“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“ကုသိုလ်ကောင်းမှုပြုလုပ်တယ်ဆိုတာ မင်္ဂလာတရားတော်နဲ့ညီညွတ်တဲ့ လုပ်ဆောင်မှုပဲဖြစ်ပါ တယ်။ ကောင်းမှုလုပ်နေတဲ့အချိန်ဟာ မင်္ဂလာရှိတဲ့အချိန်ပဲဖြစ်ပါတယ်။ ကောင်းမှုပြုလုပ်နေချိန်မှာ ဘုရားရှင်တိုင်းဟောကြားဆုံးမတော်မူတဲ့ အဆုံးအမနဲ့ ကိုက်ညီတဲ့အချိန်ဖြစ်တယ်။
- ကောင်းမှုမှန်သမျှ ပြုလုပ်ကြ။
- မိမိစိတ်ကို အမြဲတမ်း ဖြူစင်အောင်ထားကြ။
(မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား) ဆိုတဲ့ဘုရားရှင်တိုင်းရဲ့ အဆုံးအမတရားတော်နဲ့ ကိုက်ညီနေတယ်။ ဒါကြောင့် မင်္ဂလာနဲ့ ပြည့်စုံနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါ တယ်။
ပြီးတော့ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ မိမိတို့ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုရား၊ တရား သံဃာဟာ ကိုးကွယ်ယုံကြည်ထိုက်တဲ့ ဘယ်လို အရည်အချင်းတွေနဲ့ပြည့်စုံတော်မူတယ်ဆိုတာကိုလည်း သိထားရမယ်။ အပေါ်ယံ ယုံကြည်မှုမျိုးမဟုတ်ဘဲ အမှန်တကယ် ဉာဏ်နဲ့သိပြီး ယုံကြည်မှုမျိုးဖြစ်နေတော့ ပိုပြီးလေးနက် မှုရှိသလို ပါရမီကိုလည်း အလျင်အမြန်ပြည့်နိုင်ပါတယ်။ ဘုရား၊ တရား၊ သံဃာတို့ရဲ့ ယုံကြည်ထိုက်တဲ့ အရည်အချင်းတွေ၊ ဂုဏ်တော်တွေ အများကြီးရှိတဲ့အထဲက အနည်းငယ် ဟောကြားလိုပါတယ်။
ဘုရားဂုဏ်တော်
ဘုရားရှင်ရဲ့ဂုဏ်တော်ကို ဟောကြားရေးသားလို့ မကုန်နိုင်ဘူး။ ဂုဏ်တော်အနန္တနဲ့ပြည့်စုံတော်မူတယ်။ ဂုဏ်တော်အပေါင်းကို ဟောကြားရင်း၊ ရေးသားရင်းသာ သက်တမ်းကုန်သွားမယ်၊ ဘုရားရှင်ရဲ့ဂုဏ်တော် ကတော့ မကုန်နိုင်ပါဘူး။ အခု ဘုရားဂုဏ်တော် ၉ ပါးဟာ ကြည်ညိုသဒ္ဓါတရားတိုးပွါးနိုင်တဲ့၊ သိသာမြင်သာ လွယ်တေဲ့ အနှစ်ထုတ်ထားတဲ့ ဂုဏ်တော် အနည်းငယ် သာဖြစ်ပါတယ်။ အဲဒီဂုဏ်တော် ၉ပါးထဲက အရဟံ- ကိလေသာရန်အပေါင်းကို အောင်နိုင်တော်မူသောမြတ်စွာဘုရား။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုမှန် သမျှ ကို ပြုတော်မမူသောမြတ်စွာဘုရား။ ဒါကြောင့်မို့ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော မြတ်စွာဘုရား။ ပုထုဇဉ်တွေအနေနဲ့ ကိလေသာတွေကလည်းထူပြော၊ သူများရှေ့မှာကျတစ်မျိုး၊ ကွယ်ရာကျတစ်မျိုး၊ စိတ်တွေက အမျိုးမျိုးအဖုံဖုံ၊ ဟန်ဆောင်မှုတွေ အပြည့်နဲ့မဟုတ်လား။ ဒါကြောင့်မို့ ဒီဂုဏ်တော်တစ်ခုနဲ့တင် ကြည်ညို ထိုက်နေပါပြီ။ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရအောင် သာလွန်မြင့်မြတ်တော် မူပါတယ်။ ဒါက ဘုရားဖြစ်ပြီးလို့ ကြည်ညိုထိုက်တယ်ဆိုတာ မထူးခြားသေးဘူး။ ဘုရားလောင်းကတည်းက စိတ်ဓာတ်က အလွန် မြင့်မြတ်တော်မူပါတယ်။
သုမေဓာရှင်ရသေ့ဘ၀ ကုဋေ ၈၀ ကြွယ်ဝချမ်းသာတာတွေကို မိဘဘိုးဘွားတွေထားခဲ့ပေလည်း ခင်တွယ် မနေဘူး။ အကုန်လုံးကို စွန့်လွှတ်ပြီး ရသေ့ပြုပါတယ်။ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ရထားတာတွေကို စွန့်လွှတ်ဖို့ မပြောနဲ့ ရချင်လွန်းလို့ သေဘေးကို မတွေးနိုင်ဘဲ ရှာဖွေနေကြတာမဟုတ်လား။ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးတာနဲ့ရင်ဆိုင်ရရင် တချို့ရူးသွားကြတယ်။ မစွန့်လွှတ်နိုင်လို့လေ။ ဘုရား အလောင်းတော်များကျတော့ အားလုံးကိုစွန့်လွှတ်နိုင်တာဟာ ဘယ်လောက်ကြည်ညိုစရာ ကောင်းလိုက်သလဲ။ နောက်ပြီး အဲဒီဘ၀မှာ ပါရမီ တရားတွေက ပြည့်နေပြီတဲ့။ တခဏလေးအားထုတ်လိုက်တာနဲ့ ရဟန္တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဘိဉာဉ် နဲ့ ဝေနေယျသတ္တ၀ါတွေ လမ်းမှားပြီး သံသရာမှာ တ၀ဲလည်လည်နဲ့ ကျင်လည်နေကြတာကို မြင်တော်မူတော့ လွန်စွာ သနားကရုဏာဖြစ်တော်မူပါတယ်။
- သစ္စာလေးပါးတရားတော်ကို ငါသိသလို သတ္တ၀ါအများကို သိစေရမယ်။
- ငါသံသရာမှလွတ်မြောက်သလို သတ္တ၀ါအများကို လွတ်မြောက်စေရမယ်။
- ငါသံသရာမှကူးမြောက်သလို သတ္တ၀ါးအများလည်း ကူးမြောက်စေရမယ်။
ဆိုပြီး သတ္တ၀ါအများအတွက် လက်ရှိဘ၀မှာ သံသရာမှလွတ်မြောက်နိုင်ပါလျက် အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်အောင် အားမထုတ် တော့ဘဲ ဘုရားဆုကိုပန်တော်မူပါတယ်။ သတ္တအများကို သနားငဲ့ညှာတဲ့ မဟာကရုဏာတော်ကြောင့် ဘ၀ပေါင်း လေးအသင်္ချေနဲ့ကမ္ဘာ တစ်သိန်းကြာအောင် ကိုယ်ကျိုးစွန့်အနစ်နာ ခံခဲ့တယ်။ သူတစ်ပါးကိုသာ ဦးစားပေးတော်မူတယ်။ ကျင့်တဲ့နေရာမှာ-
- လောကအတွက်ကျင့်တော်မူတယ်။
- ပြီးတော့ ဆွေမျိုးအတွက်ကျင့်တော်မူတယ်။
- မိမိဘုရားဖြစ်ဖို့ ကျင့်တော်မူတယ်။
လောကကို ဦးစားပေးပါတယ်။ သူတစ်ပါးအကျိုးကိုသာ အစဉ်အမြဲ ဦးစားပေးတယ်။ ကိုယ့်ကျိုးကို စွန့်လွှတ်နိုင်တယ်။ ဘယ်လောက် ကြည်ညိုစရာကောင်းလိုက်သလဲ။ ဒီစိတ်ထားတွေဟာ အလောင်းတော်ဘ၀ ကတည်းက ထားနိုင်ခဲ့တဲ့စိတ်ထားတွေ။ ဘုရားဖြစ်တဲ့အခါမှာ သူတစ်ပါးအကျိုးအတွက် အားထုတ်တော်မူ တဲ့နေရာမှာ တုနှိုင်းမဲ့ဖြစ်ပါတယ်။ ဘုရားဖြစ်ပြီး ၄၅ ၀ါကာလပတ်လုံး တစ်နေ့ ၂၄ နာရီမှာ ၁ နာရီ ၁၅ မိနစ်ခန့်သာ အနားယူတော်မူတယ်။ ကျန်တဲ့အချိန်မှာ သံသရာမှလွတ်မြောက်ကြောင်းတရားကို လူ၊ နတ်၊ ဗြဟ္မာတို့ကို နေ့စဉ် ဟောကြားဆုံးမတော်မူတယ်။ ပရိနိဗ္ဗာန်ပြုခါနီးအထိ သတိတရားဖြင့် နေရစ်ခဲ့ကြရန်နဲ့ သံသရာလွတ်မြောက်ဖို့ရန် သတိတရား အရေးကြီးကြောင်းကို ဆုံးမထားရစ်ခဲ့ပါတယ်။ ပရဟိတလုပ်တဲ့နေရာမှာ အနှိုင်းမဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါကြောင့် သူတစ်ပါးအကျိုး ပရဟိတ ဆောင်ရွက် ကြတယ်ဆိုတာ ဘုရားလောင်းကျင့်စဉ်၊ ဘုရားရှင်ကိုယ်တော်မြတ် ကြီး နှစ်သက်တော်မူတဲ့၊ လမ်းပြတော်မူတဲ့ ကျင့်စဉ်ပါပဲ။
တရားဂုဏ်တော်
တရားဂုဏ်တော် ၆ ပါးထဲမှာ အခုကျင့်လျှင် အခုရတဲ့ဂုဏ်တော်ပါတယ်။ ကုသိုလ်ကောင်းမှုကျင့်နေစဉ်မှာ၊ မကောင်းမှုကို မပြုလုပ်တဲ့ အချိန်မှာ၊ စိတ်ကိုဖြူစင်အောင် ထားနေချိန်မှာ စိတ်ဟာ အေးချမ်းနေတယ်။ ငြိမ်းချမ်းနေတယ်။ အခါကို မလင့်ဘဲ ချက်ချင်းကျင့်လျှင် ချက်ချင်းပဲ ရနိုင်တဲ့ အေးချမ်းမှုပဲ။ နိဗ္ဗာန်ချမ်းသာကို ခံစားတဲ့နေရာမှာ ဘုရားရှင်တော်တို့ ရောင့်ရဲတော်မမူကြဘူးလို့ မှတ်သိရတယ်။ ဘယ်လောက်အထိ ရှင်တော်ဘုရားများ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူကြသလဲဆိုရင် တရားစကားများပြောပြီးလို့ နာကြားသူ အပေါင်းက သာဓုခေါ်နေချိန် ခဏလေးတောင် ဖလသမာပတ် ၀င်စားတော်မူပါ တယ်တဲ့။ သေချင်းတရားကို သတ္တ၀ါတိုင်း ကြုံတွေ့ကြရတယ်။ ဆင်းရဲတကာ့ဆင်းရဲဆုံးဟာ သေချင်းတရားပါပဲ။ သေချင်းတရားမရှိတဲ့ နိဗ္ဗာန်ချမ်းသာဟာ ဘယ်လောက်အထိ ငြိမ်းအေးလိုက်မလဲ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ပြီး အလေးအမြတ်ပြုအပ်တဲ့အရာကိုမရှိဘဲနေလို့ မသင့်တော်ကြောင်းသိတော်မူတော့ မိမိသိတဲ့တရားတော်ကိုပဲ ပြန်ပြီးအလေးအမြတ်ပြုတော်မူရပါတယ်။ ဒကာ၊ ဒကာမတို့အတွက် တရားဂုဏ်တော်အား အလေးအမြတ်ပြု အပ်တယ်၊ ကိုးကွယ်ဆည်းကပ်ထိုက်တယ်ဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။သံဃာ့ဂုဏ်တော်
မိမိကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေ့ရဲ့ ဂုဏ်တော်တွေကိုလည်း သိထားရပါမယ်။ သံဃာ့ဂုဏ်တော် ၉ ပါးရှိတဲ့ အထဲက အနည်းငယ်ပြောပြပါမယ်။ အခု သာသနာတော် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီ။ ဘုရားဟောကြားခဲ့တဲ့တရားတွေကို မပျောက်ပျက်အောင်၊ ကွယ် မသွားအောင် သံဃာတော်အဆက်ဆက်က စောင့်ရှောက်ထိန်းသိမ်းခဲ့ကြတယ်။ ဒါကြောင့်မို့ ဒကာ၊ ဒကာမတို့ ဒီတရားတွေ အခုထိ နားကြားနိုင် နေတာပဲဖြစ်တယ်။ သံဃာတော်တွေသာ မထိန်းသိမ်း မစောင့်ရှောက်ခဲ့ဘူးဆိုရင် ဒီလွတ်မြောက်ကြောင်းတရားတွေကို အခုအချိန်မှာ ဘယ်နာကြားနိုင်ပါ့မလဲ။ ဒါသည်ပင် ကောင်းစွာ ကျင့်ကြံတော်မူကြတဲ့ သံဃာ့ဂုဏ်တော်တစ်ပါးပဲဖြစ်ပါတယ်။ ပြီးတော့ သံဃာတော်တွေ ဟာ ဖြောင့်မတ်စွာကျင့်တော်မူတယ်။ လူတွေလို အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဟန်မဆောင်ရ ဘူး။ ပြောတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်းပြောရတဲ့ အကျင့်မြတ်တွေနဲ့ ပြည့်စုံတော်မူကြတယ်။
ဘုရားစကား အဆုံးအမတော်တွေကို သင်္ဂါယနာတင်ခဲ့ကြတဲ့နေရာမှာ ပထမအကြိမ်ကနေ တတိယအကြိမ် အထိ တင်ခဲ့တဲ့အခါမှာ နှုတ်တိုက်အာဂုံဆောင်ခဲ့ကြရတယ်။ နှုတ်တိုက် အဆင့်ဆင့်သင်ပေးခဲ့ကြတယ်။ သင်အံလေ့ကျက်တဲ့ ပရိယတ္တိသာသနာ၊ လက်တွေ့အားထုတ် တဲ့ ပဋိပတ္တိသာသနာ၊ သိမြင်ခံစားတဲ့ ပရိဝေဒသာသနာဆိုတဲ့ သာသနာတော်သုံးပါးကို ဦးဆောင်ဦးရွက် ပြုနေကြတာကြောင့် သံဃာတော် တွေဟာ ကိုးကွယ်ထိုက်တယ်။ ပူဇော်ထိုက်ပေတယ်။ သံဃာတော်တွေရဲ့ လူတွေ့ထက် သာလွန်မြင့်မြတ်တဲ့ အချက်တွေကိုပြောရရင်-
ဦးခေါင်းကို တုံးထားခြင်းနှင့် ဖန်ရည်စွန်းသင်္ကန်းဝတ်ဆင်ခြင်းအသွင်။ လူတွေမှာ ဆံပင်မှာအလှတရားဆိုပြီး တသသနဲ့ ဖြီးလိမ်းကြတယ်။ အရောင်အမျိုးမျိုး ချယ်သနေကြတယ်။ ဒီအဆင်းအပေါ်မှာ သာယာတပ်မက်ပြီး စွဲလန်းနေကြတယ်။ ဒီဆံကေသာနဲ့ဆက်နွယ်ပြီး ကိလေသာတရား အလွန်ထူပြောကြတယ်။ လူတွေက အ၀တ်အစားဆိုတော့လည်း လှပတာ၊ နူးညံ့တာ စသဖြင့် ရွေးချယ်ဝတ်ဆင်ကြတယ်။ ဒီပွဲဆိုရင် ဒီအ၀တ်အစားနဲ့၊ ဟိုပွဲကျတော့ ဟိုအ၀တ်အစားနဲ့ အစရှိ သည်ဖြင့် ရွေးချယ်နေကြရ၊ ပြင်ဆင်နေကြရတယ်။ အ၀တ်အစားကြောင်ုပင် ကိလေသာတွေ ထူပြောနေတတ်တယ်။ သံဃာတွေကျတော့ ဦးခေါင်းဆိုတာကလည်း လိမ်းချယ်နေစရာမလိုသလို ဖန်ရည်စွန်းတဲ့ သင်္ကန်းလည်းဖြစ်၊ အပိုင်းပိုင်းတွေကို ဆက်စပ်ထား တဲ့ ချုပ်ရိုးကြောင်းတွေနဲ့ဆိုတော့ တွယ်မက်စရာ အလွန်နည်းတယ်။ ပြီးတော့ သင်္ကန်းကို အဟတ္တဓဇလို့ ခေါ်တယ်။ အရတ္တဖိုလ်ဆိုက်ရောက်တဲ့ပုဂ္ဂိုလ်အတွက် သင်္ကန်းကခံထားနိုင်တယ်။ လူဝတ်ကြောင်တစ်ဦး အဟတ္တဖိုလ် ဆိုက်ရောက်လို့ရှိရင် လူ့ အ၀တ်အစားတွေက မခံနိုင်လို့ အလျင်အမြန်ပဲ ပရိနိဗ္ဗာန်ပြုရတယ်။ သံဃာတော်တွေကျတော့ အရဟတ္တဖိုလ်ဆိုက်လည်း သက်တမ်းကုန် အောင်နေနိုင်တယ်။ ဦးပြည်းတုံးထား တာနဲ့ သင်္ကန်းဆင်မြန်းထားတဲ့အသွင်နဲ့တင် လူတွေထက် သာလွန်မြင့်မြတ်တယ်လို့ ဘုရားရှင် ဟောကြား ထားတော်မူပါတယ်။အနာဂါမ်လူဝတ်ကြောင်နဲ့ယနေ့မှဝတ်တဲ့ ကိုရင်၊ ရဟန်း။ လူဝတ်ကြောင်က အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လင့်ကစား ယနေ့မှဝတ်တဲ့ ကိုရင်လေးကိုပင် ရှိခိုးထိုက်တယ်။ ပူဇော်ထိုက်တယ်။ အရိုအသေပေးရတယ်။ အလေးအမြတ်ပြုရတယ်။ မြင့်မြတ်တဲ့နေရာမှာထိုင်ပြီး အနာဂါမ်လူဝတ်ကြောင် ပုဂ္ဂိုလ်ရဲ့ အရိုအသေးပေးခြင်း ကို ခံယူထိုက်ပေတယ်။ ကိုရင်က အရိယာလူဝတ်ကြောင်ကို ပြန်ပြီး ရှိခိုးဦးချ စရာမလိုဘူး။ ထေကြီးဝါကြီး သံဃာတော်အစုအဝေးထဲမှာ ကိုရင်လေးက ၀င်ရောက်ပြီး ထိုင်လို့ရတယ်။ လူဝတ်ကြောင်အနာဂါမ်ပုဂ္ဂိုလ်က သံဃာတော်များကြားမှာ၊ မြင့်မြတ်တဲ့နေရာမှာ ၀င်ပြီးနေရာယူလို့မရဘူး။
သံဃာ့ဥပုသ်။ သံဃာတော်များဟာ ၁၅ ရက်တစ်ကြိမ် သိမ်ထဲမှာ ဥပုသ်ပြုတဲ့အခါ သြ၀ါဒ ပါတိမောက်ဒေသနာကို နာကြားခွင့်ရှိတယ်။ လူတွေမှာ အဲဒီလိုမျိုး ဥပုသ်ပြု သြ၀ါဒပါတိမောက်ဒေသနာကို နာကြားရတာမျိုးမရှိဘူး။ ပြီးတော့ ရဟန်းတော်များ စောင့်ထိန်းတော်မူရတဲ့ သီလတော်များဟာ အကျဉ်းအားဖြင့် ၂၂၇ ပါး၊ အကျယ်အားဖြင့် ကုဋေ ၉ ထောင်ကျော်သော သီလတော်မြတ် တို့ကို စောင့်ထိန်းကြရပြီး လူတွေကဲ့သို့ သာမန်ဆောက်တည်ထားတာမျိုးမဟုတ်ဘဲ အလေးအနက် ထားပြီး ဆောက်တည်ရတာမျိုးဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော် ရဲ့ အာဏာဒေသနာတော်ကို မပျက်မကွက် လိုက်နာရတာမျိုးဖြစ်ပါတယ်။ အနုပည့်ညတ်ချက်တွေကိုလည်း အချင်းချင်းဒေသနာ ပြန်ကြားကာ အပြစ်ကိုဝန်ခံပြီး နောက်မကျူးလွန်မိအောင် သတိဖြင့်ဆင်ခြင်နေထိုင်ရပါတယ်။ ဒါကြောင့်သီလဂုဏ်အားဖြင့် လည်း လူတွေထက် အလွန်တရာ သာလွန်မြင့်မြတ်တော်မူကြပါတယ်။
ထိုကဲ့သို့ သာလွန်မြင့်မြတ်တဲ့ ဂုဏ်တော်တို့နဲ့ ပြည့်စုံတော်မူကြတဲ့ “ဘုရား၊ တရား၊ သံဃာ”တို့ဟာ တွေ့ကြုံရခဲ့၊ မြင်တွေ့ရခဲတဲ့ လောကုတ္တရာရတနာတော်များပဲဖြစ်ပါတယ်။ ဘုရားပွင့်တဲ့ ကာလနဲ့ကြုံတွေ့ရမှ မြင်တွေ့ကြားသိရတဲ့ ရတနာမြတ်သုံးပါးဖြစ်တယ်။ ဘုရားပွင့်ဖို့ဆိုတာကလည်း ဘုရားပွင့်တဲ့ ကမ္ဘာမှာတောင် တစ်ဆူနဲ့တစ်ဆူကြားမှာ နှစ်အသင်္ချေ ကြာမြင့်တယ်။ ဒါက ဘုရားပွင့်တဲ့ကမ္ဘာမှာ တစ်ဆူနဲ့တစ်ဆူကြား ရေတွက်ကြည့်လို့။ ဘုရားပွင့်တဲ့ကမ္ဘာနဲ့ မပွင့်နဲ့ကမ္ဘာရဲ့ ကြားကာလမှာတော့ ကမ္ဘာများစွာ ခြားတယ်။ အဲဒီဘုရားမပွင့်တဲ့ ကမ္ဘာမှာတော့ သာသနာတော် နေရောင်လရောင် ထွန်းတောက်တဲ့ကာလမျိုးကို ကြုံတွေ့ခွင့်မရှိနိုင်ဘူး။ တစ်ကမ္ဘာ၊ နှစ်ကမ္ဘာလို့ ရေတွက်ရတာ လွယ်ပေမယ့် တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်အရေအတွက် ရေတွက်ဖို့ အလွန်ခက်ခဲပြန်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာသက်တမ်းကိုတွက်ရလျှင် တစ်ယူဇနာပတ်လည်ရှိတဲ့လှိုဏ်ခေါင်းထဲမှာ ရွေးစေ့လေး များ ပြည့် ညပ်နေအောင်ရှိနေတယ်။ နှစ်ပေါင်းတစ်ရာပြည့်မှ ရွေးစေ့တစ်လုံးကို ထုတ်ရမယ်။ အဲဒီ လို ရွေးစေ့လေးတွေကို တစ်လုံးတစ်လုံးစီ နှစ်တစ်ရာပြည့်မှ တစ်ခါထုတ်၊ အဲဒီရွေးစေ့လေးတွေသာ ကုန်သွားမယ်၊ တစ်ကမ္ဘာရဲ့သက်တမ်းက မကုန်သေးဘူးလို့ဆိုပါတယ်။ “ရခဲမှ ရတနာ”လို့ဆိုတဲ့အတိုင်း ဘုရား၊ တရား၊ သံဃာဟာ အလွန်မြင်တွေ့ရခဲ၊ ကြားသိရခဲတဲ့ တုနှိုင်းမဲ့ရတနာတွေပဲဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာတို့ကို့ ကိုးကွယ်ဆည်းကပ်ခြင်း သရဂုံသုံးပါးဆောက်တည်ပြီး ငါးပါးသော သီလတော်မြတ်တို့ကို မကျိုးမပေါက် အောင် ထိန်းသိမ်းစောင့်ရှောက်ကြကာ အလိုရှိအပ်တောင့်တ အပ်တဲ့ မြတ်နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်၊ မျက်မှောက်ပြုလွယ်တဲ့ သူတော်ကောင်း၊ သူတော်မြတ် များ ဖြစ်ကြပါစေ။”
တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)
No comments:
Post a Comment