်သေးပေ။ အလယ်ပိုင်းသာ ဖြစ်သေးသည်။ စိတ်နှင့် ယှဉ်တွဲပါလာ သော လောဘစိတ်ကြောင့်သာ ခိုးယူ၏။ အကုသိုလ် စိတ္တဇရုပ်ကို စေတသိက်အဖွဲ့တွင် ပါဝင်သော လောဘစေတသိက်သည် စိတ်ကို၊ စိတ်ကမှ စိတ္တဇရုပ်ကို၊ စိတ္တဇရုပ်မှ လက်ကို အဆင့်ဆင့်ခိုင်းသောကြောင့် လက်က ခိုးယူခြင်းဖြစ်ပေသည်။ ထို့ကြောင့် လောဘစေတသိက် သည် ခိုးယူခြင်းဟူသော အဖျက်လုပ်ငန်းကို ဆောင်ရွက်သော အလုပ်သမားပင် ဖြစ်ပေသည်။ လောဘစေတသိက် အလုပ်သမားကို ဖယ်ရှားထားပါက ခိုးယူခြင်းလုပ်ငန်းသည် ဖြစ်ပေါ်လာ မည် မဟုတ်ပေ။

လူတစ်ယောက်သည် အခြားတစ်ယောက်ကို တုတ်နှင့်ရိုက်၏။ အဘိဓမ္မာမူအရ သေချာစွာ စိစစ်သော် တုတ်သည်လည်းကောင်း၊ လက်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ရိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သည့်အလုပ်သမားများ မဟုတ်ကြပေ။ ဒေါသစေတသိက် သည်သာလျှင် ရိုက်ခြင်းဟူသည့် အဖျက်လုပ်ငန်းကို ဆောင်ရွက်သော အလုပ်သမား ဖြစ်ပေသည်။ ထိုသို့ပင် ကျန်သော အကုသိုလ်စေတသိက်များသည်လည်း မိမိတို့ သက်ဆိုင် ရာ အဖျက်လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်သည့် အလုပ်သမားများ ဖြစ်ကြသည်။

အညသမာန်း စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည်ကား အဖျက်လုပ်ငန်းနှင့် နီးစပ်လျှင် အဖျက်သမားများအဖြစ် လုပ်ကိုင်ကြ၏။ အပြုလုပ်ငန်းနှင့် နီးစပ်လျှင် အပြုသမား များအဖြစ် လုပ်ကိုင်ကြ၏။ အပြုလုပ်ငန်းနှင့်နီးစပ်လျှင် အပြုသမားများအဖြစ် လုပ်ကိုင်ဆောင် ရွက်ကြသည်။

ကုသိုလ်စေတသိက်အဖွဲ့တွင်ပါဝင်သော စေတသိက်များသည်ကား အပြုလုပ်ငန်းကို ဆောင် ရွက်သည့် အလုပ်သမားများဖြစ်ကြသည်။ ဥမမာ- လူတစ်ယောက်ကို ကိစ္စတစ်ခုတွင် ကူညီလိုက်၏။ လက်က၊ စိတ်က ကူညီသည်ဆိုသော်လည်း အရင်းပိုင်း မဟုတ်သေးပေ။ စင်စစ်ကား အဒေါသဟူသည့် စေတသိက်က ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ အဒေါသ စေတသိက်က စိတ်ကို၊ စိတ်က စိတ္တဇရုပ်များကို၊ စိတ္တဇရုပ်များက လက်ကို အဆင့်ဆင့် ခိုင်းသောကြောင့် လက်ကကူညီခြင်းဖြစ်သည်။

သူတစ်ပါးအား ပေးကမ်းသည်ဆိုရာ၌လည်း အရင်းကျဆုံးဆောင်ရွက်သူကား အလောဘ စေတသိက်ဖြစ်သည်။ အလောဘစေတသိက်သည်သာလျှင် အပြုလုပ်ငန်းဖြစ်သည့် ပေးကမ်းခြင်းကို ပြုလုပ်ဆောင်ရွက်သော အလုပ်သမားဖြစ်သည်။ ကျန်သော သောဘဏ စေတသိက်များသည် အပြုလုပ်ငန်းကို ဆောင်ရွက်သည့် အလုပ်သမားဖြစ်ကြသည်။

ဝေဒနာ စေတသိက်နှင့် သညာစေတသိက်တို့သည် သင်္ခါရက္ခန္ဓာဟူသော ပြုလုပ်တတ်သည့် သဘောတရား အစုထဲတွင် မပါဝင်သော်လည်း အဆိုးလုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ အကောင်းလုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လုပ်ငန်းကိစ္စများတွင် ဆောင်ရွက်လုပ်ကိုင်ရာတွင် ကား ပါဝင်သည်။

ကိစ္စတစ်ခုကို ဆောင်ရွက်ပြုလုပ်ရာတွင် မူရင်းအခြေခံအားဖြင့် သင်္ခါရက္ခန္ဓာသည် သေချာ တိကျစွာပါ၏။ သို့သော် ကျန်သော ခန္ဓာများသည်လည်း အထောင်အကူအားဖြင့် ပါဝင်ကူညီရ သည်။ ဥပမာ- တရားမ၀င်တော့သည့် ကျပ်(၅၀)တန်၊ ကျပ်(၁၀၀)တန် ငွေစက္ကူများကို အပ်နှံ ရာတွင် ဌာနအလိုက် လက်ခံသောသူသည် တစ်ယောက်တည်းပင် ဖြစ်သော်လည်း ဘေးလူများက သက်ဆိုင်ရာလုပ်ငန်းများတွင် ၀င်ရောက်ကူညီရသည်။ ထိုကဲ့သို့ပင် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ သင်္ခါရက္ခန္ဓာက မူတည်လုပ်ကိုင်သော် ကျန်သောခန္ဓာများက လည်း ပါဝင်ကူညီရသည်။

ဝိညာဏက္ခန္ဓာ၏အဓိပ္ပါယ်နှင့် သဘောတရား
ဝိညာဏ + ခန္ဓာ
ဝိညာဏ = အသိစိတ်၊
ခန္ဓာ = အစု၊
ဝိညာဏက္ဓ္ခန္ဓာ = အသိစိတ်အစု၊ (သိတတ်သော သဘောတရားအစု)။
အသိစိတ်သည် တရားကိုယ်အားဖြင့် စိတ်တစ်ပါးတည်းသာဖြစ်သည်။ သို့သော် အဇ္ဈတ္တကိစ္စ အားဖြင့်လည်းကောင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးအားဖြင့်လည်းကောင်း၊ စိတ်များစွာ ရှိနိုင်သော်ကြောင့် စိတ်အစုဟု ခေါ်သည်။ သတ္တ၀ါ တစ်ဦးတစ်ယောက်၏ စိတ်များကို ပေါင်းသော် အစုလိုက် အပြုံလိုက် ဖြစ်လာသည်။

သတ္တ၀ါတစ်ဦးတည်း၌ပင် ပစ္စုပ္ပန်သုံးပါးတွင် အဓွန့်ပစ္စုပ္ပန်၌ ဖြစ်သောစိတ်၊ သန္တတိပစ္စုပ္ပန်၌ ဖြစ်သောစိတ်၊ ခဏပစ္စုပ္ပန်၌ ဆက်ခါဆက်ခါ ဖြစ်နေသောစိတ်ဟူ၍ စိတ်များစွာရှိသည်။ ထို့ကြောင့် အသိစိတ်အစုကို ၀ိညာဏက္ခန္ဓာ ဟူ၍ ခေါ်ဆိုပေသည်။

စာဖတ်သူတို့အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

အပြည့်အစုံသို့

23 Jul 2009

နိဗ္ဗာန်၊ ခန္ဓာငါးပါးနှင့်ဥပါဒါနက္ခန္ဓာငါးပါးရှင်းတမ်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဝိစိကိစ္ဆာဟူသော သံသယတရားသည် နိဗ္ဗာန်ကို မမြင်နိုင်အောင် ဖုံးလွှမ်းထားသောတရားပင် ဖြစ်၏။ သဘောအမှန်ကို ဉာဏ်ဖြင့် ဆုံးဖြတ်သုံးသပ်နိုင်ဖို့လည်း လိုအပ်ပါ၏။ အမြင်မှား၊ အယူမှားနေက သစ္စာတရားကို ထိုးထွင်းမြင်နိုင်ရန် လွန်စွာမှ ခဲယင်းလှပါသည်။ ထိုသို့ တရားတို့အပေါ်၌ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာတရားများ ရှိနေသမျှကာလပတ်လုံး သောတာပန်တည်း ဟူသော ပထမမဂ်ဖိုလ်ကို ရနိုင်မည် မဟုတ်ပေ။ ရှင်ဘုရင်နှင့် အိမ်ရှေ့မင်း မည်သူကဖြစ်ဖို့ရန် ခက်မူ အိမ်ရှေ့မင်းဖြစ်ဖို့က ပို၍ခက်လှ၏။ အိမ်ရှေ့မင်းဖြစ်ပြီဆိုလျှင် ရှင်ဘုရင် ဖြစ်ဖို့သေချာ သကဲ့သို့ သောတာပန်နှင့် ရဟန္တာ သောတာပန်ဖြစ်ဖို့ ပို၍ခက်၏။ သောတာပန်တည်သွားက မဂ္ဂင်တရားရှစ်ပါး စုံလင်သွားသောကြောင့် ရဟန္တာဖြစ်ဖို့ သေချာသွားတော့၏။


သိ၊ ပယ်၊ ဆိုက်၊ ပွါး… လေးပါးကိစ္စ အပိုင်ရ၊ မုချပရမတ်” ဖြစ်သောကြောင့် တရားတို့၏ သဘောအမှန် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဉာဏ်ဖြင့် သိလိုက်ခြင်း၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်း ဉာဏ်ဖြင့် သိလိုက်ခြင်းသည် ကိလေသာကို ပယ်ခြင်းအလုပ်၊ နိရောဓ(ငြိမ်းချမ်းခြင်း)ကို ဆိုက်သောအလုပ်၊ မဂ္ဂင်တရား ပွါးများသောအလုပ်တို့ တချိန်တည်း တပြိုင်တည်းပင်ဖြစ်၏။

သောတာပန်ဖြစ်ရန် အားထုတ်နေသော ပုထုဇဉ်ကလျာဏပုဂ္ဂိုလ်၊ နိဗ္ဗာန်ကို လိုလားသော ယောဂီသည် အရင်ဦးဆုံး အမှတ်မှားခဲ့သမျှသော သညာတို့ကို ဉာတပရိညာဖြင့် ရှင်းပေးရ ပါမည်။ ထိုသို့ ဉာဏ်ဖြင့်ရှင်းလင်းပြီဆိုလျှင် တီရဏပရိညာ လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အ၀ိဇ္ဇာ(မောဟ)ကို ပယ်ခွင်းရမည်ဖြစ်၏။ ဤကဲ့သို့ ဉာတပရိညာ၊ တီရဏပရိညာ အလုပ်နှစ်လုပ်ကို လုပ်နေခြင်းသည်ပင် မိမိလုပ်ရမည့်အလုပ်၊ မိမိနှင့် ဆိုင်သောအလုပ်ပင်ဖြစ်သည်။ ပယ်ခြင်းအလုပ်သည်ကား သူဘာသာလုပ်နေခြင်း ဖြစ်သော ကြောင့် ကိုယ်နှင့်မဆိုင်ပေ။ ဥပမာ- သစ်ပင်တစ်ပင်ကို လွှဖြင့်ဖြတ်ရာ၌ ဖြတ်တာက ကိုယ့်အလုပ်၊ ပြတ်တာက သူ့အလုပ်ဖြစ်၏။ ဖြတ်နေဖို့သာအဓိကဖြစ်ပေသည်။ ဖြတ်နေက ပြတ်နေသည်သာဖြစ်၏။ ထို့ကြောင့် နောက်ဆုံးဖြစ်သည့် ပဟာနပရိညာအလုပ်သည် ဓမ္မ၏ အလုပ်ပင် ဖြစ်ပါသည်။ နိဗ္ဗာန်ကိုလိုလားသော သံသရာခရီးသွားများအတွက် ဉာတပရိညာ၊ တီရဏပရိညာအလုပ် ရှင်းရှင်းအားထုတ်နိုင်ကြစေရန် ကျမ်းကောင်းတို့မှကောက်နှုတ် သဘောအဟုတ် ထုတ်နှုတ်တင်ပြလိုက် ပါသည်။

နိဗ္ဗာန်

မည်သည့်တရားမဆို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကွဲပြားလျှင် သုံးမျိုးကိုစုပေါင်း၍ ခန္ဓာဖွဲ့ ကောင်း၏။ အဇ္ဈတ္တ- ဗဟိဒ္ဓ(အတွင်း-အပြင်)ဟူ၍ နှစ်မျိုးကွဲပြားလျှင် ထိုနှစ်မျိုးကိုပေါင်းပြီး ခန္ဓာဖွဲ့ကောင်း၏။ သြဠာရိက(ရုန့်ရင်းသော)တရားတစ်မျိုး၊ သုခုမ(သိမ်မွေ့သော) တရား တစ်မျိုးဟု နှစ်မျိုးကွဲပြားလျှင် ထိုနှစ်မျိုးကိုပေါင်းပြီး ခန္ဓာဖွဲ့ကောင်း၏။ ဟီန(ယုတ်ညံ့သော) တရားတစ်မျိုး၊ ပဏီတ(မွန်မြတ်သော) တရားတစ်မျိုးဟု ကွဲပြားသော် ထိုနှစ်မျိုးကို စုပေါင်း၍ ခန္ဓာဖွဲ့ကောင်း၏။ ဒူရေ(အသိခက်သဖြင့် ဉာဏ်နှင့်ဝေးသော) တရားတစ်မျိုး၊ သန္တိကေ (အသိလွယ်သဖြင့် ဉာဏ်နှင့်နီးသော) တရားတစ်မျိုးဟု ကွဲပြားလျှင်လည်း ထိုနှစ်မျိုးကို ပေါင်းစု၍ ခန္ဓာဖွဲ့ကောင်း၏။

နိဗ္ဗာန်ကား ကာလသုံးပါးမှလွတ်သဖြင့် ကာလ၀ိမုတ်ဖြစ်၏။ အဇ္ဈတ္တ- ဗဟိဒ္ဓဟု နှစ်မျိုးမကွဲပြား ဘဲ ခန္ဓာကိုယ်၏ပြင်ပ၌ တည်သောကြောင့် ဗဟိဒ္ဓတစ်မျိုးသာရှိ၏။ သြဠာရိက-သုခုမဟု နှစ်မျိုးမကွဲပြားဘဲ သိမ်မွေ့သောကြောင့် သုခုမတစ်မျိုးသာဖြစ်၏။ ဟီန-ပဏီတဟု နှစ်မျိုး မကွဲပြားဘဲ မြတ်သောကြောင့် ပဏိတတစ်မျိုးသာရှိ၏။ ဒူရေ-သန္တိကေဟု နှစ်မျိုးမကွဲပြားဘဲ ဉာဏ်နှင့်ဝေးသောကြောင့် ဒူရေတစ်မျိုးသာရှိ၏။ ဤသို့ ဆိုင်ရာဌာန၌ နှစ်မျိုးမရ၊ တစ်မျိုးစီသာ ရသောကြောင့် နိဗ္ဗာန်ကို “ဘေဒါဘာဝ= အကွဲအပြားမရှိ”ဟုဆို၏။

ဗဟိဒ္ဓ၊ သုခုမ၊ ပဏီတ၊ ဒူရေဟူသော လေးမျိုးကား အချင်းချင်းကွဲပြားကြသည်မဟုတ်။ ဗဟိဒ္ဓ နိဗ္ဗာန်သည်ပင် သုခုမလည်းဖြစ်၏။ ပဏိတလည်းဖြစ်၏။ ဒူရေလည်းဖြစ်၏။ ဤသို့လျှင် နိဗ္ဗာန်၌ အကွဲအပြားမရှိသဖြင့် နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ထိုက်ချေ။ နိဗ္ဗာန်သည် ခန္ဓာအားလုံးမှ လွတ်သွားသောကြောင့် နိဗ္ဗာန်သည် ခန္ဓ၀ိမုတ်ဖြစ်၏။

နိဗ္ဗာန်သည် အစုမှလွတ်ခြင်း၊ ကာလမှလွတ်ခြင်း၊ အဘယ့်ကြောင့်ဖြစ်သနည်းဆိုသော် အစုနှင့် ကာလထဲတွင် ပါဝင်နေသော ခန္ဓာတရားတို့ မဖြစ်ပေါ်ဘဲ ချုပ်ငြိမ်ခြင်းမျှကို နိဗ္ဗာန်ဟု ခေါ်ထားခြင်းဖြစ်သောကြောင့် နိဗ္ဗာန်သည် အစုနှင့်ကာလမှလွတ်သော ခန္ဓ၀ိမုတ်၊ ကာလ ၀ိမုတ်ဟု ခေါ်ခြင်းဖြစ်ပေသည်။

ခန္ဓာငါးပါး
ခန္ဓာ= အစု
“ခန္ဓာ”သည် “အစုအပုံ”ဟူသော အနက်ကိုရ၏။ တစ်ခုတည်း သီးသန့်ရှိနေသောတရားကို ခန္ဓာဟု မဆိုပါ။ အမည်နာမဖြင့် ပညတ်ထားသော သတ္တ၀ါများ၊ အရာဝတ္ထုများ အစိုင်အခဲများ စုနေခြင်းကိုလည်း ခန္ဓာဟု မခေါ်ပေ။ သဘောသဘာဝအားဖြင့် အမှန်ရှိနေသော၊ အနုစိတ် သဘာဝလေးများ၏ အစု၊ ပရမတ္ထသဘောတရားများ၏ အစုကိုသာလျှင် ခန္ဓာဟုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရူပက္ခန္ဓာ= ရုပ်အစု၊ ဝေဒနာခက္ခန္ဓာ= ဝေဒနာအစု စသည်ဖြင့် သိမှတ်ရာ၏။ သို့ရာတွင် “အစုအပုံ” ဟုဆိုသည့်အတွက် စပါးကို စုပုံထားသကဲ့သို့ ခန္ဓာကိုယ်၌ ရုပ်၊ ဝေဒနာများ စုပုံနေသည်ဟု မမှတ်ယူသင့်ပါ။ ရူပက္ခန္ဓာသည် အတိတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ အနာဂတ်ရုပ်ဟူသည့် ရုပ်သုံးမျိုးကို ဉာဏ်ဖြင့် ပေါင်းစုထားသော ရုပ်အစုဖြစ်သည်ဟု သိမြင်ရမည်။

တဖန် သန္တာန်ကိုလိုက်၍ အဇ္ဈတ္တ - ဗဟိဒ္ဓ(အတွင်း - အပြင်)၊ ပုဂ္ဂိုလ်အမျိုးအစားကိုလိုက်၍ ဟီန - ပဏီတ(အယုတ် - အမြတ်)၊ ဌာနအားဖြင့် ဒူရ - သန္တိက(အဝေး - အနီး)တို့နှင့် သြဠာရိက - သုခုမ(အကြမ်း - အနု) စသည့်နည်းတို့ဖြင့် ရုပ်၊ ဝေဒနာစသည်ကို ခွဲခြား၍ ဉာဏ်ဖြင့် ပေါင်းစုရ၏။

သို့ဖြစ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက၊ သြဠာရိက၊ သုခုမ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ကို ငါးပုံငါးစု ပေါင်းစုထားခြင်းကို ခန္ဓာငါးပါးဟုခေါ်ပါသည်။
၁။ ရူပက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ် (၂၈) ပါးတို့၏ အပေါင်းအစု။
၂။ ဝေဒနာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏက္ခန္ဓာ= စိတ်အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါးတို့၏ အပေါင်းအစု။

သို့ဖြစ်၍ ခန္ဓာငါးပါးကိုဖွဲ့ရာ၌ နိဗ္ဗာန်မှတစ်ပါး လောကီ၊ လောကုတ္တရာ စိတ်၊ စေတသိက်၊ ရုပ် အားလုံးကို ဖွဲ့ခြင်းဖြစ်ပေသည်။ (ခန္ဓာငါးပါး တစ်ခုချင်းသဘောတရားတို့ကို နောက်ထပ်တင်မည့်ပို့စ်၌ ဖော်ပြပေးပါမည်။)

ဥပါဒါနက္ခန္ဓာငါးပါး
ဥပါဒါန် + ခန္ဓာ
ဥပါဒါန် = စွဲလမ်းခြင်း၊
ခန္ဓာ = အစု
ဥပါဒါနက္ခန္ဓာ = စွဲလမ်းခြင်းခံရသောအစု။
ဥပါဒါန်တရားတို့၏ စွဲလမ်းခြင်းခံရသော(အာရုံဖြစ်သော) ခန္ဓာကို ဥပါဒါနက္ခန္ဓာဟုခေါ်၏။ ဥပါဒါန်တရားတို့၏ တရားကိုယ်မှာ လောဘနှင့် ဒိဋ္ဌိဖြစ်၍ အကုသိုလ်တရားများဖြစ်ကြ၏။ ထိုအကုသိုလ်တရားတို့သည် လောကီစိတ်၊ စေတသိက်၊ ရုပ်ခန္ဓာများကိုသာ အာရုံပြုနိုင်ကြ၏။ လောကုတ္တရာစိတ်၊ စေတသိက်တို့ကို အာရုံမပြုနိုင်ကြချေ။

ထို့ကြောင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာသည် လောကီစိတ်များ၊ ထိုစိတ်တို့နှင့်ယှဉ်သော စေတသိက်များနှင့် ရုပ်တရားများဖြစ်ကြ၏။ စွဲလမ်းခြင်းခံရသော အစု(ဥပါဒါနက္ခန္ဓာ)သည် (၅)ပါးရှိ၏။
၁။ ရူပုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော ရုပ်(၂၈)ပါးတို့၏ အပေါင်းအစု၊ [ရှေးကျမ်းစာစောင် များတွင် “ဥပါဒါန်တရားတို့၏ အာရုံပြုခြင်းခံရသော ရုပ်အစု” ဟု ဖော်ပြလေ့ရှိသည်။]
၂။ ဝေဒနုပါဒါနက္ခန္ဓာ= စွလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးနှင့်ယှဉ်သည့် ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးနှင့်ယှဉ်သည့် သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရုပါဒါနက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စွဲလမ်းခြင်းခံရသည့် လောကီ စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးတို့၏ အပေါင်းအစု။
သို့ဖြစ်၍ ဥပါဒါနက္ခန္ဓာငါးပါးကိုဖွဲ့ရာ၌ လောကီစိတ်၊ စေတသိက်၊ ရုပ်တို့ကိုသာ ဖွဲ့ခြင်းဖြစ်ပေ သည်။

ဥပါဒါန်ဟူသည် ကပ်၍ယူခြင်း၊ စွဲလမ်းခြင်းဟု အဓိပ္ပါယ်ရသည်။ ကာမဂုဏ်ကိုစွဲလမ်းသော ကာမုပါဒါန်၊ အမြင်မှားကိုစွဲလမ်းသော ဒိဋ္ဌုပါဒါန်၊ အလေ့မှား၊ အကျင့်မှားကိုစွဲလမ်းသော သီလဗ္ဗတုပါဒါန်၊ အတ္တရှိသည်ဟူသော အယူမှားကိုစွဲလမ်းသော အတ္တ၀ါဒုပါဒါန်ဟူ၍ ဥပါဒါန် လေးမျိုးရှိသည်။ ထိုဥပါဒါန်လေးပါးနှင့် ယှဉ်တွဲနေသောစိတ်ကို ဥပါဒါန်စိတ်ဟုခေါ်သည်။ ထိုစွဲလမ်းသော ဥပါဒါန်စိတ် တည်ကိန်းသောသူကို စွဲလမ်းသောသူဟုခေါ်သည်။

ဥပါဒါန်စိတ်ကို ဖယ်ရှားလိုက်လျှင် စွဲလမ်းသောသူဟူ၍ မရှိတော့ပေ။ စွဲလမ်းခြင်းရှိလျှင် စွဲလမ်းသူ၊ စွဲလမ်းခြင်းခံရသူဟူ၍ရှိသည်။ စွဲလမ်းသူသည် ဥပါဒါန်စိတ်ဖြစ်၍ စွဲလမ်းခြင်း ခံရသူသည်ကား ဥပါဒါနက္ခန္ဓာငါးပါးဖြစ်သည်။ ဥပါဒါန်စိတ်က ရုပ်အစု(ရူပုပါဒါနက္ခန္ဓာ)၊ ဝေဒနာ အစု(ဝေဒနုပါဒါနက္ခန္ဓာ)၊ သညာအစု(သညုပါဒါနက္ခန္ဓာ)၊ သင်္ခါရအစု(သင်္ခါရုပါဒါနက္ခန္ဓာ)၊ ၀ိညာဉ်အစု(၀ိညာဏုပါဒါနက္ခန္ဓာ) တို့ကို စွဲလမ်းခြင်းဖြစ်သည်။

ဗိမ္ဗိသာရမင်း၏ မိဖုရားကြီး ခေမာသည် သူ၏ရုပ်အဆင်းအင်္ဂါ လှပမှုကို အလွန်မက်မော တွယ်တာ၏။ ခေမာမိဖုရားကြီး၏ မိမိအဆင်းရုပ်အလှကို မက်မောစွဲလမ်းသောစိတ်သည် ဥပါဒါန်စိတ်ဖြစ်သည်။ ခေမာမိဖုရားကြီး၏ လှပသောရုပ်အဆင်းအင်္ဂါသည်ကား စွဲလမ်းခြင်းကို ခံရသော ရုပ်အစု(ရူပုပါဒါနက္ခန္ဓာ)ပင်ဖြစ်သည်။

လူတို့သည် စည်းစိမ်ရှိရှိ ခံစားရခြင်း၊ ပျော်ရွှင်စွာ ခံစားရခြင်း၊ ကျန်းမာစွာ ခံစားရခြင်း စသည့် ချမ်းသာသောခံစားမှုများကို ကျေနပ်နှစ်သက်ကြ၏။ စွဲလမ်းကြ၏။ ကောင်းမွန်သာယာသော ခံစားမှုများကို လက်မလွှတ်လိုကြပေ။ အစဉ်အမြဲ လိုလားကြသည်။ ၎င်းသည် ဥပါဒါန်စိတ်ဖြစ် ၏။ မိမိတို့၏ ဥပါဒါန်စိတ်က စွဲလမ်းထားခြင်းဖြစ်သည်။ ဝေဒနာသည် စွဲလမ်းခြင်းကို ခံနေရ သည်။ ထို့ကြောင့် ဝေဒနာသည်လည်း စွဲလမ်းခြင်းကိုခံရသော အစု(ဝေဒနုပါဒါနက္ခန္ဓာ) ဖြစ်သည်။

သညာဟူသော မှတ်သားမှုအစုသည်လည်း စွဲလမ်းခြင်းကို ခံရသောအစု(သညုပါဒါနက္ခန္ဓာ)ပင် ဖြစ်သည်။ ကောင်းမွန်သော၊ လိုလားနှစ်သက်သော မှတ်သားမှုများကို မပျောက်သွားစေချင် ပေ။ မမေ့စေချင်ပေ။ အဖန်တလဲလဲ ထပ်ကာထပ်ကာ မှတ်မိနေစေရန်ပင် စွဲလမ်းနေ၏။ မိမိ ခင်မင်သောသူကို သတိရမှတ်မိနေသည်မှာ သညာဖြစ်သည်။ ထိုသညာ ပျောက်ကွယ် သွားမည်ကိုပင် စိုးရိမ်သည်အထိ စွဲလမ်းနေသည်။

သင်္ခါရကို အကြမ်းအားဖြင့် ပြုလုပ်ခြင်းဟု ပြောဆိုနိုင်သည်။ သေချာစွာ စိစစ်ကြည့်သော် ပြုလုပ်တတ်သော သဘောတရားအစု(သင်္ခါရက္ခန္ဓာ)တွင် စေတသိက် (၅၀) ပါဝင်ကြသည်။ ထိုစေတသိက်(၅၀)သည်လည်း ဥပါဒါန်စိတ်၏ စွဲလမ်းခြင်းကိုခံရသော အစု (သင်္ခါရုပါဒါ နက္ခန္ဓာ)ဖြစ်သည်။ ဥပမာ- လူတစ်ဦးတစ်ယောက်ကို မကျေမချမ်းဖြစ်၏။ စိတ်ဆိုး၏။ ထိုဒေါသကို စွဲလမ်းနေရကား စိတ်ဆိုးမှုသည် မပြေပျောက်နိုင်အောင်ရှိသည်။ ထပ်ကာ ထပ်ကာ ပြောချင်ဆိုချင် မာန်မဲရိုက်ပုတ်ချင်ပေသည်။ မာန်မာန ကြီးထွားသူသည်လည်း စင်စစ်အားဖြင့် မာနစေသိက်ကို စွဲလမ်းနေခြင်းဖြစ်သည်။ ဖြေဖျောက်၍ မရနိုင်အောင်ပင် စွဲလမ်းနေသည်။

စိတ်သည် အာရုံများကို သိနေ၏။ အာရုံကိုသိသောစိတ် ပျောက်သွားမည်ကို စိုးရိမ်၏။ မိမိစိတ်ကို မိမိ မမေ့နိုင်အောင်ပင် စွဲလမ်းနေသည်။ ထိုကြောင့် စိတ်သည်လည်း စွဲလမ်းခြင်းကို ခံရသောအစု (၀ိညာဏုပါဒါနက္ခန္ဓာ)ဖြစ်သည်။

စွဲလမ်းခြင်း မရှိစေရန် ဥပါဒါန်စိတ်ကို ဖယ်ရှားရမည်။ ကျန်သောစိတ်သည် စွဲလမ်းသောစိတ် မဟုတ်တော့ပေ။ ပုထုဇဉ်တို့တွင် စွဲလမ်းသော ဥပါဒါန်စိတ်ရှိသည်။ စွဲလမ်းသောစိတ် မရှိသူ သည်ကား ရဟန္တာဖြစ်သည်။ ရဟန္တာတွင် ကိုယ်ခန္ဓာရှိ၏။ အာရုံကိုသိနိုင်သောစိတ် ရှိ၏။ သို့သော် စွဲလမ်းသောစိတ် မရှိပေ။ စွဲလမ်းခြင်း၏ အရင်းအမြစ်ဖြစ်သော ဥပါဒါန်လေးပါးကို ပယ်ထားခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ်၌ စိတ်ကြောင့်ဖြစ်သော ဆင်းရဲမှု မရှိတော့ပေ။

ကြေး၊ သံ စသည်တို့တွင် မိမိကိုယ်တိုင်က ညစ်နွမ်းစေနိုင်သော၊ ချေးတက်နိုင်သော အားရှိသည်။ ရွှေတွင် ထိုကဲ့သို့ ချေးတက်နိုင်သော အားမရှိပေ။ ထိုကဲ့သို့ပင် ပုထုဇဉ်၌ စွဲလမ်းသော ဥပါဒါန်အားရှိသည်။ ရဟန္တာ၌ကား စွဲလမ်းသော ဥပါဒါန်အား မရှိတော့ပေ။ ရွေှ့တွင် ပင်ကိုယ်က မိမိအထဲမှထွက်သော ချေးမရှိနိုင်သော်လည်း တခြားကလာ၍ ပေကျံနိုင် သောချေး ရှိသေးသကဲ့သို့ ရဟန္တာတွင်လည်း ကိုယ်တိုင်က စွဲလမ်းမှု မရှိသော်လည်း တခြားကလာ၍ စွဲလမ်းသော ဥပါဒါန်ကား ရှိသေးသည်။ ဥပမာ- ရှင်မဟာကစ္စည်း အမည်ရှိ သော ရဟန္တာသည် မောင်မစ္စက၏ စွဲလမ်းခြင်းကို ခံရ၏။ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် လျှင် ပုဏ္ဏေးမ မာဂဏ္ဍီ၏ စွဲလမ်းခြင်းကို ခံခဲ့ရပေသည်။

ဘုရားရှင်သည် ခန္ဓာငါးပါး၊ ဥပါဒါနန္ဓာငါးပါးဟူ၍ နှစ်မျိုးလုံးဟောကြားရခြင်း အကြောင်း အရင်းမှာ-
၁။ လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှသော တရားများအားလုံးကို သိမ်းကျုံးလျက် ပြတော်မူခြင်းငှါ ပထမခန္ဓာဒေသနာကို ဟောတော်မူခြင်းဖြစ်၏။
၂။ ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၌ကား လောကုတ္တရာခန္ဓာများကို မစီးဖြန်းရပါ။ ၀ဋ်ဒုက္ခတရားများကို အာရုံပြု၍စီးဖြန်းပါမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ထင်မြင်နိုင်သည်။ သို့ အတွက် ၀ိပဿနာရှုမှတ်ရန် အလို့ငှါ လောကီတရားများသက်သက်ကို ခန္ဓာဖွဲ့လျက် ဒုတိယဥပါဒါနက္ခန္ဓာဒေသနာကို ဟောတော်မူပါသည်။

ခန္ဓာ(၅)ပါးနှင့် ဥပါဒါနက္ခန္ဓာ(၅)ပါးတို့ကို ကွဲပြားစွာ နားလည်ရမည်မှာ-
ခန္ဓာငါးပါးတွင် စွဲလမ်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ လောကီ၊ လောကုတ္တရာအားလုံး ပါသည်။ ဥပါဒါနက္ခန္ဓာ(၅)ပါးတွင်ကား စွဲလမ်းခံရသော ခန္ဓာများသာ ပါဝင်သောကြောင့် လောကီသာပါသည်။ လောကုတ္တရာနှင့် မသက်ဆိုင်ပေ။

ပစ္စဝေက္ခဏာဉာဏ်နှင့် ၀ိပဿနာဉာဏ်ဟူ၍ ဉာဏ်(၂)မျိုးရှိရာ အတွေးအခေါ်နှင့် ပစ္စဝေက္ခ ဏာဉာဏ် ရင့်သန်စေရန် ခန္ဓာငါးပါးကို တွေးခေါ်ဆင်ခြင်ပေးရမည်။ ၀ိပဿနာဉာဏ် ရင့်သန်စေရန်အတွက် ဥပါဒါနက္ခန္ဓာ(၅)ပါးကို ရှုမှတ်ရမည်။ ရုပ်ကို စွဲလမ်းသူသည် ရုပ်ကို၊ ဝေဒနာကို စွဲလမ်းသူသည် ဝေဒနာကို၊ သညာကို စွဲလမ်းသူသည် သညာကို၊ စသည်ဖြင့် ရှုမှတ်ပေးရမည်။ ထို့ကြောင့် သဘာဝဉာဏ်ကို တိုးပွါးစေရန် ခန္ဓာငါးပါးကို ဟောကြားရ၍ ၀ိပဿနာတရား အားထုတ်ရန် ဥပါဒါနက္ခန္ဓာငါးပါးကို ဟောကြားရပေသည်။

ကြေးသံတို့မှ ချေးတို့ကို ဖယ်ရှားတိုင်ချွတ်ပစ်ရန် နည်းများရှိသကဲ့သို့ ပုထုဇဉ်တို့၏ ချေးများဖြစ် သော ဥပါဒါန်များကိုလည်း မြတ်စွာဘုရား ဟောကြားပြသသောနည်းဖြင့် တိုက်ချွတ်ဖယ်ရှား နိုင်ပေသည်။

မြတ်စွာဘုရားလက်ထက်တော်၌ သီရိမာ အမည်ရှိသော ပြည့်တန်ဆာ အမျိုးသမီး တစ်ယောက်သည် ရုပ်အဆင်းအင်္ဂါ အလွန်ချောမောလှပသည်။ တစ်နေ့၌ ဆွမ်းခံသွားသော ရဟန်းတစ်ပါးသည် ထိုအမျိုးသမီးကိုမြင်၍ အလွန်နှစ်သက် စွဲလမ်းရကား ဆွမ်းပင် မစားတော့ပေ။ ထိုအကြောင်းကိုသိသော မြတ်စွာဘုရားသည် ရဟန်းကို ခြွေချွတ်ဟောကြား ရန် အချိန်စောင့်စားနေရာ သီရိမာ သေသောအခါ၌ မြတ်စွာဘုရားက ခေါ်၍ပြ၏။ ရဟန်းသည် အလွန်ကြောက်ရွံ့သွားပြီး ခန္ဓာကြီး၏ မမြဲပုံ၊ ပျက်စီးတတ်ပုံကို ဉာဏ်ဖြင့် ထောက်ဆသိမြင်၍ ရဟန္တာ ဖြစ်သွားတော့သည်။

ထို့ကြောင့် ဥပါဒါန်ပျောက်ရန် ပယ်သောနည်းမှာ စွဲလမ်းခြင်းခံရသော ခန္ဓာငါးပါးတို့၏အပေါ်၌ မမြဲပုံ၊ ဆင်းရဲပုံ၊ အစိုးမရပုံများကို ပြတ်သားစွာမြင်ရန် ရှုကြည့်မှတ်သားနည်းပင်ဖြစ်ပေသည်။

ဓမ္မချစ်ခင် စာရှုသူတို့အားလုံး ဥပါဒါန်ကင်းပျောက်၍ နိဗ္ဗာန်မျက်မှောက် ပြုနိုင်ကြပါစေ။

အပြည့်အစုံသို့

26 Jun 2009

ပညာဖြင့် ချမ်းသာစွာနေနည်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပညာဟူသည် လွတ်မြောက်မှုချမ်းသာကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် ပညာရှိလျှင် ကပ်ငြိခြင်း၊ နှောင်ဖွဲ့ခြင်း၊ ရှုပ်ထွေးခြင်းဟူသောတောမှ ထွက်မြောက်နိုင်၏။ တဏှာသည်ကား လွန်စွာတပ်ငြိခြင်း၊ ရစ်ပတ်ချည်နှောင်ခြင်း ကိုဖြစ်စေသော မောဟအမှောင်ထုအောက်တွင် ကျင်လည်ကျက်စားနေသည့် မင်းသားခေါင်းပေါင်း ဆောင်းထားသော အသားစားဘီလူးကြီးနှင့် တူ၏။ အသားစားဘီလူးသည်ကား သူ၏ပိုင်နက်တွင်ရှိသော သားကောင်တို့ကို မည်သူ့ကိုမျှ အလွတ်မပေးဘဲ ၀ါးမျိုကိုက်သတ်စားကာ ဒုက္ခဆင်းရဲကိုဖြစ်စေသကဲ့သို့ တဏှာသည်လည်း သူ၏ပိုင်နက်အတွင်းတွင်ရှိသော မည်သူတစ်စုံတစ်ယောက်ကိုမျှ ချမ်းသာမပေးဘဲ ဒေါင်ချာ စိုင်းအောင် ဆင်းရဲကို ဖြစ်စေတတ်သောတရားပင်တည်း။


ဒုက္ခ၏အဆုံးသို့ရောက်ရန် သေချာနေသော အနာဂါမ်အရိယာကိုပင် နှစ်ပေါင်းများစွာဆင်းရဲ အောင် ဒုက္ခကို ဖြစ်စေသေး၏။ အကြောင်းမူကား ဘ၀ကိုတပ်မက်သော ဘ၀တဏှာ အနည်း ငယ် ရှိနေခြင်းကြောင့် ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာကို တဖန်ရရှိသောကြောင့်ပင်။ ထိုသို့သဘော ရှိသော၊ ကျယ်ဝန်းသောနယ်ဖြင့် သူတစ်လူငါတစ်မင်း အုပ်စိုးနေသည့် တဏှာ၏ အာဏာ စက်ကွင်းကား လွန်စွာကျယ်ပြောလှပေ၏။ အဆုံးမရှိဟုပင် ထင်ရ၏။ ဒုက္ခ၏အဆုံး၊ ဇာတိ၏ အဆုံးကို မြင်တော်မူသော မြတ်စွာဘုရားသည် တဏှာ၏စက်ကွင်းမှ လွတ်မြောက်တော်မူပြီး လျှင် သတ္တ၀ါအများကိုလည်း လွန်စွာသနားကရုဏာ ဖြစ်တော်မူသောကြောင့် (၄၅)၀ါ ကာလ ပတ်လုံး အပင်ပန်းအဆင်းရဲခံကာ ဒုက္ခ၏လွတ်မြောက်ရာ လမ်းကြောင်းအမှန်ကို ဟောကြား ဆုံးမတော်မူခဲ့၏။ ရဟန္တာမဖြစ်သေးသမျှ ဗုဒ္ဓ၏အလိုသို့ မရောက်ရှိသေးပေ။ ထို့ကြောင့် ဘုရားရှင်က “ကိလေသာတည်းဟူသော အာသဝေါတရားတို့ မကုန်ခန်းသေးသ၍ ငါချမ်းသာ လိုက်တာဟူ၍ ဘယ်သောအခါမှ မတွေးတောရန်” မှာကြား ဆုံးမတော်မူခြင်း ဖြစ်ပေမည်။

ပညာဖြင့်ချမ်းသာစွာနေနိုင်ရန်အတွက် ပညာရှိကို မှီဝဲဆည်းကပ်ရမည်။ ပညာရှိစကား သေချာနာကြားရမည်။ “ပညာလို အိုသည်မရှိ၊ ပညာရှာ ပမာသူတောင်းစား၊ ပညာရှာချိန်၌ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့” ဟူသော သင့်တင့်လျောက်ပတ်သော နှလုံးသွင်းဖြင့် ပညာရှာရမည်။ ကြားနာမှတ်သားထားသည့်အတိုင်းလည်း ကျင့်ကြံပွါးများ အားထုတ်ခြင်း လည်း ရှိရပါမည်။ သို့မှသာ ပညာဖြင့် ချမ်းသာစွာနေနိုင်မည်ဖြစ်၏။ ကျေးဇူးရှင်ဓမ္မစေတီ ဆရာတော်၏ဆောင်ပုဒ်အတိုင်း ဆိုရလျှင် “သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရ၊ ရမှငြိမ်းချမ်းသည်။” ဟူ၍ဖြစ်၏။ သင်မှသိ (ပရိယတ္တိသာသနာ)၊ သိမှကျင့် (ပဋိပတ္တိသာသနာ)၊ ကျင့်မှရ (ပရိဝေဒ သာသနာ)၊ ရမှငြိမ်းချမ်းသည် (နိဗ္ဗာန်) ဖြစ်ပါသည်။

အသိကို လိုက်မကျင့်က သိသလို မသိသလိုနှင့် နောက်ဆုံးတော့လည်း မသိသလိုသာ ဖြစ်သွားတတ်ပါသည်။” ထို့ကြောင့် ဗုဒ္ဓ၏တရားများသည်ကား ကြံစည်တွေးတောနေရုံနှင့် မပြီးသေးဘဲ လက်တွေ့ကျင့်ကြံမှသာလျှင် အကာလိကော(အခါမလင့်အကျိုးပေးသောဂုဏ်) ကို လက်တွေ့ခံစားရမည်ဖြစ်ပါသည်။ တရား၏အရသာကို တွေ့ရှိသွားသူတို့ကား အခြားသော အရသာတို့ကို စွန့်လွှတ်သွားနိုင်ပြီး တရား၏အရသာကိုသာ ခံစားတော့၏။ “သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ- အရသာအားလုံးတို့တွင် တရားအရသာသည်သာ အမွန်မြတ်ဆုံး၊ အသာလွန်ဆုံးဖြစ် ၏။” ဟူ၍လည်း ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။

စားဖူးက ခံတွင်းတောင်း၏။” ကာမဂုဏ်တရားတို့ကို သံသရာတလျှောက် ပညာဉာဏ် ကင်းပျောက်ခဲ့၍ မောဟဖြင့် အကြိမ်ကြိမ် ခံစားခဲ့ကြ၏။ ထပ်ခါထပ်ခါလည်း ခံစားချင်ကြ၏။ ထပ်ခါထပ်ခါလည်း တောင်းတကြပြန်၏။ ထို့ကြောင့် သင်္ခါရ- ပြုပြင်ဖန်တီးခြင်းကို တဏှာ၊ ဥပါဒါန်တို့ဖြင့် မပြတ်ပြုလုပ်နေကြခြင်းဖြစ်ပါသည်။ သင်္ခါရတရားတို့ကို ပြုလုပ်သော စေတနာသည် အ၀ိဇ္ဇာ(မောဟ)နှင့်ပေါင်းမိသောကြောင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိ အတွေ့ ကာမဂုဏ်ငါးပါးတို့ကို ခံစားလိုခြင်း(တဏှာ)၊ ထိုတရားတို့အပေါ်၌ လွန်စွာတပ်ငြိပြီး မရလျှင် မနေနိုင်ဘဲ ငမ်းငမ်းတက်ခံစားလိုခြင်း(ဥပါဒါန်)ဖြင့် ကံတို့ကို စီမံတော့သည်။ ထပ်ခါ ထပ်ခါ ပြုလုပ်တော့သည်။ ထို့ကြောင့် ဇာတိသည် မဆုံးတော့ဘဲ သံသရာ၌ မနားတမ်း ကျင်လည်နေခြင်းပင်ဖြစ်သည်။ ထိုသို့သော အကြောင်းအကျိုးတို့ဖြင့် လည်နေခြင်းကို ပညာဖြင့် မရှုမှတ်မပွါးများလျှင် ဆက်၍သာ လည်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် အ၀ိဇ္ဇာ (မောဟ)နေရာတွင် ၀ိဇ္ဇာဉာဏ်(အမောဟ)ပညာဖြင့် အစားထိုးကျင့်ကြံသွားမှ ရှိနေတဲ့ စေတနာလေး အရောင်တောက်သွား၏။ ပညာနဲ့ပေါင်းလိုက်တော့ ခံစားမှုကြောင့် တဏှာအစား ဉာဏ်တွေချည်း ဖြစ်သွားသောကြောင့် ဥပါဒါန်၊ ကံတို့လည်း ချုပ်သွားပါသည်။ တဏှာ၊ ဥပါဒါန်၊ ကံတို့ အချိန်တိုင်းချုပ်နေအောင် ခံစားသည့် ဝေဒနာကို ငါဟူ၍ မမှတ်ယူနှင့်။ ငါခံစားနေသည်ဟူ၍ မသိနှင့်။ ဝေဒနက္ခန္ဓာခံစားနေခြင်းဖြစ်သည်ဟူ၍ သိပြီး ဖြစ်ပြီးလျှင် ပျက်နေသည့်သဘောကို မြင်အောင်ကြည့်။ တဖြည်းဖြည်းရိပ်မိလာမည်။ ဒီအတိုင်း စိတ်ကို လွှတ်ထားမှ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်ဖြစ်ပြီး အချိန်ကြာလျှင် ထိန်းမရ သိမ်းမရနိုင်တော့ဘဲ တဏှာ၊ ဥပါဒါန်၊ ကံတို့ဖြင့် အချိန်တိုင်းလည်နေသောကြောင့် သံသရာခြားရဟတ် အတောမသတ်နိုင်တော့ဘဲ ဖြစ်နေမည်။ အတောမသတ်ခဲ့လို့ဘဲ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးသော ဘုရားရှင်တွေသာ မရေမတွက်နိုင်အောင် များခဲ့ပေမယ့် တရားကို အားမထုတ်နိုင်ခဲ့လို့ အခုထက်ထိ ပုထုဇဉ်အတုံးကြီးဘ၀နဲ့ အရိုးထုတ်ကာ နေနေရ သေးသည်မဟုတ်ပါလော။

ပုထုဇဉ်အသိလောက်နဲ့ ရရှိထားတဲ့ သညာသိတွေအားလုံးဟာ ဘာမှကျေနပ်စရာမရှိလှ သေးဘူး။ ဘွဲ့တွေ၊ ဒီဂရီတွေ မည်မျှပင် ရရှိထားသော်လည်း ရရှိသမျှ ထားခဲ့ရသည်သာ။ သောတာပန်အရိယာ မဖြစ်သေးဘူးဆိုလျှင် ပုထုဇဉ်တို့ရောက်ရှိရမည့် နောင်တမလွန်ဘ၀ သည် အာမခံချက်မရှိသေးပေ။ တမလွန်၌ သရဏဂုံ ဆက်လက်တည်နိုင်၊ မတည်နိုင်လည်း မသေချာသေးပေ။ နိဗ္ဗာန်ရောက်ရန်လည်း အာမခံချက်မရှိသေးသောကြောင့် သံသရာ၌ မည်မျှကျင်လည်နေရဦးမည်ကိုလည်း မသိနိုင်သေးပေ။ ထို့ကြောင့် ဘုရားသာသနာနှင့် တွေ့ခွင့်ရနေတုန်းသာလျှင် ကျင့်ကြံပွါးများနိုင်သော ၀ိပဿနာမဟာကုသိုလ်ထူးကြီးကို မရရအောင် ယူသွား ကြရမည်ဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး နေထိုင်နည်းအတိုင်း ကျင့်ကြံနေထိုင်သွားကြရပါမည်။ လောကကြီးက လောဘတရားတွေထူပြောနေကြလျှင် ဗုဒ္ဓက အလောဘ(စွန့်လွှတ်မှု)ဖြင့်နေ ၏။ လောကကြီးက ဒေါသတရားတွေနဲ့ ထူပြောနေကြလျှင် ဗုဒ္ဓက အဒေါသ(မေတ္တာ) ဖြင့် နေ၏။ လောကကြီးက မောဟ(မိုက်မဲတွေဝေမှု၊ မသိမှု)တို့ဖြင့် ထူပြောနေကြလျှင် ဗုဒ္ဓက အမောဟ(ပညာ)ဖြင့်နေ၏။ မည်မျှ ငြိမ်းချမ်းလိုက်ပါသနည်း။ မည်မျှ အတုယူဖွယ်ဖြစ်ပါ သနည်း။ လောကသုံးပါး၏ထိပ်ခေါင် စံနမူနာပြ ဖြစ်တော်မူသော မြတ်စွာဘုရားအား ကြည်ညိုကြလျှင် ဘုရားရှင်နေနည်းအတိုင်း အားထုတ်ကြပါကုန်လော့။ ပွါးများကြပါကုန် လော့။ မသေရာလမ်းကို လျှောက်လှမ်းကြပါကုန်လော့။ သို့မှသာ ပညာဖြင့်ချမ်းသာစွာနေနည်း မည်ပေသည်။

မသေရာနိဗ္ဗာန်သို့ ပို့ဆောင်ပေးသောလမ်းဖြစ်သည့် မဂ္ဂင်တရား ဓမ္မအလင်းသည်ကား မောဟ အမှောင်ထုကိုဖြိုခွင်းသည့် ပညာလက်နက်ကြီးပင်ဖြစ်၏။ မဂ္ဂင်တရားတို့သည် ဖောင်ကူးတို့၊ ယာဉ်တို့နှင့်လည်းတူ၏။ နိဗ္ဗာန်သို့ ပို့ဆောင်ပေးသောတရားတို့ ဖြစ်သော်လည်း ထိုတရား တို့ကို တရှိုက်မက်မက် မစွန့်ရက်ဘဲ ပြန်လည်ခင်တွယ်နေလို့ မသင့်တော်ပေ။ ဈာန်တရားတို့ အားထုတ်ရာ၌ ပထမဈာန်ရရှိသောပုဂ္ဂိုလ်သည် ထိုဈာန်အား ခင်တွယ်နေက ဒုတိယဈာန်သို့ မတက်နိုင်ပေ။ တတိယဈာန်သို့ရောက်ရှိရန်လည်း ထိုဒုတိယဈာန်ကို စွန့်လွှတ်နိုင်မှ ရောက်နိုင် ၏။ ထို့သို့ဖြင့် အောက်အောက်သောဈာန်တို့ကို စွန့်လွှတ်ပြီးမှသာလျှင် အထက် အထက်သော ဈာန်တို့ကို ရောက်ရှိနိုင်ပေသည်။

မြန်မာပြည်အောက်ပိုင်းတစ်နေရာမှ အထက်ပိုင်းတစ်နေရာသို့ ရောက်ရှိလိုသော ခရီးသည် သည် အဆင့်ဆင့်ယာဉ်များကို စီးနင်းရမည်ဖြစ်၏။ အစမှအဆုံးသို့ ရောက်ရှိရန် မိမိအသုံးပြုခဲ့ သောယာဉ်တို့ကို မထားခဲ့၍ မရပေ။ ခင်တွယ်နေလို့ မဖြစ်ပေ။ မိမိကိုယ်ပိုင်လည်း မဟုတ်ပေ။ ရေကြောင်းခရီးကို လှေ၊ သင်္ဘောစသည်ဖြင့်ကူးပြီးလျှင် ကမ်း၌ထားခဲ့ရမည်။ ကုန်ကြောင်းခရီး ကို မော်တော်ကား၊ ဆိုင်ကယ်၊ ရထားတို့ကိုလည်းကောင်း၊ လေကြောင်းခရီးကို လေယာဉ်ဖြင့် လည်းကောင်း အဆင့်ဆင့်စီးနင်းပြီးလျှင် ဂိတ်ဆုံး၌ ထားရစ်ခဲ့ရပေမည်။ ထို့သို့ အသုံးပြုခဲ့သမျှ သောယာဉ်တို့ကို မိမိလိုသလောက် အသုံးပြုပြီးလျှင် နေရာမှာပင် ထားခဲ့ရပြီး ဆက်၍ဆက်၍ သွားကာ လိုရာသို့ရောက်အောင် ခရီးနှင်သကဲ့သို့ နိဗ္ဗာန်သို့သွားသော သံသရာခရီးသွားသည် လည်း မိမိအသုံးပြုခဲ့သော မဂ်တရား၊ ဖိုလ်တရားတို့ကို လိုသလောက် အသုံးပြုပြီးလျှင် ထားရစ်ခဲ့ရမည် ဖြစ်ပေသည်။ လောက၌ ခင်တွယ်စရာဟူ၍ကား ဘယ်အရာလျှင် ရှိတော့ အံ့နည်း။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။

အပြည့်အစုံသို့

26 May 2009

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မနုဿလူသားတို့၌ အားထုတ်မှုဝီရိယတရားသည် နတ်တို့ထက် သာလွန်မွန်မြတ် သော အချက်ပင်ဖြစ်၏။ ထို့ကြောင့် ၀ီရိယတရားဖြင့် ကြိုးစားအားထုတ်မှုရှိလျှင် သူဌေးကြီး ဖြစ်ချင်လျှင် ဖြစ်နိုင်၏။ ဈာန်အဘိညာဉ် ရလိုလျှင် ရနိုင်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုလျှင် ပြုနိုင်ပေသည်။ မဆုတ်နစ်သော ၀ီရိယတရားဖြင့် သတိပဋ္ဌာန်တရားအားထုတ်လျှင် မိမိတို့အလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်သည် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြောင်း ကိုလည်း ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။


ဝီရိယရှိလျှင် ဘာမဆို အောင်မြင်နိုင်၏။ ဘာမဆိုရယူနိုင်၏။ ထို့ကြောင့် ၀ီရိယ၏စွမ်းပကားကို အသုံးချတတ်ဖို့လိုပေသည်။ အဘယ့်ကြောင့်မူ မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ဆင်းရဲကြီးမည်ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ချမ်းသာမည်ဖြစ်သည်။ တဖန် မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ချမ်းသာပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ဆင်းရဲမည်ဖြစ်ကြောင်း ဓမ္မပဒပါဠိတော်တွင် ဘုရားရှင်ဆုံမတော်မူခဲ့၏။

ဝီရိယရှိက ဘာမဆိုရတာပဲဆိုပြီး မှားသည်၊ မှန်သည် မစဉ်းစားတော့ဘဲ မိမိချမ်းသာပြီးရောဆိုပြီး မသမ္မာသောနည်းလမ်းတို့ဖြင့် ချမ်းသားအောင် စီးပွားရှာက ရသမျှစည်းစိမ်ဥစ္စာများမှာ ငရဲမီးမြိုနေရသလို ဖြစ်နေပေသည်။ ထိုသို့ရရှိသော စီးပွါးကား မိမိအားလောင်မြိုက်ရန် မိမိကိုယ်တိုင် ပျိုးနေသောမီးတို့နှင့်တူ၏။ ယခုဘ၀၌ အတိတ်က ကုသိုလ်ကံအကျိုးပေးရှိ၍ ချမ်းချမ်းသာသာ နေရကောင်းနေရနိုင်မည်။ သေလျှင်ကား မိမိရှာခဲ့သမျှသော အကုသိုလ်အကြောင်းတရားတို့က အကျိုးပေးအပါယ်ငရဲသို့ ဇောက်ထိုးမိုးမျှော်ကျအောင် တွန်းချပေတော့သည်။ ငရဲသို့ရောက်ချိန်ကျကာမှ လူ့ဘ၀မှာ မသမ္မာသောနည်းလမ်းတို့ဖြင့် စီးပွါးဥစ္စာ ရှာဖွေစုဆောင်းထားခဲ့သမျှ မှားလေစွဟု နောင်တ ရနေလို့မတော်ပေ။ ယခုဘ၀၌ မှန်ကန်သောနည်းဖြင့်သာ စည်းပွားရှာတတ်ဖို့၊ မသေရာနိဗ္ဗာန်သို့ အမြန်ဆုံးရောက်အောင်လှမ်းဖို့ လိုအပ်ပါသည်။

ထို့ကြောင့် နှိုင်းနှိုင်းဆဆလုပ်ဆောင်တတ်သော ဉာဏ်ပညာလည်း ရှိရမည်ဖြစ်သည်။ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား၍ပေးသောအရာမှာ ဉာဏ်ပညာပင်ဖြစ်သည်။ ဉာဏ်မရှိက ဆင်းရဲရပေမည်။ စာဘူးတောင်းငှက်သည်ကား မိုးရွာသည့်အခါ မိုးမစိုအောင် အိမ်တည်ဆောက်တတ်သော ဉာဏ်ပညာရှိသောကြောင့် မိုးစိုရမည့်ဆင်းရဲမှ လွတ်မြောက်ရပေသည်။ ဉာဏ်ပညာရှိသောကြောင့် ၀ိမုတ္တိသုခ-လွတ်မြောက်သည့်ချမ်းသာကို ခံစားရ၏။ ထို့ကြောင့် ဉာဏ်ပညာသည်ကား လွတ်မြောက်ရာ ချမ်းသာကိုဆောင်သောကြောင့် ဉာဏ်ပညာနှင့်တွေး၊ ဉာဏ်ပညာနှင့်ပြော၊ ဉာဏ်ပညာနှင့်လုပ်ရမည်ဖြစ်သည်။

တွေဝေမည်းမိုက် မောဟအမှောင်တိုက်မှာနေပြီး ကိုယ်ကြံသမျှအမှန်၊ ကိုယ်ပြောသမျှ အချော၊ ကိုယ်ပြုသမျှ အဟုတ်ချည်းထင်ပြီး ငါတကောကောကာ လောကအတွက်ကောင်းကျိုးမပြု၊ ငါ့အတွက်သာ ရှေ့ဆောင်မှုဖြင့် လုပ်ဆောင်နေက ကိုယ်လည်းဆင်းရဲကြောင်း၊ သူတစ်ပါးလည်း ချမ်းသာနည်းကြောင်းဖြစ်သောကြောင့် မိမိသူတစ်ပါးမှာ အကျိုးထူးများဝေးကွာ၊ အဆိုးထူးများသာ ပွါးများကြမည်သာ။ ဉာဏ်ပညာမရှိခြင်းကြောင့် ရရှိသောဆိုးကျိုးများကား အနန္တပင်။ လူဖြစ်လျက် ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်၍ မိမိလူ့ဘ၀ရသည်ကိုပင် တန်ဘိုးမထားတတ်တော့ဘဲ အချိန်ကိုဖြုန်းတီးနေကြတော့သည်။ လူ့ဘ၀ရသည့်ရည်ရွယ်ချက် ဘာအတွက် မသိကြတော့ပေ။ အသုဘအပုပ်ကောင်ကို ရုပ်ဆောင်ကာနေကြတော့သည်။ မာနဖြင့်တလွှားလွှား ၀င့်ကြွားကာနေနေကြတော့သည်။

တရားဖြင့်နေခြင်းသည် မိမိလည်းချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာပွားနိုင်သောအလုပ်ဖြစ်၏။ သူ့အသက်မသတ်တော့ဟု သီလမှုပြုလိုက်သည်ပင် ကိုယ့်ကြောင့် သူတစ်ပါးအသက်တို့ မသေရတော့ဘဲ ချမ်းသာရာ ရကြတော့သည်။ ထိုသီလတစ်ခု ဥပမာပြု၍ မွန်မြတ်သောသီလတို့ကို ဆောက်တည်ခြင်းသည် သူတစ်ပါးတို့ကို ဘေးမဲ့အလှူကြီးပေးသော အဘယဒါနကို ပြုနေသည်လည်းဖြစ်သည်။ ထို့ကြောင့် ဉာဏ်ပညာအလင်းဓာတ်သည် မောဟအမှောင်ကိုခွင်းနိုင်သဖြင့် လောကအတွက် သာယာအောင် စွမ်းဆောင်နိုင်သောတရားပင်ဖြစ်၏။

လက်ထိပ်ထိက လက်သည်းနာ၊ ကိုယ့်အပေါ်စော်ကားတာ ကိုယ်မခံချင်လို၊ ကိုယ့်အပေါ်မော်ကြွားတာ ကိုယ်မမြင်ချင်လိုကြပေ။။ ထိုသို့ပင် သူကလည်း သူ့အပေါ်စော်ကားတာ သူမခံချင်လို၊ သူ့အပေါ်မော်ကြွားတာ သူမမြင်ချင်လိုကြသည်သာဖြစ်၏။ ထိုကဲ့သို့ မြော်တွေးစာနာ၊ အချင်းချင်း ကြင်နာသနားကြရာ၏။ ကိုယ့်ကြောင့် သူတစ်ပါးတို့ကို မဆင်းရဲလို၊ ချမ်းသာသည်ကိုသာ မြင်လိုကြသော မေတ္တာတရားများ အချိန်တိုင်းမှာ ပွားကြရမည်။ မေတ္တာ၏စွမ်းပကားမှာ မြွေနှင့်ဖား၊ သမင်နှင့်ကျားတို့ပင် အမုန်းမရှိ အပြုံးဖြင့်ကြည့်နိုင်ကြ၏။ ဒေါသနှင့်အာဃာတတို့ ရင်ဝယ်ပိုက်ကာထားနေက အေးချမ်းမှုတို့ဆိတ်သုဉ်း၊ ကိလေသာအပူမီးတို့ တဟုန်းဟုန်းတောက်လောင်ဖို့သာဖြစ်သည်။ ထို့ကြောင့် သံသရာခရီးသွား ဘ၀ဖော်အတူတူ၊ ဒုက္ခတွေထူထပ်နေသူအချင်းချင်း အပြန်အလှန် ဒုက္ခပေးချင်နေကြသောစိတ်တွေကို မောင်းထုတ်၊ တွဲလက်တွေ ခိုင်ခိုင်ဆုပ်၍ သေခြင်းဟူသော ဘေးဆိုးကြီးဝေးရာ ထာဝရအေးချမ်းခြင်းနိဗ္ဗုတာသို့ မပြတ်အတူလှမ်းနိုင်ကြအောင် မေတ္တာ၊ ကရုဏာတရားများ ကိုယ်စီပွားများကြခြင်းသည်လည်း အောင်မြင်မှုသရဖူ အားလုံးအတူ ရယူနိုင်ကြမည်ဖြစ်သည်။

လောက၌ သည်းခံခြင်းထက် လွန်မြတ်သောတရားသည်မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။ ဒါနပြုကလည်း ခန္တီရှိမှ၊ သီလဆောက်တည်ကလည်း ခန္တီရှိမှ၊ ဘာဝနာပွားများကလည်း သည်းခံခြင်း ခန္တီရှိမှသာလျှင် အောင်မြင်နိုင်ပေသည်။ သို့မဟုတ်ပါက အဆုံးထိအောင် မလှမ်းနိုင်၊ လမ်းတစ်ဝက်တွင် ယိမ်းယိုင်နေပေမည်။ တောင်တက်သမားသည် မောခြင်းဟူသောဆင်းရဲကို သည်းခံနိုင်မှသာလျှင် တောင်ထိပ်သို့ရောက်နိုင်သလို နိဗ္ဗာန်သို့သွားနေသည့် ယောဂီသည်လည်း ကြုံရသမျှသော လောကဓံတို့ကို သည်းခံခြင်းခန္တီစတရား ရှိမှသာလျှင် မိမိအားထုတ်နေဆဲတရားတို့သည် မပျက်မကွက်ဘဲ သွက်သွက်ကြီး ခရီးနှင်နိင်မည်ဖြစ်သည်။

ထို့ကြောင့် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်တို့သည်ကား အခြားမဟုတ်။ ပြဆိုခဲ့သော တရားများဖြစ်သည့်-
(၁) ပြင်းထန်သော လုံ့လ၀ီရိယရှိခြင်း၊
(၂) သနားကြင်နာကိုယ်ချင်းစာမှု (မေတ္တာ၊ ကရုဏာ)ရှိခြင်း၊
(၃) ကြီးမားသော သည်းခံစိတ်(ခန္တီတရား)ရှိခြင်း၊
(၄) နှိုင်းနှိုင်းဆဆ လုပ်ကိုင်နိုင်မှု(ပညာ)ရှိခြင်းတို့ပင်ဖြစ်၏။

စာဖတ်သူတို့အားလုံး ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များကို ကိုင်ဆောင်ပြီးလျှင် ကိလေသာရန်သူပုန်ကို အကုန်အစင် တွန်းလှန်ကြပါကုန်။

အပြည့်အစုံသို့

27 Apr 2009

ရထားကြီးနှစ်စင်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နောက်ပါရထားတွဲကြီး(၉)တွဲစီပါဝင်သော ရထားခေါင်းကြီးနှစ်စင်းသည် အရှိန်အဟုန်ပြင်းစွာ ဖြင့် ခုတ်မောင်းနေပါသည်။ လက်တစ်ဖျစ်အတွင်း ကုဋေတစ်သိန်းကျော်အရှိန်ဖြင့် ခုတ်မောင်း နေခြင်းဖြစ်သည်။ မည်မျှ မြန်ဆန်လိုက်ပါသနည်း။ အံ့သြစရာကောင်းသည်မှာ ထိုရထားကြီး နှစ်စင်း၏ မောင်းနှင်နေကြသော ရည်ရွယ်ချက်များ မတူကြပေ။ ထိုရထားကြီးနှစ်စင်းအနက် တစ်စင်းက လမ်းဆုံးဘူတာသို့ရောက်အောင် လမ်းဖြောင့်အတိုင်း ခုတ်မောင်းနေပြီး ကျန် တစ်စင်းကတော့ အဆုံးမရှိသော ပတ်လမ်းအတိုင်း ခုတ်မောင်းနေခြင်းဖြစ်သည်။


ရထားခေါင်းကြီးနှစ်စင်းဆိုသည်မှာ ဖြောင့်မတ်စွာအယူရှိခြင်း(ဒိဋ္ဌိဇုကမ္မ)ဦးဆောင်သော ခေါင်း တွဲနှင့် အယူမှားခြင်း(မိစ္ဆာဒိဋ္ဌိ)ဦးဆောင်သော ခေါင်းတွဲတို့ပင်ဖြစ်၏။ လက်တစ်ဖျစ်အတွင်း ကုဋေတစ်သိန်းကျော်အရှိန်ဆိုသည်ကား ထိုကာလအတွင်း စိတ်သည် ကုဋေတစ်သိန်းကျော် မျှ ဖြစ်ပျက်မှု မြန်လှသောကြောင့် ကုသိုလ်စိတ်ဖြစ်လျှင်လည်း ကုသိုလ်စိတ်ကုဋေတစ်သိန်း ကျော်ဖြစ်ပြီး အကုသိုလ်ဖြစ်လျှင်လည်း အကုသိုလ်စိတ် ကုဋေတစ်သိန်းကျော် ဖြစ်ပျက်ကြပေ သည်။ ဒိဋ္ဌိဇုကမ္မ ဦးဆောင်သော ပုညကိရိယာ(၁၀)ပါးတို့သည် သံသရာဝဲရဟတ်မှ လွတ်မြောက်ရာအမှန် ပြည်နိဗ္ဗာန်သို့ ဖြောင့်မတ်စွာ သွားနိုင်အောင် လုပ်ဆောင်ပေးကြပြီး မိစ္တာဒိဋ္ဌိ ဦးဆောင်သော ဒုစရိုက်(၁၀)ပါးတို့ကတော့ သံသရာဝဲရဟတ်မှ ရုံးမထွက်နိုင်အောင် လုပ် ဆောင်ပေးနေကြခြင်းဖြစ်၏။

ဒိဋ္ဌိဇုကမ္မဦးဆောင်သော ပုညကိရိယာ(၁၀)ပါးတို့မှာ-
(၁) ဒါန = ပေးကမ်းလှူဒါန်းခြင်း၊
(၂) သီလ = သီလဆောက်တည်ခြင်း၊
(၃) ဘာဝနာ = ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်း၊
(၄) အပစာယန = ဘုရား၊ တရား၊ သံဃာနှင့် မိဘဆရာသက်ကြီးရွယ်အိုစသော ရိုသေ
ထိုက်သူတို့ကိုရိုသေခြင်း၊
(၅) ဝေယျာဝစ္စ = ရိုသေလေးစားထိုက်သူတို့နှင့် သက်ဆိုင်ရာ ကောင်းမှုဆောင်တာ
များ ဆောင်ရွက်ခြင်း၊
(၆) ပတ္တိဒါန = မိမိရရှိသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
(၇) ပတ္တာနုမောဒနာ = သူတစ်ပါးတို့ပေးဝေသော ကုသိုလ်အဖို့ကို သာဓုခေါ်ဆိုခြင်း
(၈) ဓမ္မသ၀န = သူတစ်ပါးတို့ ဟောကြားသောတရားကို နာကြားခြင်း၊
(၉) ဓမ္မဒေသနာ = ကိုယ်က သူတစ်ပါးတို့ကို တရားဟောပေးခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ = ဖြောင့်မတ်စွာအယူရှိခြင်း။
တို့ဖြစ်ကြသည်။

အယူမှန်အမြင်မှန်များ ရှိသွားပြီဆိုလျှင် လုပ်ဆောင်သမျှတို့သည်လည်း မှန်သွားတော့၏။ အယူမှန်ရှိသွားသောအခါ ငါတည်းဟူသော အတ္တတစ်ခုတည်းကိုသာ ဦးမတည်သောကြောင့် အများအတွက်လည်း ဆောင်ရွက်နိုင်တော့သည်။ အတ္တဟိတ၊ ပရဟိတနှစ်ဖြာကို တစ်ပြိုင်နက် ပြီးမြောက်အောင် ဆောင်ရွက်၏။ မည်သို့ဆိုမူ သူတစ်ပါးတို့ကို ချမ်းသာစေလိုသောရည်ရွယ် ချက်ဖြင့် ပေးကမ်းလှူဒါန်းမှုပြုခြင်းသည် နိဗ္ဗာန်ကိုရည်မှန်းသောစိတ် ရှိသည်ဖြစ်ခြင်းကြောင့် အချမ်းသာဆုံးသို့ပိုဆောင်ပေးမည့် မိမိအတွက် ပါရမီထိုက်သည့်ဒါန ဖြစ်သွားပေသည်။

မိမိကိုယ်တိုင် ကိုယ်ကျင့်သီလဆောက်တည်ခြင်းသည် သူတစ်ပါးတို့အတွက် ဘေးအန္တရာယ် ကင်းဝေးအောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပါသည်။ မိမိက သူတစ်ပါးတို့၏အသက်ကို မသတ် သောကြောင့် သူတစ်ပါးတို့ မိမိကြောင့် အသက်ချမ်းသာရာရကြ၏။ မိမိက ခိုးဝှက်လုယက်ခြင်း မပြုသောကြောင့် သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ်များ မိမိကြောင့် အကျိုးမဲ့ မဆုံးရှုံးရတော့ပေ။ ကာမေသုမိစ္ဆာစာရကို ရှောင်ကြဉ်ခြင်းဖြင့် မရိန်းမှု၊ မယားခိုးမှု၊ သူတစ်ပါးတို့၏ သမီးပျိုများကို နှမချင်းမဆန်စွာ ပြောဆိုပြုမူ ကျူးလွန်မိခြင်းများ မရှိတော့ပေ။ သက်ဆိုင်ရာ မိသားစုနှင့် ရှိသမျှသော အမျိုးသမီးတို့၏ဘေးဒုက္ခတို့သည် မိမိကြောင့်မဖြစ်တော့ပေ။ ၎င်းမှာ အမျိုးသား တို့အနေဖြင့် ထိုသီလကို ဆောက်တည်ခြင်းကြောင့် ဖြစ်လာသောအကျိုးကျေးဇူးများဖြစ်ကြပေ သည်။ အမျိုးသမီးများက ဆောက်တည်လိုက်သောအခါတွင်လည်း သူတစ်ပါးတို့၏ လင် ယောက်ျားများကို အပြစ်မှားမိတော်ပေ။ သူ့မိသားစု မိမိကြောင့် မပြိုကွဲမပျက်စီး ဒုက္ခမရောက် နိုင်တော့ပေ။ မဖြစ်ပွားသင့်သောအမှုအခင်းများလည်း ကင်းဝေးသွားပေတော့သည်။

လိမ်ညာဖြီးဖြန်းနေကြခြင်းကြောင့် အမှန်ကိုမသိမှု မောဟတရားများ ပွားများစေ၏။ သံသယ တည်းဟူသော အမှောင်ထုကြီးလည်း တိုးပွားစေ၏။း မှန်သောစကားကိုဆိုကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်စွာပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ သူတစ်ပါးတို့ အမှန်ကို သိမြင်နိုင်ခြင်း၊ လုပ်ငန်းဆောင်တာများ သဘာဝကျကျ ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုး တရားများ ရရှိကြမည်ဖြစ်၏။ မှန်လျှင်ပြီးရောဟူ၍ မျက်စိစွေနေသူကို “ဟဲ့ငစွေ”စသဖြင့် ပြောဆိုဆက်ဆံခြင်းကြောင့် သူတစ်ပါး၏အားနည်းချက်ကို ထုတ်ဖော်ဂုဏ်နှိမ့်သလို မဖြစ်ရ အောင် ဉာဏ်နှင့်ယှဉ်သည့် မှန်ကန်သောစကားဖြစ်ဖို့တော့ လိုအပ်လှပေသည်။ အရက်သေ စာ၊ ဘိန်းဘင်းကစော်များ မှီဝဲခြင်းမှ ရှောင်ကြဉ်လိုက်လျှင် မူး၍မှားမိသောအမှားများ မဖြစ်ပွား တော့ပေ။ သူတစ်ပါးတို့လည်းချမ်းသာ၊ မိမိလည်းချမ်းသာစေသော သီလတရား၏ ကောင်း ကျိုးများမှာ ကုန်ဆုံးအောင် ပြောပြနိုင်လိမ့်မည်မဟုတ်ပါ။ လူနတ်ချမ်းသာ ကောင်းကျိုးမှန် သမျှတို့ကို ရရှိပြီးလျှင် နိဗ္ဗာန်သို့တိုင် ပို့ဆောင်ပေးတတ်သော သီလတရားကို ကျင့်ကြံနိုင်ခြင်း သည်ကား အယူမှန်ခြင်း ရထားခေါင်း၏ နောက်ပါရထားတွဲများကဲ့သို့ ဖြစ်ပေသည်။

အမြင်မှန်သမ္မာဒိဋ္ဌိရှိလိုက်သောကြောင့် ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်ခြင်း၊ ရိုသေထိုက် သူတို့ကို ရိုသေခြင်း၊ ကောင်းမှုဆောင်တာ ဝေယျာဝစ္စများ အငြီးမငြူလုပ်ဆောင်ခြင်း၊ မိမိ ၏ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို အမျှဝေခြင်း၊ သူတစ်ပါးတို့၏ ကောင်းမှုအဖို့ကိုလည်း သာဓုခေါ်ကာ မုဓိတာပွားနိုင်ခြင်း၊ တရားမှန်လျှင် မည်သူဟောဟော နာကြားလိုခြင်း၊ မိမိက လည်း သူတစ်ပါးတို့ကို တရားသိစေလိုသောကြောင့် ဟောကြားပေးခြင်းစသည့် ကောင်းမှု တရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စွာကျင့်ကြံသွားနိုင်တော့၏။

မိစ္ဆာဒိဋ္ဌိဦးဆောင်သော ဒုစရိုက်(၁၀)ပါးတို့မှာ-
(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း၊
(၂) အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစရ = သူ့အိမ်ယာကို ပြစ်မှားခြင်း၊ (ကာယကံ ၃ ပါး)
(၄) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း၊
(၅) ပိသုဏ၀ါစာ = ကုန်းချောခြင်း၊
(၆) ဖရုဿဝါစာ = ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊
(၇) သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိသောစကားကို ဆိုခြင်း၊ (၀စီကံ ၄ ပါး)
(၈) အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း၊
(၉) ဗျာပါဒ = သူတစ်ပါးပျက်စီးအောင် ကြံစည်တောင့်တခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိ = မှားသောအယူကို ယူခြင်း။ (မနောကံ ၃ ပါး)
တို့ဖြစ်ကြပေသည်။

အယူမှားခြင်း(မိစ္ဆာဒိဋ္ဌိ)သည် မည်မျှအရေးတကြီး နှုတ်ပယ်ရမည့်တရားဖြစ်ကြောင်းကို ဗုဒ္ဓက ဥပမာဆောင်ထားသည်မှာ “ဒိဋ္ဌိတရားသည် သင်တို့၏ဦးခေါင်း၌ မီးလောင်နေသကဲ့သို့ဖြစ်၏။ သင်တို့၏ရင်ဝ၌ လှံစူးသကဲ့သို့ဖြစ်၏။ ဦးခေါင်း၌ မီးလောင်နေလျှင် ငါ့ဦးခေါင်း မည်သူမီရှို့သလဲ ဟူ၍ ရှာဖွေနေဘို့က အရေးမကြီး၊ မီးလောင်နေခြင်းကိုငြိမ်းအောင် အရင်သတ်ဘို့ အရေးကြီး သည်၊ ရင်ဝ၌ လှံစိုက်ခံရလျှင်လည်း ငါ့ဘယ်သူက လှံစိုက်ပါလိမ့်ဆိုသည်ကို အသာထား၊ ရင်ဝရှိလှံကို ဦးစွာနှုတ်ဘို့ ကြိုးစားရမည်” ဟူ၍ မိန့်ကြားတော်မူခဲ့ပါသည်။ မိစ္ဆာဒိဋ္ဌိရှိနေသော ကြောင့် လုပ်ဆောင်သမျှ မှားယွင်းနေမည်ဖြစ်၏။ အပါယ်သို့ ဆွဲချသည်မှာလည်း မိစ္ဆာဒိဋ္ဌိ ပင်ဖြစ်၏။ သောတာပန်တည်သောပုဂ္ဂိုလ်၌ မိစ္ဆာဒိဋ္ဌိ အကြွင်းမဲ့ ပယ်သတ်လိုက်ပြီဖြစ်သော ကြောင့် ကျန်သောဒုစရိုက်(၉)ပါးတို့လည်း ကင်းရှင်းသွားပေတော့သည်။

မိစ္ဆာဒိဋ္ဌိရှိသော အန္ဓပုထုဇဉ်အကန်းတို့မှာကား သူ့အသက်သတ်ဖို့၊ သူ့ဥစ္စာခိုးဖို့၊ သူ့အိမ်ယာပြစ် မှားဖို့ဆိုသော ကာယကံဒုစရိုက်တို့ လွန်ကျူးရန်တော့ ၀န်မလေး၊ မိမိအကျိုးယုတ်အောင် အပြု ခံရမှာကိုကား လွန်စွာကြောက်ကြပေသည်။ ထို့အတူပင် ဖော်ပြပါ ၀စီကံ (၄) ပါး၊ ကျန် မနော ကံ (၂)ပါးတို့ကိုလည်း မရှက်မကြောက် လွန်ကျူးကြပေတော့သည်။ ငါကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ဟူသော အတ္တအမြင် မိစ္ဆာဒိဋ္ဌိရှိနေခြင်းကြောင့် မကောင်းသော ထိုဒုစရိုက်တရားများ မကင်း နိုင်ကြပေ။

ဒုစရိုက်(၁၀)ပါး၌ သုရာမေရယ မပါသဖြင့် ရှောင်ဖွယ်မလိုဟူ၍ လူပြောင်လူနောက်များက ဆိုတတ်ကြ၏။ သုရာမေရယမဇ္ဇပမာဒဋ္ဌာန (ဘိန်းဘင်းကစော်လှော်စာအရက်များ မှီဝဲ ခြင်း)သည် ကာမေသုမိစ္ဆာစာရအမှုဟူ၍ မှတ်ယူပြီး ရှောင်ကြဉ်ရပါမည်။ အဘယ့်ကြောင့်မူ (ကာမေသု= ကာမဂုဏ်တရားတို့အပေါ်၌၊ မိစ္ဆာ=မှားမှားယွင်းယွင်း၊ အာစာရ= ကျင့်ခြင်း) ဆိုသောကြောင့် ၎င်းမှာ မှန်ကန်သောအကျင့်မဟုတ်ပေ။ ထို့အပြင် သုရာမေရယမဇ္ဇပမာဒဋ္ဌာန သီလပျက်မိလျှင်လည်း ဒုစရိုက်(၁၀)ပါးတို့ ဆက်ပြီး ကျူးလွန်မိတတ်သောကြောင့် ဧကန်မုချ ရှောင်ကြရမည်ဖြစ်ပေသည်။

အယူမှန်သွားလျှင် ချမ်းသာကြောင်းအမျိုးမျိုးကို ပြုလုပ်သွား၏။ အယူမှားလျှင်လည်း ဆင်းရဲ ကြောင်းအမျိုးမျိုးကို ပြုလုပ်တော့၏။ ထို့ကြောင့် အယူမှန်ခြင်းသည် ခရီးလမ်းဆုံးသို့ သွားနေသော ရထားကြီးနှင့်တူပြီး အယူမှားခြင်းသည် အဆုံးမရှိသော ပတ်လမ်းအတိုင်း သွားနေသည့် ရထားကြီးနှင့်တူပေသည်။

ဓမ္မချစ်ခင်သူတော်စင်တို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပြီ့း ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။

အပြည့်အစုံသို့

2 Apr 2009

အသေမြတ်ချင် သေနည်းသင်

ကျွန်ုပ်တို့သည် အသက်မွေးရန်အတွက် အသက်မွေးဝမ်းကျောင်းပညာကို သင်ယူလေ့လာ ကြသည်။ ဆေးကုတတ်အောင် ဆေးပညာ၊ အဆောက်အဦး၊ လမ်း၊ တံတားတွေ တည် ဆောက်တတ်အောင် အင်ဂျင်နီယာပညာ စသည်ဖြင့် ၀ါသနာပါရာ၊ လက်လှမ်းမှီရာ၊ အဆင် ပြေရာ ပညာအရပ်ရပ်တို့ကို ဆည်းပူးလေ့လာသင်ယူကြပေသည်။ အဘယ်ကြောင့်မူ- စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးတို့အတွက်ဖြစ်၏။ ထို စားဝတ်နေရေးတို့အတွက် ပညာသင်ယူကြရာ၌ သူ့ထက်ငါ အပြိုင်အဆိုင် သင်ယူကြပေသည်။


တချို့မှာမူ ကိုယ့်ထက် တခြားသူက ပိုတော်သွားလျှင်ပင် မနာလိုဝန်တို၊ အပုပ်ချ၊ အတင်းပြော ကာ ဂုဏ်သတင်းနွမ်းအောင် ပြုလုပ်တတ်ကြသည်။ သူတစ်ပါးတို့ထက်သာချင်သော အနိုင်ရယူလိုမှု မှားယွင်းနေသည်။ “အဓမ္မကို မမ္မဖြင့် အနိုင်ယူရာ၏” ဆိုသော ဓမ္မပဒပါဠိ တော်အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်သွားမှသာ ဂုဏ်ယူဖွယ်သော အနိုင်ရခြင်းဖြစ်သည် ကို သတိရှိရပါမည်။ သူက လိုချင်လွန်းနေလျှင် ကိုယ်က ပေးကမ်းခြင်းဖြင့်၊ သူကခက်ထန် လွန်းနေလျှင် ကိုယ်က မေတ္တာစိတ်ဖြင့်၊ သူက မဆင်မခြင် မိုက်မဲတွေဝေစွာ ကိုယ့်အပေါ် ပြစ်မှားစော်ကားနေလျှင် ကိုယ်က ဆင်ခြင်ဉာဏ်ရှေ့သွားပြီး ဝေဖန်ပိုင်းခြားကာ လမ်းမှန်ကို ပြသပေးခြင်းဖြင့် တုန့်ပြန်အနိုင်ယူရမည်ဖြစ်၏။

သေမင်းကို အနိုင်ရချင်လျှင်လည်း ဓမ္မဖြင့် အနိုင်ယူရမည်ဖြစ်သည်။ “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” ဆိုသည့်အတိုင်း ဘ၀မှာ စားဝတ်နေရေး ပြေလည်ဘို့အတွက် ကြိုး စားရုန်းကန် နေကြသလို သေမင်းခေါ်ချိန်မှာ ပြုံးပြုံးလေးသေနိုင်ဘို့၊ အသေမြတ်ဖို့အတွက်လည်း ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်၏။ သေကာမှ အပုပ်ကောင် ရုပ်ဆောင်ကြသော ပန်းခွေကြီးတွေ၊ ပန်းကုံး ကြီးတွေ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ကာအလှဆင်ကြခြင်းကို အသေလှသည်ဟု ခေါ်ဆိုသည် မဟုတ်ပါပေ။ အီဂျစ်နိုင်ငံကဘုရင်တွေလို မသေခင်မှာ သေသွားလျှင် ရုပ်အလောင်းကောင် ထားဘို့ ပိရမစ်ကြီးတွေတည်ဆောက်နေခြင်းမျိုးသည်လည်း အသေမြတ်အောင် ပြင်ဆင်နေ ခြင်းမျိုးမဟုတ်ပါပေ။ အချိန်ကုန် လူဆင်းရဲ၊ ကိုယ်ကျိုးနည်းသော လုပ်ရပ်တို့သာ ဖြစ်နေတော့ သည်။

မည်သူမသေ ရှိမလဲဟုမေးလျှင် မည်သူမျှ မရှိပါပေ။ အားလုံး သေကြရမည့်သူများသာဖြစ် သည်။ ပုဂ္ဂိုလ်မသေအောင်က တားလို့မရ၊ ဉာဏ်မသေအောင်တော့ တားလို့ရသည်။ ထိုသို့ ဉာဏ် မသေအောင် လုပ်နေခြင်းသည်ပင် အသေမြတ်အောင် ပြင်ဆင်နေခြင်းဖြစ်သည်။ “ကံသာလျှင်အမိ ကံသာလျှင်အဖ”ဆိုတာက လောကစကား၊ “ဉာဏ်သာလျှင်အမိ ဉာဏ် သာလျှင်အဖ” ဆိုတာက ဂေါတမမြတ်စွာဘုရား၏တရား၊ “၀ယဓမ္မ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ- ပြုပြင်ဖန်တီးတတ်သောတရားတို့သည် ပျက်ဆီးခြင်းသဘော ရှိကြကုန်၏၊ မမေ့လျော့သော သတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြကုန်လော့။” ဟူသည့် မြတ်စွာဘုရား၏ နောက်ဆုံးသော သတိပေးစကားကလည်း အသေမြတ်ချင် သေနည်းသင်ဟု ဆုံးမနေသလို ပင်ဖြစ်ပါသည်။

ကာမနှင့် အချိန်ဖြုန်း…ခံတုန်းကောင်း၍ အကောင်းမဆုံး၊ ဈာနနှင့် အချိန်ဖြုန်း…ခံတုန်း ကောင်း၍ အကောင်းမဆုံး” ဟူသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မ နီတိအဆုံးအမကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ဟူသော ကာမဂုဏ်ငါးပါး တို့သည် အချိန်ကိုဖြုန်း ခံစားနေတုန်းသာ ကောင်းသယောင်ယောင်ရှိသော်လည်း ကိလေသာ တဏှာက ကြီးထွားနေခြင်းကြောင့် သေချိန်ကြလျှင်တော့ အကောင်းနှင့် အဆုံးသတ်မှာ မဟုတ်ပါပေ။ ဈာန်တရားတို့ဖြင့် ခံစားကာ အချိန်ဖြုန်းနေခြင်းသည်လည်း ဒိဋ္ဌိမပြုတ်သေး သောပုဂ္ဂိုလ်မှာ မိုးဖျားဗြဟ္မာဖြစ်နေငြားသော်လည်း ဖောက်လွဲပါယ်ရွာ ရောက်ရသေးသကဲ့သို့ ဖြစ်တော့သည်။

သို့ဖြင့် မည်သို့ အချိန်ကို အသုံးချကြရမည်နည်း။ “ဉာဏနှင့် အချိန်သုံး… သုံးတုန်းကောင်းပြီး ဘ၀ဆုံး” ဟူ၍ ပြန်လှန်ကာ နားလည်ကြရပါမည်။ သတိဉာဏ်နှင့် အချိန်ကို အသုံးချရမည်။ ဉာဏ်လို့ပြောလိုက်တော့ သတိကပါလာရသည်။ သတိရှိမှလည်း ဉာဏ်ကဖြစ်သည်။ သတိနှင့် ဉာဏ်က ခွဲထားလို့မဖြစ်ပါပေ။ အတူယှဉ်ဘက်တရားများဖြစ်ကြသည်။ ဉာဏ်ရှိမှ တရားသဘောတို့ကို ဟုတ်တိုင်းမှန်စွာ တွေ့မြင်ရသည်။ ဟုတ်တိုင်း မှန်စွာတွေ့မှလည်း ခင်တွယ်စရာမထင် ရွံရှာစရာမြင်တော့သည်။ ကိလေသာအညစ်ကြေး ဉာဏ်ဖြင့်သာ စင်အောင်ဆေးနိုင်သည်။ ငုတ်လျှိုးကာ ပုန်းအောင်းနေသော ကိလေသာ အနုသယတို့သည် ကား ယာခင်းထဲက မြက်ငုတ်တိုတို့နှင့်တူသည်။ မိုးများ ရွာသွန်းလိုက်လျှင် စိမ်းစိုကာ တထောင်းထောင်း သူ့ထက်ငါ အပြိုင်ပေါက်လာကြသလို အတွင်းက အနုသယကိလေသာတို့ သည်လည်း ဉာဏ်ဓားနှင့်အမြစ်ပြတ် ပယ်သတ်မထားလျှင် ကာမဂုဏ်ငါးပါးမိုးတို့ ရွာသွန်းဖြိုး သောအခါ အဆင်းလှလှလေးတွေ၊ အသံချိုချိုလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ၊ အရသာရှိရှိ လေးတွေ၊ အထိအတွေ့ကောင်းကောင်းလေးတွေနောက်သို့ တကောက်ကောက်ပါအောင် လိုက်တော့သည်သာဖြစ်သည်။

ကာမဂုဏ်ငါးပါးတို့နှင့်သာ အချိန်ကိုမကုန်လင့်စေနှင့်။ သတိဉာဏ်နှင့် အမြဲဆင်ခြင်၊ အသေ မြတ်အောင် ပြင်ကြကုန်လော့။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးထံ အမြန်ဆုံးချဉ်းကပ်၊ လောဘ၊ ဒေါသ၊ မောဟမီးများ အမြန်ဆုံးကုန်အောင် ၀ိပဿနာဆေး မနှေးအမြန် သုံးဆောင်ကြကုန်လော့။ ဤနည်းဖြင့် ကျန်ရှိနေသေးသောအချိန်တို့ကို အကျိုးရှိ အောင် အသုံးချ၊ သေကာကျမှ နောင်တ မရကြရအောင် မြတ်စွာဘုရား၏ တရားရေးစင်အေး ရှိနေသေးချိန်တွင် မဂ္ဂင်တရားများ ပွားများကြကုန်လော့။

သတိသံဝေဂဖြစ်စေဘို့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ -
ခန္ဓာရတွက်၊ သေဘို့ရက်၊ ချိန်းချက်မရှိကြ။
သေခါနီးမှာ၊ နိမိတ်လာ၊ ရောက်ရာဘုံဘ၀။
ငရဲစရှိ၊ ဒုဂ္ဂတိ၊ မြင်ဘိထိုကာလ။
ရင်တွင်းလှိုက်ပူ၊ ပွက်ပွက်ဆူ၊ ကယ်သူဝေးမည်ပ။
ဘယ်သားဘယ်သမီး၊ ဘယ်ပစ္စည်း၊ ချည်းနှီးထိုကာလ။
မသာနှလုံး၊ သေလွန်ဆုံး၊ အရှုံးနာကြည်းစွ။
ချိန်မနှောင်းခင်၊ ယခုပင်၊ မြန်လျှင်အားထုတ်ကြ။
မဂ္ဂင်မှသာ၊ အားကိုးရာ၊ ခေမာဖြောင့်တန်းလှ။
အကုသလာ၊ ကြွေးတွေဟာ၊ များစွာအနန္တ။
မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက်လွန်ချမ်းမြ။
ဟူသော သံဝေဂလင်္ကာဖြင့် “အသေမြတ်ချင် သေနည်းသင်” ဓမ္မဒါနဆောင်းပါးကို နိဂုံးချုပ်အပ်ပြီ။

စာရှုသူ ဓမ္မချစ်ခင် သူတို့စင်တို့လည်း ဓမ္မသံဝေဂရကြပြီးလျှင် နေရေးမခင် သေရေးပြင်ရန် အတွက် ကျန်းမာချမ်းသာစွာဖြင့် အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။

အပြည့်အစုံသို့

20 Mar 2009

အချိန်ကာလကို ပြန်စားနိုင်အောင်ကြိုးစားပါ…

အချိန်တို့သည် တရွေ့ရွေ့ကုန်ဆုံးလို့နေပြီ။ သေဘို့ရက်လည်း စက္ကန့်ချင်းနီးနေသည်။ ဇရာမင်း ကြီးကလည်း တစ်ရံတစ်ခါမျှ အနားမပေး၊ မရဏမင်းထံအပ်ဖို့သာ အချိန်ပြည့် မောင်းနှင်နေ ပါတော့သည်။ မရဏမင်းကြီးကလည်း အညစ်အကြေးနှင့် ပုထုဇဉ်ခန္ဓာတုံးကြီးကိုတော့ တစ်ကြိမ်နှင့် အပြီးမသတ်။ အကြိမ်ကြိမ်သတ်နေဦးမည်ပင်။ နိဗ္ဗာန်ကို တစ်ခါမြင်ဘူးထားသည့် သောတာပန်ပုဂ္ဂိုလ်ကြီးကိုပင် နောက်တပ်(၆)ကြိမ်တိုင်တိုင် သတ်ဦးမည်ဟု ကြိမ်းမောင်းကာ ဟန်ပြင်နေသေးသည်ဖြစ်၏။


သတ်လည်းသတ်နိုင်လွန်းတယ်လို့ အပြစ်တင်ဘို့ကလည်း မတော်ပါပေ။ ကိုယ်ကလည်း ဟန်မှမဟန်တာကိုး။ သူမကြိုက်တဲ့ အညစ်အကြေးကိလေသာထုပ်ကို တခုန်မက်မက် တွယ်ဖက်နေတော့လည်း “နင်မလိမ္မာသေးသမျှ ငါကလည်း ဆက်တိုက်သတ်နေဦးမှာပဲ”ဟူ၍ မရဏမင်း၏ ထပ်ကာထပ်ကာကြိမ်းမောင်းခြင်းကို ခံနေရခြင်းပင်ဖြစ်သည်။ မရဏမင်းက ဘယ်လောက်အထိ အလျှော့မပေးသလဲဆိုလျှင် ကိလေသာအာသဝေါတွေကုန်သည့် ဘုရား ရဟန္တာအရှင် မြတ်များကိုပင် အရင်ကအညစ်အကြေးတို့အတွက် နောက်ဆုံးအကြိမ်အဖြစ် ညှင်းဆဲကာ သတ်ပြန်သည်။ မည်သူကိုမျှ အလွတ်ပေးသည် မဟုတ်ပါပေ။ ရှင်လေးပါးဆို သည့် မထေရ်မြတ်များလည်း လောကမှာ မရှိရိုးအမှန်ပင်။

ဘုရား ရဟန္တာများက သေရမှာမကြောက်ကြတော့ မရဏမင်း၏ ညှင်းဆဲသတ်ဖြတ်ခြင်းကို ပြုံးပြုံးလေးရင်ဆိုင်နိုင်ကြသည်။ ကိုယ်နာသော်လည်း စိတ်မနာကြ။ ပုထုဇဉ်များကတော့ သေရမှာလည်း ကြောက်ကြ၊ အသေက လွတ်ပြီလားဆိုပြန်တော့လဲ၊ မလွတ်ကြသေးပေ။ လူ့ခန္ဓာနဲ့ သေလို့မ၀တော့ နတ်ခန္ဓာနဲ့ သေချင်ကြပြန်သည်။ နတ်ခန္ဓာနဲ့ သေလို့မ၀ပြန်တော့ ဗြဟ္မာခန္ဓာဖြင့် သေချင်ကြပြန်သည်။ သုံးဆယ့်တစ်ဘုံ လွှစက်ရုံကြီးမှာ သစ်တုံးများ တစ်ပြောင်းပြန်ပြန် အဖြတ်ခံချင်နေကြသလိုသာ ဖြစ်တော့သည်။ လွှစက်ရုံရောက်သည့် သစ်တုံးဖြစ်နေသ၍တော့ အဖြတ်ခံရမှာက အသေအချာပင်ဖြစ်ပါသည်။

ထိုကဲ့သို့ အချိန်ကာလတို့သည်ကား သုံးဆယ့်တစ်ဘုံသားတို့အား စားသုံး၍နေပေသည်။ လူဖြစ်ရပါလို၏ဆိုတော့ လူအဖြစ်နဲ့ စားသုံးခြင်း ခံရ၊ နတ်ဖြစ်ရပါလို၏ဆိုတော့ နတ်အဖြစ်နဲ့ စားသုံးခြင်း ခံရ၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ ဗြဟ္မာအဖြစ်နဲ့ စားသုံးခြင်း ခံရပါလို၏ဟူ၍ ဆှု တောင်းနေသလို ဖြစ်နေကြပေသည်။ ကာလ၏စားသုံးခြင်းကိုလွတ်အောင် ရုန်းမထွက်နိုင် သမျှကာလပတ်လုံး ကာလ၏စားသုံးခြင်းကို အလူးလူးအလိမ့်လိမ့် ခံနေရဦးမည်သာဖြစ်၏။

ဘာကြောင့်များ ကာလ၏စားသုံးခြင်း ခံနေရသနည်း။ လောဘနဲ့ အချိန်ကုန်၊ ဒေါသနဲ့ အချိန် ကုန်၊ မောဟနဲ့ အချိန်ကုန်နေကြလို့သာဖြစ်သည်။ သုခဝေဒနာနောက်က တဏှာလာနေသမျှ ကာလပတ်လုံး ကာလ၏စားဖတ်ဝါးဖတ်ဘ၀မှ ဘယ်တော့မှ လွတ်လိမ့်မည်မဟုတ်ပေ။ တဏှာမကုန်သေးဘဲသေတော့ နောက်အသစ်ခန္တာကိုယ်ကြီးပေါ်လာပြီး ကာလ၏စားသုံးခြင်း ကို ဆက်လက်ခံရပြန်တော့သည်။ ဘယ်အချိန်ကျမှ ကာလကို ကိုယ်ကပြန်စားနိုင်ပါမည်လဲဟု ထိုင်တွေး နေရုံမျှဖြင့်တော့ စားဖတ်ဝါးဖတ်ဘ၀မှ လွတ်လိမ့်မည်မဟုတ်ပါပေ။

လောဘ၊ ဒေါသ၊ မောဟဆိုသည့် လောင်စာမီးကြီးများကုန်အောင်သတ်ဖို့ တရားရေအေး ကိုယ်ရှေ့မှောက်ရောက်နေတုန်း၊ ခံယူကျင့်သုံး အငြိမ်းသတ်ရန် လုပ်ဖို့သာရှိတော့သည်။ ဒါနဖြင့်သတ်နိုင်က ဒါန၊ သီလဖြင့် သတ်နိုင်က သီလ၊ ဘာဝနာဖြင့် သတ်နိုင်က ဘာဝနာတရားရေးအေးတို့ဖြင့် ဖြန်းပက်လို့သတ်ရပါမည်။ နိဗ္ဗာန်ဆိုသည့် သန္တိဓါတ်မြတ်က အပူဓါတ်ဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟတရားများကို နည်းနည်းစွန့်နိုင်လျှင် နည်းနည်း ငြိမ်းချမ်းမည်။ များများစွန့်နိုင်လျှင် များများငြိမ်းချမ်းမည်။ အလုံးစုံ စွန့်နိုင်ချိန်မှာတော့ အလုံးစုံ ငြိမ်းချမ်းမည့် တရားမြတ်ပင်ဖြစ်ပါသည်။

နိဗ္ဗာန်ဆိုသည်ကား နေရာဒေသမဟုတ်၊ ဥတုလည်းမရှိ၊ ပြုပြင်ဖန်တီးတတ်သည့် သင်္ခါရတရား မရှိ၊ မွေးခြင်းသေခြင်းလည်းမရှိ၊ အချိန်ကာလလည်း မရှိတော့သောကြောင့် အိုဘို့မလို၊ နာဘို့မလို၊ သေဘို့မလိုတော့ပြီ။ ထို့ကြောင့် နိဗ္ဗာန်ချမ်းသာ ခံစားနေခြင်းကား အချိန်ကာလကို ပြန်၍ စားသုံးခြင်းပင်ဖြစ်တော့သည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့ကား အချိန်ကို ပြန်၍ စားသုံးသူများဖြစ်၏။ ထိုသို့ ပြန်၍စားသုံးနိုင်အောင် ကျင့်ဘို့တရားနည်းလမ်း များကို လည်း အတုမရှိကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓက သတ္တ၀ါဝေနေယတို့အား ဟောပြဆုံးမထားခဲ့ သည့် ကျင့်စဉ်နည်းလမ်းများ မပျက်သုဉ်းခင် အမှီကျင့်သုံးနိုင်အောင် ကြိုးစားကြရပါမည်။

ဥပမာထား၍ပြောရလျှင် မြတ်ဘုရားက သမားတော်ကြီး၊ ပုထုဇဉ်ကျွန်တော်တို့က တီဘီရောဂါ ရှိသော လူနာသည်များပမာထား။ သမားတော်ကြီးက ဆေးညွှန်းနှင့်တကွ ဆေးကိုပေးလိုက်ပြီ။ ဆေးညွှန်းမှာပါသည့်အတိုင်းဆိုလျှင် ခြောက်လတိုင်တိုင် မပျက်မကွက် နေ့စဉ်သောက်သုံးရ မည့် တီဘီရောဂါပျောက်ဆေး၊ ပြီးတော့ တစ်ကြိမ်သာက်လျှင် တစ်လုံးသာသောက်ရမည်ဟု ဆေးညွှန်းမှာရှိထားသည်ကို တစ်ရက် မသောက်မိလိုက်၊ နှစ်ရက် မသောက်မိလိုက်နဲ့ ပျက်ကွက်နေတော့ ရောဂါကမပျောက်တော့သလို မဂ်ဖိုလ်တရားရအောင် ကျင့်ကြံကြရာတွင် လည်း အဆင့်ဆင့်ကိလေသာအညစ်အကြေးတွေကို ဆင်ခြင်သတိကပ် ကြိုးစားကာ မပယ် သတ်နိုင်ကြလျှင်လည်း မဂ်ဖိုလ်တရားများနှင့် ဝေးနေရဦးမည်သာဖြစ်ပါသည်။ တဖန် တစ်ကြိမ်တည်းမှာပင် တီဘီပျောက်ဆေး နှစ်လုံးသောက်မိလိုက်တော့ ရောဂါ မပျောက်ဘဲ အသက်သာပျောက်သွားရသလို ပဉ္စာနန္တရိယကံမျိုး ကျူးလွန်မိပြန်တော့ မည်မျှပင် မဂ်ဖိုလ်တရား ကျင့်ကြံငြားသော်လည်း မဂ်ဖိုလ်က ဝေးသွားပြန်တော့သလိုဖြစ်တော့သည်။

အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်သည် လူကိုမစောင့်၊ အချိန်ကို တန်ဘိုးထားလျှင် ဘ၀ကို တန်ဘိုးထားပါ”ဆိုသည့်အတိုင်း ခန္ဓာကိုယ် မပျက်သုဉ်းခင် ကိလေသာအမြန်တုံးအောင် ကြိုးစားကြကုန်လော့။ အချိန်၏ စားဖတ်ဝါးဖတ်ဘ၀မှလွတ်အောင် အမြန်အားထုတ်ကြကုန် လော့။ အရေးအကြီးဆုံးအချိန်သည် ယခု စာဖတ်နေသည့်အချိန်ပင်ဖြစ်၏။

ဓမ္မချစ်ခင် သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

အပြည့်အစုံသို့