25 Feb 2013

မာရ်နတ်၏ ပထမစစ်တပ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

မာရ်နတ်ဟု ဆိုလိုက်သည်နှင့် အဖျက်သမား၊ အဖျက်တရားဟူ၍ ဗုဒ္ဗဘာသာဝင်တို့ ချက်ခြင်း သိကြ၏။ မာရ်ဆိုသည်မှာ “မာရ”ဟူသော ပဠိမှ ဆင်းသက်လာသည့် ပါဠိသက် မြန်မာဝေါဟာ ရဖြစ် ၏။ သေတတ် သည့်သဘော၊ သေအောင်သတ်တတ်သည့်သဘောကို မာရ(မာရ်)ဟု ခေါ်ပေသည်။ လူကိုသတ်သည့် မာရ်ကို လူသတ်သမား၊ စိတ်ကိုသတ်သည့်မာရ်ကို စိတ်သတ် သမား ဟု ခေါ်နိုင်ပေသည်။ လူကိုလည်း သတ်၊ စိတ်ကိုလည်းသတ်သည့်မာရ်က ငါးပါးရှိရာ ၎င်းတို့မှာ ဒေ၀ပုတ္တမာရ်၊ ကိလေသာမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်နှင့် မစ္စုမာရ်တို့ဖြစ်ကြ၏။ ဒေ၀ပုတ္တမာရ်ဆိုသည်မှာ အားလုံးသိကြသော နတ်ပြည်ခြောက်ထပ်၏ အထက်ဆုံးနတ်ပြည် ဖြစ်သည့် ပရနိမ္မိတ၀ဿဝတီနတ်ပြည်ရှိ မာရ်နတ်သား ပင်ဖြစ်သည်။ ၎င်းမာရ်နတ်သည် ရဟန်းပုဂ္ဂိုလ် လူထိုထိုကို သံသရာပြတ်ကြောင်း အလုပ်လုပ်ပြီဆိုသည်နှင့် ထိုပုဂ္ဂိုလ်ကို ယင်းအလုပ် မအောင်မြင်အောင် နှောင့်ယှက်ဖျက်ဆီးလေတော့၏။ သူ့နှောင့်ယှက် မှု အောင်မြင်သွားလျှင် ထိုသူ ဘ၀များစွာ သေရတော့မည်ဖြစ်သောကြောင့် မာရ်နတ်ကို “မာရ=မာရ်=သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ”ဟု ခေါ်ပေသည်။ 

မာရ်နတ်မင်းကြီး ဘယ်လောက်များဆိုးလိုက်ပုံကိုပြောရလျှင် ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား တရားအားထုတ်ရန် တောထွက်ချိန်တွင် “ခုနစ်ရက်ကြာလျှင် စကြာမင်းကြီး ဖြစ်ရ ပါတော့မယ်။ ယခုလို ငယ်ရည်ငယ်သွေးအချိန်ဟာ ကာမဂုဏ်ကောင်းများ မြိန့်မြိန့်ကြီး ခံစားရမယ့်အချိန်ပါ။ တရားရှာတယ်ဆိုတာ အိုမင်းရင့်ရော်မှသာ ရှာတာပါ မင်းသား၊ နောက်ကြောင်းပြန် လှည့်ပါ။ တော မထွက်ပါနဲ့“ဟူ၍ သွေးဆောင်ခဲ့လေသည်။ အလောင်းတော် ဘုရားဖြစ်ခါနီးအချိန်တွင်လည်း ဖန်ဆင်း ထားသော တပ်မတစ်ထောင်တို့ဖြင့် ဘုရားအလောင်းတော်အား ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက် ခဲ့လေသည်။ ဘုရားဖြစ်စ အချိန်တွင်လည်း “အရှင်ဘုရား နိဗ္ဗာန်လိုချင်တာ ရနေပြီပဲ။ တခြားသူတွေကို တရားတွေ လိုက်ဟောမနေပါနဲ့။ ပရိနိဗ္ဗာန်ပြုတော်မူပါ။”ဟူ၍ ဘုရားရှင်အား လျှောက်ကြားခဲ့ပြန်လေ သည်။ ကိလေသာမာရ်ဆိုသည်မှာ စိတ်ဆိုးစိတ်ညစ် ကိလေသာစိတ်များဖြစ်ပြီး ခန္ဓမာရ်က သေခြင်းဖြင့် အဆုံးသတ်သည့် ရုပ်ခန္ဓာကိုယ်၊ မစ္စုမာရ်က သတ္တ၀ါအားလုံး၏အဆုံးဖြစ်သော သေခြင်းတရား၊ အဘိသင်္ခါရမာရ်က ကုသိုလ်၊ အကုသိုလ်ကံရားများ ဖြစ်ကြလေသည်။ 

 ဒေ၀ပုတ္တမာရ်နတ်ကလည်း သတ္တ၀ါတို့ နိဗ္ဗာန်နှင့်ဝေးအောင် သွေးဆောင်ဖြားယောင်းနေသလို သတ္တ၀ါတို့၏ အတွင်းအဇ္ဈတ္တသဘော(မကောင်းမှု၌သာ မွေ့လျော်ပျော်ပိုက်လေ့ရှိသည့် မနောစိတ် ကိလေ သာမာရ်) ကလည်း နိဗ္ဗာန်ကို မမြင်ရအောင် အမြဲပင် ကားဆီးနေပေသည်။ ၀ဲသြဃ သံသရာမှာ ရည်မှန်းချက်မပါဘဲ ကျင်လည်နေကြရသည်သာ များလေသည်။ သတ္တ၀ါအများကို ထာဝရအေးချမ်းရာ နိဗ္ဗာန်သုခ မခံစားနိုင်အောင် ကားဆီးထားသည့် မာရ်နတ်၏စစ်တပ်ကြီးများမှာ အလွန်အင်အားတောင့် တင်းပေ၏။ တပ်မကြီးများသဖွယ် ခိုင်မာတောင့်တင်းပြီး တရားအားထုတ်သည့်ယောဂီ၌ “သဒ္ဓါ၊ သတိ။ သမာဓိ၊ ၀ီရိယ၊ ပညာ” ဟူသော နိဗ္ဗာန်ရရှိရေး တိုက်ခိုက်ကြသည့် ဗိုလ်ငါးပါး အင်အား မတောင့်တင်းပါက မာရ်နတ်၏ တပ်မကြီးများကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ မာရ်နတ်၏ ဤတပ်မကြီးများကို ဗိုလ်ငါးပါးဖြင့် အားထုတ်ကြိုးပမ်းနေသည့် ယောဂီပင်လျှင် ကျော်လွှားနိုင်ရန် အထူးသတိရှိရသည်ဖြစ်ရာ တရားကို မယုံကြည်၊ ခန္ဓာကို အတ္တဖြင့်မှီ၍ သတိ၊ သမာဓိ၊ ၀ီရိယတရားတို့ကင်းနေသော အန္ဓပုထုဇဉ်တို့ကား မာရ်နတ်၏တပ်မကြီးများကို ရန်သူဟုပင် မမြင်နိုင်တော့ဘဲ မိမိ၏မိတ်ဆွေ အပေါင်းအဖော်များအဖြစ် မှတ်ယူနေတတ်ကြလေသည်။ ရန်သူကို မိတ်ဆွေအမှတ်ဖြင့် ပေါင်းဖော်မိသူမှာ မိမိပေါင်းဖော်မိသော ရန်သူ၏သတ်ခြင်းကို ခံရသလို ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ခဲ့ကြရသည့် ပုထုဇဉ်၏အဖြစ်ကား စက်ဆုတ်ဖွယ်ရာဖြစ်ချေသည်။ 

“ငါးအာရုံအင်အစု၊ ခင်မှုနှင့်နေ့ကုန်၊ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း၊ ပါယ်လေးဝ သောက ဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း”ဆိုသည့် ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး အဆုံးအမအတိုင်း ငါးပါးအာရုံ ကာမဂုဏ်တို့ကို တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ မောဟအမှောင်ထုအောက်မှာ ပျော်တပြုံးပြုံး မော်မဆုံးနိုင် သည့် ပုထုဇဉ်၏အဖြစ်ကား မျက်ကန်းလမ်းလျှောက်နေသူပမာဖြစ်တော့၏။ ပုထုဇဉ်တို့မှာ အဆင်းလှတော့ ကြည့်လိုချင်၊ အသံသာတော့ နားဆင်ချင်၊ အနံ့မွှေးမူ နမ်းရှူချင်၊ အရသာကောင်းမှ စားလိုလှ၍ အတွေ့အထိ ကောင်းကောင်းတွင် လဲလျောင်းမွေ့လျော်ချင်သည့် လောဘ၏စေခိုင်းရာအတိုင်း အာရုံခေါ်ရာ နောက်သာ လိုက်နေကြပြီး သေနေ့ကိုမေ့ထားကာ သတိတရားတွေပါး ပါရမီကုသိုလ်တရားဆို နားဖြင့်ပင် မကြားလိုချင်အောင် ကားဆီး၍ထားနေသည့် မာရ်နတ်၏ပထမစစ်တပ်ကြီးမှာ ကာမဂုဏ်ငါးပါး ကာမဂုဏ်တရားတို့ ဖြစ်ကြလေသည်။ 

“လှတာမက်တော့ ညစာခက်”ဆိုသလို လှတာလေးတွေ ၀တ်ချင်ကြလို့၊ လှတာလေးတွေ ကြည့်ချင်ကြလို့၊ လှနေတာချင်း ပြိုင်ချင်နေကြလို့ အလှကုန်ပစ္စည်းတွေလည်း ဈေးတက်လို့ နေကြကုန်ပြီ။ မည်မျှပင် တက်နေပါစေ ညစာသာအခက်ခံကြမည်၊ အလှတွေကိုတော့ ဆန့်ကျင်ဘက် မလုပ်နိုင်ကြပေ။ မိန်းကလေးအချို့မှာလည်း အဆင်းကလေး လှနေပါကြောင်း အချင်းချင်း ပြလိုနေကြ ၍ ကျောက်ခေတ်က လူသားပမာ လုံလုံခြုံခြုံဝတ်နိုင်ပါသော်လည်း အသားကို လေတိုးခံနေကြတော့၏။ မပေါ်ရုံ တမယ် ဖော်နေကြ သည်မှာ ချော်လဲလို့ပင် မတော်ပြီ။ မုဒုလက္ခဏဇာတ်တော်မှာ မိဖုရားကြီး မတော် လို့ ပေါ်တာတောင် အဘိညာဉ် ဈာန်ရသည့် ရသေ့ကြီးမှာ ဈာန်လျှော၍ မြေကြခဲ့ရဖူး၏။ ယခုလို အပြိုင်ဖော်နေကြသည်တွင် ကိလေသာစရိုက် နွားနှယ်လိုက်သကဲ့သို့ဖြစ်ကာ မာရ်နတ်မင်း အကြိုက်ဖြစ်တော့၏။ သြော်…ကိလေသာမာရ်နတ်မင်း ရူပါရုံ(အဆင်း)ဖြင့် မသေသေအောင် ဖို့သတ်လို့ နေချေသည်။ 

အိုအိုအေးဟု ချော့သိပ်မှ အိပ်တတ်သည့် ကလေးအရွယ်မှစ၍ သာယာငြိမ့်ငြောင်းသံစဉ် တို့ကိုသာ နားသောတ ဆင်လိုခဲ့ကြ၏။ တဏှာဖြင့် တပ်မက်နှောင်ဖွဲ့၍ သောတဖြင့် ငြိမ့်ကာ ငြောင်းလိုသလို အခဲမကျေမှုကိုလည်း ဒေါသဖြင့် ဟစ်ကြပြန်လေသည်။ မောဟအမှောင် ဖုံးသဖြင့်လည်း ဘာရယ်ညာရယ် မသိ၊ ထကြွကာ ကခုန်ကြပြီး နားသောတ မငြီးနိုင်ကြပေ။ ဒုန်းဒုန်းဒိုင်းဒိုင်း အုန်းအုန်းဂျိုင်းဂျိုင်းသံ ကြားလိုက်ပါလျှင် သောတ နားအကူဖြင့် ခန္ဓာကိုယ် စွေ့စွေ့ခုန်အောင် မာန်နတ်မင်းက အရူးထ မြူးကြွစေလေသည်။ သာယာငြိမ့်ငြောင်း၊ မသာယာ မငြိမ့်ငြောင်းသော်လည်း သဒ္ဒါရုံ(အသံ) အပေါင်း အဖော်ပြုကာ သံသာရာ လမ်းအဟောင်းမှာ သာ နားသောတ ကိန်းအောင်းမွေ့လျော်နေအောင် မာရ်နတ်မင်း သွတ်သွင်းနေချေသည်။ 

ထုံမွှေးကာကြိုင်သည့်ရနံ့ကိုသာ ဃာန(နှာခေါင်း)က ယိမ်းကာယိုင်လေသည်။ မမွှေးမကြိုင် ပုပ်စော် နံပါက ဒေါသဖြင့် ရှူးရှဲထကာ တရွှင်းရွှင်း မှုတ်ထုတ်ပါတော့၏။ ဘယ်ပန်းရနံ့ ညာပန်းရနံ့ဟူ၍ ဃာနက နမ်းမ၀လှကာ ဆံကေသာကိုလည်း သင်းကြိုင်နေမှ၊ မျက်နှာပြင်တွင်လည်း သင်းပျံ့နေမှ၊ ခန္ဓာကိုယ်အကုန်လုံး မွှေးထုံနေမှ ဃာနက သဘောကျ သည်ဖြစ်ရာ ဆံကေသာ၌လည်း စွတ်လိုက်ရသည့် ခေါင်းမွှေးဆီ၊ မျက်နှာပြင်၌လည်း လိမ်းခြယ်လိုက်ရသည့် ရောင်စုံအမွှေးပန်းချီ၊ တစ်ကိုယ်လုံးတွင်လည်း လိမ်းကျံလိုက်ရသည့် အမွှေးအလှဆီတို့ဖြင့် လိမ်းခြယ်ကာ သ,နေကြရသည်မှာ မာရ်နတ်မင်း၏ ဂန္ဓာရုံ(အနံ့) သတ်ကွင်းအတွင်း လည်စင်းလို့ ခံနေရချေသည်။ 

ဇိဝှါဆိုသော လျှာကလည်း ရသတဏှာ အားကြီးလာပါလျှင် တော်ထဲက ကြက်၊ ငှက်၊ ၀ှက် မဆိုထားနှင့် အိမ်ထဲက ခွေး၊ ကြောင်တို့ကိုပင် သတ်စားဖို့ ၀န်မလေးတတ်ချေ။ ရှေးအခါက နွားသတ်သမားတစ်ဦးသည် အမဲသားမပါလျှင် ထမင်းမစားတတ်သူဖြစ်ရာ တစ်နေ့သ၌ အမဲသားဟင်းမပါ၍ နောက်နေ့သတ်မည့်နွားကို အရှင်လတ်လတ် လျှာကိုဖြတ်ပြီး ကြော်ချက် စားသောက်မိခြင်းကြောင့် ပထမဇောစေတနာ အကျိုးပေး သဖြင့် စားနေဆဲ ထမင်းပန်းကန် ထဲသို့ သူ၏လျှာ ပြတ်ကျသေဆုံးကာ အ၀ိစိသို့ ကျရောက်ခဲ့ရလေသည်။ လျှာဆိုသည့်အတိုင်း အရသာကောင်းများကိုသာ ထာဝစဉ်ရှာဖွေနေတော့၏။ စားဖို့လည်းရှာ ရ၊ သောက်ဖို့လည်း ရှာရ၊ မျီးဖို့လည်းရှာနေကြရသည်မှာ လက်နှစ်လုံးခန့်သာရှိသည့် ယင်းလျှာကြောင့်ပါ တကား။ ဝေဒနက္ခန္ဓာနာမ်က ထိုလျှာဖြင့် ကြားခံထားပြီး လာသမျှအရသာကို မြိန်သျှက်လို့ သွားရေကျကာ လည်မြိုမှ အူအတွင်းသို့ သတိဉာဏ်ကင်းစွာ သက်ဆင်းနိုင်ဖို့အရေး မာရ်နတ်မင်းက ရသာရုံ ကြော့ ကွင်းဖြင့် ရစ်ပတ်လို့ ချည်နှောင်နေတော့၏။ 

ပါးလွှာလှသည့် ကိုယ်ကာယကလည်း အပြင်ဆုံးအလွှာဆိုသည့်အတိုင်း အရင်ဦးဆုံး အထိအတွေ့ရသည့် အရာပီပီ အသိမ်မွေ့ဆုံး နူးညံ့သည့်အရာများကိုသာ ထိတွေ့ခံစားလိုလှ ၏။ ဖောင်းဖောင် အိအိ ပျော့ပျောင်းငြောင်းငြိနေမှ နှူးနှတ်ထိသိချင်လှသဖြင့် ယုန်မွေး၊ သိုးမွေး၊ ပိုးမွေးတို့ဖြင့် ပြုလုပ်ထား သည့် အ၀တ်အစား ပျောင်းပျောင်းအိအိများကိုသာ ၀တ်လိုလှပေ၏။ ဖြစ်နိုင်ပါက နွေးထွေးနူးညံ့သည့် ကတီပါပြင်သာ ကမ္ဘာတခွင် ခင်းထားလိုလှသည်။ သင်းပျံ့ သည့် ပန်းမွေ့ယာမှာ နှစ်ကိုယ်မခွါ ချစ်သက်လျာနှင့် တီတီတာတာ စကားတွေပြောရင်း ထွေးဖက်ကာ အိပ်စက်ပျော်နေအောင် မာရ်နတ်က ဖောဋ္ဌဗ္ဗာ(အထိအတွေ့)အာရုံ ညွတ်ကွင်း ဖြင့် ကိလေသာမှိုင်းကာချကာ ဉာဏ်အမြင် ကန်းစေပါတော့သည်။ 

မာရ်နတ်၏တပ်တော်မှာ အမျိုးအဖော် ဆယ်ပါးရှာရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဟူသော ကာမဂုဏ်ငါးပါးဖြင့် ဖြားယောင်းသွေးဆောင်သည့် ပထမတပ်မကြီးသည် ကြီးမားထည်ဝါလှပါ၏။ သတိ ဉာဏ်ခိုင်ခံ့၍ ၀ီရိယကို မဏ္ဍိုင်ပြုကာ သမာဓိနှင့်သဒ္ဓါ အမြဲမခွါဆောင်ထားမှ မာရ်နတ်မင်း ညွတ်ကွင်း က လွတ်ကင်းအောင် အားထုတ်နိုင်ပေမည်။ မြင်ကားမြင်၏, မကြည့်၊ ကြားပါလျှင်လည်း နားမဆင်၊ နံပါမူ လည်း နမ်းမရှူ၊ ကောင်းနေက လည်း မတောင်းတဘဲ ထိနေသော်လည်း တဏှာ ဒိဋ္ဌိတို့ဖြင့် မကပ်ငြိရအောင် ဗိုလ်ငါးပါး မဂ္ဂင်တရားတို့ဖြင့် သတိထား ရှုပွားကြပါကုန်။ ထူထည်းလှသည့် ကိလေသာကို ယခုမကြာ အသိတရားနှင့် ဉာဏ်ဓားဖြင့် အလွှာပါးအောင် အခါခါ ရှုပွားရပါမည်။ ကိလေသာတို့ကို ဒါနဖြင့် လည်း ခွါချ၊ သီလဖြင့်လည်း ကွာကျစေကာ ဘာဝနာဖြင့်လည်း မပြတ်မလပ် အထပ်ထပ် အခါခါ ရှုပွားကျင့်ကြံရာ၏။ မြင်နေက မြင်သိ၊ ကြားပါက ကြားသိ၊ နံပါက နံသိ၊ စားပါက စားသိ၊ ထိပါက ထိသိ ဟူ၍ ရုပ်နှင့်နာမ် ဖြစ်ပျက်ဟန်ကို သဘောအမှန်ဆိုက်အောင် ယထာဘူတဉာဏ်နှင့် ခဏိက သမာဓိတို့ဖြင့် ထင်ရှားရာတစ်ခုခုသာ ပိုင်နိုင်စွာ ကြည့်ရှုနိုင်ပါ လျှင် ကတဉာဏ် ပြီးစေနိုင်ပေသည်။ 

 စာရှုသူဓမ္မမိတ်ဆွေများ မာရ်နတ်၏ပထမစစ်တပ်ကို ဗိုလ်ငါးပါးမဂ္ဂင် တရားဖြင့် အောင်မြင် စွာ ဖြတ်ကျော်နိုင်ကြရန်အလို့ငှါ သတိတရားဖြစ်စေကြောင်း မိတ်ဆွေကောင်းစေတနာထားပြီး ဤဆောင်း ပါး ရေးသားလိုက်ရပေသည်။ 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

No comments: