“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ဝိစိကိစ္ဆာဟူသော သံသယတရားသည် နိဗ္ဗာန်ကို မမြင်နိုင်အောင် ဖုံးလွှမ်းထားသောတရားပင် ဖြစ်၏။ သဘောအမှန်ကို ဉာဏ်ဖြင့် ဆုံးဖြတ်သုံးသပ်နိုင်ဖို့လည်း လိုအပ်ပါ၏။ အမြင်မှား၊ အယူမှားနေက သစ္စာတရားကို ထိုးထွင်းမြင်နိုင်ရန် လွန်စွာမှ ခဲယင်းလှပါသည်။ ထိုသို့ တရားတို့အပေါ်၌ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာတရားများ ရှိနေသမျှကာလပတ်လုံး သောတာပန်တည်း ဟူသော ပထမမဂ်ဖိုလ်ကို ရနိုင်မည် မဟုတ်ပေ။ ရှင်ဘုရင်နှင့် အိမ်ရှေ့မင်း မည်သူကဖြစ်ဖို့ရန် ခက်မူ အိမ်ရှေ့မင်းဖြစ်ဖို့က ပို၍ခက်လှ၏။ အိမ်ရှေ့မင်းဖြစ်ပြီဆိုလျှင် ရှင်ဘုရင် ဖြစ်ဖို့သေချာ သကဲ့သို့ သောတာပန်နှင့် ရဟန္တာ သောတာပန်ဖြစ်ဖို့ ပို၍ခက်၏။ သောတာပန်တည်သွားက မဂ္ဂင်တရားရှစ်ပါး စုံလင်သွားသောကြောင့် ရဟန္တာဖြစ်ဖို့ သေချာသွားတော့၏။
“သိ၊ ပယ်၊ ဆိုက်၊ ပွါး… လေးပါးကိစ္စ အပိုင်ရ၊ မုချပရမတ်” ဖြစ်သောကြောင့် တရားတို့၏ သဘောအမှန် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဉာဏ်ဖြင့် သိလိုက်ခြင်း၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်း ဉာဏ်ဖြင့် သိလိုက်ခြင်းသည် ကိလေသာကို ပယ်ခြင်းအလုပ်၊ နိရောဓ(ငြိမ်းချမ်းခြင်း)ကို ဆိုက်သောအလုပ်၊ မဂ္ဂင်တရား ပွါးများသောအလုပ်တို့ တချိန်တည်း တပြိုင်တည်းပင်ဖြစ်၏။
သောတာပန်ဖြစ်ရန် အားထုတ်နေသော ပုထုဇဉ်ကလျာဏပုဂ္ဂိုလ်၊ နိဗ္ဗာန်ကို လိုလားသော ယောဂီသည် အရင်ဦးဆုံး အမှတ်မှားခဲ့သမျှသော သညာတို့ကို ဉာတပရိညာဖြင့် ရှင်းပေးရ ပါမည်။ ထိုသို့ ဉာဏ်ဖြင့်ရှင်းလင်းပြီဆိုလျှင် တီရဏပရိညာ လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အ၀ိဇ္ဇာ(မောဟ)ကို ပယ်ခွင်းရမည်ဖြစ်၏။ ဤကဲ့သို့ ဉာတပရိညာ၊ တီရဏပရိညာ အလုပ်နှစ်လုပ်ကို လုပ်နေခြင်းသည်ပင် မိမိလုပ်ရမည့်အလုပ်၊ မိမိနှင့် ဆိုင်သောအလုပ်ပင်ဖြစ်သည်။ ပယ်ခြင်းအလုပ်သည်ကား သူဘာသာလုပ်နေခြင်း ဖြစ်သော ကြောင့် ကိုယ်နှင့်မဆိုင်ပေ။ ဥပမာ- သစ်ပင်တစ်ပင်ကို လွှဖြင့်ဖြတ်ရာ၌ ဖြတ်တာက ကိုယ့်အလုပ်၊ ပြတ်တာက သူ့အလုပ်ဖြစ်၏။ ဖြတ်နေဖို့သာအဓိကဖြစ်ပေသည်။ ဖြတ်နေက ပြတ်နေသည်သာဖြစ်၏။ ထို့ကြောင့် နောက်ဆုံးဖြစ်သည့် ပဟာနပရိညာအလုပ်သည် ဓမ္မ၏ အလုပ်ပင် ဖြစ်ပါသည်။ နိဗ္ဗာန်ကိုလိုလားသော သံသရာခရီးသွားများအတွက် ဉာတပရိညာ၊ တီရဏပရိညာအလုပ် ရှင်းရှင်းအားထုတ်နိုင်ကြစေရန် ကျမ်းကောင်းတို့မှကောက်နှုတ် သဘောအဟုတ် ထုတ်နှုတ်တင်ပြလိုက် ပါသည်။
နိဗ္ဗာန်
မည်သည့်တရားမဆို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကွဲပြားလျှင် သုံးမျိုးကိုစုပေါင်း၍ ခန္ဓာဖွဲ့ ကောင်း၏။ အဇ္ဈတ္တ- ဗဟိဒ္ဓ(အတွင်း-အပြင်)ဟူ၍ နှစ်မျိုးကွဲပြားလျှင် ထိုနှစ်မျိုးကိုပေါင်းပြီး ခန္ဓာဖွဲ့ကောင်း၏။ သြဠာရိက(ရုန့်ရင်းသော)တရားတစ်မျိုး၊ သုခုမ(သိမ်မွေ့သော) တရား တစ်မျိုးဟု နှစ်မျိုးကွဲပြားလျှင် ထိုနှစ်မျိုးကိုပေါင်းပြီး ခန္ဓာဖွဲ့ကောင်း၏။ ဟီန(ယုတ်ညံ့သော) တရားတစ်မျိုး၊ ပဏီတ(မွန်မြတ်သော) တရားတစ်မျိုးဟု ကွဲပြားသော် ထိုနှစ်မျိုးကို စုပေါင်း၍ ခန္ဓာဖွဲ့ကောင်း၏။ ဒူရေ(အသိခက်သဖြင့် ဉာဏ်နှင့်ဝေးသော) တရားတစ်မျိုး၊ သန္တိကေ (အသိလွယ်သဖြင့် ဉာဏ်နှင့်နီးသော) တရားတစ်မျိုးဟု ကွဲပြားလျှင်လည်း ထိုနှစ်မျိုးကို ပေါင်းစု၍ ခန္ဓာဖွဲ့ကောင်း၏။
နိဗ္ဗာန်ကား ကာလသုံးပါးမှလွတ်သဖြင့် ကာလ၀ိမုတ်ဖြစ်၏။ အဇ္ဈတ္တ- ဗဟိဒ္ဓဟု နှစ်မျိုးမကွဲပြား ဘဲ ခန္ဓာကိုယ်၏ပြင်ပ၌ တည်သောကြောင့် ဗဟိဒ္ဓတစ်မျိုးသာရှိ၏။ သြဠာရိက-သုခုမဟု နှစ်မျိုးမကွဲပြားဘဲ သိမ်မွေ့သောကြောင့် သုခုမတစ်မျိုးသာဖြစ်၏။ ဟီန-ပဏီတဟု နှစ်မျိုး မကွဲပြားဘဲ မြတ်သောကြောင့် ပဏိတတစ်မျိုးသာရှိ၏။ ဒူရေ-သန္တိကေဟု နှစ်မျိုးမကွဲပြားဘဲ ဉာဏ်နှင့်ဝေးသောကြောင့် ဒူရေတစ်မျိုးသာရှိ၏။ ဤသို့ ဆိုင်ရာဌာန၌ နှစ်မျိုးမရ၊ တစ်မျိုးစီသာ ရသောကြောင့် နိဗ္ဗာန်ကို “ဘေဒါဘာဝ= အကွဲအပြားမရှိ”ဟုဆို၏။
ဗဟိဒ္ဓ၊ သုခုမ၊ ပဏီတ၊ ဒူရေဟူသော လေးမျိုးကား အချင်းချင်းကွဲပြားကြသည်မဟုတ်။ ဗဟိဒ္ဓ နိဗ္ဗာန်သည်ပင် သုခုမလည်းဖြစ်၏။ ပဏိတလည်းဖြစ်၏။ ဒူရေလည်းဖြစ်၏။ ဤသို့လျှင် နိဗ္ဗာန်၌ အကွဲအပြားမရှိသဖြင့် နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ထိုက်ချေ။ နိဗ္ဗာန်သည် ခန္ဓာအားလုံးမှ လွတ်သွားသောကြောင့် နိဗ္ဗာန်သည် ခန္ဓ၀ိမုတ်ဖြစ်၏။
နိဗ္ဗာန်သည် အစုမှလွတ်ခြင်း၊ ကာလမှလွတ်ခြင်း၊ အဘယ့်ကြောင့်ဖြစ်သနည်းဆိုသော် အစုနှင့် ကာလထဲတွင် ပါဝင်နေသော ခန္ဓာတရားတို့ မဖြစ်ပေါ်ဘဲ ချုပ်ငြိမ်ခြင်းမျှကို နိဗ္ဗာန်ဟု ခေါ်ထားခြင်းဖြစ်သောကြောင့် နိဗ္ဗာန်သည် အစုနှင့်ကာလမှလွတ်သော ခန္ဓ၀ိမုတ်၊ ကာလ ၀ိမုတ်ဟု ခေါ်ခြင်းဖြစ်ပေသည်။
ခန္ဓာငါးပါး
ခန္ဓာ= အစု
“ခန္ဓာ”သည် “အစုအပုံ”ဟူသော အနက်ကိုရ၏။ တစ်ခုတည်း သီးသန့်ရှိနေသောတရားကို ခန္ဓာဟု မဆိုပါ။ အမည်နာမဖြင့် ပညတ်ထားသော သတ္တ၀ါများ၊ အရာဝတ္ထုများ အစိုင်အခဲများ စုနေခြင်းကိုလည်း ခန္ဓာဟု မခေါ်ပေ။ သဘောသဘာဝအားဖြင့် အမှန်ရှိနေသော၊ အနုစိတ် သဘာဝလေးများ၏ အစု၊ ပရမတ္ထသဘောတရားများ၏ အစုကိုသာလျှင် ခန္ဓာဟုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရူပက္ခန္ဓာ= ရုပ်အစု၊ ဝေဒနာခက္ခန္ဓာ= ဝေဒနာအစု စသည်ဖြင့် သိမှတ်ရာ၏။ သို့ရာတွင် “အစုအပုံ” ဟုဆိုသည့်အတွက် စပါးကို စုပုံထားသကဲ့သို့ ခန္ဓာကိုယ်၌ ရုပ်၊ ဝေဒနာများ စုပုံနေသည်ဟု မမှတ်ယူသင့်ပါ။ ရူပက္ခန္ဓာသည် အတိတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ အနာဂတ်ရုပ်ဟူသည့် ရုပ်သုံးမျိုးကို ဉာဏ်ဖြင့် ပေါင်းစုထားသော ရုပ်အစုဖြစ်သည်ဟု သိမြင်ရမည်။
တဖန် သန္တာန်ကိုလိုက်၍ အဇ္ဈတ္တ - ဗဟိဒ္ဓ(အတွင်း - အပြင်)၊ ပုဂ္ဂိုလ်အမျိုးအစားကိုလိုက်၍ ဟီန - ပဏီတ(အယုတ် - အမြတ်)၊ ဌာနအားဖြင့် ဒူရ - သန္တိက(အဝေး - အနီး)တို့နှင့် သြဠာရိက - သုခုမ(အကြမ်း - အနု) စသည့်နည်းတို့ဖြင့် ရုပ်၊ ဝေဒနာစသည်ကို ခွဲခြား၍ ဉာဏ်ဖြင့် ပေါင်းစုရ၏။
သို့ဖြစ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက၊ သြဠာရိက၊ သုခုမ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့ကို ငါးပုံငါးစု ပေါင်းစုထားခြင်းကို ခန္ဓာငါးပါးဟုခေါ်ပါသည်။
၁။ ရူပက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ် (၂၈) ပါးတို့၏ အပေါင်းအစု။
၂။ ဝေဒနာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညာက္ခန္ဓာ= အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ရုပ်သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏက္ခန္ဓာ= စိတ်အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါးတို့၏ အပေါင်းအစု။
သို့ဖြစ်၍ ခန္ဓာငါးပါးကိုဖွဲ့ရာ၌ နိဗ္ဗာန်မှတစ်ပါး လောကီ၊ လောကုတ္တရာ စိတ်၊ စေတသိက်၊ ရုပ် အားလုံးကို ဖွဲ့ခြင်းဖြစ်ပေသည်။ (ခန္ဓာငါးပါး တစ်ခုချင်းသဘောတရားတို့ကို နောက်ထပ်တင်မည့်ပို့စ်၌ ဖော်ပြပေးပါမည်။)
ဥပါဒါနက္ခန္ဓာငါးပါး
ဥပါဒါန် + ခန္ဓာ
ဥပါဒါန် = စွဲလမ်းခြင်း၊
ခန္ဓာ = အစု
ဥပါဒါနက္ခန္ဓာ = စွဲလမ်းခြင်းခံရသောအစု။
ဥပါဒါန်တရားတို့၏ စွဲလမ်းခြင်းခံရသော(အာရုံဖြစ်သော) ခန္ဓာကို ဥပါဒါနက္ခန္ဓာဟုခေါ်၏။ ဥပါဒါန်တရားတို့၏ တရားကိုယ်မှာ လောဘနှင့် ဒိဋ္ဌိဖြစ်၍ အကုသိုလ်တရားများဖြစ်ကြ၏။ ထိုအကုသိုလ်တရားတို့သည် လောကီစိတ်၊ စေတသိက်၊ ရုပ်ခန္ဓာများကိုသာ အာရုံပြုနိုင်ကြ၏။ လောကုတ္တရာစိတ်၊ စေတသိက်တို့ကို အာရုံမပြုနိုင်ကြချေ။
ထို့ကြောင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာသည် လောကီစိတ်များ၊ ထိုစိတ်တို့နှင့်ယှဉ်သော စေတသိက်များနှင့် ရုပ်တရားများဖြစ်ကြ၏။ စွဲလမ်းခြင်းခံရသော အစု(ဥပါဒါနက္ခန္ဓာ)သည် (၅)ပါးရှိ၏။
၁။ ရူပုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော ရုပ်(၂၈)ပါးတို့၏ အပေါင်းအစု၊ [ရှေးကျမ်းစာစောင် များတွင် “ဥပါဒါန်တရားတို့၏ အာရုံပြုခြင်းခံရသော ရုပ်အစု” ဟု ဖော်ပြလေ့ရှိသည်။]
၂။ ဝေဒနုပါဒါနက္ခန္ဓာ= စွလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးနှင့်ယှဉ်သည့် ဝေဒနာတို့၏ အပေါင်းအစု။
၃။ သညုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးနှင့်ယှဉ်သည့် သညာတို့၏ အပေါင်းအစု။
၎။ သင်္ခါရုပါဒါနက္ခန္ဓာ= ဝေဒနာ၊ သညာတို့မှကြွင်းသော စွဲလမ်းခြင်းခံရသည့် လောကီ စေတသိက် (၅၀) တို့၏ အပေါင်းအစု။
၅။ ၀ိညာဏုပါဒါနက္ခန္ဓာ= စွဲလမ်းခြင်းခံရသော လောကီစိတ် (၈၁) ပါးတို့၏ အပေါင်းအစု။
သို့ဖြစ်၍ ဥပါဒါနက္ခန္ဓာငါးပါးကိုဖွဲ့ရာ၌ လောကီစိတ်၊ စေတသိက်၊ ရုပ်တို့ကိုသာ ဖွဲ့ခြင်းဖြစ်ပေ သည်။
ဥပါဒါန်ဟူသည် ကပ်၍ယူခြင်း၊ စွဲလမ်းခြင်းဟု အဓိပ္ပါယ်ရသည်။ ကာမဂုဏ်ကိုစွဲလမ်းသော ကာမုပါဒါန်၊ အမြင်မှားကိုစွဲလမ်းသော ဒိဋ္ဌုပါဒါန်၊ အလေ့မှား၊ အကျင့်မှားကိုစွဲလမ်းသော သီလဗ္ဗတုပါဒါန်၊ အတ္တရှိသည်ဟူသော အယူမှားကိုစွဲလမ်းသော အတ္တ၀ါဒုပါဒါန်ဟူ၍ ဥပါဒါန် လေးမျိုးရှိသည်။ ထိုဥပါဒါန်လေးပါးနှင့် ယှဉ်တွဲနေသောစိတ်ကို ဥပါဒါန်စိတ်ဟုခေါ်သည်။ ထိုစွဲလမ်းသော ဥပါဒါန်စိတ် တည်ကိန်းသောသူကို စွဲလမ်းသောသူဟုခေါ်သည်။
ဥပါဒါန်စိတ်ကို ဖယ်ရှားလိုက်လျှင် စွဲလမ်းသောသူဟူ၍ မရှိတော့ပေ။ စွဲလမ်းခြင်းရှိလျှင် စွဲလမ်းသူ၊ စွဲလမ်းခြင်းခံရသူဟူ၍ရှိသည်။ စွဲလမ်းသူသည် ဥပါဒါန်စိတ်ဖြစ်၍ စွဲလမ်းခြင်း ခံရသူသည်ကား ဥပါဒါနက္ခန္ဓာငါးပါးဖြစ်သည်။ ဥပါဒါန်စိတ်က ရုပ်အစု(ရူပုပါဒါနက္ခန္ဓာ)၊ ဝေဒနာ အစု(ဝေဒနုပါဒါနက္ခန္ဓာ)၊ သညာအစု(သညုပါဒါနက္ခန္ဓာ)၊ သင်္ခါရအစု(သင်္ခါရုပါဒါနက္ခန္ဓာ)၊ ၀ိညာဉ်အစု(၀ိညာဏုပါဒါနက္ခန္ဓာ) တို့ကို စွဲလမ်းခြင်းဖြစ်သည်။
ဗိမ္ဗိသာရမင်း၏ မိဖုရားကြီး ခေမာသည် သူ၏ရုပ်အဆင်းအင်္ဂါ လှပမှုကို အလွန်မက်မော တွယ်တာ၏။ ခေမာမိဖုရားကြီး၏ မိမိအဆင်းရုပ်အလှကို မက်မောစွဲလမ်းသောစိတ်သည် ဥပါဒါန်စိတ်ဖြစ်သည်။ ခေမာမိဖုရားကြီး၏ လှပသောရုပ်အဆင်းအင်္ဂါသည်ကား စွဲလမ်းခြင်းကို ခံရသော ရုပ်အစု(ရူပုပါဒါနက္ခန္ဓာ)ပင်ဖြစ်သည်။
လူတို့သည် စည်းစိမ်ရှိရှိ ခံစားရခြင်း၊ ပျော်ရွှင်စွာ ခံစားရခြင်း၊ ကျန်းမာစွာ ခံစားရခြင်း စသည့် ချမ်းသာသောခံစားမှုများကို ကျေနပ်နှစ်သက်ကြ၏။ စွဲလမ်းကြ၏။ ကောင်းမွန်သာယာသော ခံစားမှုများကို လက်မလွှတ်လိုကြပေ။ အစဉ်အမြဲ လိုလားကြသည်။ ၎င်းသည် ဥပါဒါန်စိတ်ဖြစ် ၏။ မိမိတို့၏ ဥပါဒါန်စိတ်က စွဲလမ်းထားခြင်းဖြစ်သည်။ ဝေဒနာသည် စွဲလမ်းခြင်းကို ခံနေရ သည်။ ထို့ကြောင့် ဝေဒနာသည်လည်း စွဲလမ်းခြင်းကိုခံရသော အစု(ဝေဒနုပါဒါနက္ခန္ဓာ) ဖြစ်သည်။
သညာဟူသော မှတ်သားမှုအစုသည်လည်း စွဲလမ်းခြင်းကို ခံရသောအစု(သညုပါဒါနက္ခန္ဓာ)ပင် ဖြစ်သည်။ ကောင်းမွန်သော၊ လိုလားနှစ်သက်သော မှတ်သားမှုများကို မပျောက်သွားစေချင် ပေ။ မမေ့စေချင်ပေ။ အဖန်တလဲလဲ ထပ်ကာထပ်ကာ မှတ်မိနေစေရန်ပင် စွဲလမ်းနေ၏။ မိမိ ခင်မင်သောသူကို သတိရမှတ်မိနေသည်မှာ သညာဖြစ်သည်။ ထိုသညာ ပျောက်ကွယ် သွားမည်ကိုပင် စိုးရိမ်သည်အထိ စွဲလမ်းနေသည်။
သင်္ခါရကို အကြမ်းအားဖြင့် ပြုလုပ်ခြင်းဟု ပြောဆိုနိုင်သည်။ သေချာစွာ စိစစ်ကြည့်သော် ပြုလုပ်တတ်သော သဘောတရားအစု(သင်္ခါရက္ခန္ဓာ)တွင် စေတသိက် (၅၀) ပါဝင်ကြသည်။ ထိုစေတသိက်(၅၀)သည်လည်း ဥပါဒါန်စိတ်၏ စွဲလမ်းခြင်းကိုခံရသော အစု (သင်္ခါရုပါဒါ နက္ခန္ဓာ)ဖြစ်သည်။ ဥပမာ- လူတစ်ဦးတစ်ယောက်ကို မကျေမချမ်းဖြစ်၏။ စိတ်ဆိုး၏။ ထိုဒေါသကို စွဲလမ်းနေရကား စိတ်ဆိုးမှုသည် မပြေပျောက်နိုင်အောင်ရှိသည်။ ထပ်ကာ ထပ်ကာ ပြောချင်ဆိုချင် မာန်မဲရိုက်ပုတ်ချင်ပေသည်။ မာန်မာန ကြီးထွားသူသည်လည်း စင်စစ်အားဖြင့် မာနစေသိက်ကို စွဲလမ်းနေခြင်းဖြစ်သည်။ ဖြေဖျောက်၍ မရနိုင်အောင်ပင် စွဲလမ်းနေသည်။
စိတ်သည် အာရုံများကို သိနေ၏။ အာရုံကိုသိသောစိတ် ပျောက်သွားမည်ကို စိုးရိမ်၏။ မိမိစိတ်ကို မိမိ မမေ့နိုင်အောင်ပင် စွဲလမ်းနေသည်။ ထိုကြောင့် စိတ်သည်လည်း စွဲလမ်းခြင်းကို ခံရသောအစု (၀ိညာဏုပါဒါနက္ခန္ဓာ)ဖြစ်သည်။
စွဲလမ်းခြင်း မရှိစေရန် ဥပါဒါန်စိတ်ကို ဖယ်ရှားရမည်။ ကျန်သောစိတ်သည် စွဲလမ်းသောစိတ် မဟုတ်တော့ပေ။ ပုထုဇဉ်တို့တွင် စွဲလမ်းသော ဥပါဒါန်စိတ်ရှိသည်။ စွဲလမ်းသောစိတ် မရှိသူ သည်ကား ရဟန္တာဖြစ်သည်။ ရဟန္တာတွင် ကိုယ်ခန္ဓာရှိ၏။ အာရုံကိုသိနိုင်သောစိတ် ရှိ၏။ သို့သော် စွဲလမ်းသောစိတ် မရှိပေ။ စွဲလမ်းခြင်း၏ အရင်းအမြစ်ဖြစ်သော ဥပါဒါန်လေးပါးကို ပယ်ထားခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ်၌ စိတ်ကြောင့်ဖြစ်သော ဆင်းရဲမှု မရှိတော့ပေ။
ကြေး၊ သံ စသည်တို့တွင် မိမိကိုယ်တိုင်က ညစ်နွမ်းစေနိုင်သော၊ ချေးတက်နိုင်သော အားရှိသည်။ ရွှေတွင် ထိုကဲ့သို့ ချေးတက်နိုင်သော အားမရှိပေ။ ထိုကဲ့သို့ပင် ပုထုဇဉ်၌ စွဲလမ်းသော ဥပါဒါန်အားရှိသည်။ ရဟန္တာ၌ကား စွဲလမ်းသော ဥပါဒါန်အား မရှိတော့ပေ။ ရွေှ့တွင် ပင်ကိုယ်က မိမိအထဲမှထွက်သော ချေးမရှိနိုင်သော်လည်း တခြားကလာ၍ ပေကျံနိုင် သောချေး ရှိသေးသကဲ့သို့ ရဟန္တာတွင်လည်း ကိုယ်တိုင်က စွဲလမ်းမှု မရှိသော်လည်း တခြားကလာ၍ စွဲလမ်းသော ဥပါဒါန်ကား ရှိသေးသည်။ ဥပမာ- ရှင်မဟာကစ္စည်း အမည်ရှိ သော ရဟန္တာသည် မောင်မစ္စက၏ စွဲလမ်းခြင်းကို ခံရ၏။ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် လျှင် ပုဏ္ဏေးမ မာဂဏ္ဍီ၏ စွဲလမ်းခြင်းကို ခံခဲ့ရပေသည်။
ဘုရားရှင်သည် ခန္ဓာငါးပါး၊ ဥပါဒါနန္ဓာငါးပါးဟူ၍ နှစ်မျိုးလုံးဟောကြားရခြင်း အကြောင်း အရင်းမှာ-
၁။ လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှသော တရားများအားလုံးကို သိမ်းကျုံးလျက် ပြတော်မူခြင်းငှါ ပထမခန္ဓာဒေသနာကို ဟောတော်မူခြင်းဖြစ်၏။
၂။ ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၌ကား လောကုတ္တရာခန္ဓာများကို မစီးဖြန်းရပါ။ ၀ဋ်ဒုက္ခတရားများကို အာရုံပြု၍စီးဖြန်းပါမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ထင်မြင်နိုင်သည်။ သို့ အတွက် ၀ိပဿနာရှုမှတ်ရန် အလို့ငှါ လောကီတရားများသက်သက်ကို ခန္ဓာဖွဲ့လျက် ဒုတိယဥပါဒါနက္ခန္ဓာဒေသနာကို ဟောတော်မူပါသည်။
ခန္ဓာ(၅)ပါးနှင့် ဥပါဒါနက္ခန္ဓာ(၅)ပါးတို့ကို ကွဲပြားစွာ နားလည်ရမည်မှာ-
ခန္ဓာငါးပါးတွင် စွဲလမ်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ လောကီ၊ လောကုတ္တရာအားလုံး ပါသည်။ ဥပါဒါနက္ခန္ဓာ(၅)ပါးတွင်ကား စွဲလမ်းခံရသော ခန္ဓာများသာ ပါဝင်သောကြောင့် လောကီသာပါသည်။ လောကုတ္တရာနှင့် မသက်ဆိုင်ပေ။
ပစ္စဝေက္ခဏာဉာဏ်နှင့် ၀ိပဿနာဉာဏ်ဟူ၍ ဉာဏ်(၂)မျိုးရှိရာ အတွေးအခေါ်နှင့် ပစ္စဝေက္ခ ဏာဉာဏ် ရင့်သန်စေရန် ခန္ဓာငါးပါးကို တွေးခေါ်ဆင်ခြင်ပေးရမည်။ ၀ိပဿနာဉာဏ် ရင့်သန်စေရန်အတွက် ဥပါဒါနက္ခန္ဓာ(၅)ပါးကို ရှုမှတ်ရမည်။ ရုပ်ကို စွဲလမ်းသူသည် ရုပ်ကို၊ ဝေဒနာကို စွဲလမ်းသူသည် ဝေဒနာကို၊ သညာကို စွဲလမ်းသူသည် သညာကို၊ စသည်ဖြင့် ရှုမှတ်ပေးရမည်။ ထို့ကြောင့် သဘာဝဉာဏ်ကို တိုးပွါးစေရန် ခန္ဓာငါးပါးကို ဟောကြားရ၍ ၀ိပဿနာတရား အားထုတ်ရန် ဥပါဒါနက္ခန္ဓာငါးပါးကို ဟောကြားရပေသည်။
ကြေးသံတို့မှ ချေးတို့ကို ဖယ်ရှားတိုင်ချွတ်ပစ်ရန် နည်းများရှိသကဲ့သို့ ပုထုဇဉ်တို့၏ ချေးများဖြစ် သော ဥပါဒါန်များကိုလည်း မြတ်စွာဘုရား ဟောကြားပြသသောနည်းဖြင့် တိုက်ချွတ်ဖယ်ရှား နိုင်ပေသည်။
မြတ်စွာဘုရားလက်ထက်တော်၌ သီရိမာ အမည်ရှိသော ပြည့်တန်ဆာ အမျိုးသမီး တစ်ယောက်သည် ရုပ်အဆင်းအင်္ဂါ အလွန်ချောမောလှပသည်။ တစ်နေ့၌ ဆွမ်းခံသွားသော ရဟန်းတစ်ပါးသည် ထိုအမျိုးသမီးကိုမြင်၍ အလွန်နှစ်သက် စွဲလမ်းရကား ဆွမ်းပင် မစားတော့ပေ။ ထိုအကြောင်းကိုသိသော မြတ်စွာဘုရားသည် ရဟန်းကို ခြွေချွတ်ဟောကြား ရန် အချိန်စောင့်စားနေရာ သီရိမာ သေသောအခါ၌ မြတ်စွာဘုရားက ခေါ်၍ပြ၏။ ရဟန်းသည် အလွန်ကြောက်ရွံ့သွားပြီး ခန္ဓာကြီး၏ မမြဲပုံ၊ ပျက်စီးတတ်ပုံကို ဉာဏ်ဖြင့် ထောက်ဆသိမြင်၍ ရဟန္တာ ဖြစ်သွားတော့သည်။
ထို့ကြောင့် ဥပါဒါန်ပျောက်ရန် ပယ်သောနည်းမှာ စွဲလမ်းခြင်းခံရသော ခန္ဓာငါးပါးတို့၏အပေါ်၌ မမြဲပုံ၊ ဆင်းရဲပုံ၊ အစိုးမရပုံများကို ပြတ်သားစွာမြင်ရန် ရှုကြည့်မှတ်သားနည်းပင်ဖြစ်ပေသည်။
ဓမ္မချစ်ခင် စာရှုသူတို့အားလုံး ဥပါဒါန်ကင်းပျောက်၍ နိဗ္ဗာန်မျက်မှောက် ပြုနိုင်ကြပါစေ။
No comments:
Post a Comment