19 Feb 2010

သတ္တ၀ါဘာကြောင့် ဆင်းရဲသနည်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။ ထို ခန္ဓာငါးပါးတို့သည်သာလျှင် ပရမတ္ထသဘော တကယ့်အရှိတရားတို့ ဖြစ်ကြပေသည်။


ထိုခန္ဓာငါးပါးတို့၏ သဘောတရားများသည် မည်သူ့အလိုသို့မျှမလိုက်၊ သူ့သဘော၊ သူ့အလုပ်၊ သူ့ဘာသူလုပ်နေခြင်းသာလျှင်ဖြစ်၏။ ထိုသို့ သူ့သဘောသူဆောင်နေသော ဖြစ်ခြင်းပျက်ခြင်း သဘောတို့ကို သတိပညာ ကင်းကွာသည့်အခါ ထိုတရားတို့အပေါ်၌ “ငါ”ဟူ၍ အယူမှား ခြင်း“ဒိဋ္ဌိ” ၊ တပ်မက်ခြင်း “တဏှာ” ၊ ထောင်လွှားခြင်း “မာန”တို့ ဖြစ်ကြ၏။ “မြင်တဲ့အခါ ငါမြင်တယ်၊ ကြားတဲ့အခါ ငါကြားတယ်၊ နံတဲ့အခါ ငါနံတယ်၊ စားတဲ့အခါ ငါစားတယ်၊ ထိတဲ့ အခါ ငါထိတယ်၊ သိတဲ့အခါ ငါသိတယ်” စသဖြင့် “ငါ” ဟူ၍သာ “ဒိဋ္ဌိ” ဖြင့်မြင်၏။

ခံစားရာ၌ “ငါ” ခံစားနေသည် ထင်နေခြင်းကြောင့် တပ်မက်ခြင်း “တဏှာ”ကနေ စွဲလန်းခြင်း “ဥပါဒါန်” သို့ ရောက်သွား၏။ မမြင်ရ၊ မကြားရ၊ မစားရလျှင် မနေနိုင် ဖြစ်လာပြီး အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တို့အပေါ်၌ စွဲစွဲလန်းလန်း တမ်းတမ်တတ ဖြစ်နေခြင်း သဘောသည် ဥပါဒါန်စိတ်ကြောင့်ပင်ဖြစ်သည်။ အကျိုးပေးခန္ဓာက အကြောင်းကောင်းခဲ့လျှင် ကောင်း၏၊ မကောင်းခဲ့လျှင် ညံ့၏။ အကျိုးပေးခန္ဓာတရား ကောင်းသည်ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ ထောင်လွှားခြင်း “မာန” သည် ဖြစ်၏။ “မာန” ကိလေသာမှာလည်း ရဟန္တာဖြစ်မှ ကုန်သွားသည်ဖြစ်ခြင်းကြောင့် အနုအရင့်အလိုက် ပုထုဇဉ်မှ အနာဂါမ်ပုဂ္ဂိုလ်အထိ ရှိနေကြပေ သည်။ ခန္ဓာငါးပါးရရှိထားခြင်းကြောင့် ထို ပပဉ္စသညာတရားသုံးပါးဖြစ်သည့် ဒိဋ္ဌိ၊ တဏှာ၊ မာန တို့ ဖြစ်ကြရပေသည်။

ထိုပပဉ္စသညာသုံးပါးတို့ရှိခြင်းကြောင့် လိုအင်ဆန္ဒသည်ဖြစ်ပေါ်၏။ ဘယ်အရာတွေကို လိုချင် သလဲဆိုတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စသည့် ကာမဂုဏ်တရားတို့ကို လိုချင်၏။ လိုချင်သည့်အတွက် ရှာဖွေရသည်။ ရှာလို့ ရလာသည့်အခါတွင့် သိမ်းထားချင်သည်။ မရှိတဲ့အချိန်မှာလည်း မရှိလို့ လိုချင်နေခြင်း၊ ရှာဖွေနေရခြင်းတို့ကြောင့် ဆင်းရဲရ၏။ ရလာသည့်အခါတွင်လည်း ပြန်လည်ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ရပြန်၏။ ထိုသို့ ကာမဂုဏ်တရားတို့ကို ခံစားသုံးဆောင်နိုင်ရန်အတွက် ဆထက်တိုးပွါးအောင်သာ ကြံဆောင် ပြုမူတော့၏။ တိုးပွါးသည်ထက် တိုးပွါးအောင်၊ ခံစားသုံးဆောင်နိုင်သည်ထက် သုံးဆောင်နိုင် အောင် ကြိုးစားနေရသည်ကိုပင် အားမရနိုင်ပေ။ သိမ်းဆည်းထားရသည်ကိုလည်း မငြီးငွေ့နိုင် တော့ဘဲ တိုးချဲ့ရင်းသာ တိုးချဲ့ပြီး လိုအင်ဆန္ဒတွေ ဖြစ်နေတော့သည်။

ထို လိုအင်ဆန္ဒကြောင့် ချစ်ခြင်း၊ မုန်းခြင်းသည် ဖြစ်ရ၏။ လိုချင်တာရတော့ နှစ်သက်မြတ်နိုး ၏။ ချစ်ခင်၏။ မလိုချင်တာတွေရတော့ မကြိုက်နှစ်သက်။ မုန်းတီး၏။ လိုချင်တောတွေပေး လျှင် ချစ်စရာကောင်းသူ၊ မလိုချင်တာတွေပေးလျှင် မုန်းစရာကောင်းသူဟူ၍ ခွဲခြားတော့၏။ ထိုသို့ ခွဲခြားထားပြီး လိုချင်တာတွေကျတော့ နှစ်သက်မြတ်နိုးမိခြင်းကြောင့် မရ,အရ လိုက်ယူပြီး မလိုချင်တာတွေကျတော့ စက်ဆုပ်ရွံရှာသည့်အတွက် အတင်းတွန်းဖယ်ခြင်း ပြုတော့၏။ လိုက်ယူ တွန်းဖယ်မှုတွေ ပြုနေသော်လည်း မလိုချင်တာတွေသာ ကြုံတွေနေရ သည့်အခါ ဗုဒ္ဓဟောကြားထားသော တရားတော်အတိုင်း “ပိယေဟိ ၀ိပယောကော ဒုက္ခော- ချစ်ခင်နှစ်သက်သည့်အရာတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲရ၏။ အပိယေဟိ သမ္ပယောကော ဒုက္ခော- မချင်ခင် မမြတ်နိုးသည့်အရာတို့နှင့် ပေါင်းဖော်ယှဉ်တွဲနေရ ခြင်းသည်လည်း ဆင်းရဲရ၏” ဆိုသည့်အတိုင်း ပူပင်သောက ဗျာပါဒတို့သာ အစဉ်တိုးပွါးကာ ဖြစ်ကြရကုန်၏။

ထိုသို့ ချစ်ခြင်းမုန်းခြင်းအစွဲတို့ကြောင့် မနာလိုခြင်း(ဣဿာ)၊ ၀န်တိုခြင်း (မစ္ဆရိယ) ကိလေသာ တရားတို့ ဆက်လက်ဖြစ်ပွါးတော့သည်။ မိမိ မချစ်ခင်၊ မနှစ်သက်သူတို့ မိမိထက် ချမ်းသာနေ ရလျှင်၊ အမွန်အမြတ်တို့ ရရှိသွားလျှင် မနာလိုပေ။ ထို မိမိ မနှစ်သက်သူကို မိမိက ပေးရမည် ဆိုလျှင်၊ သူ့အတွက် မိမိက ပြုဖွယ်ကိစ္စတို့ ဆောင်ရွက်ပေးရန်အတွက် ၀န်တိုခြင်း (မစ္တရိယ စိတ်) ကြောင့် လုပ်မပေးနိုင်ပေ။ မိမိလုပ်ပေးဖို့မဆိုထားနှင့် ထို မိမိ မုန်းနေသူကို သူတစ်ပါးတို့ က ဆောင်ရွက်ပေးနေလျှင်၊ ချမ်းသားကြီးပွါးအောင် ပြုလုပ်ပေးနေသည်ကို မြင်တွေ့ကြားသိရ လျှင်ပင် ထိုဣဿာ၊ မစ္ဆရိယစိတ်တို့ကြောင့် နေရင်းထိုင်ရင်းပင် ဆင်းရဲကြီးစွာ ဖြစ်နေရတော့ ၏။

ဣဿာ၊ မစ္ဆရိယတရားနှင့်ပတ်သက်၍ ဆရာတော်ကြီးတစ်ပါး၏ ဆုံးမစကားမှာ မှတ်သားဖွယ် ကောင်းလှ၏။ “အိမ်မှာ ကြက်၊ ဘဲ တို့ကို မွေးထားလျှင် နောင်ခဏထား၊ ယခုလက်ရှိတော့ ကြက်ဥ၊ ဘဲဥတော့ စားရသေး၏။ သူတစ်ပါး ချမ်းသာသည်ကို မနာလို၊ ၀န်တိုခြင်း ဣဿာ၊ မစ္ဆရိယကိလေသာများ မွေးထားမိလျှင်တော့ လက်ရှိလည်း ပူပင်သောက ဗျာပါဒတို့နဲ့ ဆင်းရဲနေရသလို နောင်တမလွန်မှာလည်း အပါယ်သို့လားပြီး ဆင်းရဲရဦးမည်။” ဟူ၍ဖြစ် ပေသည်။

ထိုသို့သော ဣဿာ၊ မစ္ဆရိယစိတ်တို့ကြောင့် သတ္တ၀ါတို့သည် ချမ်းသာစွာနေလိုကြပါသော် လည်း ဆင်းရဲ၍သာ နေနေရကြောင်း သတ္တပဉ္စသုတ်၌ ဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့ပေ သတည်း။

ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျှက်၊ အေးမြချမ်းသာ၊ နေလိုပါ လည်း၊ ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍၊ ထင်ခြေမကျ၊ ဆင်းရဲရတည့်၊ မူလဇစ်မြစ်၊ သူ့ကြောင်းစစ် သော်၊ မုန်းချစ်အပ်သား၊ အာရုံများနှင့်၊ လိုလားတစ်လီ၊ ကြံစည်တစ်တန်း၊ ချဲ့ရန်မှတ်စွဲ၊ ခြေတည်လွဲ၍၊ ဆင့်ကဲဆင့်ကာ၊ ဖြစ်ရိုးပါတည့်။

စာရှုသူပရိတ်အပေါင်းနှင့် သတ္တ၀ါအနန္တတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်းပြီး အလိုရှိရာ နိဗ္ဗုတာသို့ ရောက်နိုင်,ရနိုင်ကြပါစေ။

No comments: