13 Feb 2008

သူ့ဘုန်းကံနှင့်သူ

ဘုန်းကံဆိုရာ၌ ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုရှိခြင်းကြောင့် ရရှိသောအကျိုး တရားကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုအားကြီးခဲ့လျှင် ဘုန်း ကံကြီးမည်။ ကုသိုလ်ကောင်းမှုနည်းခဲ့လျှင် ဘုန်းကံနည်းမည်ကို သိထားရပေမည်။ သတ္တ၀ါတို့၏စိတ်သည် တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့် ပြုလုပ်ကြသော အ လုပ်တို့လည်း တစ်ယောက်နှင့်တစ်ယောက် တူကြမည်မဟုတ်ပေ။ ထိုအကြောင်း တို့ကြောင့် ရရှိကြသော အကျိုးတရားတို့လည်း မတူညီကြခြင်းဖြစ်၏။

တချို့က ဥပဓိရုပ် အင်မတန်ဆိုးကြသော်လည်း တချို့က အင်မတန်ကောင်း ကြ၏။ တချို့က စားဝတ်နေရေးအတွက် ပြင်းစွာရုန်းကန်လှုပ်ရှားကြရသော်လည်း တချို့က သက်သာလွယ်ကူစွာ နေကြရပေသည်။ ထိုသို့ ကွာခြားနေတာကတော့ မတူညီသော ကံတရားတို့ကြောင့်ပင်ဖြစ်၏။

ထိုသို့ မတူညီကြသော အကျိုးတရားများသည် မတူညီသော ပြုခဲ့ဘူးသည့်ကံ တရားတို့ မတူညီခြင်းကြောင့်ပင်ဖြစ်၏။ အကုသိုလ်တရားတို့ကို ပြုလုပ်နေတုန်းမှာ ပင် ရှေးကံ၏ အထောက်အပံ့ကောင်းခြင်းကြောင့် ကောင်းကျိုးသုခတရားတို့ တွေ့နေရတတ်ပေသည်။ ယခုကောင်းမှုတရားတို့ကို ပြုလုပ်နေသော်လည်း ရှေးကံ ၏ အထောက်အပံ့ဆိုးခြင်းကြောင့် ဆိုးကျိုးတရားတို့လည်း တွေ့နေရတတ်ပေ သည်။ ထို့ကြောင့် ယခုဖြစ်ဆဲ၌ ကောင်းမှုတရားတို့ကိုသာ များများပြုလုပ်ကြ ပါလေ။ ကောင်းမှုပြုခြင်းကြောင့် ကောင်းကျိုးတရားတို့ ချက်ချင်းရနေသလို မရတာလည်း ရှိနေတတ်ပေသည်။ “ဗောဓိပင်ပျိုးလို့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးလို့ ရွှေအိုးရ။” ဟူသော စကားကဲ့သို့ဖြစ်၏။ ထိုသို့ အကျိုးပေးရာ၌ တိုက်ရိုက်သဘော အတိုင်းဟူလျှင် မှားယွင်းသောမိစ္ဆာဉာဏ်ဖြစ်သွားတတ်ပေသည်။ အမှန်အားဖြင့် ရှင်းရလျှင် ဗောဓိပင်ပျိုးသူ၌ သေရမည့်ကံပါလာသော်လည်း ဗောဓိပင်ပျိုးလိုက် သော ကုသိုလ်ကောင်းမှုကြောင့် သေရမည့်ကံမှ လွတ်မြောက်ကာ ခြေကျိုးရုံမျှဖြင့် သာ တွေ့ကြုံခံစားရပြီး၊ ဗောဓိကိုင်းကို ချိုးလိုက်သူမှာတော့ ရွှေအိုးပေါင်းများစွာကို ရရှိရမည့် ကုသိုလ်ကံတို့ ပါလာသော်လည်း ထိုအကုသိုလ်ကံကို ပြုလိုက်မိသော ကြောင့် ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးတို့ လျော့ကျသွားခြင်းဖြစ်ပေ၏။

တစ်ခါတစ်ရံ၌လည်း ကောင်းမှုတို့ကို ပြုလုပ်နေခြင်း၊ ရှေးကံ၏အထောက်အပံ့ ကောင်းခြင်းတို့ကြောင့် ကောင်ကျိုးတရားတို့သည် တဟုန်ထိုးကျရောက်လာ တတ်ပေရာ ထိုအခါ၌ ရရှိသောအကျိုးတရားတို့ကို အကြောင်းပြုပြီး တစ်ယောက် နှင့်တစ်ယောက် ဂုဏ်တုဂုဏ်ပြုင်လုပ်ခြင်းမာန၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယတရားတို့ ဖြစ်နေလျှင်ကား မသင့်လျော်လှပေ။ ထိုမာန၊ ဣဿာ၊ မစ္ဆရိယ တို့ကို မွေးမြူတားကြ လျှင် နောင်သံသရာဆင်းရဲ၊ ယခုဘ၀မျက်မှောက် ဆင်းရဲ တို့သည် နောက်ကထပ်ကြပ်မကွာ လိုက်နေဦးမည်ကို သတိပြုရပေမည်။

သူဘုန်းကံနှင့်သူရှိသောသဘောကို သာဓက၀တ္ထု ထုတ်ပြပါအံ့။ ဤ ၀တ္ထုမှာ ဗုဒ္ဓက သတ္တ၀ါတို့ ဣဿာတရားကင်းရှင်းစွာ နေထိုင်တတ်အောင်နှင့် သူ့ဘုန်းကံ နှင့်သူ အကျိုးပေးတတ်ပုံကို ဆုံးမလိုခြင်းဖြစ်သည်ဟု သိမြင်နိုင်ပါသည်။

တစ်နေ့သောအခါ၌ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ရဟန်းသံဃာတော်တို့ ဆွမ်း ခံကြွလာကြရာ ဘုရားရှင်က ပျော်ပွဲစား ထွက်လာကြသော ကလေးငယ်တို့ကို မြင်လေသော် ဆွမ်းခံဆက်မကြွတော့ဘဲ ရဟန်းတို့ကို သစ်ပင်ရိပ်တွေမှာ အနားယူ စေတော်မူ၏။ ထိုအခါ ရဟန်းတော်တို့က ဘုရားရှင်အား ဤသို့ လျှောက်ထား မေးမြန်းကြ၍ ဘုရားရှင်က ဖြေကြားတော်မူလေ ၏-
မေး - အရှင်ဘုရား၊ ဆွမ်းခံမကြွတော့ဘူးလားဘုရား။
ဖြေ - မကြွတော့ဘူး ချစ်သားတို့၊ တောထဲမှာဘဲဘုန်းပေးမယ်။
မေး - အရှင်ဘုရား၊ ဆွမ်းဘုန်းမပေးလျှင် ဘယ်အရာကို ဘုန်း
ပေးတော်မူပါမလဲဘုရား။
ဖြေ - ချစ်သားတို့၊ မုန့်ခဲဖွယ်တို့ကို ဘုန်းပေးမယ်။
မေး - အလှူရှင်က ဘယ်သူတွေရှိလို့ပါလဲဘုရား။
ဖြေ - အလှူရှင်တွေကတော ရှေ့မှာမြင်နေရတဲ့ ပျော်ပွဲစားထွက်
လာတဲ့ ကလေးငယ်တို့ဘဲ။အလှူခံက နောက်မှာလာလိမ့်
မယ် ချစ်သားတို့။

ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ် မည်သူဖြစ်သည်ကို စောင့်မျှော်နေချိန် နောက် ၌ အရှင်မဟာကဿပကိုယ်တော်ကြီးကြွလာရာ ကလေးတို့သည် “တို့ အရှင် ဘုရားကြီးကြွလာပြီ” ဟူ၍ အရှင်မဟာကဿပကိုယ်တော်ကြီးထံသို့ ပြေးလာကြ ပြီး မုန့်ခဲဖွယ်တို့ကို ဆက်ကပ်ကြလေ၏။ ထို့နောက် အရှင်မဟာ ကဿပကိုယ် တော်ကြီးက ဘုရားရှင်နှင့် ရဟန်းတော်တို့ကို ပြန်လည်ဆက်ကပ်ခဲ့လေ၏။

ဤနေရာ၌ စာဖတ်သူတို့အနေဖြင့် အဘယ်ကဲ့သို့ သုံးသပ်ကြမည်နည်း။ ဘုရားရှင် နှင့် အရှင်မဟာကဿပကိုယ်တော်ကြီးတို့တွင် အဘယ်သူက ဘုန်းကံကြီးမား ပါသလဲ။ ဘုန်းကံတရား တို့ကတော့ ဘုရားကိုယ်တော်မြတ်ကြီးအား အဘယ်သူမှ ယှဉ်ခြင်းငှါ မတတ်ကောင်းပါပေ။ သတ္တ၀ါအားလုံးတို့၏ ကုသိုလ် ကောင်းမှုနှင့် ယှဉ်လျှင်ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသာပါသည်။ ထိုသာဓက၌ သူ့ကု သိုလ်ကံနှင့်သူ ဘုန်းကံ အလျောက် အကျိုးပေးခြင်းသာဖြစ်ပါသည်။

ယခုလက်ရှိဘ၀၌ ရရှိသောအကျိုးတရားတို့သည် အတိတ်က အကြောင်းတရား များကြောင့်ဖြစ်ပါသည်။ တချို့ဉာဏ်ကောင်းသည်၊ တချို့ဉာဏ်မကောင်းကြ။ တချို့ချမ်းချမ်းသာသာနေနိုင်ကြသည်၊ တချို့ ဆင်းရဲမွဲတေကြသည်။ ကိုယ်ထက် သာလို့ မနာလိုမဖြစ်သင့်ပေ။ ပြုခဲ့သောကံတရားတို့ မတူညီကြတာဖြစ်ခြင်းကြောင့် ရရှိသောအကျိုးခြင်းလည်း မတူညီကြခြင်းဖြစ်ပေသည်။ အတိတ်ကပြုခဲ့သော ကံ တရားတို့ကြောင့် ယခုရရှိခံစားရပေသည်။ ယခုပြုသောကံတရားတို့သည် နောင် ခံစားရပေမည်။ နောင်ဆိုရာ၌ နောက်ဘ၀တစ်ခုတည်းကိုဘဲ မမှတ်ယူသင့်ပေ။ ထိုသို့ တစ်ခုတည်းကိုသာ မှတ်ယူလိုက်လျှင် နောက်ဘ၀ကောင်းစားဘို့အရေး ယခုဘ၀ကုသိုလ်လုပ်ဆိုသလို ဖြစ်နေပေမည်။ နောင်ဘ၀တွေတပ်မက်ပြီး ကုသိုလ်လုပ်နေပြန်လျှင်လည်း ကိုယ်ခန္ဓာကိုယ်ကို ရောင်းစားနေသလို ဖြစ်နေပေ မည်။ ထို့ကြောင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း ဘ၀တွေကို မတပ်မက်ဘဲ ဘ၀ကုန်ရာ၊ ဒုက္ခတွေချုပ်ငြိမ်းရာ နိဗ္ဗာန်သို့သာ အလိုရှိသော ဆန္ဒဖြင့် ကုသိုလ်တရားတို့ကို ပြုလုပ်ကြပါကုန်။ ကိုယ်ပြုသော ကံတရားတို့သည် အရိပ်ကဲ့သို့ ထပ်ချပ်မကွာ လိုက်ပါနေမှာဖြစ်ခြင်းကြောင့် ဆုတောင်းတာ မတောင်းတာက အဓိကမကျဘဲ ပါရမီအလုပ်တို့ကို ပြုလုပ်နေဘို့ကသာ အဓိကကျတာဖြစ်ခြင်းကြောင့် ပါရမီအလုပ် နေ့စဉ်ပြုလုပ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။

4 comments:

yonelay said...

Thanks...

စိုးထက် - Soe Htet ! said...

Congrats to Myanmar Armed Forces Day ! :)

မဟာဆန် said...

ဒီဘလော့ဂ်လေးကို ကျွန်မ ဘလော့ဂ်မှာ လင့်ခ်လုပ်ချင်လို့ပါ။ ခွင့်ပြုနိုင်မလားရှင် maharsan.blogspot.com

* In Search of Truth * said...

ကိုဖိုးချမ်းစီမှ Donation Alert Image တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ http://cmsmdy.blogspot.com/2008/05/donation-alert-image.html