28 Dec 2009

ကလျာဏမိတ္တ ရှာပေါင်းကြ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လောက၌ “အတုမြင်အတတ်သင်” ဆိုသည့် မြန်မာစကားအတိုင်း အနေနီးရာအလိုက် ပတ်ဝန်းကျင်၏စရိုက်ကိုကြည့်၍ အတုလိုက်၍ နေတတ်ကြပေသည်။ “တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး” ဖြစ်တတ်သည့်သဘောဖြစ်၏။ လူငယ်တို့က လူကြီးတို့ကိုကြည့်၍ လိုက်တု ကြ၏။ တဖန်လူကြီးတို့ကလည်း လူငယ်တို့ကိုကြည့်၍ အတုခိုးနေထိုင်ခြင်းများလည်း ရှိကြ၏။ ကြာလာသည့်အခါ အတုကိုလိုက်ခြင်းဖြင့် တဖြည်းဖြည်း ကိုယ်ပိုင်နေထိုင်တတ်သည့်သဘော သို့ ဖြစ်လာ၏။ ထို့ကြောင့် လူတို့သည် အနေနီးရာအလိုက် စရိုက်လက္ခဏာများ တူလာတတ် ကြပေသည်။


ယခုခေတ်အနေအထားဖြင့်ကြည့်လျှင် မီဒီယာ၏တိုးတက်မှုအဟုန်ကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်စုနှင့်တစ်စုတို့၏ ယဉ်ကျေးမှုများ၊ စရိုက်လက္ခဏာများ၊ အမူအကျင့်များ၊ ၀တ်စားဆင်ယင်မှု စသည်ဖြင့် အတုမြင်အတတ်သင်လာကြပြီး စရိုက်လက္ခဏာများ အချင်းချင်းကူးစက်နေသကဲ့သို့ဖြစ်၏။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ၍ မျောချင်တိုင်း မျောနေကြသူများလည်းရှိ၏။ လိုက်ပါမျောမသွားဘဲ ကန့်လန့်တိုက်သူများလည်း ရှိကြ၏။ မျောပါ၍လည်း မလိုက်၊ ကန့်လန့်လည်း မတိုက် လျစ်လျူရှုနေသူများလည်း ရှိကြသည်။ နောက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်သင့်သည်များကိုလိုက်၍ မလိုက်သင့်သည်များ ကိုမလိုက်ပါဘဲ နေထိုင်ပြီး သူတစ်ပါးတို့ကို ကယ်တင်နိုင်က ကယ်တင်၊ မကယ်တင်နိုင်က ဥပေက္ခာပွား၍ နေထိုင်ကျင့်ကြံကြသူများလည်း ရှိကြပေသည်။

လူအမျိုးမျိုး နတ်အဖုန်ဖုန် ကကြိုးတွေစုံလင်စွာရှိနေကြသော်လည်း ရရှိထားသော ခက်ခဲလှ သည့်လူ့ဘ၀ တစ်ဖန်ရရန် မလွယ်လှ၍ “ရကျိုးနပ်ပါပေစွ”လို့ ပီတိသောမနဿဖြာကြ ရအောင် မြတ်ဗုဒ္ဓဟောမြွက်သည့် ကလျာဏမိတ္တတို့ကို ရှာပေါင်းမှသာ သင့်တော်မည်ဖြစ်၏။ ကျေးဇူးရှင်ဆရာတော်ဦးဇ၀န၏ ဆုံးမစကားအတိုင်း “မိမိကိုယ်တွေ့ ဆရာ့ကိုယ်တွေ့လည်း မယုံနဲ့ဦး၊ ဗုဒ္ဓကိုယ်တွေ့သာ ယုံ” ဆိုသကဲ့သို့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပြီးမှ ရရှိတော်မူရသော တရားလုံးစုံ အကြွင်းမကျန် မြင်တော်မူနိုင်သည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွါး ချမ်းသာကြောင်းကိုသာ ဟောကြားတော်မူသော ရှင်တော်မြတ်ဘုရား၏ တပည့်သားမြေးများအဖြစ် ခံယူကြပြီးလျှင် လိုက်နာကျင့်ကြံကြဖို့ အရေးကြီးလှ၏။

ချမ်းသာစီးပွါး တိုးတက်မြင့်မားရန်အတွက် ပေါင်းဖော်ကြရမည့် လေးမျိုးသောမိတ်ဆွေတို့မှာ-
(၁) ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးတို့ကို ယုံကြည်ခြင်း “သဒ္ဓါတရား” ရှိသော မိတ်ဆွေကောင်း၊
(၂) မွန်မြတ်သောကိုယ်ကျင့်တရား “သီလ”ရှိသော မိတ်ဆွေကောင်း၊
(၃) ပေးကမ်းစွန့်ကြဲခြင်း “စာဂ” ရှိသော မိတ်ဆွေကောင်း၊
(၄) အမှားနှင့်အမှန် ဝေဖန်ခွဲခြားနိုင်သည့် “ပညာ” ရှိသော မိတ်ဆွေကောင်း တို့ဖြစ်ကြ၏။ ထိုမိတ်ဆွေတို့၏အကျင့်ကို အတုလိုက်၍ကျင့်ခြင်းဖြင့် နေထိုင်ကြရာ၏။ ပေါင်းဖော်ကြရာ၏။ နှစ်သက်မြတ်နိုး မှီဝဲဆည်းကပ်ရာ၏။ သို့မှသာလျှင် ရရှိသည့်လူဘ၀ အနေမြတ်အောင် နေထိုင်ကျင့်ကြံတတ်ကြမည်ဖြစ်၏။

သဒ္ဓါတရားနှင့်ပြည့်စုံသော မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းရခြင်းဖြင့် ဘုရားဂုဏ်၊ တရား ဂုဏ်၊ သံဃာဂုဏ်တို့ကို နာကြားရ၏။ သိမှတ်ကြည်ညိုတတ်လာ၏။ တန်ဖိုးထား မြတ်နိုး တတ်လာ၏။ ဘုရားရှင်ကို ရည်မှန်းပူဇော်ထားသည့် ဥဒ္ဓိဿစေတီ၊ ဟောကြားထားခဲ့သော ဘုရား၏စကားတော်များဖြစ်သည့် ဓမ္မစေတီ၊ ဘုရားရှင်၏ အသုံးအဆောင်များဖြစ်ခဲ့သည့် ပရိဘောဂစေတီ၊ ဘုရားရှင်ရုပ်ကလာပ်တော်မှ ကြွင်းကျန်ရစ်ခဲ့သည့် ဓာတုစေတီ အစရှိသည့် စေတီတို့ကို ပူဇော်မြတ်နိုး ရှိခိုးကြရာတွင် ဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်အနန္တတို့ကို စိတ်ဖြင့်ရည်မှန်းကာ ပူဇော်တတ်လာကြ၏။ လောက၌ ဘုရား၊ တရား၊ သံဃာသည်သာလျှင် လောကတစ်ခွင် အနန္တစကြာဝဠာအတွင်း၌ ကိုးကွယ်ရာအမှန် ရတနာအစစ် ဖြစ်တော်မူ၏ဟူ၍ မိတ်ဆွေကောင်းတို့ထံမှ သစ္စာတရားတို့ကို သိခွင့်ရကြ၏။ ပို၍ပို၍ ထူးကဲသော သဒ္ဓါတရား တို့ကိုသာ အခါခါတိုးပွါး၍ နောက်ဆုံး သစ္စာလေးပါးသို့ ထိုးထွင်း၍ သိမြင်နိုင်သည်အထိ သဒ္ဓါတရားရှိသောမိတ်ဆွေကောင်းကို ပေါင်းသင်းရခြင်း၏အကျိုးတရားများ မိမိသန္တာန်၌ ရောက်ရှိလာနိုင်ပေသည်။

သဒ္ဓါတရားမရှိသောသူတို့ကို ပေါင်းသင်းမိသောအခါတွင် ဘုရား၊ တရား၊ သံဃာတို့၏ဂုဏ် တော်တို့ကို သိခွင့်ရဖို့မဆိုထားနှင့် ကန့်လန့်ပင်တိုက်မိတတ်ကြ၏။ စော်ကားမော်ကားပြုတတ် ၏။ မိစ္ဆာဒိဋ္ဌိအယူတို့ကို ယူမိတတ်ပြီး ကမ္ဘာပျက်သည့်တိုင်အောင် မကျွတ်တမ်းအပါယ်မှာ ခံစားရသည့်အဖြစ်သို့ပင် ရောက်ရတော့၏။ ငရဲဆိုသည်မှာ ပုံပြင်ထဲမှာပဲရှိသည်၊ နိဗ္ဗာန်သည် လည်း အမှန်မှာ ရှိဟန်မထင် စသောသံသယတို့ဖြင့် ပြည့်နှက်နေပြီး ကောင်းမှုတရားတို့ကို သတိတရားမေ့လျော့၍ မကောင်းမှုတို့သာ အစဉ်ပျော်မွေ့ကာ ရခဲသည့်လူ့အဖြစ်ကို ဖက်ရွက် ကန်စွန်းရွက်ပမာသာ တန်ဖိုးထားတော့၏။ ယခုခေတ် မဆိုထားနှင့် ဘုရားရှင်လက်ထက် သာသနာတော်ကြီး နေ၀ါထွန်းတောက် အလင်းရောက်နေခဲ့ချိန်မှာပင် ဘုရား၊ တရား၊ သံဃာကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိအယူရှိသူများမှာ သာသနာတော်နှင့် တွေ့ကြုံခွင့်မရကြဘဲ ရရှိသည့်လူ့ဘ၀ကို အပါယ်ကျအောင် အသုံးချမိခဲ့ကြ၍ ယခုဆိုလျှင် အပါယ်၌ ခံစားနေကြ ပေပြီ။

ကိုယ်ကျင့်တရားကောင်းမွန်သည့်မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းနေထိုင်ခြင်းဖြင့်လည်း မိမိ သန္တာန်၌ မိတ်ဆွေကောင်းတို့ထံမှ အကျင့်ကောင်းများ ရှိလာ၏။ မွန်မြတ်သော နေထိုင်နည်းဖြင့် ကျင့်ကြံတတ်လာ၏။ သီလရှိခြင်းဖြင့် အပြစ်ကင်းသောချမ်းသာကို ခံစားရ၏ ဆိုသည့်အတိုင်း အပြစ်တွေကင်းအောင် နေထိုင်တတ်လာသောအခါ နေ့စဉ် ကိုယ်နှင့်စိတ်တို့ ငြိမ်းချမ်းလာ၏။ နူးညံ့သိမ်မွေ့သောလူတစ်ယောက်ဖြစ်လာ၏။ ကောင်းသောအသက်မွေးခြင်း ဖြင့်လည်း နေထိုင်တတ်လာ၏။ ထိုသို့ ကိုယ်ကျင့်သီလကောင်းများရှိလာသည့်အတွက်လည်း မိမိ၏ကိုယ်ကျင့်သီလကောင်းများကို ယုံကြည်လေးစားတန်ဖိုးထားကာ မိမိ၏ ပတ်ဝန်းကျင်ရှိ သူတို့ကလည်း အတုလိုက်နေထိုင်လာကြလျှင် မိမိကြောင့် ပတ်ဝန်းကျင်ရှိ သူတကာတို့ အကျင့်ကောင်းများ အတုလိုက်၍ ကျင့်ကြံနိုင်လာကြပေမည်။ ကိုယ်ကျင့်သီလ ကောင်းသူတို့ အချင်းချင်း ပေါင်းဖော်လုပ်ကိုင်ဆောင်ရွက်ကြရသော မည်သည့်လုပ်ငန်းဖြစ်စေ အောင်မြင် ကြီးပွါး အကျိုးများသည်သာဖြစ်ချေသည်။

သီလပျက်နေသောသူတို့ကို ပေါင်းသင်းမိသောအခါ၌ မိမိလည်း သီလပျက်လာတော့သည်။ အရက်သမားနှင့်ပေါင်းတော့ အရက်သောက်မိမည်၊ ဖဲသမားနှင့်ပေါင်းတော့ ဖဲရိုက်တတ်မည်၊ မကောင်းသောအမျိုးသမီးတို့ကို လိုက်စားပျော်ပါးတတ်သောသူတို့ကိုပေါင်းသင်းမိတော့ မိမိ လည်းပျော်ပါးမိသွားမည်။ မိမိက မလုပ်လျှင်လည်း သီလပျက်စီးနေသောစကားများကို နားထောင်နေရမည်။ လိုက်ပါ ရယ်မောမိမည်။ သီလပျက်သောစကားတို့ကို နာကြားနှစ်ခြိုက် မိလျှင် အလိုတူစာရင်းထဲပါသွားတတ်ပြီး မိမိလည်း သီလတွေပျက်သွားတတ်ပေမည်။

ပေးကမ်းစွန့်ကြဲတတ်သော မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းနေထိုင်ခြင်းဖြင့် မိမိလည်း သူ့ကဲ့ သို့ ပေးလှူဖြစ်လာ၏။ စွန့်လွှတ်တတ်လာ၏။ ပေးကမ်းလှူဒါန်းခြင်းကြောင့်ရရှိသော အကျိုးတရားတို့ကို သိလာ၏။ ပေးကမ်းခြင်း၌ မွေ့လျော်ပျော်ပိုက်လာ၏။ “ပျော်ရွှင်ခြင်း၏ အနှစ်သာရသည် စွန့်လွှတ်ခြင်းဖြစ်သည်” ဆိုသောအဓိပ္ပါယ်ကို သိလာ၏။ ပေးကမ်းခြင်းဖြင့် ကိုယ်စိတ် မဆင်းရဲဘဲ ပို၍ပို၍ပင် ချမ်းသာနေရသည့် အရသာကို ခံစားတတ်လာသည်။ ဆရာကြီးဦးရွှေအောင်ဆုံးမခဲ့သကဲ့သို့ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း ဆက်တိုင်း ကောင်း၏။” ဆိုသော အကျိုးတရားများကို ပိုင်ဆိုင်လာရပေသည်။ နှမြောဝန်တိုခြင်း မစ္ဆရိယစိတ်၏ ကိလောသာအပြစ်တို့ကို မြင်လာရ၏။ နှမြောဝန်တိုသူတို့အား ပေးကမ်းခြင်းဖြင့် မိမိက မြတ်သောအနိုင်ရခြင်းကို နားလည်လာရပေသည်။ မိမိ၏ စီးပွါးဥစ္စာရှာခြင်းတို့သည် လောဘကြောင့်မဟုတ်တော့ဘဲ အများသူငှါအတွက် ပေးကမ်းလှူဒါန်းနိုင်ရန်ဟူသော ဆန္ဒဖြင့် အနစ်နာခံအားထုတ်ခြင်းမျိုး ဖြစ်သောကြောင့် နိဗ္ဗာန် ထုတ်ချောက် ဧကန်ရောက်မည့် ပါရမီမြောက်သည့်ဒါနတို့က မသေရာသို့ ပို့ဆောင်ကြမည်မှာ မလွဲဧကန်သာဖြစ်ပေသည်။

ပေးကမ်းစွန့်ကြဲခြင်းမရှိသော နှမြောတွန့်တိုသည့်သူတို့ကို ပေါင်းသင်းမိသောအခါတွင် လှူ တယ်ဆိုတာ “အ-လို့ လှူတာ၊ လူလည်တွေကသာ ယူသွားတာကွ”ဆိုသော ဒါန၏အကျိုး တရားကို ဖျက်ဆီးသည့်စကားများ ကြားရတတ်သည်။ အသိအမြင်နည်းပါက ဟုတ်လေ ယောင်ထင်သွားမိမည်။ ထိုကဲ့သို့သော သူတို့နှင့် ပေါင်းဖော်လုပ်ကိုင်ရာ၌ အချိန်တိုင်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပေးရတာများလာသောအခါတွင် ပေးကမ်းခြင်းသည် ကောင်းမှုပြု သည်သာဖြစ်၏ဟု နှလုံးသွင်းရမည့်အစား ကိုယ့်အပေါ်တွင် အတင်စီးအနိုင်ယူနေသူသာ ဖြစ်၏ဟူ၍မြင်လာပြီး နှလုံးမသာမယာလည်းဖြစ်တတ်၏။

အမှားနှင့်အမှန် ဝေဖန်ဆန်းစစ် သိမြင်တတ်သည့် ပညာရှိမိတ်ဆွေကောင်းတို့အား ပေါင်းသင်း နေထိုင်ခြင်းဖြင့် ကုသိုလ်အလုပ်၊ အကုသိုလ်အလုပ် ခွဲခြားသိမြင်လာရ၏။ ကုသိုလ်အလုပ်တို့ ကို လုပ်ဆောင်တတ်လာ၏။ အတုမြင်အတတ်သင်ရာ၌လည်း ကောင်းသောလုပ်ဆောင်မှု၊ မှန်ကန်သောဆောင်ရွက်မှုတို့ကိုသာလျှင် အတုယူတတ်လာပြီး မကောင်းသောအမှုတို့ကို အတုမလိုက် ရှောင်ကြဉ်တတ်လာသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်တတ်သည် ဆိုသော်ငြားလည်း အမှားအမှန်ကို ခွဲခြားသိမြင်တတ်အောင် မိတ်ဆွေကောင်းက ညွှန်ပြပေး သောကြောင့် လူမိုက်တွေကြား ရောက်နေငြားလည်း အမှားသို့မလိုက် အမှန်သို့ဆိုက်အောင် သာ “တစ်ယောက်တည်းနေ တစ်စိတ်တည်းထား” ဆိုသော ကျေးဇူးရှင်ဆရာတော် အရှင် ဆန္ဒာဓိက ရေးသားထားသည့် တရားအားထုတ်နည်းလေးအတိုင်း ကျင့်ကြံအားထုတ်တတ် လာပေသည်။

ဒုက္ခဖြစ်ကြောင်းဟူသော သမုဒယသစ္စာ၊ ရရှိထားသော ခန္ဓာငါးပါးတို့သည် သမုဒယသစ္စာ ကြောင့် ရရှိလာခဲ့ရသော ဒုက္ခသစ္စာ၊ ထိုဒုက္ခတရားတို့မှ လွတ်မြောက်ခြင်းသဘောဟူသော နိဗ္ဗာန်သည် နိရောဓသစ္စာ၊ ထိုသို့ သေခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်နိုင်သည့် ကျင့်ကြံအား ထုတ်နည်းများမှာ မဂ္ဂင်ရှစ်ပါး မြတ်သောအကျင့်တရားများဖြစ်သည့် မှန်သောမြင်ခြင်း- သမ္မာဒိဋ္ဌိ၊ မှန်သောကြံစည်တွေးတောခြင်း- သမ္မာသင်္ကပ္ပ၊ မှန်သောပြောခြင်း- သမ္မာဝါစာ၊ မှန်သောပြုလုပ်ခြင်း- သမ္မာကမ္မန္တ၊ မှန်သောအသက်မွေးခြင်း- သမ္မာအာဇီဝ၊ မှန်သောအား ထုတ်ခြင်း- သမ္မာဝါယာမ၊ မှန်သောသတိရှိခြင်း- သမ္မာသတိ၊ မှန်သောတည်ခြင်းခြင်း- သမ္မာ သမာဓိတို့ဖြင့် ကျင့်ကြံပွါးများ အားထုတ်မှသာလျှင် အသေကင်းရာ အမတနိဗ္ဗုတာသို့ ဧကန်ရောက်သည်သာဖြစ်ကြောင်း အမြင်မှန်များ ရှိထားသောကြောင့် လုပ်ဆောင်သမျှ ပညာနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်လာ၏။ ထိုသို့ ပညာဖြင့် ဆောင်ရွက်တတ်လာသောအခါ အနှောင်အဖွဲ့ဟူသော ရစ်ပတ်ခြင်း သံယောဇဉ်တရားတို့ကို အလွယ်တကူ ဖြတ်တောက် နိုင်ပြီး နောက်ဆုံး တဏှာကျော့ကွင်းအတွင်းမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သို့ ရောက်ရှိခံစားနိုင်တော့သည်ဖြစ်၏။

အမြင်မှန်သမ္မာဒိဋ္ဌိမရှိသော ပညာမဲ့ပုဂ္ဂိုလ်တို့ကို ပေါင်းဖော်မှီဝဲမိခြင်းဖြင့် မိစ္ဆာဒိဋ္ဌိစကားတို့ကို ကြားရ၏။ “ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့ကွ” ဟူသည့် မကောင်းတာလုပ်လျှင် မကောင်း ကျိုး ခံစားရသည်ဆိုသော ကံနှင့်ကံ၏အကျိုးကို မယုံကြည်ဘဲ မထီမဲ့မြင်စကားများ ပြောဆို တတ်၏။ “သတ္တ၀ါတွေဆိုတာ လူချွတ်မှ ကျွတ်တာ” ဟူ၍ ထိုသို့ ပါဏာတိပါတကံကို လက်ရဲ ဇက်ရဲပြုလုပ်ခြင်းသည်ပင် ကောင်းမှုပြုနေသယောင်ယောင်ပြောဆိုသော ပညာမဲ့တို့စကားကို ယုံကြည်မိတတ်ပေသည်။ ယောက်ျားမှန်လျှင် အရက်လည်းသောက်တတ်ရမည်၊ မိန်းမလည်း ပွေတတ်ရမည်၊ အလောင်းကစားလည်း လုပ်တတ်ရမည်ဟူ၍ အမြင်မှားကာ ကျင့်ကြံနေသည့် သူတို့ကို အားကျမိတတ်၏။ အတုယူမိတတ်၏။ တချို့အမျိုးသမီးများဆိုလျှင် “ယောက်ျားလေးပဲ အသောက်အစားလေးတော့ရှိမှာပေါ့” ဟူ၍ပင် အမျိုးသားတို့အပေါ် အခွင့်အရေး ပေးကြ၏။ ငွေများများရှာနိုင်ဖို့သာအရေးကြီးသည်၊ မည်သို့ပင်ရခဲ့သည်ဖြစ်စေ လင်ယောက်ျား ၏ ငွေရှာနိုင်ခြင်းကိုသာ တန်ဖိုးထားပြီး အကျင့်သီလကို တန်ဖိုးမထားတတ်ကြပေ။ အိမ်ထောင်သည် ဇနီးမောင်နှံများတွင် နှစ်ဦးစလုံးက ပညာမဲ့နေကြပါလျှင် အမြင်မှန် မရသေးသည့်ကာလပတ်လုံး ထိုသူတို့၏ စီးပွါးဥစ္စာရှာဖွေခြင်း၊ အတူတူ ပြောဆိုနေထိုင်စား သောက်နေရခြင်း၊ ကိစ္စအ၀၀တို့ ကြံစည်စိတ်ကူးကြခြင်းဟူသော ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့၏ အပြစ်များမှာ မည်မျှများပြားလိုက်ပါမည်နည်း။

ပညာရှိအား ချစ်ခင်မြတ်နိုးကြသူတို့သည် ကောင်းမှုပြုပြီးသည့်အခါတွင် “ပညာမဲ့ လူမိုက် တို့နှင့် မပေါင်းဖော် မမှီဝဲ မဆည်းကပ်ရပါလို၊ ပညာရှိသူတော်ကောင်းတို့ကိုသာ ပေါင်းဖော် ယှဉ်တွဲ အမြဲဆည်းကပ်ရပြီး ပညာရှိသူတို့၏အကျင့်ကို လိုက်နာကျင့်ကြံနိုင်ရပါလို၏” ဟူ၍ ဆုတောင်းကြပေသည်။ လူမိုက်ဟူ၍ဆိုခြင်းသည် စာပေမတတ်သူတို့ကို ဆိုခြင်းမဟုတ်။ အသိတရား(အမြင်မှန်သမ္မာဒိဋ္ဌိ) ရှိခြင်းမရှိခြင်းနှင့် ကျင့်ကြံအားထုတ်မှုတရားတို့ကိုကြည့်ပြီး သိနိုင်ပေ၏။ အသိမှား၊ အယူမှားပြီဆိုလျှင် လုပ်ဆောင်သမျှ ပညာနှင့်မယှဉ်နိုင်သောကြောင့် ငါဟူသောအတ္တ၊ မာန်မာနတို့ဖြင့် လက်ဝါးကြီးအုပ်တော့၏။ စီးပွါးရေးလုပ်ရာတွင်လည်း သူတစ်ပါးတို့အပေါ် ကျောနိုင်မှသာ စီပွါးတိုးတက်အောင်မြင်သည်ဟု မြင်တတ်ကြ၏။ အလုပ် ၌ စေတနာထားလုပ်ဆောင်ရမည့်အစား ကိုယ်ရဖို့အတွက်သာ ဦးတည်ဆောင်ရွက်တတ်ကြ သည်။ မှန်ကန်သောအသိ၊ မြင့်မြတ်သောတွေးခေါ်မှုတို့ဖြင့် ရိုးသားကြိုးစားကာ ဆင်းရဲပင်ပန်း စွာ ရုန်းကန်လှုပ်ရှားနေကြသူတွေကိုတော့ အထင်သေး အမြင်သေးပြီး “လူအ”ပင် ထင်တတ် ကြပေသည်။

ပညာရှိဆိုသည်မှာ အသက်ကြီးမှရယ်မဟုတ်၊ ပစ္စည်းဥစ္စာပေါကြွယ်ဝမှဟူ၍ မဆိုလို၊ ခြွေရံသင်းပင်းများမှရယ်လည်း မသတ်မှတ်ပါချေ။ အသက် ကြီးကြီး ငယ်ငယ်၊ ပစ္စည်းဥစ္စာရှိရှိ မရှိရှိ၊ ခြွေရံသင်းပင်း များများ မများများ ထိုသူ၏အသိတရားမြင့်မြတ်မှန်ကန်မှု၊ ထိုအသိ တရားအတိုင်း လိုက်နာကျင့်ကြံပွါးများမှု ရှိသူတို့ကိုဆိုခြင်းဖြစ်၏။ ထိုသို့သောပညာရှိအား မှီဝဲဆည်းကပ်ရခြင်းဖြင့် အကျိုးတရားတို့သာ အစဉ်တိုးပွါးပြီး မိမိသန္တာန်၌ အသိမှန် အမြင် မှန်များ ရောက်ရှိလာပြီး မြတ်သောနေခြင်းဖြင့် အချိန်ကိုအသုံးချတတ်သွားပေတော့၏။

သဒ္ဓါသီလ၊ စာဂပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊ ပေါင်း၍အတု၊ ကိုယ်လည်းပြုမှ၊ ကလျာဏမိတ္တ-ပြည့်စုံသည်။

စာဖတ်သူဓမ္မမိတ်ဆွေအားလုံး ကလျာဏမိတ္တများကို ရှာဖွေပေါင်းသင်းနိုင်ကြ၍ ထိုမိတ်ဆွေ တို့ကို အတုလိုက်၍ကျင့်ကြံကြပြီး နောက်ဆုံးပန်းတိုင်ဖြစ်သည့် မသေရာ “မြတ်နိဗ္ဗာန်” သို့ လွယ်ကူစွာရောက်ရှိနိုင်ကြပါစေ။

1 comment:

မောင်ကောင်း said...

သဒ္ဓါသီလ၊ စာဂပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊ ပေါင်း၍အတု၊ ကိုယ်လည်းပြုမှ၊ ကလျာဏမိတ္တ-ပြည့်စုံသည်။”

အစ်ကိုရေ.. ဒီစာသားလေး မှတ်သားသွားပါတယ်..။ အဆုံးမတွေလာရောက် မှတ်သားပါတယ်အစ်ကို..။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။