22 Jul 2011

လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။

ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။

လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။

၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း ကစားတွေလုပ်မိလျှင် တဖြည်းဖြည်းလုံးပါးပါးပြီး နောက်ဆုံး မွဲပြာကျ ဆင်းရဲသွားသူတွေ(အထည်ကြီးပျက်တွေ) ဖြစ်သွားနိုင်တယ် ဆိုတာ အမြဲသတိရှိကြရပါမယ်။

၃) ကလျာဏမိတ္တသမ္ပဒါ(မိတ်ဆွေကောင်းများနှင့်ပေါင်းဖော်ခြင်း)။ ။ မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။

၎) သမဇီဝိတသမ္ပဒါ(ဥစ္စာအင်အားနှင့်တိုင်းထွာ၍ ညီမျှစွာအသက်မွေးခြင်း)။ ။ ရတာက တစ်ပဲ၊ သုံးတာက တစ်ပိဿာ ဆိုရင်တော့ အကြွေးက နောက်ဘ၀ထိတောင် ဆပ်လို့ မကျေနိုင်ဖြစ်နေမယ်။ ရတာကနည်းနည်း စားချင်တာကများများ၊ သုံးချင်တာက သူ့ထက်တော့ အောက်မကျချင်ဖြစ်နေတော့ ရတာနဲ့ သုံးတာ မမျှတဲ့အတွက် ဘယ်လိုမှ စီးပွါးဥစ္စာက စုနိုင်မှာမဟုတ်ဘူး။ “ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့အတိုင်း ကိုယ့်ဝင်ငွေနဲ့ထွက်ငွေ နှိုင်းနှိုင်းချိန်ချိန်နဲ့ သုံးစွဲရမယ်။ ပြီးတော့ အသုံးနဲ့အဖြုန်း ကွဲကွဲပြားပြား နားလည်ကြရပါမယ်။ ၀င်ငွေ ထွက်ငွေကို သေချာစိစစ်တွက်ချက်ပြီး ရတာလေးနဲ့ ၀အောင်စား၊ ရတာလေးနဲ့ လှအောင်ဝတ် ဆိုတဲ့အတိုင်း မျှမျှတတဖြစ်အောင် အသုံးပြု တတ်မှ ဥစ္စာစီးပွါးတွေဟာ လိုတာထက်ပိုအကုန်တဲ့အတွက်၊ ဖြုန်းတဲ့သဘော မဖြစ်တော့တဲ့အတွက် တစ်နေ့တစ်ခြား ဒီရေအလားကဲ့သို့ တိုးပွါး စည်ပင်နေမှာပဲ ဖြစ်ပါတယ်။

လောကုတ္တရာချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) သဒ္ဓါသမ္ပဒါ(ရတနာသုံးပါးဂုဏ်နှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်း)။ ။လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ရတနာတို့သည် ဘုရား၊ တရား၊ သံဃာတို့ဖြစ်ကြတယ်။ ရတနာသုံးပါးဂုဏ်တွေက ဘာတွေလဲ၊ ထိုဂုဏ်တော်တို့ ရှိတော်မူကြတဲ့အတွက် ကိုးကွယ်ထိုက်တယ်၊ အလေးအမြတ်ပြုအပ်တယ်၊ သံသရာဝဲဒုက္ခမှလွတ်အောင် လမ်းပြတော်မူကြတဲ့ ရတနာမြတ်သုံးပါးတို့ဟာ လောကီရတနာမျိုးစုံတို့ထက် သာလွန်မြင့်မြတ်တော်မူတယ် စသဖြင့် ယုံကြည်မှု သဒ္ဓါသမ္ပဒါ ရှိကြရမယ်။ ရတနာမြတ်သုံးပါး ဂုဏ်တော်တွေကို ယုံကြည်မှ ဘုရားရှင် အဆုံး အမတွေကို လိုက်နာနိုင်မယ်။ တရားတော်ကို သက်ဝင်ယုံကြည်မှ တရားအဆုံးအမစာပေတွေကို အလေးဂရုပြုပြီး ကျင့်ကြံပွါးများအားထုတ်နိုင်မယ်။ ဘုရားသားတော်ရဟန်းသံဃာတော် အရှင်သူမြတ်တွေဟာ လည်း ဘုရားရှင်တော်ကိုစား လက်ဆင့်ကမ်းဆုံးမတော်မူကြတယ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့မြင့်မြတ်တဲ့အတွက် လောကရဲ့ သစ္စာတရားတွေကို ဟောပြောဆုံးမတော်မူနိုင်ကြတယ် စသဖြင့် ကြည်ညိုသဒ္ဓါတရားရှိမှ မိမိတို့အနေနဲ့ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ အကြီးဆုံးဘေးတွေက လွတ်မြောက်နိုင်မှာပဲဖြစ်တယ်။ “သဒ္ဓါတရားက လက်နဲ့တူတယ်”လို့ ဘုရားရှင်က ဥပမာဆောင်ပြပါတယ်။ လက်မပါတဲ့သူတွေဟာ ကိုယ့်ရှေ့မှာ ရွှေငွေဥစ္စာရတနာတွေကို တွေ့နေသော်လည်း ကောက်မယူနိုင်၊ သယ်မသွားနိုင်သလိုဘဲ ရတနာမြတ်သုံးပါးအပေါ်မှာ သဒ္ဓါတရားနဲ့ မပြည့်စုံတော့ အဆုံးအမတွေကို မလိုက်နာနိုင်၊ သံသရာမှ မလွတ်မြောက်နိုင်ဘဲ သံသရာထဲမှာ အဖန်ဖန်ကျင်လည်နေကြရတယ်။ သာသနာတော်နဲ့ ကြုံသော်လည်း သာသနာတော်ကိုမကြိုက်တဲ့ အတွက် သာသနာတော်အဆုံးအမအတိုင်း ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သံသရာက လွတ်မြောက်ဖို့ ဝေးနေပါတယ်။ ဒါကြောင့် သံသရာမှလွတ်မြောက်အောင်၊ မလွတ်မြောက်သေးခင်ကြားကာလမှာလည်း ချမ်းသာကြီးပွါးနိုင်ဖို့ရန်အတွက် သဒ္ဓါသမ္ပတ္တိ ဖြစ်နေရပါမယ်။

၂) သီလသမ္ပဒါ(လူတို့စောင့်ရှောက်ကျင့်သုံးသော ငါးပါးသီလနှင့်ပြည့်စုံခြင်း)။ ။ သီလနဲ့မပြည့်စုံလျှင် ခြေမပါတဲ့သူနဲ့တူတယ်။ ခရီးမတွင် နိုင်ဘူး။ သံသရာအဆုံးဖြစ်တဲ့နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာ သိထားရပါမယ်။ သီလဆိုတာက ကိုယ်က ကျင့်မှ ရနိုင်တဲ့ တရားဖြစ် တဲ့အတွက် တခြားသူတွေဆီက တောင်းယူလို့လည်းမရ၊ ငှါးသုံးလို့လည်းမရ၊ ခိုးယူလို့လည်းမရနိုင်ဘူး။ တခြားသူကို အငှါးစောင့်ခိုင်းလို့လည်း မရနိုင်ဘူးလေ။ သီလနဲ့မပြည့်စုံတော့ ဘယ်လေက်ပဲချမ်းသာကြွယ်ဝနေသူဖြစ်ပါစေ ပညာရှိတို့ မချီးမွမ်းဘူး။ ရနံ့ကင်းနေတဲ့ ပေါက်ပွင့်နဲ့တူနေ တယ်။ ပါဏာတိပါတကံကို မစောင့်ထိန်းခဲ့တော့ သက်တမ်းစေ့မနေရဘူး။ ကိုယ်လက်အင်္ဂါမစုံလင်ဘဲဖြစ်ကြရတယ်။ ဥပဓိရုပ်လည်း မတင့်တယ်တာကြောင့် လူတောမတိုးနိုင်ဘဲ ရှိနေတတ်တယ်။ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)ကံတွေကို မစောင့်ထိန်းခဲ့တော့ ဘ၀တိုင်း ဆင်းရဲနုံချာ တဲ့ဘ၀ကို ရရှိရတယ်။ သူတစ်ပါးတွေလို ကောင်းကောင်းမစားနိုင်၊ ကောင်းကောင်းမ၀တ်နိုင်၊ ကောင်းကောင်း မသုံးနိုင်တော့ဘူး။ စည်းစိမ်ဥစ္စာ နဲ့ ကြွယ်ဝတဲ့မိဘတွေဆီမှာ လူလာဖြစ်လာသော်လည်း မီးဘေးနဲ့ကြုံလို့ ကိုယ်မွေးလာမှ မိဘတွေ ဆင်းရဲ့သားဘ၀ ပြန်ရောက်ရတယ်။ ကိုယ် ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်လို့ ချမ်းသာကြွယ်ဝလာသော်လည်း အတိတ်ကံက မကောင်းခဲ့တဲ့အတွက် ရန်သူမျိုးငါးပါးကြောင့် ပြန်ဆုံးရှုံးသွား ရတာမျိုးတွေ ကြုံတွေ့ရတတ်တယ်။ ကာမေသုမိစ္ဆာစာရ(သူတစ်ပါးအိမ်ယာပြစ်မှားခြင်း)ကံတွေ ကျူးလွန်ခဲ့မိ တော့ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်တဲ့အဖြစ်တွေကိုရကြတယ်။ မိန်းမဘ၀တွေကိုသာ အကြိမ်ကြိမ် ရရှိကြရတယ်။ လင်ကောင်းသားကောင်းမရနိုင်ဘဲ “လင်းဆိုးမယား တဖားဖား”ဆိုသလို ဒုက္ခပင်လယ်ဝေရ တတ်တယ်။ မုသာဝါဒ(လိမ်ညာလှည့်ဖြားခြင်း)ကံတွေကို ကျူးလွန်ခဲ့မိတော့ စကားမပီသ၊ သွားကမညီ၊ လူကြားထဲကျတော့ သိက္ခာရှိရှိမနေနိုင်၊ အသားအရေတွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်ရတတ်တယ်။ သုရာမေရယ(သေရည်သေရက်၊ မူးယစ်ဆေးဝါသုံးခြင်း)ကဲတွေကို ကျူးလွန်ခဲ့တော့ အရူးဘ၀၊ ကျပ်မပြည့်တဲ့အဖြစ်၊ စိတ်မငြိမ်ဘဲ ဂယောက်ဂယက်ဖြစ်နေတဲ့ လူ့အဖြစ်တွေကို ရကြရတယ်။ တချို့အရက်သောက်လွန်းသူတွေ စိတ်ဂယောင်ချောက်ချားဖြစ်တာတွေ တွေ့မြင်ကြပါမယ်။ ဒါကြောင့် သံသရာမှာလည်း ဆင်းရဲ၊ နိဗ္ဗာန်နဲ့လည်း ဝေးသထက်ဝေးနေတာမျိုးတွေ မဖြစ်ရအောင် သီလနဲ့ပြည့်စုံအောင် ကျင့်ကြံရမှာပဲဖြစ်တယ်။ ဒါမှ သံသရာမှာလည်း ချမ်းသာကြီးပွါးမယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောင်ပြုနိုင်မှာ ဖြစ်ပါတယ်။

၃) စာဂသမ္ပဒါ(သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း)။ ။ “ဆုပ်လျှင်ယုတ်၊ ဖြန့်လျှင်မြတ်”ဆိုသလိုပဲ မိမိမှာရှိထားသမျှ စည်းစိမ်ဥစ္စာ တွေကို မပေးရက်၊ မကမ်းရက် ဆုပ်ကိုင်ထားလျှင် သံသရာမှာ ဆင်းရဲကြောင်းလည်းဖြစ်၊ နိဗ္ဗာန်နဲ့မနီးနိုင်တော့ဘူး။ စွန့်ကြဲပေးကမ်းတာဟာ တစ်နည်းအားဖြင့် လောဘကိုသတ်တာပါပဲ။ ဥစ္စာပစ္စည်းတွေအပေါ်မှာ ခင်တွယ်နေတဲ့ တဏှာလောဘတွေမစွန့်နိုင်လျှင်၊ ဒီဥစ္စာပစ္စည်းတွေကို ခင်တွယ်နေလျှင် “လောဘနဲ့သေ ပြိတ္တာပြည်၊ မသွေရောက်တတ်တယ်”ဆိုတဲ့အတိုင်း သေခါနီးမှာ ဥစ္စာပစ္စည်းတွေခင်တွယ်ပြီးသေလို့ ဘေးနားမှာ ပြိတ္တာသွားဖြစ်တာ၊ ဥစ္စာစောင့်ဘ၀တွေ သွားဖြစ်တဲ့အကြောင်းတွေ ဗုဒ္ဓဘာသာအဆုံးအမစကားတွေကို နာကြားမှတ်သား ဖူးကြပါမယ်။ “တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏”ဆိုတဲ့ အဆုံးအမအတိုင်း ရှာထားတဲ့ဥစ္စာတွေအပေါ်မှာ သူတစ်ပါးတို့ကိုလည်းပေးကမ်းစွန့်ကြဲနိုင်ရပါမယ်။ ဒါမှ သံသရာမှာကျင်လည်နေရဦးမယ်ဆိုလျှင် ချမ်းချမ်းသာသာနေရမယ်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်နိုင်ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရသေ့ဘ၀ ကုဋေ ၁၆၀ ကို နှစ်ဖက်မိဘဘိုးဘွားများက တစ်ဖက် ကုဋေ ၈၀ စီ အမွေတွေ ထားရစ်ခဲ့တယ်။ ဘုရားအလောင်းတော်က စဉ်းစားပါတယ်။ “အဘိုးအဘွား၊ အဖေအမေတွေဟာ ဥစ္စာပစ္စည်းတွေကို ရှာဖွေစုဆောင်းတာကိုသာ လုပ်နိုင်ကြတယ်။ ကိုယ့်နောက်ပါအောင်တော့ မလုပ်နိုင်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် သယ်ဆောင်သွားမယ်”လို့ တွေးတောပါတယ်။ လိုချင်တာလာရောက်ယူနိုင်ကြောင်း တိုင်းသူပြည်သားအားလုံးကို မောင်းတီးပြီးကြေငြာပါတယ်။ ပေးလို့မကုန်နိုင်တာကြောင့် ယူချင်တဲ့သူယူကြ စေဆိုပြီး ဥစ္စာပစ္စည်းအားလုံးကိုထားခဲ့ကာ ရသေ့ဘောင် အမြန်ဝင်ရောက်ခဲ့ကာ အဲဒီဘ၀မှာ ဘုရားဖြစ်ရန် ဗျာဒိတ်ရရှိခဲ့ပါတယ်။ ပါရမီ ၁၀ ပါးမှာ စာဂ-စွန့်ကြဲပေးကမ်းခြင်းနဲ့ စတင်ဖြည့်ခဲ့ပါတယ်။ သံသရာဘ၀တွေမှာ ဥစ္စာကြွယ်ဝရတာ၊ ချမ်းချမ်းသာသာနေရတာ၊ မရှိဆိုတဲ့စကား မကြားရတဲ့ဘ၀တွေရရှိတာတွေဟာ စာဂသမ္ပဒါနဲ့ ပြည့်စုံမှသာ ရရှိနိုင်တဲ့အကျိုး တရားတွေပဲဖြစ်တယ်။ နောက်ဆုံး နိဗ္ဗာန်အထိ ချမ်းချမ်းသာသာ ပေးဆောင်နိုင် ပါတယ်။

၎) ပညာသမ္ပဒါ(အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သောအသိပညာနှင့်ပြည့်စုံခြင်း)။ ။ပညာဆိုတာ အမှောင်ထဲမှာ အလင်းရောင်ထွန်းပြီး မမြင်နိုင်တာတွေကို မြင်ရသလို၊ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာလောကတစ်ခုလုံးကို ထွန်းလင်းတောက်ပနေသလို၊ မှောက်ထား တဲ့အရာတစ်ခုကို လှန်ပြလိုက်တဲ့အခါ ဘာလဲဆိုတာကို သိမြင်ပြီး သံသယတွေကင်းပျောက်သွားသလို ပညာဟာလည်း အမှားကို အမှားမှန်း သိသွားတဲ့အခါ၊ ယုံမှားသံသယစိတ်အညစ်အကြေးတွေ ကင်းစင်လွင့်ပျောက်ပြီး စိတ်တွေ ကြည်လင်မှု ရရှိသွားတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေကို အာရုံကိုအာရုံမှန်းသိတာကြောင့် ငြိတွယ်မှုမရှိဘဲ တဏှာကင်းတဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်ဖြစ်စေတာလည်း ပညာပဲဖြစ်တယ်။ မဖောက်မပြန် မှန်မှန်ကန်ကန်နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လိုက်ပြီဆိုရင်တော့ သံသရာမှလွတ်မြောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံသွားပါပြီ။ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားတတ်တဲ့ပညာမရှိရင် အမှားကိုလည်း အမှန်ထင်၊ အမှန်တရားကိုလည်း အမှားလို့ မြင်နေတတ်တဲ့ အတွက် မှားပြီးရင်းမှားကာ အ၀ိဇ္ဇာအမှောင်ဖုံးပြီး တဏှာကြောင့် ဘ၀ဒုက္ခတွေ အကြိမ်ကြိမ် အဖန်တလဲလဲကူးပြောင်းနေပြီး ခန္ဓာပြောင်း သေနေရတော့တာပါပဲ။ ဒါကြောင့်မို့ ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။

တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)

1 comment:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog