26 May 2009

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မနုဿလူသားတို့၌ အားထုတ်မှုဝီရိယတရားသည် နတ်တို့ထက် သာလွန်မွန်မြတ် သော အချက်ပင်ဖြစ်၏။ ထို့ကြောင့် ၀ီရိယတရားဖြင့် ကြိုးစားအားထုတ်မှုရှိလျှင် သူဌေးကြီး ဖြစ်ချင်လျှင် ဖြစ်နိုင်၏။ ဈာန်အဘိညာဉ် ရလိုလျှင် ရနိုင်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုလျှင် ပြုနိုင်ပေသည်။ မဆုတ်နစ်သော ၀ီရိယတရားဖြင့် သတိပဋ္ဌာန်တရားအားထုတ်လျှင် မိမိတို့အလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်သည် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြောင်း ကိုလည်း ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။


ဝီရိယရှိလျှင် ဘာမဆို အောင်မြင်နိုင်၏။ ဘာမဆိုရယူနိုင်၏။ ထို့ကြောင့် ၀ီရိယ၏စွမ်းပကားကို အသုံးချတတ်ဖို့လိုပေသည်။ အဘယ့်ကြောင့်မူ မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ဆင်းရဲကြီးမည်ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ချမ်းသာမည်ဖြစ်သည်။ တဖန် မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ချမ်းသာပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ဆင်းရဲမည်ဖြစ်ကြောင်း ဓမ္မပဒပါဠိတော်တွင် ဘုရားရှင်ဆုံမတော်မူခဲ့၏။

ဝီရိယရှိက ဘာမဆိုရတာပဲဆိုပြီး မှားသည်၊ မှန်သည် မစဉ်းစားတော့ဘဲ မိမိချမ်းသာပြီးရောဆိုပြီး မသမ္မာသောနည်းလမ်းတို့ဖြင့် ချမ်းသားအောင် စီးပွားရှာက ရသမျှစည်းစိမ်ဥစ္စာများမှာ ငရဲမီးမြိုနေရသလို ဖြစ်နေပေသည်။ ထိုသို့ရရှိသော စီးပွါးကား မိမိအားလောင်မြိုက်ရန် မိမိကိုယ်တိုင် ပျိုးနေသောမီးတို့နှင့်တူ၏။ ယခုဘ၀၌ အတိတ်က ကုသိုလ်ကံအကျိုးပေးရှိ၍ ချမ်းချမ်းသာသာ နေရကောင်းနေရနိုင်မည်။ သေလျှင်ကား မိမိရှာခဲ့သမျှသော အကုသိုလ်အကြောင်းတရားတို့က အကျိုးပေးအပါယ်ငရဲသို့ ဇောက်ထိုးမိုးမျှော်ကျအောင် တွန်းချပေတော့သည်။ ငရဲသို့ရောက်ချိန်ကျကာမှ လူ့ဘ၀မှာ မသမ္မာသောနည်းလမ်းတို့ဖြင့် စီးပွါးဥစ္စာ ရှာဖွေစုဆောင်းထားခဲ့သမျှ မှားလေစွဟု နောင်တ ရနေလို့မတော်ပေ။ ယခုဘ၀၌ မှန်ကန်သောနည်းဖြင့်သာ စည်းပွားရှာတတ်ဖို့၊ မသေရာနိဗ္ဗာန်သို့ အမြန်ဆုံးရောက်အောင်လှမ်းဖို့ လိုအပ်ပါသည်။

ထို့ကြောင့် နှိုင်းနှိုင်းဆဆလုပ်ဆောင်တတ်သော ဉာဏ်ပညာလည်း ရှိရမည်ဖြစ်သည်။ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား၍ပေးသောအရာမှာ ဉာဏ်ပညာပင်ဖြစ်သည်။ ဉာဏ်မရှိက ဆင်းရဲရပေမည်။ စာဘူးတောင်းငှက်သည်ကား မိုးရွာသည့်အခါ မိုးမစိုအောင် အိမ်တည်ဆောက်တတ်သော ဉာဏ်ပညာရှိသောကြောင့် မိုးစိုရမည့်ဆင်းရဲမှ လွတ်မြောက်ရပေသည်။ ဉာဏ်ပညာရှိသောကြောင့် ၀ိမုတ္တိသုခ-လွတ်မြောက်သည့်ချမ်းသာကို ခံစားရ၏။ ထို့ကြောင့် ဉာဏ်ပညာသည်ကား လွတ်မြောက်ရာ ချမ်းသာကိုဆောင်သောကြောင့် ဉာဏ်ပညာနှင့်တွေး၊ ဉာဏ်ပညာနှင့်ပြော၊ ဉာဏ်ပညာနှင့်လုပ်ရမည်ဖြစ်သည်။

တွေဝေမည်းမိုက် မောဟအမှောင်တိုက်မှာနေပြီး ကိုယ်ကြံသမျှအမှန်၊ ကိုယ်ပြောသမျှ အချော၊ ကိုယ်ပြုသမျှ အဟုတ်ချည်းထင်ပြီး ငါတကောကောကာ လောကအတွက်ကောင်းကျိုးမပြု၊ ငါ့အတွက်သာ ရှေ့ဆောင်မှုဖြင့် လုပ်ဆောင်နေက ကိုယ်လည်းဆင်းရဲကြောင်း၊ သူတစ်ပါးလည်း ချမ်းသာနည်းကြောင်းဖြစ်သောကြောင့် မိမိသူတစ်ပါးမှာ အကျိုးထူးများဝေးကွာ၊ အဆိုးထူးများသာ ပွါးများကြမည်သာ။ ဉာဏ်ပညာမရှိခြင်းကြောင့် ရရှိသောဆိုးကျိုးများကား အနန္တပင်။ လူဖြစ်လျက် ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်၍ မိမိလူ့ဘ၀ရသည်ကိုပင် တန်ဘိုးမထားတတ်တော့ဘဲ အချိန်ကိုဖြုန်းတီးနေကြတော့သည်။ လူ့ဘ၀ရသည့်ရည်ရွယ်ချက် ဘာအတွက် မသိကြတော့ပေ။ အသုဘအပုပ်ကောင်ကို ရုပ်ဆောင်ကာနေကြတော့သည်။ မာနဖြင့်တလွှားလွှား ၀င့်ကြွားကာနေနေကြတော့သည်။

တရားဖြင့်နေခြင်းသည် မိမိလည်းချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာပွားနိုင်သောအလုပ်ဖြစ်၏။ သူ့အသက်မသတ်တော့ဟု သီလမှုပြုလိုက်သည်ပင် ကိုယ့်ကြောင့် သူတစ်ပါးအသက်တို့ မသေရတော့ဘဲ ချမ်းသာရာ ရကြတော့သည်။ ထိုသီလတစ်ခု ဥပမာပြု၍ မွန်မြတ်သောသီလတို့ကို ဆောက်တည်ခြင်းသည် သူတစ်ပါးတို့ကို ဘေးမဲ့အလှူကြီးပေးသော အဘယဒါနကို ပြုနေသည်လည်းဖြစ်သည်။ ထို့ကြောင့် ဉာဏ်ပညာအလင်းဓာတ်သည် မောဟအမှောင်ကိုခွင်းနိုင်သဖြင့် လောကအတွက် သာယာအောင် စွမ်းဆောင်နိုင်သောတရားပင်ဖြစ်၏။

လက်ထိပ်ထိက လက်သည်းနာ၊ ကိုယ့်အပေါ်စော်ကားတာ ကိုယ်မခံချင်လို၊ ကိုယ့်အပေါ်မော်ကြွားတာ ကိုယ်မမြင်ချင်လိုကြပေ။။ ထိုသို့ပင် သူကလည်း သူ့အပေါ်စော်ကားတာ သူမခံချင်လို၊ သူ့အပေါ်မော်ကြွားတာ သူမမြင်ချင်လိုကြသည်သာဖြစ်၏။ ထိုကဲ့သို့ မြော်တွေးစာနာ၊ အချင်းချင်း ကြင်နာသနားကြရာ၏။ ကိုယ့်ကြောင့် သူတစ်ပါးတို့ကို မဆင်းရဲလို၊ ချမ်းသာသည်ကိုသာ မြင်လိုကြသော မေတ္တာတရားများ အချိန်တိုင်းမှာ ပွားကြရမည်။ မေတ္တာ၏စွမ်းပကားမှာ မြွေနှင့်ဖား၊ သမင်နှင့်ကျားတို့ပင် အမုန်းမရှိ အပြုံးဖြင့်ကြည့်နိုင်ကြ၏။ ဒေါသနှင့်အာဃာတတို့ ရင်ဝယ်ပိုက်ကာထားနေက အေးချမ်းမှုတို့ဆိတ်သုဉ်း၊ ကိလေသာအပူမီးတို့ တဟုန်းဟုန်းတောက်လောင်ဖို့သာဖြစ်သည်။ ထို့ကြောင့် သံသရာခရီးသွား ဘ၀ဖော်အတူတူ၊ ဒုက္ခတွေထူထပ်နေသူအချင်းချင်း အပြန်အလှန် ဒုက္ခပေးချင်နေကြသောစိတ်တွေကို မောင်းထုတ်၊ တွဲလက်တွေ ခိုင်ခိုင်ဆုပ်၍ သေခြင်းဟူသော ဘေးဆိုးကြီးဝေးရာ ထာဝရအေးချမ်းခြင်းနိဗ္ဗုတာသို့ မပြတ်အတူလှမ်းနိုင်ကြအောင် မေတ္တာ၊ ကရုဏာတရားများ ကိုယ်စီပွားများကြခြင်းသည်လည်း အောင်မြင်မှုသရဖူ အားလုံးအတူ ရယူနိုင်ကြမည်ဖြစ်သည်။

လောက၌ သည်းခံခြင်းထက် လွန်မြတ်သောတရားသည်မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။ ဒါနပြုကလည်း ခန္တီရှိမှ၊ သီလဆောက်တည်ကလည်း ခန္တီရှိမှ၊ ဘာဝနာပွားများကလည်း သည်းခံခြင်း ခန္တီရှိမှသာလျှင် အောင်မြင်နိုင်ပေသည်။ သို့မဟုတ်ပါက အဆုံးထိအောင် မလှမ်းနိုင်၊ လမ်းတစ်ဝက်တွင် ယိမ်းယိုင်နေပေမည်။ တောင်တက်သမားသည် မောခြင်းဟူသောဆင်းရဲကို သည်းခံနိုင်မှသာလျှင် တောင်ထိပ်သို့ရောက်နိုင်သလို နိဗ္ဗာန်သို့သွားနေသည့် ယောဂီသည်လည်း ကြုံရသမျှသော လောကဓံတို့ကို သည်းခံခြင်းခန္တီစတရား ရှိမှသာလျှင် မိမိအားထုတ်နေဆဲတရားတို့သည် မပျက်မကွက်ဘဲ သွက်သွက်ကြီး ခရီးနှင်နိင်မည်ဖြစ်သည်။

ထို့ကြောင့် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်တို့သည်ကား အခြားမဟုတ်။ ပြဆိုခဲ့သော တရားများဖြစ်သည့်-
(၁) ပြင်းထန်သော လုံ့လ၀ီရိယရှိခြင်း၊
(၂) သနားကြင်နာကိုယ်ချင်းစာမှု (မေတ္တာ၊ ကရုဏာ)ရှိခြင်း၊
(၃) ကြီးမားသော သည်းခံစိတ်(ခန္တီတရား)ရှိခြင်း၊
(၄) နှိုင်းနှိုင်းဆဆ လုပ်ကိုင်နိုင်မှု(ပညာ)ရှိခြင်းတို့ပင်ဖြစ်၏။

စာဖတ်သူတို့အားလုံး ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များကို ကိုင်ဆောင်ပြီးလျှင် ကိလေသာရန်သူပုန်ကို အကုန်အစင် တွန်းလှန်ကြပါကုန်။

No comments: